တကယ်တမ်းတော့ ဒီစာလေးကို အဖွဲ့အဖြစ်သက်သက်သာ ရေးခဲ့တာပါ။ စာလေးကို မကြေးမုံရဲ့ ကဗျာလေးကနေ ထပ်ဆင့်ခံစားရေးဖွဲ့ခဲ့တာပါ။
ဒီစကားကို မကြားချင်ဆုံး။ အခုတော့ နားနဲ့ ဆတ်ဆတ်ကြားခဲ့ပါလျက် မယုံရဲ။ အထူးသဖြင့် အဲဒီနှုတ်ခမ်းတွေက ထွက်ကျလာတယ်ဆိုတာကို ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ခါးခါးသီးသီး ဖြစ်နေမိတာ။
လည်ပင်းက သွေးကြောတွေ တဆတ်ဆတ်တုန်နေကြတယ်။ အံကြိတ်မိသလား သတိမထားမိတော့လောက်အောင် လက်သီးတွေ ဆုပ်ခဲ့မိသလား မသိတော့လောက်အောင် အာရုံကြောတွေ ဘယ်အထိသေဆုံးသွားခဲ့ပြီလဲ။ နေရာမှာပဲ သေဆုံး ပစ်လိုက်ချင်မိတာ။ ဘာဆိုဘာမှ မမြင်နိုင်မကြားနိုင်လောက်အောင် ခဏသေဆုံးသွားခဲ့တာ။ မိုက်ခနဲ တစ်ချက်အရွှေ့မှာ ဘယ်အရာက ကိုယ့်ကိုထူမပေးခဲ့လည်း မစဉ်းစားမိတော့။
တခုခုပြန်ပြောချင်မိတယ်။ ရင်ဘတ်တစ်ခုလုံး ၀ုန်းဒိုင်းကြဲနေပြီးတဲ့နောက်မှာ ပြောစရာစကားတွေက ပြည့်သိပ်လို့။ အားလုံးကို တန်းစီလွှတ်ဖို့ ကြိုးစားတုန်းမှာ လည်ချောင်းဝကို မကျော်နိုင်တော့။ ခုန်နေတဲ့ သွေးကြောတွေကြားမှာ ဘာသံမှမထွက်တော့ ပဲ ဆွံ့အလို့နေခဲ့တယ်။
တစ်ခြားလူတွေ အဲဒီအကြောင်းကို အမျိုးမျိုးပြောတာ ကြားဖူးတယ်။ အမှုမဲ့အမှတ်မဲ့ပဲ။ အဲဒီအချိန်မရောက်ခင်အထိပေါ့။ သူ့ကို ယုံကြည်မိတဲ့ စိတ်အပြည့်အ၀ရှိတာလည်းပါပါလိမ့်မယ်။ စုံလုံးကန်းတဲ့စိတ်နဲ့ မျက်စိမှိတ် ယုံကြည်ပစ်ခဲ့တာ။ ပြောသမျှအရာ လုပ်သမျှအလုပ်တွေအားလုံးကို တကယ် အမှန်တွေပဲလို့ လက်သင့်ခံခဲ့တာ။ ကတိတွေ ၀န်ခံချက်တွေ အိုး တကယ်ရွှေရည်စိမ်တွေပဲ။
ကျောခိုင်းဖို့လှည့်ထွက်ရင်း တသိမ့်သိမ့်ရှိုက်ချင်လာတယ်။ မငိုဘူး။ ငါမငိုဘူး။ ဘယ်တော့မှ ငါ့မျက်ရည်တွေ မမြင်စေရဘူး။ တုန်နေတဲ့ လက်ချောင်းတွေ သူမမြင်အောင် ဆုပ်ကိုင် ပစ်လိုက်တယ်။ နားထင်မှာ တဒိတ်ဒိတ်မြည်နေတဲ့ အသံကိုကော သူကြားနိုင်သလား ကျနော်မသိတော့။
ခပ်သွက်သွက်လှမ်းနေတယ်လို့ ထင်တဲ့ စိတ်နဲ့ မြေကြီးကို အတင်းနင်းလျှောက်နေတာ။ အရှေ့ကို ရောက်ခဲလိုက်တာ။ လမ်းတစ်လျှောက်က မြက်ပင်တွေလည်း စိုစွတ်ချင်သလိုဖြစ်နေသလားပဲ။ ဟင့်အင်း ငါမငိုပါဘူး။
တဒင်္ဂဆိုတဲ့ အခိုက်လေးမှာ ဖြစ်ပျက်တွေအများကြီးပဲ။ ဘာကြောင့်ဖြစ်တာလဲ။ ဘာအတွက်လဲ။ နောက်တော့လည်း မေ့သွားမှာပါပဲ။ အချိန်ရထားကြီးက အပိုင်းပိုင်းပြတ်သွားအောင် တက်နင်းပစ်မှာပါ။ ဘုရားသခင် မှတ်ဥာဏ်ဆိုတာ နောက်ထပ်မရှိတော့အောင် ကူညီတော်မူပါဘုရား………………………..
Soon to be moving new home
-
အရွယ်ပြောင်းလို့ အတွေးပြောင်းပါပြီ
ဒီစာမျက်နှာကနေ နုတ်ဆက်ပါတော့မယ်
ဘလော့တခုလုံးကို သိမ်းပြီးတဲ့အခါ ဒီစာမျက်နှာလေး သော့ခတ်ပါတော့မယ်နော်/
ကိုယ်စိတ်နှစ်ဖြာ ကျန်...
4 years ago
8 comments:
ခေါင်းစဉ်ကလေးက နုတယ် အဖွဲ့တဲ့။
အဖွဲ့ဆိုတာ အဓိပါတယ် နျစ်မျိုးရှိမယ်။အဖွဲ့ အစည်းဆိုတာရယ် အဖွဲ့အနွဲ့ရယ်ဆိုတာရယ်။ ကိုရွာသားရေးမယ်ဆိုကတည်ကတော့ ဖွဲ့နွဲ့တော့မယ်လို့ခန့်မှန်းပြီးပါပြီ။ ဘယ်လောက် ဖွဲ့နွဲ့မလဲဘဲဆိုတာ ကိုမခန့်မှန်းတတ်သေးတာဖြစ်တယ်
အပြော အဲလေ. အဖွဲ့အနွဲ့ကတော့ကောင်းပါပေတယ။် စိတ်မခိုင်ရင် တစ်ချက် ထည်းယိုင်ကျသွားစေလောက်ပါရဲ့။
ခံစားချက်ကတော့ပြင်းထန်လေတယ်။
တစ်ကယ် အဖြစ်မဟုတ်ဘဲ ဖွဲ့နွဲ့တာဖြစ်ပါစေ လို့တော့ ဆုတောင်းပေးသွားပါတယ်။
(မကြေးမုံကတော်တော်ရယ်။ သူကပိုလွန်းတယ်။.................)
ပိတောက်တွေပွင့်တယ်တဲ့လေ
ချစ်တဲ့သူပန်ချင်တယ်ဆိုလို့
ဖူးပွင့်ခူးလို့ ရည်စူးကာပေးမိတယ်။
ပြောတုံးကတော့ပြောလေရဲ့.
လုပ်တော့လဲ လုပ်ရက်ပေ့
နှစ်မငယ်။
ရက်စက်ပါ့အချစ်ဆုံ့း
ခံစားဦးပေါ့ တစ်ဘဝလုံး။
ကောင်းလိုက်တာ... အဖွဲ့အနေနဲ့ သူရေးတာနော်...
ခံစားချက်တွေတော်တော်ပြင်းနေပြီထင်တယ် ကိုရွာသား...
အတိတ်မေ့ လူသားမဖြစ်ချင်ဘူးလား???
လာခဲ့ ခေါင်းရိုက်ခွဲပေးမယ်လေ တရားတော့မဆွဲနဲ့ စေတနာနဲ့ ရိုက်ပေးတာ :P
အဖွဲ့တဲ့ ခံစားချက် ပြင်းထန်လိုက်တာဗျာ
မကြေးမုံရဲ့ ကဗျာကိုလည်း သွားဖတ်လိုက်ပါတယ်။ အရမ်းကို ကောင်းတာပဲ။ ကိုရွာသားလေး ရေးထားတာကိုဆက် ဖတ်ပြီးတော့ ငိုချင်သလိုကြီး ဖြစ်သွားတယ်။ နောက် မခင်ဦးမေရေးတဲ့ comment နောက်ဆုံး စာကြောင်းဖတ်ပြီး ရယ်မိသွားပြန်ရော...း) စိတ်ထဲမှာ အနာတရတွေ များနေလို့ နောက်တခါ ထပ်မဖတ်တော့ဘဲ ရယ်ရင်းပဲ နောက်ပို့စ်တစ်ခု သွားဖတ်လိုက်ဦးမယ် ကိုရွာသားလေးရေ...
ဖတ်ရင်းနဲ့  အဲဒီ့လို ဖြစ်သွားတဲ့ ပုံစံကို ပြေးမြင်မိတယ်
တခဏအတွင်းမှာ အိပ်မက်ထဲလမ်းလျှောက်နေရတဲ့ လူတယောက်လို ခံစားနေရမှာပဲ
တကယ်အပြင်မှာ ခံစားပြီး ရေးဖွဲ့ ထားသလို အဖွဲ့ က သိပ်ကောင်းလွန်းနေတယ်
Post a Comment