သင်သည် စက်ရုပ်မြို့တော်တွင်နေထိုင်သူတစ်ဦးဖြစ်ပါက ဤနေရာမှ ဆက်မဖတ်ရန် အလေးအနက် တောင်းပန်ပါသည်..
ထို့ထက်ပို၍ သင်သည် စက်ရုပ်လူသားတစ်ဦးဆိုပါက ဤနေရာမှ လှည့်ပြန်ရန် အနူးအညွှတ်တောင်းပန်အပ်ပါသည်…..
ဆက်လက်၍ဖတ်ရှုပါက မိမိတာဝန်သာဖြစ်ပါသည်ခင်ဗျာ……
ဟိုဟိုဒီဒီ ကြည့်မိတယ်။ အလို….ငါရောက်နေတာ အများတကာ သိပ်သွားချင်နေတဲ့ စက်ရုပ်မြို့တော်ပါပဲလား။ သိပ်ကိုလှပ သိပ်ခန်းနားကြီးကျယ်လွန်းတဲ့ မြို့ပါလား။ အရောင်တွေဖိတ်ဖိတ်တောက်နေလိုက်တာများ ကိုယ်တွေမြို့ရွာနဲ့ တစ်ခြားစီရယ်။ ကြောင်တောင်တောင်လေး ငေးနေတုန်း ၀ှီးခနဲ ဖြတ်သွားတဲ့ ကားပျံတွေက တတီတီဟွန်းသံပေးနေတော့တယ်။ အဲဒီတော့မှ ဆိုင်းဘုတ်တစ်ခုကို တွေ့ရတယ် ဟိုဘက်နားတွင် လျှောက်လမ်းရှိသည် လျှောက်လမ်းသို့သွားရန် ဆိုတဲ့စာလေးပါ။ ကမန်းကတမ်း သူညွှန်ပြတဲ့ လမ်းလေးအတိုင်း လျှောက်သွားရင်း ငေးမောနေမိတော့တာပေါ့။
စက်ရုပ်မြို့တော်မှ ကြိုဆိုပါ၏ဆိုတဲ့ စာတမ်းလေးက လေထဲမှာ တလွှင့်လွှင့်။ မြို့တော် လူဝင်မှုကြီးကြပ်ရေးဌာန ဆိုပါလား။ အဲဒီမှာ မြို့ဝင်ခွင့် လျှောက်ထားရမယ်တဲ့။ လောလောဆယ် မြို့ကို လှည့်ပတ်ကြည့်ရှုမယ်ဆို နှစ်ပတ်ခွင့်ပြုလက်မှတ် လျှောက်ခွင့်ရှိတယ်ဆိုလို့ နှစ်ပတ်လက်မှတ်လေး လျှောက်ထားလိုက်တယ်။ လက်ဗွေလေးပဲ နှိပ်ရသေးတယ် ဒီဘက်မှာ ခွင့်ပြုလက်မှတ်က စက်ထဲကနေ လျှောကနဲ။ လက်မှတ်နဲ့အတူ မြို့ထဲမှာ ဆက်သွယ်ဖို့ ဆက်သွယ်ရေးကိရိယာလေးပါ ထည့်ပေးလိုက်တယ်။ ကိုယ်ဆက်သွယ်လိုသူရဲ့ နာမည်ကို ရွတ်လိုက်ရုံပါပဲ။ သူ့အလိုအလျှောက် ဆက်သွယ်ပေးပါသတဲ့။ ကျနော်တို့မြို့ရွာမှာ ဒါမျိုးဆက်သွယ်ရေး ကိရိယာဆိုတာ မြင်တောင် မမြင်ဖူးဘူးလေ။ လက်တည့်စမ်းချင်တာနဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ နာမည် ခေါ်ကြည့်မိတယ်။ ထူးသံကြားတော့ ဟာ…ဟေ့ကောင်ကြီးမင်း ဘယ်မှာလဲကွ ဆိုတော့ အေး..မင်းရောက်နေတာလား နောက်မှ အေးဆေးပြန်ဆက်မယ်ကွာ ငါအခု အလုပ်ထဲမှာကွ နော် ဆိုပြီး အဆက်အသွယ် ပြတ်တောက်သွားတဲ့ တူတူတူဆိုတဲ့ အသံပဲ ကျန်ခဲ့တော့တယ်။
ပြီးတော့ အဲဒီဆက်သွယ်ရေးကိရိယာလေးကနေ မက်ဆေ့လေးတွေ ပို့လို့ရတယ်ဆိုပဲ။ ကိုယ့်ဆီမှာမလုပ်ခဲ့ဖူးတဲ့ အထူးအဆန်းဆိုတော့ ကိုယ်သိသမျှ နာမည်လေးတွေတန်းစီရွတ်ပြီး ပို့ကြည့်တာပေါ့။ ဟိုင်းနေကောင်းလား မင်္ဂလာနံနက်ခင်းပါ မတွေ့ရတာ ကြာပြီနော် ဆိုတာလေးတွေပေါ့။ တစ်ချို့က ပြန်လာတယ် ကျေးဇူးပါ အဆင်ပြေပါတယ် ဒါမျိုးလေးတွေ။
အစစအဆင်ပြေနေတဲ့ အဲဒီစက်ရုပ်မြို့တော်ကြီးမှာ နောက်ထပ် နေ့ရက်များကိုလည်း ပျော်ရွှင်စွာ ဖြတ်ကျော်ရင်းပေါ့။ အသစ်အဆန်းပေါင်းများစွာနဲ့ အဲဒီနေ့ရက်တွေက ကျနော့မြို့ရွာငယ်လေးကို မေ့ပစ်ထားခဲ့မိတယ်ဆိုတာ ၀န်ခံပါတယ်။ လောကစည်းစိမ် အာရုံတွေပေါင်းများစွာကြားမှာ ဇာတိဆိုတဲ့စိတ်ကလေးမှေးမှိန်ခဲ့တာပေါ့။
ဟိုးစက်ရုပ်မြို့တော်ပြင်ပက သူငယ်ချင်းတွေနဲ့လည်း အဆင့်မြင့်တဲ့ ဆက်သွယ်ရေးတွေကနေ တဆင့် ဆက်သွယ်နိုင်ခဲ့တယ်။ သိပ်ပျော်ရွှင်စရာကောင်းတဲ့ ဟိုး…..အတိတ်နေ့ရက်တွေကိုတောင် ပြန်ရလိုက်သလိုပါပဲ။ သူငယ်ချင်းအသစ်တွေလည်း တိုးခဲ့တော့တာပေါ့။
ဒါပေမယ့် ကျနော့ သူငယ်ချင်းအဟောင်းတွေဆီက ဆက်သွယ်သံ လုံးဝမကြားခဲ့ရဘူးဗျ။ သူတို့ကို ကျနော်ကသာ ဆက်သွယ်နေခဲ့မိတာ။ သိပ်အလုပ်ရှုပ်ကြတယ် ထင်ပါရဲ့။ ဆက်သွယ်တိုင်းလည်း ပြန်ခေါ်မယ်နော်ဆိုတဲ့ နှစ်သိမ့်သံလေးကိုတော့ ကြားရတတ်ပါတယ်။ အဲဒီတော့ ပျင်းပျင်းရှိတာနဲ့ စက်ရုပ်လူသားဘ၀ အကူးအပြောင်းဆိုတဲ့ စာအုပ်လေးကို လေ့လာဖို့ စာကြည့်တိုက်ကို request ခလုပ်နှိပ်လိုက်တယ်။ မကြာပါဘူး အိမ်ရှေ့က စာတိုက်ပုံးလေးထဲမှာ စာအုပ်လေး ရောက်လာတော့တာပေါ့။
စာအုပ်လေးထဲမှာ စက်ရုပ်လူသားဘ၀အကူးအပြောင်း အတွေ့အကြုံတွေ အခက်အခဲတွေကို ရှင်းရှင်းလင်းလင်း ရေးပြထားတယ်။ အရမ်းကို သိသာထင်ရှားအောင်လုပ်ပြထားတဲ့ စကားလုံးလေးတွေက “သင့်ရဲ့ ခံစားတတ်သော လူသားဆန်နှလုံးသားအား စက်ရုပ်နှလုံးသားဖြင့် အစားထိုးရန်” တဲ့ဗျာ။
စက်ရုပ်တို့၏ လည်ပတ်နှုန်းကို သူတို့ရှာဖွေရသော ငွေကြေးဖြင့် တိုက်ရိုက်အချိုးကျ လည်ပတ်စေသည် ဆိုပါလား။ သူတို့၏ နှလုံးခုန်နှုန်းကိုလည်း ထပ်တူထပ်မျှပင် ဖြစ်စေသည်။ စက်ရုပ်များ အပြိုင်အဆိုင်အဖြစ် လစဉ်ရှာလို့ရသမျှ ငွေကြေးအရေအတွက်ကို အယောက်စီတိုင်း၏ နာမည်စာရင်းဖြင့် တစ်မြို့လုံးသိအောင် ကြေငြာပေးမည်။ ဤမြို့ကြီး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ သင်ကိုယ်တိုင်ပါ လိုက်ပါတိုးတက်နိုင်ရန် စက်ရုပ်လူသားဘ၀ကို မြန်မြန်ကူးပြောင်းကြပါစို့ဆိုတဲ့ ဆောင်ပုဒ်လေးနဲ့ စာအုပ်လေးကို နိဂုံးချုပ်ထားပါတယ်ဗျာ။
စာအုပ်ဖတ်အပြီးမှာ လက်တွေ့ဆန်နေသေးတဲ့ ကျနော်က ဟိုတစ်လောလေးက မှ စက်ရုပ်လူသားဘ၀ကို ကူးပြောင်းသွားတယ်ဆိုတဲ့ သူငယ်ချင်းမ တစ်ယောက်ဆီကို ဖုံးခေါ်လိုက်တယ်။ ဆောရီးဟာ နင်မအားလည်း ဒီတစ်ခါတော့ ဖုံးလေးဖြေပေးပါလို့ မချလိုက်ပါနဲ့လို့ ဒီတစ်ခါပြီးရင် နောက်ထပ် ဖုံးမခေါ်တော့ပါဘူးဆိုတဲ့ ကတိက၀တ်တွေနဲ့ ကျနော့အင်တာဗျူး အစီအစဉ်ကို စလိုက်ပါတော့တယ်။
နင်တို့တွေ ဘာဖြစ်လို့တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ် မရှိကြတာလဲဟင်။ ငါတို့မြို့မှာလို ဆက်သွယ်ရေးမကောင်းလို့ ဆိုထားပါတော့ ဆိုတဲ့မေးခွန်းကို..
စက်ရုပ်တွေရဲ့ လည်ပတ်နှုန်းက သူတို့တွေရှာတဲ့ ငွေကြေးလေ။ အဲဒီတော့ ငွေကြေးဆိုတဲ့ အရာတွေမပါဝင်ရင် တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့ အချိန်မပေးနိုင်တော့လို့ပါ။ ဒါပေမယ့် တစ်ယောက်ရဲ့ အကူအညီလိုအပ်ရင်တော့ မဖြစ်မနေဆက်သွယ်ကြတာပေါ့။ ဒါကလည်း ဆယ်ခါ့ရန် တစ်ခါပေါ့။ အားလုံးကမအားလပ်ကြဘူးမဟုတ်လား။ လိုအပ်မှဆက်သွယ်တယ်ဆိုလို့ နင်မအံ့သြနေနဲ့နော် ငါတို့က စက်ရုပ်နှလုံးသားတွေဆိုတာလည်း မေ့မထားနဲ့ဦး။ အလုပ်မလုပ်နိုင်လို့ ငွေမရှာနိုင်တော့ရင် နှလုံးခုန်ရပ်သွားမယ်။ အဲဒီအချိန်ကျ ဘယ်သူကမှ လာကူနိုင်မှာ မဟုတ်ဘူးလေ။
ဒါဆိုနင်တို့တွေက တစ်ယောက်ကို တစ်ယောက်အသုံးချနေကြတာပေါ့ဆိုတဲ့ထပ်ဆင့်မေးခွန်းကို..
ဟုတ်တယ်လေ။ ဘယ်သူဘာသိထားသလဲဆိုတာ သိရင်တော်ပြီပေါ့။ အဲဒီစက်ရုပ်ကို အဲဒီအချိန်မှာ အသုံးချမယ်။ အသုံးချလို့ပြီးသွားရင် သူနဲ့ထပ်ဆက်သွယ်စရာမရှိတော့ဘူးလေဟာ။ သြော်..မေ့လို့ အသုံးမချသေးခင်တော့ လူမှုရေးအနေနဲ့ မက်ဆေ့ လေးဘာလေးပို့ရသေးတာပေါ့ဟာ။ နောက်တော့လား ဟင့်အင်း မက်ဆေ့မပို့နိုင်လောက်အောင် ငါမအားလပ်တော့ဘူး ဆိုပါတော့။
နင်တို့တွေ ပြန်လည်တွေ့ဆုံမှု ဒါမှမဟုတ် နွေးထွေးတဲ့ ခံစားမှုကိုကော မလိုအပ်တော့ဘူးလား ဆိုတဲ့ မေခွန်းရဲ့ အဖြေက…
ရှိပါတယ် ငါနဲ့အနီးဆုံး စက်ရုပ်တစ်ရုပ်ရှိနေပြီပဲ။ သူ့အနားမှာ ငါရှိမယ် ငါ့အနားမှာ သူရှိမယ် ဒါဆိုပြီးပြီပေါ့။ ကျန်တဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းဆိုတာ အလကားပါဟာတဲ့။
တော်သင့်ပြီလို့ကျနော်ထင်တာနဲ့ ကျေးဇူးသူငယ်ချင်းရေဆိုတော့ အေးပါ ငါလည်း အလုပ်ပြန်လုပ်လိုက်ဦးမယ်။ နင်လည်း စက်ရုပ်လူသားပြောင်းလဲဖို့လုပ်တော့ ကြိုဆိုပါတယ်ဟာဆိုပြီး ဖုံးချသွားပါတော့တယ်။
သူနဲ့စကားပြောအပြီးမှာ ကျနော့အခန်းထဲက မီးအနီရောင်တွေ ထိန်ထိန်လင်းလာပြီး
“စက်ရုပ်မြို့တော်တွင် သင်နေထိုင်ခွင့် တစ်ရက်သာ ကျန်တော့သည်…. စက်ရုပ်လူသားပြောင်းလဲခွင့် လျှောက်ထားရန် သင့်အား စက်ရုပ်မြို့တော်လူဝင်မှုကြီးကြပ်ရေးမှ အသိပေး နှိုးဆော်အပ်ပါသည်” ဆိုတဲ့ သတိပေးစကားသံတွေ သုံးခေါက်တိတိ ပြောသွားပါတော့တယ်။
အင်း စက်ရုပ်လူသားဖြစ်ခွင့်လျှောက်ထားရမယ်။ မဖြစ်နိုင်..ခံစားတတ်တဲ့နှလုံးသားကို လဲလှယ်ရမယ် ဘယ်လိုမှ မဖြစ်နိုင်။ မဖြစ်နိုင်ဘူးလို့ မျက်စိမှိတ်အော်နေတုန်းမှာ သင့်အတွက်ဖုန်းလာနေပါတယ်ဆိုတဲ့ ထူးထူးဆန်းဆန်း မကြားစဖူးအသံတစ်ခုကို ကြားလိုက်မိတယ်။ တစ်နေ့နေလို့မှ တစ်ခါမမြည်တဲ့ ဖုန်းက တူတူတူဆိုပြီး မြည်နေခဲ့တာကိုး။
ဟူး………..မိုးလင်းပြီပဲ နှိုးစက်မြည်သံကြောင့် လန့်နိုးမိတာပေါ့။ ကဲ ပြင်ဆင်ပြီးရင် ရုံးသွားရဦးတော့မယ်……………
Soon to be moving new home
-
အရွယ်ပြောင်းလို့ အတွေးပြောင်းပါပြီ
ဒီစာမျက်နှာကနေ နုတ်ဆက်ပါတော့မယ်
ဘလော့တခုလုံးကို သိမ်းပြီးတဲ့အခါ ဒီစာမျက်နှာလေး သော့ခတ်ပါတော့မယ်နော်/
ကိုယ်စိတ်နှစ်ဖြာ ကျန်...
4 years ago
15 comments:
ဝမ်းနည်းမိတယ်
စက်ရုပ်မြို့တော်ကိုအလည်လာဖို့လေယဉ်လတ်မှတ်တောင်
ဝယ်ပြီးပြီးရယ် နိဒါန်းတွေ့တာနဲ့ သွားပြန်အမ်းလိုက်ပြီး လာမလည်တော့ဘူး ကြိုမယ့်သူလည်း မရှိ...။
နောက်ထပ် စက်ရုပ်ဖြစ်ချင်တဲ့လူတွေလည်း ထပ်ရောက်ရောက်လာတယ်..။
လက်လုပ် စာခြောက်ရုပ်တောင် ကောက်ရိုးမျှင် မရှိရင် စကားမပြောချင်ဘူးဗျ။ စက်ရုပ် ဆိုတော့ သာ ဆိုးပေါ့။
ချက်ရုပ်မြို့တော်က ကြန်လာရင် တစ်ရုပ်လောက်ဝယ်လာခဲ့ပေးပါ..။
ဆက်သူမရှိတဲ့ ဖုံးကလေးတစ်လုံး ရှိပါတယ်။
ဟင်း ......... သက်ပြင်းချသွား၏
နှလုံးသားက တ၀က်ပြောင်းပြီလို့ ထင်ပါတယ်။ ဟုတ်တယ် မဟုတ်လား။ ;P
ကောင်းလိုက်တာဗျာ ၊ ဆေးစက်ကျရာ အရုပ်ထင်တယ် ဆိုတာ ဒါမျိုးပ ၊၊ ကျွန်တော်ကတော. view ၂ ခုကအမြဲမြင်တဲ.သူဆိုတော. မေးရအုံးမယ် ၊၊ စက်ရုပ်လေး တွေ ဒုက္ခတွေ နဲ.ရင်ဆိုင်နေရချိန် ဥပမာ ( စိတ်အားငယ် ကျရှုံးနေချိန်တွေမှာ ) လူသားတစ်ယောက်အနေနဲ. ဘယ်လိုများ ၊ ဘာတွေများလုပ်ပေးဖို စဉ်းစား ထားလဲ ဗျာ ၊၊ သံရည်ကျို စက်ရောက်မှ ဒုက္ခမဟုတ်ဘူးနော် သူ.တို. မှာလည်း သူတို. ဒုက္ခတွေတော. ရှိကြမှာပ ၊၊ နှစ်ဖက်မြင်တက်ဖို. အကြံ ပေးတာပါ ၊၊ တခါတ လေ တော. ခက်တယ်နော် ၊၊ အိမ်မှာသူငယ်ချင်း တစ်ယောက် ရှိတယ် သူ အမြဲပြောတယ် ၊၊ ငါမဟုတ် တာဘာမှမလုပ် ဘူး တဲ.၊ အဲဒီတော.ဘေးလူတွေက မဟုတ်တာ လုပ်နေတဲ.သဘော မသက် ရောက်ဘူး လားဗျာ ၊၊ ဒီသဘော မျိုး သက်ရောက်သွားတက် တာကလား ၊၊ သူကတော.တွေးမိလားမသိပါဘူး ၊၊သူ.အမြင်တော. မှန်မှာပေါ. ၊၊ အမြင်လေးတွေကို ပြောပြ တာပါ ၊၊ နှစ်ဖက်မြင် တက် မှ အဆင်ပြေမှာပ ၊၊ ဒါကိုပြောတာပါ ၊၊ သူမှာလည်း ဒီလိုပြောရတဲ. အကြောင်းရင်းတော. ရှိမှပ ဆိုပြီး ဖြေတွေး ရတာ ပဲလေ ၊၊ ဖတ်ပြီးတွေးမိတာလေးတွေ ရေးခဲ.တာဗျို . ၊၊ ( ဟိဟီ ဆရာ.ကိုဆရာ လုပ်တာ ဟုတ်ဘူးနော် ဟဲဟဲ ........)
ဖတ်ပြီး ရင်ထဲမှာ မကောင်းဘူး။ အတူနေ သူငယ်ချင်းတွေရဲ့ အမေတွေ အလည်လာလို့ အိမ်မှာတည်းတိုင်း ကိုယ်တွေကိုကြည့်ပြီး စက်ရုပ်လေးတွေလို့ ပြောလေ့ရှိတာကို သတိရမိတယ်။ ကိုယ်ကလည်း ဒီစက်ရုပ်မြို့ကို ခွာဖို့ သတ္တိတွေက နည်းနေသေးတော့...
ဟက် ဟက်.........
ဖတ်ရင်း ပြုံးနေမိတယ်...
စက်ရုပ်တွေထဲက တစ်ရုပ်ပဲပေါ့။ တစ်နေကုန်နေလို့တောင် ဖုန်းဆက်သူမရှိ။ ဆက်သူတွေက hot line က tele marketing သမားတွေ ချည်း။ ဒါကြောင့် မနေ့က အဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းတွေကို ဖုန်းဆက်လိုက်တယ်။ စက်ရုပ်လေး နဲနဲလူဆန်လာသလိုပဲ။
ရေးထားတာတွေက ကိုယ်တွေကိုတိုက်၇ိုက်ပြောသလိုဖြစ်နေလို့ ကျောမလုံဘူး။ သတိပေးသလိုဖြစ်တဲ့အတွက်ကျေးဇူး။
စက်ရုပ်တရုပ်လို ခံစားနေရတဲ့.. မြို့ပြ-နန်နို-မြန်နှုန်းမြင့် လူသားတယောက်ရဲ့..တကဲ့ ခံစားချက်ကို မြင်ရစေပါတယ်။ စက်မူထွန်းကားတဲ့ ခေတ် က..ကြွင်းကျန် ဖန်တီးခဲ့တဲ့..စက်ရုပ်တွေပေါ့။ ခုတော့.. အဲဒီ စက်ရုပ်တွေက.. ဆက်သွယ်ရေး နည်းပညာထွန်းကားတဲ့ ခေတ်ကြီးထဲမှာ.. အမြင်..အကြား မပါပဲလျက်.. အရိပ်တွေ..အငွေ့တွေနဲ့..ကူးလူးဆက်ဆံ နေကြပြန်တယ်။
ကဲ- နောက်ထပ် ဘာခေတ်လာအုံးမလဲ။
၇င်ကိုထိတဲ.အေ၇းအသားပါ
ဖတ်ရင်းနဲ့  ကြက်သီးထသွားတယ်
စက်ရုပ်လူသားအဖြစ် ပြောင်းလဲသွားတဲ့ ကိုယ့်ဘ၀မှာ
ဒါပထမဆုံး ခံစားချက်လေးပဲ
(တကယ့်ကို အရေးအသား အတွေး ခံစားချက်လေး သိပ်ကောင်းတာပဲ)
Post a Comment