15 March 2009

မေးခွန်းများနှင့် ဘ၀မှတ်တိုင်များ



မနေ့ညက အပြင်ကပြန်အရောက် မှာ ရုံမှာသွားမကြည့်လိုက်ရတဲ့ ဇာတ်ကားလေးတစ်ခုကို အင်တာနက်ကနေ ကြည့်ဖို့ကြိုးစားမိတယ်။ သွားကြည့်မိတဲ့ နေရာက ဇာတ်ကားကို လေးပိုင်းခွဲထားတာ။ တစ်ပိုင်းအစကြည့်မှာပဲ ဇာတ်လမ်းခေါ်သွားတဲ့နောက်ကို တောက်လျှောက်ပါနေမိတော့တာ။ မနက်နှစ်နာရီခွဲအရောက် ဒုတိယအပိုင်း တ၀က်တပျက်မှာ အိမ်က အင်တာနက်က ဒေါင်းသွားပါလေရော။ သိချင်တဲ့စိတ်နဲ့ ဆက်ကြည့်ချင်ပေမယ့် အခြေအနေမပေးတာကြောင့် မအိပ်ချင်အိပ်ချင်နဲ့ အိပ်လိုက်ရပါတယ်။ ဒီမနက်တော့ ဆက်ကြည့်ရင်း ဆက်ကြည့်ရင်း အတွေးကမ္ဘာထဲမှာ ချာလည်နေပြန်ရော။ ဇာတ်ကားနဲ့အတူ အပြိုင်သတိရမိစေတဲ့ စာအုပ်နှစ်အုပ်ကတော့ မြသန်းတင့်ရဲ့ သုခမြို့တော်နဲ့ ဂျူးရဲ့ သူမင်းကို ဘယ်တော့မှ ဆိုတဲ့စာအုပ်နှစ်အုပ်ပါပဲ။

ဇာတ်လမ်းရဲ့ အစက မေးခွန်းတွေနဲ့ စတင်ခဲ့တာပါ။ jamal ဆိုတဲ့ ဇာတ်ကောင်ရဲ့ အလုပ်ကိုက မေးခွန်းတွေကို ဖြေတဲ့အလုပ်ဖြစ်ခဲ့မယ်။ သူ့အလုပ်က chaiwallah ဆိုတဲ့ လက်ဖက်ရည်စားပွဲထိုးအလုပ်လေးပေါ့။ ပညာမတတ် တဲ့ အဲလိုကောင်လေးတစ်ယောက်က အခုလို ဥာဏ်စမ်းမေးခွန်းတွေကို ဖြေနိုင်ခဲ့တယ်ဆိုတော့ မသင်္ကာစရာ သိပ်ကောင်းနေတော့တာ။ ဒါပေမယ့် မေးခွန်းတွေတိုင်းရဲ့ နောက်ကွယ်မှာ jamal ရဲ့ ဘ၀ပုံရိပ်တွေက အဖြေတွေကို ပြပေးနေလေတော့ မသင်္ကာဖြစ်မယ်ဆိုလည်း ဖြစ်စရာပါပဲ။ အဲဒီအကြောင်းအရာက သူမင်းကို ဘယ်တော့မှဆိုတဲ့ စာအုပ်ထဲက အင်တာဗျုးဖြေခြင်းတွေနဲ့ သိပ်နီးစပ်နေသလိုပဲ။ စိတ်ထင်တာလည်း ဖြစ်မှာပါ။

သုခမြို့တော်ထဲကလို jamal တို့ရဲ့ လူနေရပ်ကွက်ငယ်လေးကို မြင်ခဲ့ရတယ်။ လူမျိုးရေးစစ်ပွဲဆိုတာ မိဘမဲ့ကလေးတွေ များလာခြင်း အကြောင်းအရင်းခံတစ်ခုဖြစ်မှာပါ။ ညီအစ်ကိုနှစ်ယောက်ခက်ခဲကြမ်းတမ်းတဲ့ လူ့ဘ၀ခရီးမှာ အသက်ရှင်နေထိုင်ဖို့ကြိုးစားခဲ့တာပါ။

ပြင်ပလောကမှာ ကလေးတွေကို အသုံးချတဲ့ ၀ိသမလောဘသားတွေ ရှိနေပါတယ်။ ရန်ကုန်မှာလဲ ရှိတယ်လို့ ကြားဖူးတယ်။ အခုအချိန်ထိတော့ မီးပွိုင့်တွေမှာ ကလေးလက်ထဲပိုက်ပြီး တောင်းရမ်းနေကြတုန်းဆိုတော့ ဆက်လက်ရှိနေဆဲပေါ့။ သီချင်းအဆိုကောင်းတဲ့သူရဲ့ ချီးမြှောက်ခံရမှုက ကြောက်လန့်စရာ။ မျက်လုံးနှစ်လုံးစလုံး စွန့်ပစ်ခံရဖို့ သီချင်းဆိုကောင်းကြောင်း ပြရသတဲ့လေ။ အိုး….ရက်စက်ကြမ်းကြုတ်လိုက်ကြတာဗျာ။

ပြီးတော့ jamal ရဲ့ အချစ်။ ကလေးဘ၀ထဲက ချစ်ခင်စွဲလမ်းခဲ့တဲ့ ခိုင်မြဲ ငြိတွယ်လွန်းတဲ့ jamal ရဲ့ အချစ်။ အဲဒီအချစ်က ဒီဇာတ်လမ်းရဲ့ ကျောရိုးဖြစ်မယ်ထင်တယ်။ မတတ်သာလို့ ခွဲခဲ့ရတဲ့ ချစ်သူကို မရမက ပြန်လာရှာတဲ့ jamal ရဲ့ စိတ်ဓါတ်က လေးစားစရာကောင်းတယ်ထင်မိတယ်။ တကယ်ဆို ခက်ခဲမယ်ဆိုတာ ပြီးတော့ အဲဒီလူယုတ်မာတွေနဲ့ ပြန်တွေ့မယ်ဆိုတာ သိသိကြီးနဲ့ ပြန်လာရှာခဲ့တာလေ။

ဒါပေမယ့် ဒီတစ်ခေါက်လည်း jamal ချစ်သူနဲ့ လွဲခဲ့ပြန်ပါတယ်။ ချစ်သူကိုယ်တိုင်က နင်သွားတော့ လို့ပြောခံလိုက်ရတဲ့ jamal တစ်ယောက် ဝေးကွာတဲ့ အရပ်မှာ စားပွဲထိုးဘ၀လေးနဲ့နေထိုင်ခဲ့ရှာတယ်။ အားမလျော့တဲ့ jamal တစ်ယောက် သူ့ချစ်သူကို ပြန်ရှာတွေ့ခဲ့ပါတယ်။ ချစ်သူကို ဘူတာရုံမှာ နေ့တိုင်း ၀တ်မပျက်စောင့်နေရှာတယ်။ ဒါပေမယ့် လွဲခဲ့ပြန်ပါတယ်။

ဒီပြိုင်ပွဲကို ဘာဖြစ်လို့ဝင်ခဲ့တာလဲဆိုတော့ သန်းချီချမ်းသာချင်လို့မဟုတ်ပဲ ဒီအစီအစဉ်က သူ့ချစ်သူကြည့်နေကျမို့ ၀င်ပြိုင်ခဲ့တယ်ဆိုတဲ့ သူ့အဖြေကို သဘောကျမိတယ်။ တကယ်ချစ်တယ်ဆိုရင် ငွေကြေးတွေလည်း ဘာအရေးလဲနော့။

စိတ်ဝင်စားစရာ ဖြစ်အောင်ရိုက်တတ်လေတော့လည်း ဆုတွေရခဲ့တာဖြစ်မှာ။ Taj Mahal ထဲက သူ့ရဲ့ တိုးဂိုက်ဘ၀လေးကို ကြိုက်မိတယ်။ ခရီးသည်တွေရဲ့မေးခွန်းတွေကို ဥာဏ်စွမ်းလေးနဲ့ ဖြေခဲ့တဲ့ ဟာသဖြစ်ရပ်တွေလေ။ ပြီးတော့ ဧည့်သည်တွေကို သူပြောခဲ့တဲ့ တွေ့လား ဒါဟာမင်းတို့ သိပ်ကြည့်ချင်ပါတယ်ဆိုတဲ့ ငါတို့နိုင်ငံရဲ့ တကယ့်ပုံစံပဲဆိုတာလေး။

ပြီးတော့ သူ့ချစ်သူကို အဝေးကိုပြေးဖို့ ခေါ်တဲ့အခန်း။ ငါတို့ဘာအတွက်ပြေးမှာလဲဆိုတော့ အချစ်အတွက်လို့ ဖြေတဲ့အခန်းလေး။ ဒီဇာတ်ကားလေးထဲမှာ ရသတွေ အမြင်တွေ လူနေမှုစရိုက်တွေ စိတ်နေစိတ်ထားတွေကို ထင်ဟပ်ပေါ်လွင်စေခဲ့မယ်ထင်တယ်။

ကံဆိုတာအမြဲတန်းတော့ ဆိုးနေမယ်မထင်ပါဘူး။ တခါတလေတော့ ဒုက္ခတွေအားလုံးဟာ သုခတွေဖြစ်ဖို့ အစပျိုးတာမျိုးလည်းဖြစ်တတ်ပါတယ်။ အခုဆို သူကြုံဆုံလာရသမျှဟာ သူ့အတွက် မေးခွန်းတွေအားလုံးရဲ့ အဖြေတွေဖြစ်နေတယ်။ ကျနော်တို့တွေလည်း မေးခွန်းတွေနဲ့ မကြုံဖူးလို့ မပြောနိုင်ဘူးလေ။ အင်း ကံကောင်းတဲ့လူတွေဖြစ်ပြီး အဖြေတိုင်းကို စိတ်လက်ပေါ့ပါးစွာဖြေရင်း ဘ၀တွေ မြင့်သည်ထက်မြင့်မယ် ဆိုရင် ပိုကောင်းမှာပဲဗျာ…….

16 comments:

Anonymous said...

ကောင်းလိုက်တဲ့ အတွေးတွေနဲ့ ရောနေတဲ့ Post
လေးပါအစ်ကို ။ ညီမလဲ..ဘဝကမေးလာမဲ့ အဖြေတိုင်းကို စိတ်ပေါ့ပါးစွာနဲ့  အကောင်းဆုံး
ဖြစ်အောင်ဖြေချင်တယ်...:)...အားလုံးလဲ
အဲ့လိုပဲ မျှော်လင့်လိမ့်မယ်ထင်တယ် :)
ပျော်ရွှင်ပါစေ..

khin oo may said...

15 Mar 09, 15:21
kom: သိတ်ကောင်းတယ။်

တကယ်ကောင်းလို့ကောင်းတယ်ပြောတာပါ။

ကွန်မက်ကအရေးမကြိးလားဆိုတော့အရေးကြီးပါတယ။်
စာရေးသူအတွက်အားဖြစ်စေပါတယ်။
ဒါပေမဲ့ မရေးသွားကြတော့ကောဘယ်တတ်နိုင်မှာလဲ
ကိုယ်ကစာရေးချင်သူပါ
စာရေးချင်သူက ရေးခွင့်ရ့ရင်ကျေနပ်နေပါတယ်။
အဲသလောက် အချင်းချင်းမစိမ်းကားပါနဲ့လေ။

khin oo may said...

စလယ်ဆုံ့း စာစီစာကုံးလေးလိုဘဲ အဖွင့်နဲ့အပိတ်နဲ့ အဆုံးသတ်နဲ့ တကယ်ကို အရေးကောင်းပါတယ်။ တကြောင်းဆို..ဆိုသလောက်လဲကောင်းပါတယ်။ ...တခွန်းဆို ဆိုသလောက်လဲ ထိရောက်ပါတယ။်

khin oo may said...

ဟုတ်တယ်
ကိုယ့်ဘာသာကိုယ်ဖတ်ြီ့ပီးတော့တောင်ကြွေသွားတယ်။

khin oo may said...

အရေအတွက်များအောင်ကွန်မက်ပေးနေချင်းမဟုတ်ပါ
ရင်ထဲကစကားတွေ က များနေလို့ါ

Phyo Evergreen said...

ရုပ်ရှင်တွေတော့ကြည့်ဖြစ်တယ်.. ။ အဲသလောက်တော့ ဒိုင်ယာလော့တွေမှတ်မထားဖြစ် မှတ်မထားဖြစ်ဘူး.. အပန်းပြေရုံလောက်ဘဲ..။
ငယ်သေးလို့လဲဖြစ်မှာပါ.. ကြုံကြွား.. :D။

whiterose31 said...

wow...wht a nice writing !..if i say " wht a nice thought!" will be more correct. i really like this one. Remember..will always be ur audience :)

တန်ခူး said...

သူမင်းကို ဘယ်တော့မှက ဖတ်ပြီးထဲက မပြီးသေးတဲ့အတွေးတွေ ဆက်ပေးနေတယ်..
ဒီဇာတ်ကားလေးက စိတ်ဝင်စားစရာ… ရုပ်ရှင်မကြည့်ဖြစ်တာကြာတော့ ဒီလို ပို့ စ်လေးတွေက ရုပ်ရှင်ရုံထဲသွားစရာမလိုပဲ ရုပ်ရှင်ကြည့်နေရသလို ခံစားရလို့  ကျေးဇူးပါ…

ရွှေပြည်သူ (ShwePyiThu) said...

တိုက်တိုက်ဆိုင်ဆိုင် မနေ့ကပဲ ဒီရုပ်ရှင်အကြောင်းလေး ရေးမယ်လို့ တွေးမိပါသေးတယ်။ အခုတော့ မရေးဖြစ်တာ အရမ်းမှန်သွားပြီး) ကိုယ့်ဘာသာရေးတာထက် (ကိုယ့်ထက် အများကြီးကောင်းအောင် ရေးနိုင်တဲ့) ကိုရွာသားလေးရေးတာကို ဖတ်ရတာ ပိုကောင်းလို့ပါ။ ဒီရုပ်ရှင်ထဲမှာ အချစ်ကို နူးညံ့လှပတဲ့အရာတစ်ခု ဆိုတာထက် အရာရာကို ဦးဆောင်သွားတဲ့ အင်အားကြီးအရာတစ်ခုအဖြစ် မြင်ရပါတယ်။ အချစ်အတွက် စွန့်စားခဲ့တယ်ဆိုပေမယ့် သူဟာ ချစ်သူကို ဒုက္ခကနေ ကယ်တင်ဖို့၊ ပိုမြင့်မားတဲ့ဘ၀ကို ရောက်ဖို့ လုပ်ခဲ့တာတွေဆိုတော့ မိုက်ရူးရဲဆန်ခဲ့တာလည်း မဟုတ်ခဲ့ပြန်ပါဘူး။ ဆုပေါင်းများစွာ ရတာနဲ့ ထိုက်တန်အောင် ရုပ်ရှင်ရဲ့ အခန်းတိုင်းက ရိုက်ကွက်တွေရော သရုပ်ဆောင်တွေပါ သိပ်ကို ကောင်းတာ တွေ့ရပါတယ်။ Taj Mahal က တိုးဂိုက်ဘ၀ကို သဘောကျမိတာလည်း ကိုရွာသားလေးနဲ့ တူပါတယ်။ သီချင်းအဆိုကောင်းလို့ ကလေးလေး မျက်လုံးဆုံးရှုံးရတဲ့ အခန်းကိုတော့ ရင်နာလို့ ကျော်ကြည့်မိပါတယ် (ခံစားချက်ကို ပိုဆိုးစေတာက ဒါတွေဟာ တကယ့်ဘ၀တွေဆိုတဲ့ အသိပါ)... ခြုံပြောရရင်တော့ ဒီနှစ်အတွင်း ကြည့်မိတဲ့ရုပ်ရှင်တွေထဲမှာ အကောင်းဆုံးပါပဲ။ ဒီပို့စ်အတွက် ကျေးဇူးတင်ပါတယ် ငါ့အစ်ကိုရေ...

yehtutnaung said...

ကျွန်တော်လည်း အဲဒီရုပ်ရှင်ကို အရမ်းကြိုက်တယ်..။ ကို ရွာသားလေး ရေးထားတာ ဖတ်ပြီး နောက်တခေါက်ပြန်ကြည့်ချင်စိတ် ပေါက်သွားပြီဗျာ။ ကြေကွဲစရာ အခန်းကတော့ သီချင်းဆိုကောင်းတဲ့ ကလေးတွေကို မျက်လုံးကန်းအောင် လုပ်တဲ့အခန်းဗျာ။ ဘာပဲဖြစ်ဖြစ် slumdog millionaire က အခြေခံအကျဆုံး ဘ၀ အခြေအနေတွေ ဖွင့်ပြသွားခဲ့တဲ့ အဖိုးတန်ရုပ်ရှင် တကားပါ။

မီယာ said...

အရမ်းကောင်းတဲ့ အညွှန်းပါ... အမလည်း ကြိုက်တယ်။ မျက်ရည်မခိုင်တော့ ငိုရတာ ခေါင်းကိုက်သွားတယ်။

Anonymous said...

ကြည့်ချင်တယ် ကြိုးစားပြီးရှာကြည့်အုံးမှပဲ တစ်ယောက်တည်းဆိုတော့ကြည့်ရတာပျင်းတယ်
အမေ့ လက်ကိုတွဲပြီး အငယ်က ပွဲကြည့်ခဲ့တာကိုသတိရလို့ပါ ။ ၂ မျိုးထင်မှာစိုးလို့ ကျေးဇူး အညွှန်းကြော်ငြာကောင်းတယ် ။

Anonymous said...

မနက်က ဒီပို့စ်ဖတ်ပြီးတော့ အရမ်းကြည့်ချင်သွားတယ် စာပဲဖတ်ပြီးတာဆိုတော့ ကွင်းစက်က သိပ်မမိ..ဒီညနေကျ ဇတ်ကားကြည့်ပြီးတစ်ခေါက်လာပြန်ဖတ်တယ် တကယ်ကိုကောင်းတဲ့ ဇတ်လမ်းပဲ ကျေးဇူး

“jamal ” အိမ်သာတွင်းထဲ ခုန်ချတဲ့အခန်း မြန်၂ကျော်ကြည့်လိုက်တယ်း) အဆုံးသတ်လေး ချစ်သူချင်းပေါင်းရတာမို့ စိတ်ချမ်းသာသွားတယ် ။ဆုတွေရထိုက်တဲ့တကယ့်ဇတ်ကားကောင်းလေးပဲ။

khin oo may said...

အားပေးနေပါဒယ်။

ဝေလေး said...

ဒီပို့စ်ဖတ်ပြီးမှ အဲဒီကားကြည့်ဖြစ်ခဲ့တယ်။ အစ်ကို့ဆီကလင့်တောင်းတာလေ မှတ်မိတယ်ဟုတ်.... ဆုတွေအများကြီးသိမ်းကြုံးယူသွားလို့ ဘယ်လောက်တောင်ကောင်းတဲ့ကားလဲလို့ တွေးမိသေးတာမှတ်မိတယ်။ အမေကကြည့်ချင်လွန်းလို့ ရုံတင်တဲ့ရက်ကိုစောင့်နေတာ တစ်ကယ်တင်တော့လည်း မကြည့်ဖြစ်ပါဘူး။ အွန်လိုင်းကနေပဲနှစ်ခေါက် ကြည့်လိုက်တယ်။ မေးခွန်းမေးတဲ့လူကဖြေပေးတဲ့အဖြေကို အမှန်မယူဘဲ ကိုယ့်ဘာသာရွေးလိုက်တဲ့ နေရာလေးကို သဘောကျတယ်။ ဝေလေးသာဆို ဘာမှမစဉ်းစားပဲ သူပြောတာလက်ခံလိုက်မိမယ်လို့ စဉ်းစားမိတယ်။ သိပ်ယုံလွယ်တတ်တယ်နော်။ သူကတော့ အဲလို လူတွေကိုလွယ်လွယ်မယုံတတ်ဘူး။ တွေ့ကြုံခဲ့ရတဲ့ ဘဝအချိုးအကွေ့တွေက သင်ပေးခဲ့တာလည်း ဖြစ်နိုင်တယ်။ သုခမြို့တော်ထဲက မြင်ကွင်းတွေနဲ့ နှိုင်းယှဉ်နေမိသေးတယ်။

Unknown said...

ဒီဇာတ်ကားလေးကို အရမ်းသဘောကျမိတယ်
စကြည့် ကြည့်ချင်းမှာပဲ မြသန်းတင့်ရဲ့  သုခမြို့ တော်ကို ပြေးမြင်မိတယ် (ဂျူးတော့ မဖတ်ဖူးဘူး)
ဇာတ်လမ်းဖွဲ့ စည်းပုံလေး ကောင်းသလို မောင်ရွာသားလေး ရေးတာလေးလည်းကောင်းတယ်
(သိပ်ရက်စက်တဲ့အခန်းတွေဆို မျက်လုံးပိတ်ထားလိုက် တာပဲ မခံစားနိုင်လို့ )
ချစ်သူအပေါ်ထားတဲ့ jamal ရဲ့  စိတ်ကလေးကို သဘောကျမိတယ်
ဒါပေမယ့် အချစ်က အချစ် ငွေက ငွေပဲ (မဆိုင်သလိုလိုနဲ့  ဆိုင်တယ်)
ဒါဇာတ်ကားထဲမလို့ 
ဘာပဲပြော၂ ဇတ်ကားလေးကို အစအဆုံးသဘောကျတယ် (သင်ခန်းစာတွေ ပေးတဲ့ကားမလို့ ရော လက်တွေ့ ဘ၀တွေကို ထင်ဟတ်ပြထားလို့ ရော)