29 March 2009

စူးကျိုးမြို့ကမြှား

ငါယုံကြည်တဲ့
ချစ်ခြင်းတွေ
သစ္စာတွေ
မေတ္တာတရားတွေ
ညီရင်းကိုတွေ
သွေးသောက်တွေ

အရာအားလုံးနဲ့
ဆန်ကျင်ဘက်
အဲ့ဒီမြှားချက်တွေကြားမှာ

သေဆုံးမှုထက်ပြင်းထန်တဲ့
နှလုံးသားဒဏ်ရာရဲ့
နာကျင်မှုက
နှိုင်းစာလို့မရနိုင်တဲ့
အဆပေါင်းများစွာ.....

warlords ဇာတ်ကားကြည့်အပြီး ခံစားမိတဲ့ မြှားဒဏ်ရာ

27 March 2009

လှောင်ပိတ်မိခြင်း

ပွင့်လျက်ပါ
အခန်းငယ်
လင်းလျက်ပါ
အခန်းငယ်
မွန်းကြပ်ကာ
အသက်ရှူမ၀တာ
ဘယ့်တွက်တာတဲ့ကွယ်

ဖွင့်ထုတ်ချင်မိတယ်
ရှင်းလျက်ကယ်ရှုပ်တာမို့
မယ်ဘုတ်ရယ်
ချည်မျှင်ထွေး
ဝေးဝေးနေမိတယ်

နေစိမ့်တယ်
မယူလိုက်ပါနဲ့
လှောင်ပိတ်ကာ
ချောင်ထဲမှာမို့
ရုန်းထွက်ခက်ဆဲ……….

26 March 2009

မြို့ရိုးအပြင်ဘက်မှာ

စည်ကားတယ်
ခမ်းနားတယ်
သိမ်မွေ့မယ်
နူးညံ့မယ်
လှည့်စားမယ်
ကောက်ကျစ်မယ်
ဘယ်လိုမှမခွဲခြားတတ်လို့
မြို့ရိုးအပြင်ဘက်
ထွက်ထိုင်နေမိတယ်…

လေတွေလည်းတိုက်လို့
မိုးတွေလည်းရွာလို့
အမိုးအကာကမရှိ
လှည့်ကြည့်လို့ ထီးထီးမြင်ရတဲ့
မြို့ရိုးရဲ့အပြင်ဘက်မှာ
သြော်
ငါတစ်ယောက်တည်း….

(တစ်ယောက်တည်း ထင်နေတာ အခုမခင်ဦးမေ၊ ကိုနေညိုရင့် အပြင်ကိုဖြိုးလေးလည်းရောက်နေပြီ....)

စက်ရုပ်မြို့တော်

သင်သည် စက်ရုပ်မြို့တော်တွင်နေထိုင်သူတစ်ဦးဖြစ်ပါက ဤနေရာမှ ဆက်မဖတ်ရန် အလေးအနက် တောင်းပန်ပါသည်..

ထို့ထက်ပို၍ သင်သည် စက်ရုပ်လူသားတစ်ဦးဆိုပါက ဤနေရာမှ လှည့်ပြန်ရန် အနူးအညွှတ်တောင်းပန်အပ်ပါသည်…..

ဆက်လက်၍ဖတ်ရှုပါက မိမိတာဝန်သာဖြစ်ပါသည်ခင်ဗျာ……

ဟိုဟိုဒီဒီ ကြည့်မိတယ်။ အလို….ငါရောက်နေတာ အများတကာ သိပ်သွားချင်နေတဲ့ စက်ရုပ်မြို့တော်ပါပဲလား။ သိပ်ကိုလှပ သိပ်ခန်းနားကြီးကျယ်လွန်းတဲ့ မြို့ပါလား။ အရောင်တွေဖိတ်ဖိတ်တောက်နေလိုက်တာများ ကိုယ်တွေမြို့ရွာနဲ့ တစ်ခြားစီရယ်။ ကြောင်တောင်တောင်လေး ငေးနေတုန်း ၀ှီးခနဲ ဖြတ်သွားတဲ့ ကားပျံတွေက တတီတီဟွန်းသံပေးနေတော့တယ်။ အဲဒီတော့မှ ဆိုင်းဘုတ်တစ်ခုကို တွေ့ရတယ် ဟိုဘက်နားတွင် လျှောက်လမ်းရှိသည် လျှောက်လမ်းသို့သွားရန် ဆိုတဲ့စာလေးပါ။ ကမန်းကတမ်း သူညွှန်ပြတဲ့ လမ်းလေးအတိုင်း လျှောက်သွားရင်း ငေးမောနေမိတော့တာပေါ့။

စက်ရုပ်မြို့တော်မှ ကြိုဆိုပါ၏ဆိုတဲ့ စာတမ်းလေးက လေထဲမှာ တလွှင့်လွှင့်။ မြို့တော် လူဝင်မှုကြီးကြပ်ရေးဌာန ဆိုပါလား။ အဲဒီမှာ မြို့ဝင်ခွင့် လျှောက်ထားရမယ်တဲ့။ လောလောဆယ် မြို့ကို လှည့်ပတ်ကြည့်ရှုမယ်ဆို နှစ်ပတ်ခွင့်ပြုလက်မှတ် လျှောက်ခွင့်ရှိတယ်ဆိုလို့ နှစ်ပတ်လက်မှတ်လေး လျှောက်ထားလိုက်တယ်။ လက်ဗွေလေးပဲ နှိပ်ရသေးတယ် ဒီဘက်မှာ ခွင့်ပြုလက်မှတ်က စက်ထဲကနေ လျှောကနဲ။ လက်မှတ်နဲ့အတူ မြို့ထဲမှာ ဆက်သွယ်ဖို့ ဆက်သွယ်ရေးကိရိယာလေးပါ ထည့်ပေးလိုက်တယ်။ ကိုယ်ဆက်သွယ်လိုသူရဲ့ နာမည်ကို ရွတ်လိုက်ရုံပါပဲ။ သူ့အလိုအလျှောက် ဆက်သွယ်ပေးပါသတဲ့။ ကျနော်တို့မြို့ရွာမှာ ဒါမျိုးဆက်သွယ်ရေး ကိရိယာဆိုတာ မြင်တောင် မမြင်ဖူးဘူးလေ။ လက်တည့်စမ်းချင်တာနဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ နာမည် ခေါ်ကြည့်မိတယ်။ ထူးသံကြားတော့ ဟာ…ဟေ့ကောင်ကြီးမင်း ဘယ်မှာလဲကွ ဆိုတော့ အေး..မင်းရောက်နေတာလား နောက်မှ အေးဆေးပြန်ဆက်မယ်ကွာ ငါအခု အလုပ်ထဲမှာကွ နော် ဆိုပြီး အဆက်အသွယ် ပြတ်တောက်သွားတဲ့ တူတူတူဆိုတဲ့ အသံပဲ ကျန်ခဲ့တော့တယ်။

ပြီးတော့ အဲဒီဆက်သွယ်ရေးကိရိယာလေးကနေ မက်ဆေ့လေးတွေ ပို့လို့ရတယ်ဆိုပဲ။ ကိုယ့်ဆီမှာမလုပ်ခဲ့ဖူးတဲ့ အထူးအဆန်းဆိုတော့ ကိုယ်သိသမျှ နာမည်လေးတွေတန်းစီရွတ်ပြီး ပို့ကြည့်တာပေါ့။ ဟိုင်းနေကောင်းလား မင်္ဂလာနံနက်ခင်းပါ မတွေ့ရတာ ကြာပြီနော် ဆိုတာလေးတွေပေါ့။ တစ်ချို့က ပြန်လာတယ် ကျေးဇူးပါ အဆင်ပြေပါတယ် ဒါမျိုးလေးတွေ။

အစစအဆင်ပြေနေတဲ့ အဲဒီစက်ရုပ်မြို့တော်ကြီးမှာ နောက်ထပ် နေ့ရက်များကိုလည်း ပျော်ရွှင်စွာ ဖြတ်ကျော်ရင်းပေါ့။ အသစ်အဆန်းပေါင်းများစွာနဲ့ အဲဒီနေ့ရက်တွေက ကျနော့မြို့ရွာငယ်လေးကို မေ့ပစ်ထားခဲ့မိတယ်ဆိုတာ ၀န်ခံပါတယ်။ လောကစည်းစိမ် အာရုံတွေပေါင်းများစွာကြားမှာ ဇာတိဆိုတဲ့စိတ်ကလေးမှေးမှိန်ခဲ့တာပေါ့။

ဟိုးစက်ရုပ်မြို့တော်ပြင်ပက သူငယ်ချင်းတွေနဲ့လည်း အဆင့်မြင့်တဲ့ ဆက်သွယ်ရေးတွေကနေ တဆင့် ဆက်သွယ်နိုင်ခဲ့တယ်။ သိပ်ပျော်ရွှင်စရာကောင်းတဲ့ ဟိုး…..အတိတ်နေ့ရက်တွေကိုတောင် ပြန်ရလိုက်သလိုပါပဲ။ သူငယ်ချင်းအသစ်တွေလည်း တိုးခဲ့တော့တာပေါ့။

ဒါပေမယ့် ကျနော့ သူငယ်ချင်းအဟောင်းတွေဆီက ဆက်သွယ်သံ လုံးဝမကြားခဲ့ရဘူးဗျ။ သူတို့ကို ကျနော်ကသာ ဆက်သွယ်နေခဲ့မိတာ။ သိပ်အလုပ်ရှုပ်ကြတယ် ထင်ပါရဲ့။ ဆက်သွယ်တိုင်းလည်း ပြန်ခေါ်မယ်နော်ဆိုတဲ့ နှစ်သိမ့်သံလေးကိုတော့ ကြားရတတ်ပါတယ်။ အဲဒီတော့ ပျင်းပျင်းရှိတာနဲ့ စက်ရုပ်လူသားဘ၀ အကူးအပြောင်းဆိုတဲ့ စာအုပ်လေးကို လေ့လာဖို့ စာကြည့်တိုက်ကို request ခလုပ်နှိပ်လိုက်တယ်။ မကြာပါဘူး အိမ်ရှေ့က စာတိုက်ပုံးလေးထဲမှာ စာအုပ်လေး ရောက်လာတော့တာပေါ့။

စာအုပ်လေးထဲမှာ စက်ရုပ်လူသားဘ၀အကူးအပြောင်း အတွေ့အကြုံတွေ အခက်အခဲတွေကို ရှင်းရှင်းလင်းလင်း ရေးပြထားတယ်။ အရမ်းကို သိသာထင်ရှားအောင်လုပ်ပြထားတဲ့ စကားလုံးလေးတွေက “သင့်ရဲ့ ခံစားတတ်သော လူသားဆန်နှလုံးသားအား စက်ရုပ်နှလုံးသားဖြင့် အစားထိုးရန်” တဲ့ဗျာ။

စက်ရုပ်တို့၏ လည်ပတ်နှုန်းကို သူတို့ရှာဖွေရသော ငွေကြေးဖြင့် တိုက်ရိုက်အချိုးကျ လည်ပတ်စေသည် ဆိုပါလား။ သူတို့၏ နှလုံးခုန်နှုန်းကိုလည်း ထပ်တူထပ်မျှပင် ဖြစ်စေသည်။ စက်ရုပ်များ အပြိုင်အဆိုင်အဖြစ် လစဉ်ရှာလို့ရသမျှ ငွေကြေးအရေအတွက်ကို အယောက်စီတိုင်း၏ နာမည်စာရင်းဖြင့် တစ်မြို့လုံးသိအောင် ကြေငြာပေးမည်။ ဤမြို့ကြီး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ သင်ကိုယ်တိုင်ပါ လိုက်ပါတိုးတက်နိုင်ရန် စက်ရုပ်လူသားဘ၀ကို မြန်မြန်ကူးပြောင်းကြပါစို့ဆိုတဲ့ ဆောင်ပုဒ်လေးနဲ့ စာအုပ်လေးကို နိဂုံးချုပ်ထားပါတယ်ဗျာ။

စာအုပ်ဖတ်အပြီးမှာ လက်တွေ့ဆန်နေသေးတဲ့ ကျနော်က ဟိုတစ်လောလေးက မှ စက်ရုပ်လူသားဘ၀ကို ကူးပြောင်းသွားတယ်ဆိုတဲ့ သူငယ်ချင်းမ တစ်ယောက်ဆီကို ဖုံးခေါ်လိုက်တယ်။ ဆောရီးဟာ နင်မအားလည်း ဒီတစ်ခါတော့ ဖုံးလေးဖြေပေးပါလို့ မချလိုက်ပါနဲ့လို့ ဒီတစ်ခါပြီးရင် နောက်ထပ် ဖုံးမခေါ်တော့ပါဘူးဆိုတဲ့ ကတိက၀တ်တွေနဲ့ ကျနော့အင်တာဗျူး အစီအစဉ်ကို စလိုက်ပါတော့တယ်။

နင်တို့တွေ ဘာဖြစ်လို့တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ် မရှိကြတာလဲဟင်။ ငါတို့မြို့မှာလို ဆက်သွယ်ရေးမကောင်းလို့ ဆိုထားပါတော့ ဆိုတဲ့မေးခွန်းကို..

စက်ရုပ်တွေရဲ့ လည်ပတ်နှုန်းက သူတို့တွေရှာတဲ့ ငွေကြေးလေ။ အဲဒီတော့ ငွေကြေးဆိုတဲ့ အရာတွေမပါဝင်ရင် တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့ အချိန်မပေးနိုင်တော့လို့ပါ။ ဒါပေမယ့် တစ်ယောက်ရဲ့ အကူအညီလိုအပ်ရင်တော့ မဖြစ်မနေဆက်သွယ်ကြတာပေါ့။ ဒါကလည်း ဆယ်ခါ့ရန် တစ်ခါပေါ့။ အားလုံးကမအားလပ်ကြဘူးမဟုတ်လား။ လိုအပ်မှဆက်သွယ်တယ်ဆိုလို့ နင်မအံ့သြနေနဲ့နော် ငါတို့က စက်ရုပ်နှလုံးသားတွေဆိုတာလည်း မေ့မထားနဲ့ဦး။ အလုပ်မလုပ်နိုင်လို့ ငွေမရှာနိုင်တော့ရင် နှလုံးခုန်ရပ်သွားမယ်။ အဲဒီအချိန်ကျ ဘယ်သူကမှ လာကူနိုင်မှာ မဟုတ်ဘူးလေ။

ဒါဆိုနင်တို့တွေက တစ်ယောက်ကို တစ်ယောက်အသုံးချနေကြတာပေါ့ဆိုတဲ့ထပ်ဆင့်မေးခွန်းကို..

ဟုတ်တယ်လေ။ ဘယ်သူဘာသိထားသလဲဆိုတာ သိရင်တော်ပြီပေါ့။ အဲဒီစက်ရုပ်ကို အဲဒီအချိန်မှာ အသုံးချမယ်။ အသုံးချလို့ပြီးသွားရင် သူနဲ့ထပ်ဆက်သွယ်စရာမရှိတော့ဘူးလေဟာ။ သြော်..မေ့လို့ အသုံးမချသေးခင်တော့ လူမှုရေးအနေနဲ့ မက်ဆေ့ လေးဘာလေးပို့ရသေးတာပေါ့ဟာ။ နောက်တော့လား ဟင့်အင်း မက်ဆေ့မပို့နိုင်လောက်အောင် ငါမအားလပ်တော့ဘူး ဆိုပါတော့။

နင်တို့တွေ ပြန်လည်တွေ့ဆုံမှု ဒါမှမဟုတ် နွေးထွေးတဲ့ ခံစားမှုကိုကော မလိုအပ်တော့ဘူးလား ဆိုတဲ့ မေခွန်းရဲ့ အဖြေက…

ရှိပါတယ် ငါနဲ့အနီးဆုံး စက်ရုပ်တစ်ရုပ်ရှိနေပြီပဲ။ သူ့အနားမှာ ငါရှိမယ် ငါ့အနားမှာ သူရှိမယ် ဒါဆိုပြီးပြီပေါ့။ ကျန်တဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းဆိုတာ အလကားပါဟာတဲ့။

တော်သင့်ပြီလို့ကျနော်ထင်တာနဲ့ ကျေးဇူးသူငယ်ချင်းရေဆိုတော့ အေးပါ ငါလည်း အလုပ်ပြန်လုပ်လိုက်ဦးမယ်။ နင်လည်း စက်ရုပ်လူသားပြောင်းလဲဖို့လုပ်တော့ ကြိုဆိုပါတယ်ဟာဆိုပြီး ဖုံးချသွားပါတော့တယ်။

သူနဲ့စကားပြောအပြီးမှာ ကျနော့အခန်းထဲက မီးအနီရောင်တွေ ထိန်ထိန်လင်းလာပြီး

“စက်ရုပ်မြို့တော်တွင် သင်နေထိုင်ခွင့် တစ်ရက်သာ ကျန်တော့သည်…. စက်ရုပ်လူသားပြောင်းလဲခွင့် လျှောက်ထားရန် သင့်အား စက်ရုပ်မြို့တော်လူဝင်မှုကြီးကြပ်ရေးမှ အသိပေး နှိုးဆော်အပ်ပါသည်” ဆိုတဲ့ သတိပေးစကားသံတွေ သုံးခေါက်တိတိ ပြောသွားပါတော့တယ်။

အင်း စက်ရုပ်လူသားဖြစ်ခွင့်လျှောက်ထားရမယ်။ မဖြစ်နိုင်..ခံစားတတ်တဲ့နှလုံးသားကို လဲလှယ်ရမယ် ဘယ်လိုမှ မဖြစ်နိုင်။ မဖြစ်နိုင်ဘူးလို့ မျက်စိမှိတ်အော်နေတုန်းမှာ သင့်အတွက်ဖုန်းလာနေပါတယ်ဆိုတဲ့ ထူးထူးဆန်းဆန်း မကြားစဖူးအသံတစ်ခုကို ကြားလိုက်မိတယ်။ တစ်နေ့နေလို့မှ တစ်ခါမမြည်တဲ့ ဖုန်းက တူတူတူဆိုပြီး မြည်နေခဲ့တာကိုး။

ဟူး………..မိုးလင်းပြီပဲ နှိုးစက်မြည်သံကြောင့် လန့်နိုးမိတာပေါ့။ ကဲ ပြင်ဆင်ပြီးရင် ရုံးသွားရဦးတော့မယ်……………

25 March 2009

ကျန်ခဲ့မယ်

လရိပ်ပြာ
ရွှေရည်လမ်း
ရေကြည်ချမ်းရှိတဲ့ဆီ

ပန်းနံ့သာ
နေခြည်နွေး
ပျံ့ပျုးသာမွှေးတဲ့ဆီ

စောင်းယဉ်သာ
ငြိမ့်ငြိမ့်အေး
သံချိုတေးတွေရှိတဲ့ဆီ

ပျော်ချစ်ခင်
တူဆင်နွှဲဖို့
မခေါ်ပစ်ခွာ
သူတွင်မုန်းလည်း

လွမ်းလျက်
ကမ်းတစ်ဖက်ရယ်က
လက်ပြလို့
ကျန်ခဲ့မယ်.....

24 March 2009

ဆွံ့အ ခဲ့တဲ့ည


အဲဒီညကို သူဘယ်တော့မှမမေ့တော့ဘူး။ အိပ်လို့မရတဲ့ညတွေထဲမှာ အဲဒီညက အသည်းနှလုံးထဲက စွဲထုတ်လို့မရတော့တဲ့ည။ ဘယ်တော့မှ သေဆုံးသွားမယ့်ညမဟုတ်ဘူး။ ထာဝရရှင်သန်နေမယ့်ည။ အဲဒီညမှာ ထူးဆန်းစွာ ဆွံ့အခဲ့တယ်လေ။

အလင်းရောင်…… အပြင်ဘက်က ဘယ်အလင်းရောင်ကို မှ သူ မလိုချင်ခဲ့။ တံခါးနှစ်ချပ်ကို တင်းတင်းစေ့ရုံနဲ့မလုံလောက်လို့ ခေါင်းအုံးအပိုတစ်ခုကို မျက်နှာပေါ်တင်လိုက်သေးတယ်။ အသက်ရှူကြပ်တယ်ဆိုပေမယ့် အခုအချိန်မှာ ဘယ်အကြောင်းကြောင့်မှ အဲဒီအလင်းရောင်ကို မမြင်ချင်ဘူးလေ။

အသံတွေကိုတော့ ဘယ်လိုနည်းနဲ့မှ ထိန်းချုပ်မစွမ်းသာသည်မို့ စိတ်လျော့ထားခဲ့ရတယ်။ တကယ်တမ်းတော့ သူဘာကိုမှ မခံစားတတ်ချင်တော့။

အိပ်စက်ချင်ပေမယ့် အိပ်စက်လို့လည်းမပျော်ခဲ့။ အတွေးတွေနဲ့ ချာချာလည်ရင်း သက်ပြင်းမောကိုလည်းချရင်းပေါ့။ သူ ဟိုနှစ်ယောက်ကို တွေ့ခဲ့တယ်။ စိတ်ထဲမှာလည်း မသင်္ကာဘူး။ သူတို့ကိုတွေ့လိုက်တော့ သူတို့နှစ်ယောက်လည်း မျက်စိပျက်မျက်နှာပျက် ဖြစ်နေကြသလားလို့။ စိတ်ထင်တာတွေလည်း ဖြစ်နိုင်ပေမယ့် သူ့စိတ်ထဲမှာ သိပ်သေချာနေခဲ့တာ။

သူအဲဒီအကြောင်းနဲ့ ပတ်သတ်ပြီး ပွင့်ပွင့်လင်းလင်းဖွင့်မေးဖို့ စကားလုံးတွေ စီနေခဲ့တာ။ သူတစ်ပါးကို မနစ်နာစေတဲ့ ကြားသူနာလိုစေတဲ့ စကားတွေနဲ့ မေးဖို့အတွက်ပါ။ မေးမယ်လို့ကြံလိုက်ရင် ပြင်းထန်လှိုက်ခတ်နေတဲ့ ရင်ခုန်သံကို ကြားနေရပြန်ရော။ ဟင်း….ဆိုတဲ့ သက်ပြင်းချသံနဲ့ သက်မမောကို ဘယ်လိုထိန်းချုပ်ရမလဲ။

ဟော…သူပြန်လာပြီလားမသိ။ ပိတ်ထားတဲ့ တံခါးရွက်ကို ဟလိုက်လေသလား။ ပြီးတော့ အနောက်ဖက်က လူတွေကို ရယ်ရယ်မောမောပြောနေသံကြားတယ်။ သူ့မှာတော့ ပျော်ရွှင်ရယ်မောနိုင်သေးတယ်။ ခံစားချက်များ မရှိလေသရော့လား။ ဒါမှမဟုတ် ဒါမှမဟုတ်…သူထင်ထားတာ မှန်များမှန်နေမလား။ အို…မဖြစ်နိုင်ပါဘူးနော်။ ဖြေတွေးလေးနဲ့ တွေးရင်း ကိုယ့်စိတ်ထဲကို သူမြင်သွားမလား စိုးရိမ်မိပြန်တယ်။

မျက်နှာချင်းဆိုင်ဖို့ မနည်းကြိုးစားလိုက်ရတာ။ တကယ်တမ်းအခန်းကျဉ်းကျဉ်းလေးထဲမှာ လွယ်လွယ်လေးတွေ့နိုင်ပင်မယ့် စိတ်ရယ် မျက်နှာရယ် အဆင်သင့်ဖြစ်ဖို့ ကြိုးစားနေမိတာ။

ဘာမှမဖြစ်သလို စကားစပြောဖို့ ပြင်မိတယ်။ ပြီးတော့ ထိတ်ခနဲဖြစ်သွားတဲ့ ရင်ဘတ်ကို လက်နဲ့ဖိရင်း ရှေ့တိုးနေမိတဲ့ ခြေလှမ်းကို အမြန်ပြန်ရုတ်လိုက်ရတယ်။

အကယ်၍ သူက တစ်စုံတစ်ခုပြောလာခဲ့ရင်။ ပြီးတော့ အဲဒီတစ်စုံတစ်ခုက အမှန်တရားဖြစ်သွားခဲ့ရင် (သူစိုးရိမ်တဲ့ အတိုင်းဖြစ်နေမှာကို လက်ခံဖို့ စိုးရွံ့နေမိတာ)။ ပြောဖို့ အဆင်သင့် ပြင်ထားတဲ့ ပါးစပ်ကို နှုတ်ခမ်းနဲ့သပ်ရင်း လည်ချောင်းဝကို ပို့ထားပြီးသား စကားလုံးတွေကို နင်းကန်မြိုချလိုက်ရင်း….

အဲဒီညက စပြီး သူဆွံ့အသွားခဲ့တာ ယနေ့ထက်ထိ……..

23 March 2009

အိပ်မက်များနဲ့ မှတ်တိုင်လည်ပြန်


လူတစ်ကိုယ် အကြိုက်တစ်မျိုး။ ဖြစ်ချင်တာတွေကလည်း အမျိုးမျိုး။ ဖြစ်ချင်တာတွေ ဖြစ်ခဲ့ပါသလား။ ဖြစ်သမျှကို အကောင်းအတိုင်းလက်သင့်ခံရမယ်ဆိုပါလား။ ဘာတွေဖြစ်ချင်ပြီး ဘာတွေဖြစ်မြောက်အောင်မြင်ခဲ့ပြီလဲ။ သုံးသပ်ဖို့အချိန်ကျလာပြီထင်ပါရဲ့။ မောင်မျိုးက Tag တဲ့နောက် သမိုင်းနောက်ကြောင်းကိုလှန်ရင်း မှတ်တိုင်တွေကို လည်ပြန်ကြည့်မိတယ်။ ပင်ပန်းတယ်ကွယ်…..

ငယ်တုန်းက သူဆော့နေကျက တုတ်ချောင်းလေး ကိုင်ပြီးရင် ကဲဆေးထိုးမယ်လုပ်တော့တာ။ ကျောင်းတက်ခဲ့တဲ့ ကာလတစ်လျှောက်လည်း စာစီစာကုံးခေါင်းစဉ် ကျနော့ရည်မှန်းချက်ဆိုတိုင်း ဆရာဝန်ဖြစ်ချင်တယ်ချည်းပဲ။ ဆယ်တန်းစာမေးပွဲ ဖြေအပြီး သူငယ်ချင်းတင်တင်ဇော်က နင်ဘာလုပ်မလဲမေးတာကို ပြန်ဖြေခဲ့တာ အခုအထိ အသည်းထဲစွဲနေတုန်း ငါ့အဖေလိုတော့ အင်ဂျင်နီယာမလုပ်ချင်ဘူးလို့။ အခုတော့ ဆေးစပ်ကျရာ ဆွဲမိတဲ့ အန်ချင်စရာ ငါဖြစ်နေခဲ့ပြီ။ တင်တင်ဇော်ရေ နင်မြင်ရင် လက်ညိုးထိုးပြီး ရယ်မှာသေချာတယ်။ အပြောကြီးခဲ့လေတယ်ဟာ….

ပြောမယ့်သာပြောတာ ငယ်တုန်းက အိမ်ရှေ့က မြေပြင်မှာ သစ်သားတွေပေါင်းစပ်ပြီး အိမ်ဆောက်ဖူးခဲ့တာပဲ။ ပြီးတော့ ဆော့နေတဲ့ ကားလေးတွေပျက်ရင် ဟိုဘက်ဒီဘက် မော်တာတွေ လဲတပ်ခဲ့ဖူးတာပဲ။ အင်ဂျင်နီယာစိတ်က အငုံစိတ်ထင်ပါရဲ့။ အင်းလောလောဆယ် ထမင်းကျွေးနေတဲ့အလုပ်ဆိုတော့ အဖတ်ပြန်ဆယ်ရသေးတာကိုး။

ရွှေသွေးတေဇမှသည် ခလေးဂျာနယ် တိုင်းရင်းမေ စန္ဒာ ရှုမ၀ရုပ်စုံတွေ….ပြီးတော့ ဖေပြောပြနေတတ်တဲ့ ပုံပြင်တွေကနေ စာဖတ်ခြင်းက ယနေ့အထိလေ။ စန္ဒာမဂ္ဂဇင်းထဲက ကြပ်ကလေးပုံပြင်တွေက တကယ့်စွဲမက်ဖွယ်။ နောက်တော့ ပေဖူးလွှာထဲက စနေမောင်မောင်ဇာတ်လမ်းတွေ။ ဘိန်းစားဘွန်းဟောင်းရဲ့ ဥာဏ်ထက်မြက်မှုတွေကို အားကျလို့သာ နေတော့တာ။ ညီအစ်ကိုမောင်နှမဆိုတာ မရှိခဲ့တာမို့ စာအုပ်တွေကြားမှာပဲ နှစ်မြုပ်ရင်း တစ်ခါတစ်လေဆို အိမ်ထဲက အိမ်ပြင်တောင်မထွက်မိခဲ့။

မေက မန္တလေးသင်္ကြန်ဆို တောင်ပြင်အိမ်ကလုပ်တဲ့ မဏ္ဍပ်မှာ ကလေ့ရှိသတဲ့။ ဖေကတော့ မိချောင်းနဲ့မျောက်ရဲ့ ဒဏ္ဍာရီကို ကြားဖူးသလားအချစ်ရေ့ ဆိုလေ့ဆိုထရှိတတ်တယ်။ ငယ်တုန်းကတော့ ဖေဖေကြီး ဖေဖေကြီးကို ချစ်တယ်ဆိုတဲ့ သီချင်းကနေ နောက်တော့ တဖြည်းဖြည်း သူတို့ဆိုနေကျ မိုးညမှောင်ရိပ်ဝယ် အိုအေးအေးတေးတွေလည်း ဆိုတတ်ခဲ့ပြန်ရော။ စံပယ်စံပယ်ပန်းရယ် သင်းရနံ့ကြူဖြူဖြူဖွေးတယ် မွှေးမွှေးလေးပေးချင်အောင်ကွယ်ဆိုလည်း ဖြစ်လိုက်တာပါပဲ။ မိုးကုပ်စက်ဝိုင်းနံရံတံတိုင်းကိုသာ ခေါင်းထိုးပြေးဝင်တိုက်ချင်တိုက်ပစ်လိုက်မယ်လေ အကြွေးရတောင်မလွမ်းတော့ဘူးဆိုလည်း ၀င်လွမ်းလိုက်တာ။ သီတာနေပါဦး သီတာနေပါဦးလည်း ဟစ်လိုက်တာပါပဲ။ ငယ်စဉ်က ကလေးတို့ဘ၀မှာဆိုပြီး အိမ်မှာလာနေတဲ့ အစ်ကို ပလက်ကင်ခေါက်လိုက်တာနဲ့ အဆိုက ၀င်ပြီးသားဖြစ်နေပြီ။ ဖွင့်သမျှသီချင်းတိုင်းနားထဲဝင် ပြီးတော့ အသံပြဲနဲ့အော်တတ်တာအမှန်ပါ။ ဒါပေမယ့် ရေချိုးခန်းမင်းသားသက်သက်ရယ်ပါ။ စင်ကြောက်တဲ့ ရောဂါနဲ့ ဘယ်အခါမှ မတက်ခဲ့ရဲ။ စင်ပေါ်တက်ရင်လည်း ကျားပျံပဲဖြစ်မှာ ကြားတာနဲ့ပြန်ရောလေ။ ပြီးတော့ အေသုံးလုံးဘွဲ့ရမှာ (လာပါအေ မကောင်းပါဘူးအေ ပြန်ကြပါစို့အေ)။ အခုလည်း အခန်းထဲသီချင်းမဖွင့်လိုက်နဲ့ လိုက်ဆိုမယ် ချည်းဖြစ်နေလို့ အခန်းဖော်လည်း စိတ်ညစ်နေလောက်ပါပြီ။ မနေ့ကတောင် ဖြူဖြူကျော်သိန်းအော်ဆိုခဲ့တာ ပူပူနွေးနွေး။

အမှတ်တရ စုဆောင်းတတ်ရမယ်တဲ့။ ငယ်တုန်းကစုဆောင်းတတ်တာ တံဆိပ်ခေါင်းလေးတွေ။ အသိမိတ်ဆွေတွေ တွေ့ရင် တံဆိပ်ခေါင်းအဟောင်းတွေ တောင်းရင်းစုပေါ့။ အခုတော့ စာအုပ် ရုပ်ရှင်ကားတွေပဲ စုဖို့အားသန်တော့တယ်။ အားရင် စာအုပ်တွေမှာနေမိတာမို့ ကိုရုပ်ဆိုးကြီးစိတ်ရှည်ပါစေပေါ့ဗျာ။ ပိုက်ဆံစုဖို့အကြောင်းတော့ အခုအချိန်ထိ ခေါင်းထဲမှာမရှိသေး။ စုတော့စုရမယ်ဗျ။

ဒီလောကမှာ အရိုးမပါတဲ့အရာကို ထိန်းရတာအခက်ဆုံးတဲ့။ လျှာပါးတယ်ပဲခေါ်မလား ဇာချဲ့တာပေလားတော့ မသိ။ ဟင်းများမကောင်းရင် ပန်းကန်က ရေ၀ဲထဲလည်သလိုကိုလည်နေတော့တာ။ အဲဒီနေ့ဆို မေကလက်ဖက်ထသုတ်ပေးရတတ်တယ်။ အစားအကောင်းကြိုက်တယ် ပြီးတော့ စားမယ်ဆိုတာချည်းပဲ။ ဒီတစ်ခေါက်အပြန်မှာ မြေနီကုန်းက ၀က်သားတုတ်ထိုးနဲ့ ကြေးအိုးရယ် အမှတ်တရက ကြက်ခြေထောက်ပေါင်းနဲ့ ၀က်သားချဉ်၊ ရွှေပုဇွန်ရယ်ပဲစားခဲ့ရပါတယ်။ ဦးရေခဲလမ်းက မုန့်ဟင်းခါးနဲ့ ကောက်ညှင်းထုပ်၊ မင်းလမ်းမုန့်တီ၊ ချမ်းမြေ့အောင်က ယိုးဒယားအစားအစာ၊ smile က ခေါက်ဆွဲ ငှက်ပျောသီးပျားရည်ဆမ်းကြော်တို့နဲ့ မဆုံဖြစ်လိုက်ပါဘူး။ ဒါတောင်အပြန်မှာ 77 က cheese cake တစ်လုံးတော့ ပါအောင်ဆွဲခဲ့သေးတယ်။ ခရီးသွားတုန်းကလည်း တောင်ကြီးကမောရှမ်း ပင်းတယက ကြံလိုက်တို့ဆိုတာ စားခဲ့သေးတာပေါ့။ မန္တလေးဘူတာနားက အီကြာကွေးနဲ့မလိုင်ကို မစားလိုက်ရတာမို့ အဒေါ်က မလိုင်လုပ်ပေးပြီး အစ်ကိုက အီကြာကွေးကိုယ်တိုင်ကြော်ပြီး နှစ်သိမ့်လိုက်ကြတယ် တော်ကြာမပြန်ပဲနေမှာစိုးလို့။ အဘိုးမဆုံးခင်ကတော့ တဖွဖွပြောရှာတယ် ဟိုဒင်းရတနာဆင်တယ်တဲ့လေ။ ဘာပြောပြော ဒါမျိုးဆို မေ့မေ့ပျောက်ပျောက်နဲ့ အစားကတော့ ကြိုက်လျက်။

အချိန်လေးများ မပိုလိုက်နဲ့ ကြော်ငြာလေးများမမြင်လိုက်မိနဲ့…ဇာတ်ကားစပြမယ့်နေ့ကို booking တင်ပြီးသားဖြစ်နေတတ်ပြီ။ အိမ်မှာကြည့်တာနဲ့ ရုံမှာကြည့်တာ ပိုက်ဆံကုန်မယ့်နေရာကို ပိုမက်မောနေတော့ခက်သေးတယ်။ သူငယ်ချင်းတစ်ချို့က ကောင်းချီးပေးကြတယ် ဆင်ဆာအဖွဲ့မှာ လုပ်ပါလားတဲ့။ မဆိုးဘူး တွက်ချေကိုက်နိုင်မယ်ထင်တယ်။

ရှုခင်းတွေကြည့်ရတာ ၀ါသနာပါသလို မှတ်တမ်းတင်ဖို့ကိုလည်း လက်မနှေးချင်ခဲ့။ ၀ါတာကာလာ ရေးဆွဲဖို့ ကြိုးစားဖူးပေမယ့် အဖြစ်မရှိပါဘူးလေ။ ကင်မရာဆိုတာ ငယ်ဘ၀တောက်လျှောက်ငေးမော တပ်မက်လာခဲ့တဲ့အရာ။ ဓါတ်ပုံပြပွဲဆို အမြဲအားကျကြည့်ရှုချင်ခဲ့မြဲ။ ဖေ့ဆီက ဖလင်ကင်မရာ cannon တစ်ပတ်ရစ်လေး လက်ဆောင်ရတော့ ပျော်ရွှင်စွာရိုက်ကူးရင်ခုန်ခဲ့။ ကူးပြီးထွက်လာမယ့် ပုံတွေအတွက် စိတ်ကူးတွေယဉ်။ ပုံတစ်ခါကူးတိုင်း ကုန်လိုက်တဲ့ ပိုက်ဆံ။ စကားပုံတစ်ခုကြားဖူးသလို မွဲစေလို ကင်မရာလက်ဆောင်ပေးတဲ့ တကယ့်မွဲဆေးဖော်သလိုပါပဲ။ အခုလည်း တောင်မရောက် မြောက်မရောက် အပျော်တမ်း ဓါတ်ပုံရိုက်ဖို့ ရှေ့ဆုံးကဖြစ်နေပြန်ရော။ မြေစမ်းခရမ်းပျိုးရင်း ကုန်သလောက်ရှိနေပါပြီ။ ပိုးသာကုန် မောင်ပုံစောင်းမတတ်အဖြစ်ပါ။

စစ်မှာတစ်မူဆိုတဲ့ ကဗျာ စကားပြေလေးကို မှတ်စုစာအုပ်လေးထဲမှာ ကိုယ်တိုင်ခံစား ရေးဖွဲ့ခဲ့မိတယ်။ မြန်မာစာဆရာ ဦးတင်ထူးက အမှတ်မထင်တွေ့ပြီး ကျောင်းကနံရံကပ် စာစောင်မှာ ကဗျာတစ်ပုဒ် အတင်းတင်ခိုင်းတယ်။ အဲဒီကဗျာကလွဲရင် ဘယ်နေရာမှာမှ စာမရေးခဲ့ဖူး။ စာရေးတတ်ဖို့နေနေသာသာ စာတွေဖတ်နေရရုံနဲ့ လုံလောက်ပြီထင်နေခဲ့တာ။ စာတွေဖတ်ရင်း စာတွေရေးချင်စိတ်တွေဖြစ်လာပြန်ရော။ အဲဒါနဲ့ ဒီဘလော့လောကထဲမှာ လုံးချာလည်နေမိတော့တာပါပဲ။

တစ်ချို့မှတ်တိုင်တွေ ကိုယ်တိုင်ဖြတ်ခဲ့ရတာ အားရပါးရ ရှိခဲ့တယ်။ တစ်ချို့မှတ်တိုင်တွေက ဝေေ၀၀ါးဝါး။ တစ်ချို့မှတ်တိုင်တွေက မှေးမှိန်လို့။ အင်း အိပ်မက်ထဲက မှတ်တိုင်ကတော့ ဝေးကွာဆဲ။ လည်ပြန်တစ်ချက်အငေးမှာ တွေကနဲဖြစ်သွားမိတယ်။ မှတ်တိုင်တွေများခဲ့သလောက် ငါဘာမှ မဟုတ်သေးပါလားဆိုတာ သိပ်သေချာထင်ရှားနေတော့တာ……

မောင်မျိုးရေ တော်တော်လေးစုံလောက်ပြီထင်တယ်။ ကျေနပ်ပျော်ရွှင်ပါစေဗျာ…..


စာမျှော်ဖူးပါသလား?

စာတစ်စောင်ကို အသည်းအသန်မျှော်ခဲ့ဖူးပါတယ်။ မိဘဆီကမဟုတ်သလို ရည်းစားဆီကလည်း မဟုတ်ခဲ့ပါဘူး။ ကျနော်မျှော်နေတဲ့ စာက သူငယ်ချင်းတစ်ယောက်ဆီကပါ။ အထူးသဖြင့် ငယ်သူငယ်ချင်းတစ်ယောက်ဆီက စာတစ်စောင်ပါ။ သူ့ဆီက စာတစ်စောင်ကို ကျနော်မျှော်ခဲ့ဖူးပါတယ်။

စာကိုမျှော်သာ မျှော်တာပါ ကျနော်ကကော ရေးသလားလို့မေးကြည့်။ မရေးပါဘူး။ လုံးဝမရေးခဲ့ပါဘူး။ သူ့ဆီက စာလာမှ ငါပြန်ရေးလိုက်မယ်ဆိုပြီး မလိုအပ်တဲ့ မာနတွေနဲ့ တင်းခံနေခဲ့တာ။ တကယ်တမ်းက အဲဒီသူငယ်ချင်းဆီက စာကိုကျနော်အသေအလဲမျှော်နေခဲ့တာ။ ကျနော်စာတစ်စောင်ရေးရင် သေချာပေါက် သူစာပြန်ရေးမယ်ဆိုတာ သိသိကြီးနဲ့မျှော်နေခဲ့တာ။ အဲဒီတစ်နှစ်လုံး သူကလည်းစာမရေး ကျနော်ကလည်း စာမရေးနဲ့ အဆက်အသွယ်တွေပြတ်သွားခဲ့တာ။

နောက်နှစ်နှစ်ကြာမှ ကျနော်တို့ပြန်ဆုံတွေ့ခဲ့ကြတယ်။ သူကလည်း ပြုံးလို့ ကျနော်ကလည်း ၀မ်းသာလို့။ မင်းဘာကြောင့်စာမရေးတာလဲဆိုတော့ ငါမင်းစာကိုစောင့်နေတာလေတဲ့။ ကဲ…။ ပြီးတော့ ငါမင်းဆီကို ထွက်လာသေးတယ်တဲ့ ဆယ်တန်းကျောင်းတက်နေတဲ့ ကာလကြီးမှာ ကျနော့သူငယ်ချင်းက ကျနော့ဆီထွက်လာခဲ့တာတဲ့။ ဒါပေမယ့်သူလမ်းတစ်ဝက်ကနေ အမြင်မှန်ရပြီး လှည့်ပြန်သွားခဲ့တာ။ အဲဒီနှစ်က ကျနော်တို့နှစ်ယောက်လုံး ဆယ်တန်းအောင်ခဲ့ကြပါတယ်။

ပြီးတော့လည်း နောက်ထပ်ဝေးခဲ့ကြပြန်တယ်။ သူက ပြည်မှာကျောင်းတက်နေတုန်းက ကျနော်က ရန်ကုန်မှာပေါ့။ ကျောင်းမပြီးခင် သူ့အဖေဆုံးတော့ တစ်ခေါက်ဆုံဖြစ်ကြတဲ့နောက်မှာ နောက်ထပ် နှစ်ခေါက်လား သုံးခေါက်လား သာသာတွေ့ကြရတော့တာ။ တွေ့ဖို့ကြိုးစားရင်း လွဲနေကြတယ်ထင်ပါရဲ့။

အခုအပြင်ကို ကတိုက်ကရိုက်ထွက်လာပြီးတဲ့နောက် ကျနော့တို့နှစ်ယောက် လုံးဝကို အဆက်အသွယ်မရှိကြတော့ပါဘူး။ သူဘယ်မှာနေ, နေသလဲ ကျနော်မသိသလို ကျနော်ဘယ်ရောက်နေလည်း သူလည်းသိနိုင်မယ်မထင်တော့။ ဒါပေမယ့် အားငယ်တိုင်း စိတ်ဓါတ်ကျတဲ့အခါတိုင်း ကျနော့ သူငယ်ချင်းဆီက စာတစ်စောင် သို့မဟုတ် အားပေးစကားလေးတွေ ကြားချင်မိတယ်။ ဒါပေမယ့် အဲ့ဒီစာက လာနိုင်ပါဦးမလားဗျာ။ ကျနော်တို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ဘယ်ရောက်နေကြမှန်းမှမသိနိုင်တာ။

အဲဒီစိတ်နဲ့ အားငယ်တဲ့ စိတ်ဓါတ်ကျနေတဲ့ သူတွေတိုင်းကို အားပေးမိတယ်။ သူတို့ရင်ထဲက (ရေဆိုးမြောင်းလိုပေါ့ဗျာ) ခံစားသမျှတွေ ပေါ့ရင်လည်းပေါ့ပါစေ အချိန်ပေး နားထောင်ခဲ့တယ်။ ခံစားနားလည်စိတ် ကိုယ်ချင်းစာစိတ်တွေနဲ့ပါ။

တစ်ချိန်ချိန်မှာ စာလေးတစ်စောင်တစ်လေတော့ ကျနော်ဖတ်ရတန်ကောင်းပါရဲ့။ သူငယ်ချင်းရေ…ဘယ်လိုပဲဖြစ်ဖြစ် မင်းလည်းရေး ငါလည်းရေးမယ်ကွာ အဲဒီအချိန်က ရောက်လာမှာပါ မကြာမတင်လေ…………………

22 March 2009

မိုးပျံပူဖောင်း လွှတ်ခြင်း


“မြတ်ဘ၀မှာ ဒုတိယအကြိမ်ရွေးချယ်ခွင့် အို ဒါမှမဟုတ် နောက်ထပ် နောက်ထပ် အကြိမ်ကြိမ်တွေ ဘယ်လောက်ရှိခဲ့ ရှိခဲ့ မောင့်ကိုပဲ ရွေးချယ်မယ် တကယ်” တဲ့…..

ဒါ သူနောက်ဆုံးကျနော့ဆီ ရေးတဲ့စာထဲမှာပါတဲ့ စကားလှလှလေးပေါ့။ အချစ်ဆိုတဲ့ စကားလုံးကို တစ်စောင်လုံးမှာ သူရေလဲသုံးခဲ့တာ။ ကျနော် တစ်ခွန်းတော့ ပက်ပက်စက်စက် ပြောလိုက်ချင်တယ် အချစ်ဆိုတဲ့ စကားလုံး မင်းနဲ့မတန်ဘူးလို့။ မင်းသိထားတဲ့အချစ်က သိပ်ကို ပူလောင်တဲ့ ရမ္မက်တွေပဲ ရှိတဲ့အချစ်။ ခန္ဓာကိုယ်ချင်းနီးစပ်မှ မင်းထင်တဲ့ အချစ်မဟုတ်ဘူး။ လောကမှာ မင်းမသိသေးတဲ့ မင်းနဲ့မထိုက်တန်သေးတဲ့ အချစ်တွေအများကြီး ရှိနေသေးတယ်လို့။

မောင်...လို့ ကျနော့ကို သူစခေါ်တော့ ကျနော် အံ့သြမိတယ်။ မြတ်.....မင်းတကယ် ဆုံးဖြတ်ပြီးပြီလားဆိုတော့ အင်းလေတဲ့။ မင်းရဲ့ ဇာတ်လမ်းတွေကော ဆိုတော့ မျက်လုံးလေးစင်းပြီး သြော် အပျော်တွေပါမောင်ရယ်တဲ့ မြတ်က မောင့်ကိုပဲ တကယ်မေတ္တာရင်းမှန်ပါ မောင်ကြီးရှင့်ဆိုပြီး တဟင်းဟင်းနဲ့ မင်းသမီးစတိုင်ဖမ်းခဲ့သေးတာကို မှတ်မိသေးတယ်။

မင်းနိုင်ငံခြားကို ထွက်တော့မယ်ဆိုတဲ့ အသံကြားတော့ ဘယ်လိုလဲမြတ်ရယ် မောင်နဲ့ပဲနေမယ်ဆို မြန်မာပြည်ကို သိပ်သိပ်ချစ်တတ်သူပါဆိုတော့။ မောင်မသိပါဘူးမောင်ရယ်… မြတ်သူငယ်ချင်း ဆုလဲ့တို့လေ ဟိုမှာ အဆင်ပြေနေကြတယ် ပြီးတော့ မြတ်ကိုလည်း လှမ်းကြွားတယ်။ ပိုက်ဆံတွေအိမ်ကို သိန်းချီပို့နိုင်ပြီတဲ့ ၀တ်ထားစားထားတွေလည်း Branded တွေ။ မြတ်မခံချင်လွန်းလို့ပါမောင်ရယ်။ တစ်ခြားဘာအကြောင်းကြောင့်မှ မဟုတ်ပါဘူး။ မိဆုလဲ့တို့လောက်တော့ မြတ်ကအသာလေး ကျောနိုင်တယ်ဆိုတာလေး ပြပြီးရင် ပြန်လာမှာပါတဲ့။ မြတ်ကမောင့်ကို ကျောရရုံကြံတာမဟုတ်ပါဘူး တကယ့်အတည်ပါ ဆိုပြီး ပြန်စနောက်ခဲ့သေးတာကို။

အေးလေ မင်းဘ၀တက်လမ်းအတွက် ကြိုးစားချင်တဲ့ စိတ်ကို ထိန်းချုပ်ဖို့ မကြိုးစားချင်ခဲ့ဘူး။ စိတ်ထဲမှာတော့ စိတ်မချနိုင်တာအမှန်။ မင်းနဲ့ခွဲရမှာမို့ စိုးထိတ်နေမိတာပါလေ ဆိုပြီး ဖြေရင်း လွတ်သွားတဲ့လက်နှစ်ဖက်ကို လေယာဉ်ကွင်းက အပြန်မှာ ချွေးစို့သည်အထိ ဆုပ်ကိုင်မိတယ်လေ။

သိပ်မကြာခင်မှာပဲ အောင်မြင်လှတဲ့ မြတ်ရဲ့သတင်းတွေက အလုံးအရင်းပေါ့။ အပျော်အပြက်တွေလား အတည်အတန့်တွေလား မသိနိုင်လောက်အောင်ရှုပ်ယှက်ခပ်နေခဲ့သည်ကော။ ဖုံးဆက်တိုင်းပြန်ပြောတတ်တာက ဒီရပ်ဝေးမှာ သူတို့ရဲ့ အကူအညီလိုအပ်တယ်တဲ့။ မြတ်တစ်ယောက်တည်း မဖြစ်နိုင်ဘူးလေ တကယ့်ကိုရိုးရိုးသားသား ခင်ကြတာပါတဲ့။

ရိုးရိုးသားသားခင်မင်တယ်ဆိုတဲ့ သူတွေရဲ့ ရင်ခွင်ထဲမှာ မင်းလိုအပ်တဲ့ အကူအညီဆိုတာ တကယ်ရခဲ့ရဲ့လား မြတ်။ မင်းလိုချင်သမျှ ဖြစ်ထွန်းခဲ့တယ်တဲ့လား မြတ်။ ငိုပြခဲ့ရဲ့လား။ ပျော်ပြခဲ့တယ်လား။ အရင်းကဘာလဲ အမြတ်ကဘာတဲ့လဲ။ သူတို့ဘာလိုချင်လို့ ချဉ်းကပ်တယ်ဆိုတာ မင်းမသိဘူးလို့ မငြင်းဆန်လိုက်ပါနဲ့ မင်းကိုယ်တိုင်က ပေးအပ်ချင်နေတာလို့ မောင်မစွပ်စွဲပါရစေနဲ့။ မြတ်ရေ ပူလောင်တဲ့ ချစ်ခြင်းတွေ ဘာအတွက်လိုအပ်ခဲ့တာလဲ။ တည်ငြိမ်တဲ့ ဘ၀တစ်ခုကို စွန့်လွှတ်ပြီး မင်းဘာအတွက် စတေးနေခဲ့တာလဲ။ မင်းနောက်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစု မင်းဘ၀အဆင့်အတန်း ဘာကိုမှ ထောက်ထားငဲ့ညှာစရာ မရှိတော့ဘူးတဲ့လား။ ပညာဆိုတဲ့ အသိနဲ့ ချွှန်းအုပ်လို့ မနိုင်လောက်အောင် အကျင့်သိက္ခာမဲ့ခဲ့တယ်လားကွာ။

သူထွက်သွားအပြီး တစ်နှစ်အပြည့်မှာ စာတစ်စောင်နဲ့အတူ သူ့ရဲ့ မျက်ရည်ဆိုတာတွေထည့် ပေးခဲ့တယ်။ သူ့ဘ၀အသစ်မှာပဲ ပျော်ပါရစေတော့တဲ့။ ပြီးတော့
“မြတ်ဘ၀မှာ ဒုတိယအကြိမ်ရွေးချယ်ခွင့် အို ဒါမှမဟုတ် နောက်ထပ် နောက်ထပ် အကြိမ်ကြိမ်တွေ ဘယ်လောက်ရှိခဲ့ ရှိခဲ့ မောင့်ကိုပဲ ရွေးချယ်မယ် တကယ်”……

အဲဒီနေ့ညနေကစပြီး ညနေတိုင်းမှာ ကျနော်မိုးပျံပူဖောင်းတွေ ၀ယ်ပြီး လွှတ်တင်ခဲ့တယ်။ မိုးပျံပူဖောင်းလေးတွေ ပျံတက်တာကို စောင့်ကြည့်တယ်။ တစ်လုံးပြီး တစ်လုံးတန်းစီပြီးတော့ပေါ့။ အရောင်စုံတွေဖြစ်တတ်ပေမယ့် အဖြူရောင်ဆိုတာ တစ်လုံးမှ မပါခဲ့။ အခုနောက်ပိုင်း ပုံစံအစုံနဲ့ ရတော့ ကျနော်အထူးသဖြင့် ၀ယ်မိတာက အသည်းပုံ မိုးပျံပူဖောင်းလေးတွေပေါ့။

ဒါပေမယ့် သူတို့အောက်ပြန်မကျခင် ကျနော် အိမ်ကို အမြန်ပြန်ခဲ့တယ်။ အိမ်ကို အမြန်ပြန်ခဲ့တယ်……..

ဝန်ခံချက်- စိတ်ကူးယဉ်သက်သက် ဖန်တီးမှုများသာ ဖြစ်ပါသည်ခင်ဗျာ။

20 March 2009

လောင်ကျွမ်းခြင်း

တလူးလူး
တလိမ့်လိမ့်
ဟိုနားကပူသလိုလို
ဒီနားက စပ်သလိုလို
ထထိုင်လိုက်
ပြန်အိပ်လိုက်
မျက်စိမှိတ်ပင်မယ့်
အိပ်လို့မပျော်
ဟိုးတစ်ဖက်ကို
လွင့်ထွက်
အရာအားလုံးကို
မေ့ပျောက် ဖြတ်တောက်ချင်ခဲ့
အတ္တဆိုတဲ့ ငါအစွဲနဲ့
အမြဲတွဲနေသမျှ
ခဏခဏ
လောင်ကျွမ်းနေရ ဦးမှာပါလား…

17 March 2009

မမေ့နိုင်သော ထပ်တလဲလဲ ခရီးစဉ်


ကိုဂျူလိုင်က ပုံတွေဆက်တိုက်တင်တော့ ကျနော်လည်း ဆက်တိုက်လွမ်းရတော့တာပေါ့။ အခုပုံလေးက နောက်ဆုံးအခေါက်မှာ ရိုက်ဖြစ်ခဲ့တဲ့ နေ၀င်ချိန်ရှုခင်းလေးပါဗျာ။

ထပ်တလဲလဲ သွားခဲ့ဖူးတယ်။ ဒါပေမယ့် မေ့လို့မရသလို နောက်ထပ်သွားခွင့်ရရင် ရသလောက် သွားဖို့ အဆင်သင့်။ ငယ်ငယ်တုန်းက ခရီးတွေ မသွားခဲ့ရသမျှ အတိုးချလည်ဖို့ ကြိုးစားနေမိတော့တာ။ အဲဒီနေရာကို ခြောက်ခေါက်တိတိ ရောက်ဖူးခဲ့တာ။ နည်းသေးတယ်ထင်ပါရဲ့။

ပထမဆုံး အဲဒီခရီးကို သွားရတော့မယ်ဆိုတော့ ရင်တွေခုန်လို့။ မေ့ဆီက ကြားဖူးတဲ့အတွေ့အကြုံတွေ ရုပ်မြင်သံကြားက ကြည့်ထားဖူးတဲ့ အဲဒီခရီးသွားဇာတ်ကားတွေ ပြန်လှန်တွေးရင်း စိတ်ကူးတွေယဉ်။

သူငယ်ချင်းအိမ်ကနေ မနက်ငါးနာရီမှာ စထွက်ဖြစ်ပါတယ်။ သူငယ်ချင်းအိမ်က ကျောင်းထဲက ပုဂံလမ်း မှာ။ မိသားစု ကားငှားပြီးသွားကြတာမို့ ကျနော်တို့ သူငယ်ချင်းသုံးယောက်က ကပ်လိုက်ခဲ့ကြတာ။ တလမ်းလုံးဆော့ရင်း ကစားရင်း မောပြီဆိုစားလိုက်သောက်လိုက် တကယ့် ပျော်ရွှင်စရာ။ ကားပေါ်မှာဆိုတော့ လေးတန်းတုန်းက ဆရာမဒေါ်ခင်ဌေးမူသင်ပေးတဲ့ meaning game ဆော့ဖို့အကြံပေးမိသည်။ မီးနင်းတစ်လုံးရဲ့ အဆုံးမှာ ရှိတဲ့ alphabet ကို အစပြုပြီး ပြန်ရွတ်ပြရတဲ့ မီးနင်းဂိမ်း။ x တို့ z တို့နဲ့ အဆုံးသတ်လို့ကတော့ စာလုံးတွေ ရှာမရတော့။ လိုရာခရီးကို ရောက်တော့ ညနေမစောင်းခင်။ နောက်နေ့မနက် ပြန်ထွက်ရမှာမို့ ခြေလျင်ခရီးကို တက်ခွင့်မရ။ အပြန်အဆင်းကိုတော့ မနက်စောစော ထဆင်းခွင့်ပြုမယ်ဆိုလို့ ၀မ်းသာမိခဲ့တယ်။ တောင်တွေ တောင်တွေ ကွေ့ရင်းပတ်ရင်း ဘွားကနဲ ဘုရားကို မြင်လိုက်ရတော့ ရင်ထဲမှာ အေးမြသွားလိုက်တာ ဘယ်ကြည်နူးမှုနဲ့မှ မလဲနိုင်။ အဲဒီတုန်းက ခရီးတစ်ဝက် ရသေ့တောင်အထိသာ ကားတက်ခွင့်ရှိခဲ့တာ။ ရေတစ်ပုံးတန်ဖိုးကလည်းမနည်း။ ရေနွေးများဆို ပိုတောင်ပေးရသေးသတဲ့။ သူတို့ချိုးရေပေးတဲ့ ရေပုံးလေးနဲ့ဆို ရေသုံးကြမ်းတဲ့ကျနော့အတွက် တိုင်ကီတစ်ဝက်လောက်ဆို အမလေး ပိုက်ဆံမလောက်ဘူးဆိုပြီး ရေမချိုးခဲ့ရပါ။ တောင်ပေါ်က ဆိုင်ရာ ဓမ္မာရုံတစ်ခု အခန်းကျဉ်းထဲမှာ ရှစ်ယောက် မလှုပ်သာမလွန့်သာ။ တစ်ညလုံး အိပ်မပျော်ခဲ့။ ရင်ပြင်တော်ပေါ်က အောင်မြေနင်းနည်းဆိုပြီး အပြောင်အပြက်နင်းရတဲ့ နည်းလေးကိုလည်း သတိရမိသေးတယ်။ ပြီးတော့ ဓါတ်ပုံအဖွဲ့ရဲ့ ဘုရားကို အပြိုင်အဆိုင် ရိုက်နေကြတော့ ကျနော်တို့လည်း မနေသာ ကျနော်တို့သူငယ်ချင်းတွေကို သူတို့ရဲ့ professional ကင်မရာနဲ့ ရိုက်ပေးဖို့ ၀ိုင်းပြောကြရင်း သူတို့တွေကလည်း ပြောင်နောက်နေတော့တာ။ ရန်ကုန်ရောက်တော့ ဓါတ်ပုံအသင်းမှာ ပုံသွားရွေးရပါတယ်။ ကျနော်တို့နဲ့ပါတွဲရိုက်ခဲ့တဲ့ ဓါတ်ပုံဆရာက ညောင်ဦးဖိုးချိုဆိုတာ အဲဒီတော့မှ သိရတာ။ မနက်လေးနာရီ အာရုဏ်ဆွမ်းကပ်အပြီး မီးတုတ်တွေလက်ဆွဲလို့ တောင်အောက်ကိုဆင်း။ အားပါးပါး များပြားလှတဲ့ အလှူခံပုံးတွေပါလား။ ဆင်းရင်းဆင်းရင်း ကိုယ်ပေါ်မှာ ၀တ်ထားတဲ့ အနွေးထည်တွေ အဆင့်ဆင့် ချွတ်ရင်း တောင်တွေကလည်း တစ်ဆင့်ပြီးတစ်ဆင့်။ ကင်ပွန်းစခန်းကိုရောက်တော့မယ်ဆိုတော့ ကျနော် အသင့်ပြင်။ သူများတွေက တစ်ဆင့်ကြားဖူးပါတယ် ဆွဲလားရမ်းလား သိပ်လုပ်တာပဲဆိုပါတယ် (ဆိုင်ဧည့်သည် အပြိုင်လုကြတာပါ)။ ဘေးနားကပ်လာရင် မလာနဲ့အော်ရင်း လက်နှစ်ဖက်ကို ပိုက်။ ဒါပေမယ့် ကျနော့သူငယ်ချင်းညီငယ်ခမျာ ပါသွားရှာပါတော့တယ်။ သူပါသွားမှတော့ ကျနော်တို့လည်း အဲဒီဆိုင်မှာပဲ မထူးဇာတ်ခင်းလိုက်ရတာပေါ့ဗျာ။ အင်း ဆွဲတဲ့သူတွေက အပိန်ဆုံးကောင်လေးကိုမှ ရွေးဆွဲသွားတယ် ပိုင်တယ်ဗျာ။ တောင်ခြေရောက်ရောက်ခြင်း ကားပေါ်ကိုတက် ကားထွက်ခဲ့လေသတည်း ထင်ထားတာ ဝေါအလွန်မှာ ကားပျက်ပါလေရော။ မှောင်ကလည်းမှောင် ကားကလည်း ပြင်မပြီးသေး။ မနက်ဖြန်သူငယ်ချင်း အဖေကရုံးပြန်တက်ရမှာမို့ နောက်ဆုံးတော့ ပဲခူးကားတစ်စီးကို လက်ပြ။ လူကြီးတွေကို ကားအလယ်ခုံမှာပေးထိုင် ကျနော်တို့တွေက ကားခေါင်မိုးပေါ်မှာ။ အစကတော့ ပျော်သလို။ နောက်တော့ ခြေထောက်တွေကျဉ်။ လေတွေကလည်း တဟူးဟူး အေးလိုက်တာလည်း ခိုက်ခိုက်တုန်။ အနွေးထည်တွေက ကားထဲမှာ။ ကားအရှိန်ကလည်းမသေး။ ရောက်ပါစေပဲဆုတောင်းနေမိတော့တာ။ ပဲခူးရောက်တော့ ရန်ကုန်ကားမှ ကျန်သေးရဲ့လား ပူရသေးတယ်။ နောက်ကားပေါ်တက်မှပဲ ဟင်းချနိုင်တော့တယ်။ လှည်းတန်းရောက်တော့ အိပ်ငိုက်နေရာက ပြန်နိုးလာခဲ့တာ။ ၁၁နာရီခွဲပြီလေ။ ပုဂံလမ်းအိမ်မှာပဲ တစ်ညအိပ် မိုးလင်း။

ပထမဆုံးရောက်ဖူးလေတဲ့ ကျိုက်ထီးရိုးအတွေ့အကြုံက အဲလို ဗရုတ်ဗရက်အမှတ်တရဗျ



ဒုတိယအကြိမ်နဲ့ တတိယအကြိမ်ကတော့ ဆက်တိုက်ဖြစ်သွားခဲ့ပါတယ် ဒုတိယအကြိမ်အကြောင်းကို ဂျုံးဂျုံးကျသို့မတော်တဆ ဆိုတဲ့ ပို့စ်ထဲမှာ ရေးဖြစ်ခဲ့တယ်။ ဒုတိယအခေါက်အထိ ဘုရားပေါ်မှာ အေးအေးဆေးဆေး နေခဲ့ရတယ်ဆိုတာ မရှိခဲ့သေးဘူး။ ကျောက်ထပ်ကြီးကိုတော့ ရောက်ဖြစ်ခဲ့ပါတယ်။ ၀ါးလုံးတန်းပေါ်ကနေ ဘုရားထီးတော်ကို တက်တဲ့ လူတွေကိုလည်း တအံ့တသြ ငေးမောခဲ့သေးတာပေါ့။ ပြီးတော့ ကျိုက္ခမီအထိ ခြေဆန့်ဖြစ်ခဲ့တဲ့ ခရီးလေ။ အဲဒီခရီးကလည်း ကမောက်ကမပါ။

ဒုတိယအကြိမ်ကနေ အိမ်ပြန်ရောက်ပြီး နောက်တနေ့ညမှာ တတိယအကြိမ်ကို ပြန်သွားဖြစ်ခဲ့တယ်။ နောင်ပိုအောင် ရွာသူကြီးနဲ့ သူ့ဇနီးတို့ကို လိုက်ပို့တဲ့ခရီးစဉ်ပေါ့။ ဒီတစ်ခေါက်တော့ ဧည့်သည်တွေက ညအိပ်မယ်တဲ့ အေးအေးဆေးဆေး ဘုရားဖူးဖြစ်ခဲ့တာ။ ကျိုက်ထိုဟိုတယ်မှာ ပထမဆုံးတည်းခဲ့ဖူးတာပါ။

တောင်ပေါ်ရောက်တော့ ရေနွေးလေးနဲ့ ရေချိုးရင်း ပြီးခဲ့တဲ့နှစ်ခေါက်က ရေမချိုးရတဲ့ အဖြစ်ကို ပြန်တွေးနေမိတယ်။ ဘုရားပေါ်မှာ ကြာကြာနေခွင့်ရလိုက်တယ်။ ပြီးတော့ ကျီးကန်းပါးစပ်နဲ့ လေယာဉ်ကွင်းအနား အထိ။ လမ်းတစ်လျှောက် အလှူခံတွေနဲ့ အညာသားဦးကြီးရဲ့ ဒေါသကို ဖြေရှင်းပေးရသေးတယ်။ လှူဖို့တန်းဖို့ ငါတို့ သဒ္ဒါပါတယ်ကွာ ဒါပေမယ့် လွန်ကိုလွန်လွန်းတယ်ဆိုပြီး အော်တော့တာကိုး။ ဟိုဖက်ကိုလည်း မျက်နှာပူ ဒီဖက်ကိုလည်း မျက်နှာနာနဲ့ အင်းတိုးဂိုက်လုပ်လို့တော့ မဖြစ်တော့ပါဘူး။ ဦးရီးရာ စိတ်လျှော့ပါဗျာဆိုပြီး ကိုယ်နိုင်တဲ့ သူကိုပဲဆွဲခေါ်ခဲ့ရတော့တာ။

မနက်လေးနာရီထ ရေမိုးချိုးပြီး ဘုရားကို ဆွမ်းတော်ကပ်။ ရှစ်နာရီလောက်မှာ တောင်အောက်ပြန်ဆင်းခဲ့ရတယ်။ တောင်ခြေက ထမင်းဆိုင်ကလည်း ထမင်းမစားမချင်း အနားကပ်ပြီးတော့ကို အော်နေတော့တာ။ ထမင်းစားလို့ရပြီဆိုတာက ထမင်းမစားသေးတဲ့ အဖွဲ့ ထမစားမချင်း ၅မိနစ်ခြားတစ်ခါ အော်နေတာလေ။ နောက်တော့ ဆာ, ဆာ မဆာ, ဆာ နားအေးပြီးရော ဆို စားလိုက်မှ တစ်ခြားနေရာရွှေ့သွားတော့တာ။ ချဉ်ပေါင်ကျော်က စားကောင်းလို့ ထပ်တောင်းပြန်တော့ ရန်ဖြစ်ရပြန်ရော။ ထမင်းဆိုင်ဆိုတာ စေတနာလေးပါ ထည့်ရင် ကုသိုလ်လည်းရ ၀မ်းလည်းဝမယ့်အလုပ်မျိုးပါ။ ကိုယ်တိုင်ဆိုင်မဖွင့်ရသေးလို့ ထင်ပါရဲ့ ဆိုင်ဖက်က တွေးမိရင် ဘယ်လိုနေမလဲမသိ။

စတုတ္ထအကြိမ်ကတော့ အလုပ်ဟောင်းက လုပ်ဖော်ကိုင်ဖက်များနဲ့ပါ။ သူတို့နဲ့ ပထမဆုံး ပဲခူးခရီးအပြီး ကျိုက်ထီးရိုး ခရီးစဉ်လိုက်ဖြစ်ခဲ့တယ်။ တောင်ပေါ်ကို ဒီတစ်ခါတော့ ခြေလျင်တက်မဟဲ့ ဆိုပြီး အားခဲထားတာ လွဲပြန်ပါလေရော။ လူကြီးတစ်ယောက်ပါတာရယ် ဟိုမှာတည်းခိုဖို့ စီစဉ်ရမှာရယ်မို့ အနစ်နာခံပါတဲ့။ ကဲလေ ကုသိုလ်ရပါတယ်ပေါ့ ကားနဲ့တက်ခဲ့ရပြန်ရော။ တောင်ပေါ်ရောက်တော့ ရုံးပိတ်ရက်ရယ် ပွဲတော်ရက်ရယ်မို့ စည်ကားနေတယ်။ ရင်ပြင်တော်ပေါ်မှာတင်အိပ်တဲ့ အဖွဲ့တွေက အိပ်စက်ကြတယ်။ အခန်းတစ်ခန်းရဖို့အရေး ဟိုဖက်ပြေးလိုက် ဒီဖက်ပြေးလိုက်။ အားလုံးက ခေါင်းခါကြတာကိုး။ ဈေးကလည်း ခေါ်နိုင်တဲ့အချိန်ဆိုတော့ လာသမျှ လူအရေအတွက်နဲ့ ပြန်စားရင်း ဦးနှောက်ကို ခြောက်ရော။ ထမင်းဆိုင်တွေရဲ့ နောက်ဖက်မှာ အခန်းလေးတစ်ခန်းရလိုက်တယ်။ အခန်းရှေ့မှာ ရေတိုင်ကီလေးပါ ထည့်ပေးထားတာမို့ ရေပါဝယ်ရင်း အားလုံး စီစဉ်အပြီး တောင်တက်အဖွဲ့တွေလည်းအရောက်။ မောတယ်မောတယ်ဆိုပြီး ဖဲထိုင်ရိုက်လိုက်ကြတာ ညနေဖက်အထိ သူတို့မထကြ။ ဘယ်သူ့ကိုမှ ခေါ်မရ။ လူစုပြီးဖဲထိုင်အရိုက်ခိုင်းသလား အောက်မေ့ရတယ်။ အစတော့ အပျော်ဆိုပြီး ၀င်ကစားလိုက်ပါသေးတယ်။ နောက်တော့ တော်တော်နဲ့ မရပ် ပြောလို့ကလည်း မရ ဒါနဲ့ ဘုရားပေါ်တစ်ယောက်တည်း တက်ရင်း ဘုံကျောင်းက အစ်ကိုကြီးတွေနဲ့တစ်ခေါက်။ သူငယ်ချင်းစုံတွဲနဲ့ တစ်ခေါက် ဆုံဖြစ်ခဲ့တယ်။ ဘုံကျောင်းက အစ်ကိုကြီးတွေနဲ့ နောက်ထပ် ကျောက်ထပ်ကြီးကိုရောက်ခဲ့ပြန်တယ်။

ကျောက်ထပ်ကြီးက ပြန်လာတော့ ဖဲနိုင်တဲ့ သူငယ်ချင်းက အမိုးဆိုင်မှာ တောဝက်သားနဲ့ တာလပေါဟင်း ကျွေးမယ်ဆိုပြီး ခေါ်သွားပြန်ရော။ အမိုးနဲ့ ဖထီးရန်ဖြစ်တဲ့ ပုံလေးကို အမှတ်ရမိတယ်။ ဖထီးက နားညည်းတယ် နင့်ဟာနင်လုပ်တော့ ဆိုပြီး ထွက်သွားလို့လေ။

အဆင်းမှာတော့ ခြေလျင်အဖွဲ့နဲ့ လိုက်ခွင့်ရခဲ့တယ်လေ။ ဓါတ်ပုံတွေရိုက်ရင်း ကင်မရာအိတ်ကလေး တောင်အောက် ပြုတ်ကျသွားတာကို နှမြောတသ ကြည့်နေခဲ့ရတာ။ တကယ်က ဆင်းကောက်ချင်သေးတာပါ။ အစောကြီးဆင်းသွားတဲ့ အဖွဲ့ တောင်ခြေထန်းရည်ဆိုင်မှာ သူငယ်ချင်းတွေတစ်ဖွဲ့ကြီး သောက်နေကြလေရဲ့။

ထမင်းဆိုင်မှာစောင့်ရင်း ပေါ်မလာ ပေါ်မလာနဲ့ သွားခေါ်တဲ့ ကောင်မလေးပါ ငိုပြီးပြန်လာခဲ့တာ။ စလွှတ်လိုက်ကြတယ်ထင်တယ်။ မကြာပါဘူး ကျနော့သူငယ်ချင်းဦးဆောင်တဲ့ ထန်းရည်မူးတပ်ဖွဲ့ကြီး ဆိုင်ရောက်လာခဲ့တာ။ ရောက်လာတယ်ဆိုကတည်းက အတုံးအရုံး တန်းစီအိပ်ကြတယ်။ သူငယ်ချင်းကလည်း အန်၊ ဘေးကလူတွေကလည်း နှာခေါင်းရှုံ့။ နောက်တစ်ခေါက် သူတို့မန္တလေးသင်္ကြန်သွားတော့ ကျနော် နောက်ချန်နေရစ်ခဲ့တော့တဲ့အထိ။ ကျိုက်ထီးရိုးဆိုတာ ဖဲရိုက်ဖို့နဲ့ ထန်းရည်သောက်ဖို့ ခရီးစဉ်တစ်ခုလို့ မှတ်သွားမိတဲ့ အခေါက်ပေါ့…..


ပဉ္စမမြောက်အခေါက်ကိုတော့ သူငယ်ချင်းတစ်ယောက်ရဲ့ မိသားစုနဲ့လိုက်ဖြစ်ခဲ့တာပါ။ အလုပ်တစ်ဖက်နဲ့ နေ့တ၀က်ခွင့်ယူပြီး လိုက်သွားခဲ့တာ။ အမှတ်မမှားဘူးဆိုရင်တော့ ရွှေအိုးကြီးထမင်းဆိုင်မှာပဲ တည်းခဲ့တာ။ အဲဒီအခေါက်မှာတော့ မီးလောင်ပြီးသွားပြီမို့ ထမင်းဆိုင်တွေက တိုက်တွေဖြစ်သွားခဲ့ပြီ။ အားလုံးက တိုက်တန်းတွေလေ။

တည်းခိုခတော့ ပေးစရာမလို ဧည့်စာရင်းတိုင်ခတော့ ပေးလိုက်ရတယ်ထင်တယ်။ ညဖက် ဘေးပတ်လည်အခန်းတွေက ဂီတာတီး သီချင်းဆိုကြတာမို့ မြေအောက်ထပ်လေးမှာ ဆူညံလို့။ ညတာရှည်လွန်းလိုက်တာလို့ စိတ်ထဲမှာမှတ်ထင်စေခဲ့တာ။

ညဦးပိုင်းကတော့ ကျောက်သမ္မာန်ပေါ်မှာ သွားထိုင်နေခဲ့ကြတာ။ တစ်ခြားအဖွဲ့တွေက ဂစ်တာတီး သီချင်းဆိုရင် အဖွဲ့သုံးဖွဲ့လောက်ကနေ တစ်ဖွဲ့တည်းကိုဖြစ်သွားတော့တာ။ ကျိုက်ထီးရိုးရဲ့ ရသအစစ်အမှန်က အဲ့လိုဗျ။ မသိသေးတဲ့သူတွေ ဒီခရီးမှာရင်းနှီးလွယ်စေသတဲ့လေ။ အဲဒီညက မဖြူဆိုတဲ့ အစ်မကြီးကို အခုအထိအမှတ်ရတုန်း။ သူတို့တည်းတဲ့ဓမ္မာရုံက အနီးဆုံးဆိုတော့ လက်ဖက်သုတ်တွေ ဇလုံကြီးနဲ့ သုတ်လာပြီး အားလုံးကို အားရပါးရခွံ့ကျွေးခဲ့တာ။ တကယ်ဆို တစ်ခါမှမတွေ့ဖူးကြတဲ့ တစ်စိမ်းပြင်ပြင်တွေလေ။ ကျနော်တို့မြန်မာတွေရဲ့ ခင်မင်ရင်းနှီးလွယ်တဲ့ စိတ်ဓါတ်က အတိုင်းသားနော်။ အခုပြင်ပမှာတော့ မမျှော်လေနဲ့။

အဲဒီအခေါက်ကတော့ သမရိုးကျပုံမှန်လေးပေါ့။ ပြန်လာကာစ ရုံးပြန်အတက်မှာ ရုံးက ကျိုက်ထီးရိုးခရီးစဉ်တစ်ခုနဲ့ ကြုံပြန်ပါတယ်။ ဒီတစ်ခါတော့ အားနာနာနဲ့ပဲ ငြင်းလိုက်ရတယ်။ ကံတော့ အတော်စပ်တယ်ဆိုရမယ်ဗျ။

နောက်ဆုံးရောက်ဖြစ်တဲ့အခေါက်က ဖေနဲ့မေကိုလိုက်ပို့ခဲ့တာ။ ကျနော်ဆုကြေးရတဲ့ပိုက်ဆံထဲက သူတို့နှစ်ယောက်ကို ကုသိုလ်ဖြစ်ဘုရားဖူးလိုက်ပို့ခဲ့တာ။ ဝေါကိုခဏခဏလာရတဲ့ ဖေက ကျိုက်ထီးရိုးကို တစ်ခါမှမရောက်ဖူးခဲ့ပါဘူး။ ရန်ကုန်မှာ ကျောင်းတက်တဲ့ မေက ကျိုက်ထီးရိုးကို တစ်နှစ်တစ်ခေါက်တဲ့။ အဲဒီတော့ ကျနော်တို့သားအမိ ကျိုက်ထီးရိုးအကြောင်း ပြောကြရင် သူ့ခမျာ သနားစရာ။ အဓိက သူရောက်ဖူးတယ်ရှိအောင်လိုက်ပို့ကြတာပါ။ ရန်ကုန်ကနေ အဲယားကွန်းလေအိတ်ကားဆိုတဲ့ လက်မှတ်ဝယ်ပြီး ကြေးသွန်းဘုရားကြီးနားက စောင့်နေခဲ့တာ။ မလာ မလာနဲ့ ခရီးသည်မပြည့်လို့ တစ်ခြားကားဂိတ်တစ်ခုကို အကူအညီတောင်းပြီး ခုံနေရာတောင်းပြီး အကြုံတင်ခိုင်းခဲ့တယ်တဲ့။ အဲဒီကားကလည်း ကျနော်တို့ကို မမေး ငုတ်တုပ်၊ ကျနော်တို့ကလည်း ကားမလာပါဘူးဆိုပြီး စောင့်နေ။ နောက်တော့ဂိတ်စာရေးက အသိမို့ မနေနိုင်ပဲမေးတော့မှ နှစ်ဦးနှစ်ဖက် စောင့်နေကြတာကို သိတော့တယ်။ အဲယားကွန်းကားမို့ မှန်ချပ်တွေကို မရှိတော့ ကားဝမ်းဗိုက်ကလည်း ဟိုတစ်ပေါက် ဒီတစ်ပေါက်။ ထွက်လာမှတော့ မထူးတော့ပါဘူးဆိုပြီး လိုက်ခဲ့တော့တာပါပဲ။ အဲလိုမျိုး ခဏခဏကြုံရတယ်လို့ အသိတွေက ပြန်လာတော့ ပြောပါတယ်။

ဆောင်းတွင်းကြီးတက်ခဲ့တာမို့ တောင်ခြေမှာတင် တော်တော်အေးနေခဲ့ပြီ။ တောင်ပေါ်အထိ ကားတက်ခွင့်မရှိတော့တာမို့ ရသေ့တောင်ကနေ ခြေလျင်တက်ခဲ့ရတယ်။ ဘုရားနဲ့နီးတဲ့ နေရာမှာ တည်းစေချင်လို့ တိဿဆောင်မှာပဲ တည်းဖို့ စီစဉ်ခဲ့ပါတယ်။ သေသပ်တဲ့အခန်းတစ်ခန်းတော့ ရခဲ့တယ်။ ရေပူတော့မရဘူးပေါ့ဗျာ။

ဘုရားပေါ်မှာရွှေသင်္ကန်းကပ်တော့ ဘုရားလူကြီး ဘကြီးတစ်ယောက်နဲ့ ဆုံဖြစ်တယ်။ အဘရယ် ကြက်မတစ်ဝပ်စာနေရာလေးပြပါ ကျနော့အဖေကိုဖူးစေချင်လို့ပါဆိုတော့ သူကပြပေးတဲ့အပြင် ဘုရားကိုတိုင်တည်ပြီး ကျောက်တုံးကြီးကိုလှုပ်ပြခဲ့ပါတယ်။ ကျောက်တုံးအလှုပ်ကို အောက်မှာထောက်ထားလေးတဲ့ ၀ါးခြမ်းလေးတွေအညွှတ်က သက်သေပြခဲ့တယ်။ ကျနော်ကိုယ်တိုင်လည်း လှုပ်ဖို့ကြိုးစားပေမယ့် လုံးဝမလှုပ်ခဲ့ပါဘူး။ သမာဓိ သီလတွေ သစ္စာတရားတွေလိုအပ်သေးတယ်လို့ဆိုပါတယ်။ ကြက်သီးတဖြန်းဖြန်းထရင်း ဘုရားရဲ့ အံထူးဖွယ်ကို ဖူးတွေ့ခဲ့ရပါတယ်။

ဝေးဝေးလံလံမသွားနိုင်တဲ့နောက် တောင်ပေါ်မှာ တစ်ညအိပ်ပြီး နောက်နေ့မှာ ပြန်ဆင်းခဲ့ပါတယ်။

ခြောက်ခေါက်သာရောက်ဖူးခဲ့တယ် တစ်ခေါက်မှ ခြေလျင် တက်ဖူးခဲ့တာမရှိခဲ့သေးဘူး။ ငယ်တုန်းလေး သန်တုန်းလေး တက်ချင်ပေမယ့် အခွင့်မရခဲ့သေး။ အင်း နောက်တစ်ခေါက်ဆိုတာ များရှိခဲ့ရင် ခြေလျင်တက်ပြီး နောက်တစ်ခေါက်ထပ်လွမ်းချင်ပါသေးတယ်။ အခုတော့ အလွမ်းတွေ ကုန်သွားအောင် သွားခဲ့သမျှ အခေါက်တိုင်းကို လွမ်းထည့်လိုက်ပါပြီ။

ဒီမနက်

တိမ်တွေကပြာ

မိုးတွေကရွာ

ရင်ဘတ်ထဲမှာ

ဟာတာတာ.....

2009 Chinese Government Scholarship-Degree Programs

2009 Chinese Government Scholarship-Degree Programs
Admissions Notice
(only for GMS countries)
2009 Chinese Government Scholarship-Degree Study in Provinces & Autonomous Region Program has been started. The School of International Studies of Yunnan University, under the program-related requirements, began to enroll the foreign students from GMS countries. We here inform the related information as follows and warmly welcome the students from GMS countries to apply this scholarship program.

1. Categories of Applicants and Duration of Scholarship
Master’s Degree Students 2-3 academic years
Doctor’s Degree Students 3-4 academic years
2. Major
For Doctor’s Degree candidates: International Relations, World History, World Nationalities and Nationality Issues Studies
For Master’s Degree candidates: International Relations, International Politics, World Economy, World History, World Nationalities and Nationality Issues Studies
3. Deadline for Application
Application materials must be received by April 30, 2009
4.Application Procedures
Please see Application Procedures for Chinese Government Scholarship Degree Study in Provinces & Autonomous Region Program for details.
5. Materials to be submitted
 Application Form for Chinese Government Scholarship (printed by CSC), one original and one photocopy, in Chinese or in English.
 Yunnan University Application Form For International Admission, Postgraduate Students
 Highest diploma (notarized photocopy). If applicants are university students or already employed, they should also provide documents of being university students or on-post employees. Documents in languages other than Chinese or English must be attached with translations in Chinese or English.
 A study or research plan in Chinese or in English (no less than 200 words for undergraduates, no less than 400 words for scholars, no less than 500 words for postgraduates).
 Band Six or above certificate of HSK examination.
 A copy of the applicant’s passport with photo page
 Applicants overseas for master or doctoral degree studies and senior scholars must submit two letters of recommendation in Chinese or English by professors or associate professors.
 Photocopy of Foreigner Physical Examination Form (printed by Chinese quarantine authority and only for those whose period of studies in China lasts up to six months) filled in English. The medical examinations must cover all the items listed in the Foreigner Physical Examination Form. Incomplete records or those without the signature of the attending physician, official stamp of the hospital or a sealed photograph of the applicants are invalid. The medical examination results will be valid for 6 months. All applicants are kindly requested to take this factor into consideration while determining the time to take the medical examination.
 Applicants under the age of 18 should submit the legal documents of their legal guardians in China.
 If applications apply for the scholarship without HSK record, they should take 1-or-2 year Chinese language training course before major studies. In the language training period, the students must pass the entrance examination or relevant courses required so that to continue their major studies.
6.Contact School of International Studies, Yunnan University
Address: School of International Studies, Yunnan University, No.2, North Cuihu Rd., Kunming, 650091, P. R. China
Tel: 0086-871-5039180 5039175 Fax: 0086-871-5033776
E-mail: jwqu1231@yahoo.com.cn xsbnyang@163.com
7.Related Application Form and Documents
•Application Procedures For Chinese Government Scholarship Degree Study in Provinces & Autonomous Region Program
•Application Form for Chinese Government Scholarship
•Foreigner Physical Examination Form
•Recommendation Form in Chinese or English by professors or associate professors
•Yunnan University Application Form for International Admission
•A study or research plan Form in Chinese or in English

16 March 2009

မှတ်တိုင်လေး

မှတ်တိုင်လေးဆိုတာ
ကားတွေရပ်ဖို့
အမှတ်အသား
ပြီးတော့
ခဏတစ်ဖြုတ်ဖြစ်ဖြစ်
မကြာမကြာဖြစ်ဖြစ်
ခရီးသွားတွေ နားဖို့ခိုဖို့

တစ်ချို့
အလေးဂရုမပြုစွာ
ဟိုခြစ်ဒီခြစ်
စာလိုကဗျာလို ချန်ရစ်

တစ်ချို့
မထီလေးစွာ
ဟိုနားတစ်ချက်
ဒီနားတစ်ချက်
ကွမ်းတံတွေးနဲ့ပက်

တစ်ချို့
ဆေးလိပ်တို မကုန်ခင်
ကားပေါ်တက်ဖို့
ပြေးထွက်လွှင့်ပေါက်ခဲ့

တစ်ချို့
.
.
.
မှတ်တိုင်ငယ်မပြိုခင်ထိပေါ့….

15 March 2009

မေးခွန်းများနှင့် ဘ၀မှတ်တိုင်များ



မနေ့ညက အပြင်ကပြန်အရောက် မှာ ရုံမှာသွားမကြည့်လိုက်ရတဲ့ ဇာတ်ကားလေးတစ်ခုကို အင်တာနက်ကနေ ကြည့်ဖို့ကြိုးစားမိတယ်။ သွားကြည့်မိတဲ့ နေရာက ဇာတ်ကားကို လေးပိုင်းခွဲထားတာ။ တစ်ပိုင်းအစကြည့်မှာပဲ ဇာတ်လမ်းခေါ်သွားတဲ့နောက်ကို တောက်လျှောက်ပါနေမိတော့တာ။ မနက်နှစ်နာရီခွဲအရောက် ဒုတိယအပိုင်း တ၀က်တပျက်မှာ အိမ်က အင်တာနက်က ဒေါင်းသွားပါလေရော။ သိချင်တဲ့စိတ်နဲ့ ဆက်ကြည့်ချင်ပေမယ့် အခြေအနေမပေးတာကြောင့် မအိပ်ချင်အိပ်ချင်နဲ့ အိပ်လိုက်ရပါတယ်။ ဒီမနက်တော့ ဆက်ကြည့်ရင်း ဆက်ကြည့်ရင်း အတွေးကမ္ဘာထဲမှာ ချာလည်နေပြန်ရော။ ဇာတ်ကားနဲ့အတူ အပြိုင်သတိရမိစေတဲ့ စာအုပ်နှစ်အုပ်ကတော့ မြသန်းတင့်ရဲ့ သုခမြို့တော်နဲ့ ဂျူးရဲ့ သူမင်းကို ဘယ်တော့မှ ဆိုတဲ့စာအုပ်နှစ်အုပ်ပါပဲ။

ဇာတ်လမ်းရဲ့ အစက မေးခွန်းတွေနဲ့ စတင်ခဲ့တာပါ။ jamal ဆိုတဲ့ ဇာတ်ကောင်ရဲ့ အလုပ်ကိုက မေးခွန်းတွေကို ဖြေတဲ့အလုပ်ဖြစ်ခဲ့မယ်။ သူ့အလုပ်က chaiwallah ဆိုတဲ့ လက်ဖက်ရည်စားပွဲထိုးအလုပ်လေးပေါ့။ ပညာမတတ် တဲ့ အဲလိုကောင်လေးတစ်ယောက်က အခုလို ဥာဏ်စမ်းမေးခွန်းတွေကို ဖြေနိုင်ခဲ့တယ်ဆိုတော့ မသင်္ကာစရာ သိပ်ကောင်းနေတော့တာ။ ဒါပေမယ့် မေးခွန်းတွေတိုင်းရဲ့ နောက်ကွယ်မှာ jamal ရဲ့ ဘ၀ပုံရိပ်တွေက အဖြေတွေကို ပြပေးနေလေတော့ မသင်္ကာဖြစ်မယ်ဆိုလည်း ဖြစ်စရာပါပဲ။ အဲဒီအကြောင်းအရာက သူမင်းကို ဘယ်တော့မှဆိုတဲ့ စာအုပ်ထဲက အင်တာဗျုးဖြေခြင်းတွေနဲ့ သိပ်နီးစပ်နေသလိုပဲ။ စိတ်ထင်တာလည်း ဖြစ်မှာပါ။

သုခမြို့တော်ထဲကလို jamal တို့ရဲ့ လူနေရပ်ကွက်ငယ်လေးကို မြင်ခဲ့ရတယ်။ လူမျိုးရေးစစ်ပွဲဆိုတာ မိဘမဲ့ကလေးတွေ များလာခြင်း အကြောင်းအရင်းခံတစ်ခုဖြစ်မှာပါ။ ညီအစ်ကိုနှစ်ယောက်ခက်ခဲကြမ်းတမ်းတဲ့ လူ့ဘ၀ခရီးမှာ အသက်ရှင်နေထိုင်ဖို့ကြိုးစားခဲ့တာပါ။

ပြင်ပလောကမှာ ကလေးတွေကို အသုံးချတဲ့ ၀ိသမလောဘသားတွေ ရှိနေပါတယ်။ ရန်ကုန်မှာလဲ ရှိတယ်လို့ ကြားဖူးတယ်။ အခုအချိန်ထိတော့ မီးပွိုင့်တွေမှာ ကလေးလက်ထဲပိုက်ပြီး တောင်းရမ်းနေကြတုန်းဆိုတော့ ဆက်လက်ရှိနေဆဲပေါ့။ သီချင်းအဆိုကောင်းတဲ့သူရဲ့ ချီးမြှောက်ခံရမှုက ကြောက်လန့်စရာ။ မျက်လုံးနှစ်လုံးစလုံး စွန့်ပစ်ခံရဖို့ သီချင်းဆိုကောင်းကြောင်း ပြရသတဲ့လေ။ အိုး….ရက်စက်ကြမ်းကြုတ်လိုက်ကြတာဗျာ။

ပြီးတော့ jamal ရဲ့ အချစ်။ ကလေးဘ၀ထဲက ချစ်ခင်စွဲလမ်းခဲ့တဲ့ ခိုင်မြဲ ငြိတွယ်လွန်းတဲ့ jamal ရဲ့ အချစ်။ အဲဒီအချစ်က ဒီဇာတ်လမ်းရဲ့ ကျောရိုးဖြစ်မယ်ထင်တယ်။ မတတ်သာလို့ ခွဲခဲ့ရတဲ့ ချစ်သူကို မရမက ပြန်လာရှာတဲ့ jamal ရဲ့ စိတ်ဓါတ်က လေးစားစရာကောင်းတယ်ထင်မိတယ်။ တကယ်ဆို ခက်ခဲမယ်ဆိုတာ ပြီးတော့ အဲဒီလူယုတ်မာတွေနဲ့ ပြန်တွေ့မယ်ဆိုတာ သိသိကြီးနဲ့ ပြန်လာရှာခဲ့တာလေ။

ဒါပေမယ့် ဒီတစ်ခေါက်လည်း jamal ချစ်သူနဲ့ လွဲခဲ့ပြန်ပါတယ်။ ချစ်သူကိုယ်တိုင်က နင်သွားတော့ လို့ပြောခံလိုက်ရတဲ့ jamal တစ်ယောက် ဝေးကွာတဲ့ အရပ်မှာ စားပွဲထိုးဘ၀လေးနဲ့နေထိုင်ခဲ့ရှာတယ်။ အားမလျော့တဲ့ jamal တစ်ယောက် သူ့ချစ်သူကို ပြန်ရှာတွေ့ခဲ့ပါတယ်။ ချစ်သူကို ဘူတာရုံမှာ နေ့တိုင်း ၀တ်မပျက်စောင့်နေရှာတယ်။ ဒါပေမယ့် လွဲခဲ့ပြန်ပါတယ်။

ဒီပြိုင်ပွဲကို ဘာဖြစ်လို့ဝင်ခဲ့တာလဲဆိုတော့ သန်းချီချမ်းသာချင်လို့မဟုတ်ပဲ ဒီအစီအစဉ်က သူ့ချစ်သူကြည့်နေကျမို့ ၀င်ပြိုင်ခဲ့တယ်ဆိုတဲ့ သူ့အဖြေကို သဘောကျမိတယ်။ တကယ်ချစ်တယ်ဆိုရင် ငွေကြေးတွေလည်း ဘာအရေးလဲနော့။

စိတ်ဝင်စားစရာ ဖြစ်အောင်ရိုက်တတ်လေတော့လည်း ဆုတွေရခဲ့တာဖြစ်မှာ။ Taj Mahal ထဲက သူ့ရဲ့ တိုးဂိုက်ဘ၀လေးကို ကြိုက်မိတယ်။ ခရီးသည်တွေရဲ့မေးခွန်းတွေကို ဥာဏ်စွမ်းလေးနဲ့ ဖြေခဲ့တဲ့ ဟာသဖြစ်ရပ်တွေလေ။ ပြီးတော့ ဧည့်သည်တွေကို သူပြောခဲ့တဲ့ တွေ့လား ဒါဟာမင်းတို့ သိပ်ကြည့်ချင်ပါတယ်ဆိုတဲ့ ငါတို့နိုင်ငံရဲ့ တကယ့်ပုံစံပဲဆိုတာလေး။

ပြီးတော့ သူ့ချစ်သူကို အဝေးကိုပြေးဖို့ ခေါ်တဲ့အခန်း။ ငါတို့ဘာအတွက်ပြေးမှာလဲဆိုတော့ အချစ်အတွက်လို့ ဖြေတဲ့အခန်းလေး။ ဒီဇာတ်ကားလေးထဲမှာ ရသတွေ အမြင်တွေ လူနေမှုစရိုက်တွေ စိတ်နေစိတ်ထားတွေကို ထင်ဟပ်ပေါ်လွင်စေခဲ့မယ်ထင်တယ်။

ကံဆိုတာအမြဲတန်းတော့ ဆိုးနေမယ်မထင်ပါဘူး။ တခါတလေတော့ ဒုက္ခတွေအားလုံးဟာ သုခတွေဖြစ်ဖို့ အစပျိုးတာမျိုးလည်းဖြစ်တတ်ပါတယ်။ အခုဆို သူကြုံဆုံလာရသမျှဟာ သူ့အတွက် မေးခွန်းတွေအားလုံးရဲ့ အဖြေတွေဖြစ်နေတယ်။ ကျနော်တို့တွေလည်း မေးခွန်းတွေနဲ့ မကြုံဖူးလို့ မပြောနိုင်ဘူးလေ။ အင်း ကံကောင်းတဲ့လူတွေဖြစ်ပြီး အဖြေတိုင်းကို စိတ်လက်ပေါ့ပါးစွာဖြေရင်း ဘ၀တွေ မြင့်သည်ထက်မြင့်မယ် ဆိုရင် ပိုကောင်းမှာပဲဗျာ…….

သီချင်းလေးတစ်ပုဒ် ဖြစ်ခွင့်

ကိုယ်ဟာ
မင်းအတွက်
မင်းမစပ်ပေမယ့်
မင်းဆိုဖို့ အသင့်ဖြစ်မယ့်
သီချင်းတစ်ပုဒ်

ကိုယ်ဟာ
မင်းအတွက်
ဆိုပြဖို့မေ့လျော့နေလည်း
တ၀က်တပျက် မင်းနှုတ်ခမ်းက
ထွက်လာသမျှ အသင့်ဖြစ်ဖို့
သီချင်းတစ်ပုဒ်

ကိုယ်ဟာ
မင်းအတွက်
ဟောင်းသွားလို့
ချောင်ထိုးထားလည်း
ကျေနပ်နေမယ့်
သီချင်းတစ်ပုဒ်

မင်းနားထောင်မယ်ဆို
ကိုယ်ဟာ သီချင်းလေးတစ်ပုဒ်ဖြစ်ခွင့်ကို တောင်းချင်တယ်....

သီချင်းကြိုက်တဲ့ တစ်စုံတစ်ယောက်အတွက်

13 March 2009

အရှုံးအနိုင် မာနတရားနှင့် ချစ်ခြင်းမေတ္တာ ၏ နောက်ဆက်တွဲ

sait phay yar said...
ဖြေချင်တယ်။ ဆက်သွယ်ရေးတွေလွယ်ကူနေတဲ့ခေတ်မှာ တစ်ဘက်ကမဆက်သွယ်ဘူးဆိုကတည်းက
မဆက်သွယ်ချင်တော့လို့နေမှာပါ အဲဒီအချိန်မှာ တစ်ဘက်သတ်ချစ်နေရသလိုခံစားရပြီးနာကျင် ရတာတော့အမှန်ပါ ဒါပေမဲ့ ကိုယ့်ဘက်ကဘယ်လောက်ချစ်လည်းဆိုပြီး လိုက်ဆက်သွယ်နေပြန်ရင်လည်း တစ်ဘက်ကမှ မဆက်သွယ်ချင်တာကိုယ့်ဘက်ကဇွတ်လုပ်နေရင် တခြားသူအတွက် ဒုက္ခပေးသလိုလည်းဖြစ်စေပြန်တယ်လေ။ ကိုယ့်ကိုမဆက်သွယ်ချင်တဲ့သူတစ်ယောက်ကိုတစ်ကယ်ချစ်ပေမဲ့ စိတ်မဆင်းရဲစေချင်ဘူးဆိုရင်တော့ လွတ်လပ် စွာနေခွင့်ပေးလိုက်တာကပိုကောင်းပြီး ကိုယ့်ဘက်က ဘယ်လောက်ပဲသတိရပါစေ
တိတ်တိတ်လေးနေပေးလိုက်တာက ပိုချစ်ရာရောက်မယ်လို့ထင်တယ်။
ဟုတ်လား မသိ
ခံစားချက်တွေပါသွားရင်တော့ ....
မှားရင်ပြင်ပေးပါဦး ရွာစားရေ.....


အမစိတ်ဖြေရာသို့
အမရေ ဖြေပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ။

ဒါပေမယ့် အမရေ မေးခွန်းတွေထပ်ရှိလာပြန်တယ်။ ဆက်သွယ်ခဲ့တယ်ဆိုတဲ့နောက်မှာ ပတ်သက်ခဲ့ဖူးတယ်ဆိုတာ သေချာမယ်ထင်တယ်။ ပတ်သက်ခဲ့တယ် ဆိုကတည်းက နှစ်ဦးနှစ်ဖက်ဆိုတာ သေချာနေပြီ။ ကျနော့မေးခွန်းက ဘာဖြစ်လို့ပတ်သက်ခဲ့သလဲ။ ရင်းနှီးမှုကနေ ဒီလို ငြိတွယ်လာမှာ မသိဘူး ဆိုတာမဖြစ်နိုင်ဘူးလေ။ သူများကို ဆော့ကစားချင်တဲ့ စိတ်သက်သက်နဲ့ ပတ်သက်ခဲ့တာလား။ ဒါမှမဟုတ် ကိုယ့်ဘေးနားမှာ ခဏထားချင်တဲ့ စိတ် (ဥပမာ တစ်စုံတစ်ယောက်ကို စိတ်နာလို့ အသုံးချလိုက်သလိုမျိုး) နဲ့ စိတ်ဝင်စားသလိုလို ဟန်ဆောင်ခဲ့တာလား။ တစ်ဖက်က ဘာအရိပ်အခြေမှ မပြပဲ မဆက်မသွယ်ပဲ မနေနိုင်လောက်အောင် တစ်ဖက်သတ်ခံစားတယ်ဆိုတဲ့လူ ရှိတော့ရှိမယ်ရှားမယ်ဗျ။

မြတ်ဆုကို ဒုက္ခပေးတဲ့ မြနှင်းဆီလို အဖြစ်မျိုးဆိုရင်တော့ လုံးဝလက်မခံနိုင်ပါဘူး။ အဲဒီဝတ္ထု… မြနှင်းဆီကို မုန်းတဲ့ အချက်တစ်ခုတည်းနဲ့ တမင်သတ်သတ်ကို မ၀ယ်ပဲထားခဲ့တာ။ မြတ်ဆုကိုလည်း ပျော့ညံ့တယ် ထင်မိပြန်တယ်လေ။ ကိုရုပ်ဆိုးပို့ပေးပြန်တော့ ပြန်ဖတ်ရင်း စိတ်တိုမိပြန်ရော။

အသုံးချချင်စိတ်တစ်ခုနဲ့ လူတစ်ယောက်နဲ့ ရင်းနှီးဖို့ ကြိုးစားခဲ့တာဆိုရင်တော့ သိပ်မမျှတသလိုပဲ။ တစ်ဖက်လူမှာ ခံစားတတ်တဲ့ နှလုံးသားရှိတယ် ဆိုတာ လျစ်လျူမရှုသင့်ဘူးလားလို့။ အထူးသဖြင့် အဲဒီလူက ခံစားမှုကို ရှေ့တန်းတင်တတ်တယ်ဆိုရင်တော့ သူ့အတွက် ၀န်ထုပ်ဝန်ပိုးပေးသလိုဖြစ်နေမယ်ထင်တယ်။

အမအကြံပေးသလို သူ့အတွက် အနှောင့်အယှက်ဖြစ်မှာစိုးလို့ မဆက်သွယ်တော့ဘူး။ ဒါပေမယ့် ရင်ထဲက အမြစ်တွယ်နေတဲ့ အချစ်စိတ်ကိုကော ဖြေဖျောက်လို့လွယ်ပါ့မလား။ နေ့နေ့ညည အချစ်အတွက်ခံစားရင်းနဲ့ ကိုကျီးညိုလိုမျိုး (၀တ်လဲတော်ပုဆိုး တန်းထိုးလို့ကြိုပါ့မယ်) အသက်အန္တရာယ်ထိခိုက်သွားမယ်ဆိုရင်ကော။ မိမိရဲ့ စိတ်အလိုကိုလိုက်ရင်း တစ်ပါးသူထိခိုက်သွားစေနိုင်တယ်ဆိုတာတော့ သတိထားသင့်တယ် ထင်ပါတယ်။ ကိုယ်ရဲ့ တခဏပျော်ရွှင်မှုအတွက် တစ်ပါးသူနှလုံးသားကို စတေးသင့်ပါရဲ့လား။

ကြားဖူးနားဝရှိတာတော့ ကိုယ်ချစ်တဲ့သူ ပြုံးပျော်နေတာကို မြင်ရရင် ကိုယ်လည်း ပျော်ပါတယ်ဆိုတဲ့စကား။ နှလုံးသားကိုရင်းပြီး သူပျော်ပါစေဆုတောင်းနေရမှာပေါ့။ သူဘာလုပ်လုပ်လက်ပိုက်ကြည့်နေရမှာပေါ့။ အဲ့လိုလား။

အစကတည်းက သူနဲ့ကိုယ်နဲ့ မဖြစ်နိုင်ဘူး။ စိတ်သဘောထားချင်းမတူညီနိုင်ဘူးလို့ သိထားရင်တော့ ဘယ်ဘက်ကပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းကြောင်းကြောင့်ပဲဖြစ်ဖြစ် ဇာတ်လမ်းကို မစသင့်ဘူးထင်တာပါပဲ။

အမမေရေ ခံစားချက်တွေပါသွားပြန်ပြီထင်ပါရဲ့။ အပြင်မှာ မခံစားဖူးလို့ ဖတ်ဖူးတဲ့စာအုပ်တွေနဲ့ပဲ ကိုးကားပြီး ပြန်ဖြေသွားမိတယ်ဗျာ။ ကျွမ်းကျင်သူတွေ ဖြည့်စွက်ပေးရင်တော့ ပိုကောင်းမှာလို့…..

အဖွဲ့

တကယ်တမ်းတော့ ဒီစာလေးကို အဖွဲ့အဖြစ်သက်သက်သာ ရေးခဲ့တာပါ။ စာလေးကို မကြေးမုံရဲ့ ကဗျာလေးကနေ ထပ်ဆင့်ခံစားရေးဖွဲ့ခဲ့တာပါ။

ဒီစကားကို မကြားချင်ဆုံး။ အခုတော့ နားနဲ့ ဆတ်ဆတ်ကြားခဲ့ပါလျက် မယုံရဲ။ အထူးသဖြင့် အဲဒီနှုတ်ခမ်းတွေက ထွက်ကျလာတယ်ဆိုတာကို ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ခါးခါးသီးသီး ဖြစ်နေမိတာ။

လည်ပင်းက သွေးကြောတွေ တဆတ်ဆတ်တုန်နေကြတယ်။ အံကြိတ်မိသလား သတိမထားမိတော့လောက်အောင် လက်သီးတွေ ဆုပ်ခဲ့မိသလား မသိတော့လောက်အောင် အာရုံကြောတွေ ဘယ်အထိသေဆုံးသွားခဲ့ပြီလဲ။ နေရာမှာပဲ သေဆုံး ပစ်လိုက်ချင်မိတာ။ ဘာဆိုဘာမှ မမြင်နိုင်မကြားနိုင်လောက်အောင် ခဏသေဆုံးသွားခဲ့တာ။ မိုက်ခနဲ တစ်ချက်အရွှေ့မှာ ဘယ်အရာက ကိုယ့်ကိုထူမပေးခဲ့လည်း မစဉ်းစားမိတော့။

တခုခုပြန်ပြောချင်မိတယ်။ ရင်ဘတ်တစ်ခုလုံး ၀ုန်းဒိုင်းကြဲနေပြီးတဲ့နောက်မှာ ပြောစရာစကားတွေက ပြည့်သိပ်လို့။ အားလုံးကို တန်းစီလွှတ်ဖို့ ကြိုးစားတုန်းမှာ လည်ချောင်းဝကို မကျော်နိုင်တော့။ ခုန်နေတဲ့ သွေးကြောတွေကြားမှာ ဘာသံမှမထွက်တော့ ပဲ ဆွံ့အလို့နေခဲ့တယ်။

တစ်ခြားလူတွေ အဲဒီအကြောင်းကို အမျိုးမျိုးပြောတာ ကြားဖူးတယ်။ အမှုမဲ့အမှတ်မဲ့ပဲ။ အဲဒီအချိန်မရောက်ခင်အထိပေါ့။ သူ့ကို ယုံကြည်မိတဲ့ စိတ်အပြည့်အ၀ရှိတာလည်းပါပါလိမ့်မယ်။ စုံလုံးကန်းတဲ့စိတ်နဲ့ မျက်စိမှိတ် ယုံကြည်ပစ်ခဲ့တာ။ ပြောသမျှအရာ လုပ်သမျှအလုပ်တွေအားလုံးကို တကယ် အမှန်တွေပဲလို့ လက်သင့်ခံခဲ့တာ။ ကတိတွေ ၀န်ခံချက်တွေ အိုး တကယ်ရွှေရည်စိမ်တွေပဲ။

ကျောခိုင်းဖို့လှည့်ထွက်ရင်း တသိမ့်သိမ့်ရှိုက်ချင်လာတယ်။ မငိုဘူး။ ငါမငိုဘူး။ ဘယ်တော့မှ ငါ့မျက်ရည်တွေ မမြင်စေရဘူး။ တုန်နေတဲ့ လက်ချောင်းတွေ သူမမြင်အောင် ဆုပ်ကိုင် ပစ်လိုက်တယ်။ နားထင်မှာ တဒိတ်ဒိတ်မြည်နေတဲ့ အသံကိုကော သူကြားနိုင်သလား ကျနော်မသိတော့။

ခပ်သွက်သွက်လှမ်းနေတယ်လို့ ထင်တဲ့ စိတ်နဲ့ မြေကြီးကို အတင်းနင်းလျှောက်နေတာ။ အရှေ့ကို ရောက်ခဲလိုက်တာ။ လမ်းတစ်လျှောက်က မြက်ပင်တွေလည်း စိုစွတ်ချင်သလိုဖြစ်နေသလားပဲ။ ဟင့်အင်း ငါမငိုပါဘူး။

တဒင်္ဂဆိုတဲ့ အခိုက်လေးမှာ ဖြစ်ပျက်တွေအများကြီးပဲ။ ဘာကြောင့်ဖြစ်တာလဲ။ ဘာအတွက်လဲ။ နောက်တော့လည်း မေ့သွားမှာပါပဲ။ အချိန်ရထားကြီးက အပိုင်းပိုင်းပြတ်သွားအောင် တက်နင်းပစ်မှာပါ။ ဘုရားသခင် မှတ်ဥာဏ်ဆိုတာ နောက်ထပ်မရှိတော့အောင် ကူညီတော်မူပါဘုရား………………………..

12 March 2009

အရှုံးအနိုင် မာနတရားနှင့် ချစ်ခြင်းမေတ္တာ

စာဖတ်သူတစ်ဦးက ကျနော့ရဲ့ မပိုင်နိုင်လေတဲ့ ဒီအကြောင်းအရာအကြောင်း သိချင်ပါတယ်လို့ TAG ထားပါတယ်။ များသောအားဖြင့် ချစ်ခြင်းမေတ္တာနဲ့ ပတ်သတ်ရင် ကျနော့မှာလည်း မေးခွန်းတွေ အများကြီးရှိနေပါတယ်။ ပုစ္ဆာဆန်တယ်ပြောလိုက် ၀ါးဆစ်ထဲကရေပြောလိုက် မိုင်းဗုံးတစ်ခုလို့ ပြောလိုပြောနဲ့ များစွာသော ယူဆချက်တွေ အပေါ်မှာ ခံစားရေးဖွဲ့ ခဲ့ဖူးတယ်။ ယုတ္တိတန်ပါရဲ့လား ကျနော်မသိပါ။ အဲဒီအချိန်က ခံစားချက်သည် ယခုအချိန်နှင့်မတူသည်တော့ အမှန်။ တစ်ဦးနှင့်တစ်ဦး ခံယူချက် ခံစားချက်ခြင်းလည်း တူမည်မဟုတ်ပါ။

အကယ်၍ သေချာပေါက် မိမိမဟုတ်သော အခြားတစ်ယောက်ကို ချစ်ခဲ့တယ်ဆိုပါစို့။ အသက်အိုးအိမ်စည်းစိမ်တွေ ဂုဏ်သိက္ခာတွေ ဘာမှထည့်တွက်စရာမလိုလောက်တော့။ ဒဿဂရီလို အရာအားလုံးကို အဆုံးရှုံးခံပြီး ချစ်တတ်တာကိုပဲ တကယ်ချစ်မြတ်နိုးတယ်ထင်မိတယ်။ ဥပေက္ခာဒေ၀ီထဲက ခံစားချက်မျိုးကော။ ဘယ်လောက် ထိခံစားခဲ့ရမလဲ။ နှလုံးကြေကွဲပြီး သေဆုံးခဲ့ရတဲ့အဖြစ်လေ။ (မခင်ဦးမေက ပြောပါလိမ့်မယ် ဖတ်ထားသမျှတွေ ချရေးပြနေတယ်လို့ ဤကားစကားချပ်)

တကယ်ချစ်မြတ်နိုးတယ်ဆိုတဲ့ သူအပေါ်မှာ အရှုံးအနိုင်တွေ မာန်မာနတွေ ရှိနေရဦးမှာတဲ့လား။ ချစ်သောမျက်စိဖြင့် ရှုကြည့်ခဲ့ရင် အရာအားလုံး အပြစ်မြင်တော့မည်မထင်။ ဒါမျိုးက မျက်ကန်းအချစ်ဖြစ်မည်ထင်ပါသည်။

ဒါဆိုရင် စာဖတ်သူမေးခဲ့သော မေးခွန်းတစ်ခု - ကိုယ်ကချည်းပဲ ဆက်သွယ်နေရတယ်။ သူက ဘယ်တော့မှ မဆက်သွယ်ခဲ့ဘူး။ နောက်ဆုံးတော့ ကိုယ်ပဲ ရှုံးနေသလားလို့။ အကယ်၍ မိမိကသာ ချစ်မြတ်နိုးသည် ဆိုသော် အရှုံးအနိုင်အတွက်ဖြင့် မဆက်သွယ်ပဲ နေနိုင်ပါ့မလား။ ဘယ်လောက်နာကျင်ရမလဲ။ ထိခိုက်ခံစားရမလဲ တွေးကြည့်ရင်းတောင် နှလုံးသားတွေ နာကျင်ရိုက်ခတ်နေရသည်လေ။ ဒါဆိုဘယ်လိုလုပ်ရမလဲ။ ဖြေဆေးတစ်ခုတော့ ရှိမယ်ထင်တယ်။ သိသူများ ဖြေသွားပေးရင်းတော့ အတိုင်းထက်အလွန်ပေါ့။

ချစ်ခြင်းနှင့်ပတ်သတ်ရင် အနိုင်လိုချင်မှုဆိုတာ ရှိသင့်ပါရဲ့လား။ ဖတ်ဖူးတဲ့ ၀တ္ထုတစ်အုပ်ထဲကလို (အခုအထိ အဲဒီစာအုပ်ဖတ်တိုင်း ခံစားမှုက အတိုင်းမသိ) ချစ်သူချင်းစကားများရာက အနိုင်ယူစကားတွေ ပြောဖြစ်ကြသည်။ တကယ်လည်း ပြင်ပတွင် ပြောကြပါလိမ့်မည်။ တစ်ခွန်းသောစကား “ မင်းကို ငါမလိုအပ်ပါဘူး မင်းကသာ ငါ့ကိုလိုအပ်နေခဲ့တာ” ဆိုတဲ့ စကားတစ်ခွန်းကြောင့် သူတို့နှစ်ယောက် ကွဲခဲ့ကြသည်တဲ့လေ။ တကယ်တမ်းတော့ နှစ်ယောက်စလုံးက ချစ်လျက် ခွဲခွာကြရတဲ့အဖြစ်။ စကားတစ်ခွန်းကြောင့် မာနတွေ ထားခဲ့ကြသည်လေ။ သူတို့နှစ်ယောက် နောက်ဆုံးပျော်ပွဲစားထွက်တဲ့ အခန်းကို ဖတ်တိုင်း ရင်ထဲမှာ မကောင်းလှ။ ပြန်ဖတ်မိတိုင်း ကျော်ဖတ်ဖို့ ကြိုးစားရင်း စာရေးသူရဲ့ ဆွဲဆောင်မှုမှာ ပြန်ပါသွားရစမြဲ။ မျက်ဝန်းတွေ စိုစွတ်ရမြဲ။ သက်ပြင်းတွေချရင်း သူတို့နှစ်ယောက်ရဲ့ မြက်ခင်းပြင်မှာ ကျနော်က အလည်ခေါင်မှာ မတ်တပ်ရပ်နေမိတတ်တယ်။ ဟိုဘက် ဒီဘက်ကြားမှာ စာဖတ်ရင်း ရင်မောနေရပြန်ရော။ ချစ်ခြင်းမေတ္တာမှာ မာနတရားက ထားသင့်ရဲ့လား။ မေးသာမေးရတာ ကျနော့မှာကော လို့ ပြန်မေးရင်း မဖြေရဲပြန်ဘူးလေ။

ပြီးတော့ တင်တင်ဇော်ဆိုတဲ့ ဇာတ်ကောင်တစ်ကောင်ရဲ့ “ ယောင်္ကျားလေးဆို ငါ့ထက်တော်မှ ရွေးချယ်မယ်” ဆိုတဲ့ စကားတစ်ခွန်းအတွက် တစ်ချိန်လုံး နောက်ကွယ်ကနေခဲ့တဲ့ဖြိုးဇော်(ဖြိုးကျော် ဖြစ်မယ်) ရဲ့အဖြစ်။ သူတို့တွေ့တဲ့ နောက်ဆုံးညလေး ကို ကျနော်အခုထိ အမှတ်ရနေဆဲလေ။

အမြဲမရှိဆိုတဲ့ ဟောဒီလောကကြီးမှာ ချစ်ခြင်းမေတ္တာနောက်မှာ ခွဲခွာခြင်း ဆိုတာ တွဲပါလာတတ်ပါတယ်။ ဘယ်လိုအကြောင်းကြောင်းကြောင့်ပဲ ခွဲရခွဲရ မခွဲခွာရခင် အခိုက်အတန့် ၊ လူ့ဘ၀သက်တမ်းတိုလေးအတွင်းမှာ မာနာတရားတွေ အနိုင်အရှုံးတွေ ကင်းကွာပြီး မိမိချစ်တဲ့ မိမိကိုလည်း ချစ်တဲ့ လူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်ခြင်းဖြင့် မဖြစ်မနေ ခွဲခွာရမယ့် အချိန်ကို စောင့်ဆိုင်းနေချင်မိတော့တယ်။

အားလုံးကိုလည်း ဆုတောင်းပေးပါတယ် " ကျွမ်းလျက်မကွာရပါစေနဲ့လို့"

11 March 2009

လေရနံ့နှင့် လွမ်းတော့သည် လေပြေသွေး၍ ဆွေးတော့သည်

သုတ်သုတ်ချီတိုက်နေတဲ့ လေပြည်ထဲမှာ ရနံ့တွေ ပါတတ်သည်။ မွှေးသလို အေးသလို အဆွေးပိုအောင် တိုက်တတ်သည်လေ။ ဒီရနံ့တွေက ဒီအချိန်ကာလမှာပဲ ရတတ်သည်။ ရနံ့နဲ့အတူ အသံတွေလည်း သိုးသိုးသန့်သန့်ကြားရတတ်သည်။ လူတွေအားလုံး လှုပ်ရွလှုပ်ရွ ဖြစ်စေတတ်သည်။ အပေါ်ကိုလည်း ခဏခဏ မျှော်ကြည့်တတ်ကြသည်။ စောင့်နေသည့် ကာလ မရောက်မချင်း အားလုံး စိတ်လှုပ်ရှားနေကြသည်သာ။

ကျနော်တို့ငယ်တုန်းကတော့ ဒီအချိန်ရောက်ရင် စီစဉ်စရာတွေ စီစဉ်ရပြီလေ။ ဗုံတိုခေါက်မည့်သူ လင်ကွင်းကိုင်မည့်သူ အဆို အကနဲ့စကြရပြီ။ မြို့လေးမှ ချစ်စရာကောင်းသည့် အလေ့အထမှာ မိမိရပ်ကွက် ခင်ရာမင်ရာ အိမ်တွေမှာ တစ်နိုင် အဆိုအကဖြင့် အလှူခံကြသည်လေ။ ဆရာ၊ဆရာမအသိုင်းအ၀ိုင်းဆိုတော့ အိမ်မှာက ဧည့်ပြတ်သည်မရှိ။ အိမ်ကလူကြီးတွေမှာ ကျပ်တန်လေးတွေ ငါးကျပ်တန်လေးတွေ တတ်နိုင်သလောက်ကြိုစုထားသမျှလေးတွေ သင့်ရာတော်ရာ ထည့်ကြရသည်ပေါ့။

ပြီးရင်တော့ အားလုံးကောက်ခံရသမျှထဲက ရပ်ကွက်အတွက် အလှူအတွက် ကျနော်တို့အတွက် သုံးပုံချပြီး ဒီနှစ်အတွက် အစီအစဉ်ကို စတင်ရေးဆွဲကြသည်။ မည်မျှစိတ်လှုပ်ရှားစရာကောင်းသည်ကိုတော့ လူတိုင်းခံစားမိမည်ထင်ပါသည်။

ဘယ်အတွက်နည်း။ သင်းပျံ့သော ရနံ့နဲ့ ဆူညံလှုပ်ရွ ပိုးထစေသော အကြင်ပွဲသည် သင်္ကြန်ဟုအမည်ရှိလေသည်။ မသိသူ ရှိမည်မထင်။

ငယ်စဉ်ကတည်းက သင်္ကြန်နဲ့ ထိတွေ့ဖူးသည်။ ပျော်ရွှင်ဖူးခဲ့ကြသည်သာလေ။ ကျနော်တို့ငယ်တုန်းက သင်္ကြန်မှာ ပျော်ရွှင်ဖွယ်အတိ။ ငါးရက်ဆိုလျှင် နှစ်ရက်က အိမ်တွင် ကျန်သုံးရက်က သင်္ကြန်လည်သည်။ အိမ်ရှေ့ တွင် ဇလားထဲရေဖြည့်၍ ရေပက်သည်။ မိုးစုံးစုံးချုပ်မှ ရပ်တော့သည်လေ။ သင်္ကြန်လည်သည့် ဂျစ်ကားများက တစ်နေ့လုံးနေမှ လေးငါးစီးရယ်။ အိမ်ရှေ့ဖြတ်သမျှ စက်ဘီးဆိုက်ကား လွတ်သည်မရှိစေရ။ လည်သည့်ရက်များတွင်တော့ မိုလာဗုံးလေးလွယ်အိတ်နဲ့ ကျောပိုးပြီး သင်္ကြန်မတိုင်ခင်က ၀ယ်ထားသော ရေပြွတ်များနှင့် စုပေါင်းလည်တတ်ကြသည်။ ဈေးဟောင်းနားက မဏ္ဍပ်နားက လူစည်တယ်။ အုန်းခြံဘက်ကလူများတယ် ခြေညောင်းသည်မရှိအောင် တစ်နေကုန်လျှောက်လို့လည်တတ်သည်။ ညဘက်ကျတော့ ကားအလှပြိုင်ပွဲနဲ့ အကတွေရှိတဲ့စီ။ များသောအားဖြင့်တော့ သစ်တောမဏ္ဍပ်က အန်တီ ကြီးကြီးတို့ ငယ်ငယ်တို့ (သူတို့ကအမွှာညီအစ်မလေ) ရှိတဲ့စီပေါ့။ ဆုကလည်း သူတို့ပဲရနေကြလေ။

မြို့ကနေခွာလာပြန်တော့ စက်ရုံသင်္ကြန်။ အကြိုနေ့မတိုင်ခင်တည်းက စက်ရုံထဲက ဌာနပေါင်းစုံ စတုဒိသာ။ ဗိုက်ကားအောင်စား ရေ၀အောင်ပက်ခဲ့သည်။ တစ်ခုတည်းရှိတဲ့ ဓမ္မာရုံမဏ္ဍပ်မှာ ရေကစားရင်း စက်ရုံက ကျွေးတဲ့ နေ့စဉ်စတုဒိသာများကို တစ်နေ့တစ်မျိုးမရိုးရအောင် ကြိုးစား စားခဲ့သည်ချည်း။ ညဘက်များတော့ မိသားစု အဆိုအက ဖြေဖျော်ပွဲ ပြီးတော့ ပျောက်ကွယ်လုနီးပါး သံချပ်ထိုးပွဲ မိုး..မိုးလား မောင်တို့ လေ…လေလားမောင်တို့က နေစလိုက်တာ စက်ရုံက အကြီးအကဲတွေကို စချင်စ ပြောင်ချင်ပြောင်ကြသည့် ပွဲ။ စိတ်ဆိုးရလည်း ခက်သည်မို့ အားလုံးက ဟဲဟဲနဲ့ မချိသွားဖြဲလေးတွေဖြစ်နေ။ ခုတော့ ဘယ်အရာမှ မရှိတော့။

အမှတ်တရအဖြစ်ဆုံးက မန်းသင်္ကြန်တွေ။ ဦးလေးတွေ ရှိတဲ့ မန္တလေးမှာ သုံးလေးနှစ်လောက်တော့ ပျော်ခဲ့ဖူးသည်လေ။ နန်းဆန်တဲ့ မန်းသင်္ကြန်ပွဲက အကြိုနေ့ ညနေက စသည်။ ကျုံးဘေးမှာ ကွေးနေအောင်ကသည့် မင်းသမီးတွေကို တမေ့တမော ငေးရသည်။ နင့်မေကလွှား လွှတ်လှတာပါလားဆိုသည့် တောကဦးရီးတွေ အသံက အားရစရာ။ မနက် ခြောက်နာရီကနေ ထပြီး ကျုံးဘေးမှာ တန်းစီနေကြ။ ကျုံးတစ်ဖက်ပြည့်ဖို့အရေး တကယ့်ကို အကြာကြီး။ ဗိုက်ဆာပြီဆို အပြင်ထွက် မန္တလေးတောင်ခြေက နန်းကြီးသုတ်စားပြီး ဘုရားတွေကြားမှာ နားတတ်သည်။ ဒါမှမဟုတ်ရင်တော့ ဦးပိန်တံတားအောက် မယ်ဇယ်ပင်တွေကြားမှာ အကြော်စားရင်းနားသည်လည်း ရှိသည်။ ထို့ထက်ပိုရင်တော့ ပြင်ဦးလွင်ကို တက် လမ်းတစ်လျှောက် ပန်းပိတောက်တွေ ကြွေအောင် သီချင်းတွေ မနားတမ်းဆိုပြီး တက်ကြပြန်သေးသည်။ အင်း မန်းသင်္ကြန်နဲ့ဝေးသည်လည်း ကြာခဲ့ပြီကော…

ရန်ကုန်မှာကျောင်းတက်ပြန်တော့။ ကျောင်းပြီးမှသည် ရန်ကုန်သင်္ကြန်နဲ့ တွေ့ထိရသည်။ ကျောင်းပိတ်ရက်တိုင်း အိမ်ပြန်ရသည်မို့။ မှတ်မှတ်ရရ နှစ်ခါသာ လည်လိုက်ရသည်။ ပထမအခေါက်က အစ်ကိုတွေနဲ့။ နောက်ဆုံးအခေါက်က သူငယ်ချင်းနှစ်ယောက်နဲ့။ စိုင်းစိုင်းဆိုပြီး လူကြီးတွေထအခုန် သံတန်းပေါ်က မစ်ကီလေးပြုတ်ကျတာ သတိမထားမိ။ စိုင်းစိုင်းမဏ္ဍပ်ကျော်မှ မစ်ကီလေးကို အစကပြန်ရှာရတယ်။ အဲ့လောက်ထိ။ ပြီးတော့ ပီးရေ မျက်မှန်သတိထား ဆိုပြီး သတိပေးတဲ့ အန်ကယ်ယောတစ်ယောက် သူ့မျက်မှန် ကျတော့မှ ဟောဗျာ ကွဲသွားပြီဆိုတဲ့ အဖြစ်ကိုလည်း အမှတ်ရမိပြန်ရော။

အလုပ်ထဲဝင်ပြီးနောက်ပိုင်းမှာတော့ သင်္ကြန်ရက်တိုင်း အသံနဲ့ပဲကျေနပ်နေရတဲ့အဖြစ်။ အပြင်မှာ တန်းစီစောင့်နေတဲ့ customer တွေ စတိုကလူတွေရဲ့ request တွေ planner ရဲ့ အစီအစဉ်တွေကြားမှာ လုံးချာလည်ရင်း ကုန်ဆုံးခဲ့သည်ချည်း။

ချစ်တဲ့မြေကို ကျောခိုင်းပြီးတော့ကော မနှစ်က သင်္ကြန်ဆိုတာ ဘာမှန်းမသိလိုက်။ ဆရာလေးကျောင်းမှာ စတုဒိသာစားလိုက်တာကလွဲလို့ သင်္ကြန်ဆိုတဲ့ အထိမ်းအမှတ်ဘာမှ မရှိခဲ့။ အသက်ပဲကြီးလာလို့လေလား အပျော်အပါးတွေကလည်း ဝေးကွာနေပြန်တယ်။

အခုလည်း အသံတွေကြားနေပြန်ပြီ စည်သံဗျောသံညံလေတဲ့ပွဲ။ လေထဲမှာ လွင့်နေတယ်။ လေထဲမှာ ပွင့်နေတဲ့ ပိတောက်တွေနဲ့ လွမ်းနေ ဆွေးနေ ရပေဦးတော့မည်လေ……….

အိုဘယ့် သင်္ကြန်

အလွမ်းပြေ သင်္ကြန်မိုး သီချင်းလေးတွေ တင်ထားပေးပါတယ်ဗျာ။

ဒီနေ့သင်္ကြန်ကို လွမ်းစေတဲ့ တရားခံကတော့ ချင်းတွင်းက ကိုကေအမ်တီရဲ့ ချင်းတွင်းသင်္ကြန် ကြောင့်ပါခင်ဗျာ…

05 March 2009

နှောင်ကြိုးရစ်ငင်


ဟင့်အင်း ကျနော်အရုပ်တစ်ရုပ်မဟုတ်ခဲ့ဘူး။ အထူးသဖြင့် မင်းကြိုးဆွဲရာကမယ့် အရုပ်တစ်ရုပ်မဟုတ်ဘူး။ အကယ်၍ကခဲ့တယ် ဆိုရင်လည်း ကြိုးတွေကြောင့်ဆိုတာတော့ မင်းသိထားစေချင်တယ်။ တစ်ဆိတ် အဲဒီကြိုးတွေကို ကျနော်မုန်းတယ်….

မြေနီကုန်းကိုကျော်လာပြီးတဲ့ နောက်ထပ်တစ်မှတ်တိုင်မှာ ကျနော်ဆင်းဖြစ်ခဲ့တယ်။ အကယ်၍ အဲဒီနေ့ကတည်းက ကျောင်းသားရေးရာကို မရောက်ဖြစ်ခဲ့ရင်၊ ဒါမှမဟုတ် မထက်မြတ်ကိုအပြင်ထွက်နေတာနဲ့များ ကြုံကြိုက်ခဲ့ရင် သိပ်ကောင်းမှာပဲလို့ အခါတစ်ရာမက တွေးခဲ့ဖူးတယ်။

ကျောင်းသားရေးရာ အရှေ့မှာထိုင်ရင်း ဖြည့်ရမယ့်စာရွက်ကို အပြန်ပြန်အလှန်လှန် ဖတ်နေမိတာ။ Nom ဆိုတဲ့နေရာမှာ နာမည်ထည့်ရမယ်လို့ထင်တာပါပဲ။ စာလုံးတွေအားလုံးကို လုံးစေ့ပတ်စေ့ နားမှမလည်နိုင်တာနော်။

ဘောပင် ခဏလောက်ငှားပါလားဆိုတဲ့အသံနဲ့ လက်ကမ်းလာတာမြင်မှ မော့ကြည့်လိုက်မိတယ်။ ခပ်ရှရှ အသံနဲ့ မိန်းမတစ်ယောက်ပါလား။ ငှားမယ်မဟုတ်လား ကိုယ်မေ့လာလို့ကွာလို့ အပြောလေးမဆုံးခင် ကူညီတတ်နေကြ ကျနော့လက်ထဲက ဘောပင်ကို သူ့ဘက်ပေးလိုက်ပြီးသားဖြစ်နေပြီ။

ကျနော်တက်ဖြစ်တဲ့ အတန်းက W1 weekend အတန်းပါ။ စနေ တနင်္ဂနွေ ညနေဘက် သုံးနာရီမှ အတန်းစတတ်တယ်လေ။ အတန်းထဲကို မရောက်ခင် စာကြည့်တိုက်ရဲ့ ဘေးကနေအဖြတ် အပေါ်လှေကားကနေ ရိပ်ခနဲ တစ်ချက်တွေ့လိုက်ရတယ်။ လှေကားပေါ်မှာ လူနှစ်ယောက်ထိုင်နေခဲ့တာ။

အတန်းထဲကို ၀င်တော့ ထုံးစံအတိုင်း နောက်ဆုံးခုံမှာပဲ နေရာ ယူမိပြန်ရော။ ဖတ်စာအုပ်တွေ စဝေတော့မှ သတိထားမိတယ်။ မနေ့က အမျိုးသမီး အတန်းရဲ့ ရှေ့ဆုံးညာဘက်ထောင့်မှာပါလား။ သူ့ဘေးမှာ အသားဖြူဖြူ စကားသံခပ်ဝဲ၀ဲနဲ့ အမျိုးသားတစ်ယောက်။ စာအုပ်ရဲ့ စာမျက်နှာတွေကို စစ်ရင်း စောစောက အရာတွေအားလုံး ကျနော့ရှေ့က လွင့်ထွက်သွားခဲ့တယ်။

A အာ b ဗေ c စေ d ဒေ ရွတ်သံတွေကြားမှာ သူမရဲ့ အသံက ထူးခြားနေပြန်ရော။ Bonjour! မင်္ဂလာပါလို့ သူမပြောတဲ့အသံက သိပ်ပီလွန်းပါလား။ သူမဥာဏ်ထက်မြက်တယ်ဆိုတာရယ် ဒီစာတွေကို သင်ထားပြီးသားဆိုတာရယ်ကို တော်တော်လေးကြာမှ သိလိုက်ရတာ သူသိပ်ပြီး ရိုးအလွန်းနေခဲ့ သလားလို့။

သိပ်မကြာတဲ့ အချိန်ပိုင်းတစ်ခုမှာ သူ့ဘေးနားက အရိပ်လေး ပျောက်သွားပြန်တယ်။ ဒီတစ်ခါလည်း နောက်ကျမှ သိရပြန်တာက အဲဒီအသားဖြူဖြူနဲ့လူ သြစတြေးလျမှာ ကျောင်းသွားတက်တယ်ဆိုပဲ။ သူတို့လူကြီးချင်း သဘောတူထားတယ်လို့ အဲဒီလူက ပြောခဲ့ဖူးတယ်ဆိုလား။ သူမကို တစ်ချိန်မှာ ပြန်ပြောတော့ သူမက မငြင်းပဲ သူမရဲ့ ထုံးစံအတိုင်း တဟားဟား အော်ရယ်ခြင်းနဲ့ အဆုံးသတ်ပစ်ခဲ့တာ။ အဲဒီထဲက မင်းရဲ့ လှောင်ရယ်သံတွေကို ကျက်မိသင့်တယ်။

အခုထိမှတ်မိနေတဲ့ နေ့ကတော့ ရှားပိကန်တင်းမှာပေါ့။ အဲဒီနေ့က L’opera က စားဖိုမှူးက ချိစ် တွေရဲ့ အကြောင်းရှင်းပြတဲ့နေ့။ အမျိုးမျိုးသော ချိစ်တွေရဲ့ အကြောင်းကို စိတ်ဝင်တစားနားထောင် ငေးမောနေတုန်း နောက်ကနေ စကားလှမ်းပြောသံသဲ့သဲ့ကြားလိုက်မိတယ်။ မင်းမေးရိုးနောက်က မှဲ့အနီလေးက ချစ်စရာလေးနော်တဲ့။ ကဲ ကျနော့ကို ဘယ်လောက်အထိရှက်ရွံ့သွားစေခဲ့သလဲ။ အားလုံးရှေ့ကို အာရုံစိုက်နေတဲ့အချိန်မှာ သူမကျနော့ကို ကြည့်နေခဲ့တာပါလား။

အခန်းထဲက ကိုကျော်စွာတစ်ယောက် အခန်းရဲ့ဟိုဘက်ဒေါင့်ကို ငေးငေးနေပါတယ်ဆိုပြီး မေးမိတော့ အမောပြေလေ အမောပြေတဲ့။ လားလား အမိပါပဲလား တယ်လည်း ဟုတ်နေတဲ့ အခြေအနေ။ ကိုယ်တိုင်တွေ့လို့ အဲဒီအဖြစ်အပျက်လေးပြန်မေးရင်လည်း မောင်တစ်ယောက်ကို အစ်မတစ်ယောက်က နင်ဘာမှမသိသေးပါဘူးဆိုတဲ့ ပုံစံနဲ့ ပြန်ကြည့်နေခဲ့သေးတယ်။

မင်းပုံစံကို မပြင်တော့ဘူးလားဆိုတဲ့ မေးခွန်းကိုမေးမှ ကိုယ်ကိုကိုယ် ပြန်သတိထားမိတယ်။ ကျနော်ဘာများဖြစ်နေခဲ့လို့ပါလိမ့်။ မင်းဘာကြောင့် အင်္ကျီဖြူတွေပဲ ၀တ်နေရတာလဲ။ ပြီးတော့ ကချင်ပုဆိုးလေးတွေပဲ ၀တ်နေရတာလဲ ဆိုမှ သဘောပေါက်တော့တယ်။ ကျနော့ရဲ့ ၀တ်စားဆင်ယင်မှုကို ပြောတာကိုး။ ဟင့်အင်း ကျနော်ဒါမျိုးပဲ ၀တ်တတ်လို့ပါဆိုတော့ နှာခေါင်းကို ရှုံ့ပြီး ပြန်လှည့်ထွက်သွားခဲ့ပြန်ရော။

ဘာဖြစ်လို့ ကျနော့နားကို ရောက်ရောက်နေတာလဲ။ ကျနော့ကို ပြုပြင်ချင်တာလား ?????

မင်းအတွက်ဆိုတဲ့ ပြက္ခဒိန်တစ်ခု။ သာမာန်မဟုတ်တဲ့ ကိုယ်တိုင်လက်နဲ့ လုပ်ထားတဲ့ ပြက္ခဒိန်တစ်ခုဆိုတာ မြင်ယုံနဲ့သိသာစေခဲ့တာ။ ရက်တွေကို လေးထောင့်ပုံ ပလတ်စတစ်လေးနဲ့ ရွှေ့လို့ရအောင် ဘယ်လိုများလုပ်ခဲ့ပါလိမ့်။ အပေါ်ဆုံးက ပုံလေးက ကျနော်တို့ အတန်းရဲ့ အမှတ်တရ ဓါတ်ပုံလေးနဲ့လေ။ ပုံထဲမှာတော့ လက်ပိုက်ပြီး အခန့်သားရပ်နေတဲ့ သူမမျက်နှာနောက်မှာ ဒီပြက္ခဒိန်ရဲ့ လျှို့ဝှက်ချက်တွေ မြင်နေခဲ့မိရင်ကောင်းမှာ။

Écoute(listening) မရတဲ့ ကျနော့ အတွက် တိတ်ခွေတွေနားထောင်ဖို့၊ သူမသိပ်ကြိုက်တဲ့ စာကြည့်တိုက်အပေါ်က ရုပ်ရှင်ပြခန်းလေးထဲမှာ ရုပ်ရှင်ပြရင်ကြည့်ဖို့ အမြဲ တိုက်တွန်းခဲ့တယ်။ လင်းရဲ့ အဲဒီ စာကြည့်တိုက်ကနေ အပေါ်ကိုတက်တဲ့ ဒီလှေကားလေးကို ကိုယ်အရမ်းချစ်တယ်လို့ ဘာဖြစ်လို့ တစ်ဖွဖွပြောခဲ့ပါလိမ့်။

Écouteတင်မကဲပဲ écrit (writing) မှာလဲ စာရေးဖို့ မစွမ်းပြန်ဘူး။ စာရေးဖို့ နေနေသာသာ verd form တွေနဲ့ကို ပတ်ချာလည်နေတော့တာ။ အတိတ်တွေ ပစ္စုပန်တွေအပြင် အထီးတွေ အမတွေကလည်း ပါနေတော့ ဥာဏ်နည်းတဲ့ ကျနော့အတွက် တကယ့်ကို အခက်အခဲ။ သူမ ရှိနေလို့သာပေါ့။ အင်းလေ တကယ်တော့လည်း သူမရဲ့ တည်ရှိမှုကို အသိအမှတ်ပြုသင့်ပါတယ်လေ။

combien de langue parlez vous? (How many languages can you speak?)ဆိုတော့
အဟဲ (Only four) ပါဆိုတော့ ကျနော့မျက်ခုံးတွေအပေါ်ကို ပင့်ကုန်ပါရောလား။ မိန်းမတစ်ယောက်ရဲ့ ဘ၀အတွက် လိုအပ်ချက်တွေက ဘာတွေပါလိမ့်။

ကိုယ့်မှာ သူငယ်ချင်းမရှိဘူးတဲ့ ငယ်ငယ်တည်းကဆိုပဲ။ ဘာလို့များလဲ။ မသိဘူးလေတဲ့ ဆယ်တန်းတုန်းက သူငယ်ချင်းတွေကလည်း အောင်စာရင်းနဲ့အတူ ပျောက်သွားကြတယ်တဲ့။ ဒါဆိုဘေးနားကလူတွေရောဆိုတော့ အပျော်တွေပါ လင်းရာတဲ့။ တတ်လည်းတတ်နိုင်ပါပေတယ်။

သူမပျောက်သွားတဲ့ တစ်ပတ်နှစ်ပတ်မှာ ကျနော့အတွက် ကျောင်းတက်ရက်တွေက ပျင်းရီငြီးငွေ့ဖွယ်ကောင်းနေပြန်ရော။ တစ်ခြားသူတွေရှိနေတတ်ပင်မယ့် စကားနည်းတဲ့ ကျနော့အတွက် မိတ်ဆွေဖြစ်ချင်တဲ့သူက ရှားပြန်ရော။ အမျိုးမျိုးမြင်တတ်သူတွေရဲ့ ကြားမှာ ကျနော်တို့ရဲ့ ရင်းနှီးမှုက အရောင်စုံနေခဲ့ပြီ။ ဒါပေမယ့် ကျနော့အင်္ကျီတွေ အဖြူရောင်ပါပဲ။

ကျောင်းပြန်တက်တဲ့နေ့က ထူးထူးခြားခြား ကျောင်းမှာ Performance ပြတဲ့နေ့လေ။ ကျောင်းကြီးတစ်ခုလုံးကို ကြိုးတွေနဲ့ သိုင်းချည်ထားတာပေါ့။ အခုအချိန်ထိ ဘာအဓိပ္ပါယ်လည်း မသိခဲ့။ ကျနော် သိလိုက်တာကတော့ အဲဒီမြင်ကွင်းကို ကြည့်ပြီး သူမ မျက်ရည်ကျနေခဲ့တာကိုပါပဲ။ တကယ်ပြောတာ အမြဲမာရေကျောရေ နိုင်လှတဲ့ လူတစ်ယောက် မျက်ရည်ကျတယ်ဆိုတာ မယုံနိုင်အောင်လောက်အောင်လေ။ တစ်ချို့လူတွေက အထဲကနူးညံ့မှုကို မမြင်လွယ်အောင် အပြင်ဘက်မှာ မာကျောခက်ထန်တတ်ကြသတဲ့။ သူတို့ရဲ့ ကြောက်ရွံ့မှုက သူတို့ကြောက်တတ်တာကို လူတွေသိမှာစိုးလို့ သတ္တိကောင်းဖို့ကြိုးစားရင်း သတ္တိကောင်းသူများအဖြစ် ထင်မြင်လာစေသတဲ့။ သူမလည်း အဲလိုမျိုးများလား။

ငိုစရာရှိခဲ့သလို ပျော်စရာတွေလည်း ရှိခဲ့ဖူးပါတယ်။ ကျနော်တို့ လှည်းတန်းက အပြန် ကျောင်းရှေ့ကို တက္ကစီငှားပြီးပြန်ခဲ့တဲ့နေ့ပေါ့။ ကျနော်တို့ကျောင်းနာမည်လည်း ပြောလိုက်ရော မင်းတို့အဲဒီကျောင်းကလားတဲ့။ အဲဒီကို ငှားစီးတဲ့လူတွေရော သူတို့အချင်းချင်းကော မျက်စေ့ မျက်စေ့ဆိုပြီး ပြောတတ်ကြတယ်နော်လို့ ပြောတော့ ကျနော်တို့နှစ်ယောက် ကားဆရာကိုလည်း အားနာ ရီကလည်းရီချင် မနည်းအောင့်အီးပြီး ကားပေါ်က အပြေးဆင်း ကျောင်းက လုံခြုံရေးဂိတ်ရှေ့မှာ တဟားဟားနဲ့ အော်ရယ်ခဲ့ကြဖူးသေးတယ်လေ။ တကယ်တော့ အဲဒီနေ့ရက်တွေက ရွှေရောင်နေ့ရက်တွေပါ နေ……။

နေ တကယ်တော့ ကျနော့ရဲ့ စာမျက်နှာအတော်များများကို နေ,ဖတ်ခွင့်ရခဲ့တာပါ။ အကုန်လုံးမဖတ်ပဲ ကျော်ဖတ်သွားတာရှိနိုင်သလို၊ ဖတ်ပြီးပင်မယ့် မသိချင်ယောင်ဆောင်ခွင့်လည်း ရှိပါတယ်။ စာမျက်နှာတွေကတော့ ဒီနေ့အထိ တစ်ရွက်မှ မဆုတ်မပြဲ တည်ရှိနေဆဲပါ။

ရင်းနှီးခင်မင်ခြင်းမှသည် ကျနော့အတွက် နေဆိုတဲ့ မှတ်တိုင်တစ်ခုက ပြတ်ပြတ်ထင်ထင်ရှိလာပြီဆိုခါမှ နေရယ်။ ဟိုတစ်ခါ တစ်ပတ်နှစ်ပတ်ပျောက်သွားတုန်းက သွားဖြေခဲ့တဲ့ ဂျပန်နိုင်ငံက စကောလားရှစ်နဲ့ ဟိုမှာ နှစ်ပေါင်းများစွာ သွားရတော့မယ်ဆိုတဲ့ သတင်းနဲ့ ကျနော့ကို လှုပ်နိုးခဲ့တယ်။ နောက်တစ်ပတ်ကစပြီး ဂျပန်စာသင်တန်းမှာပဲ အချိန်ပြည့်ရှိမယ်ဆိုပြီး အနားက ပြန်ထွက်သွားပြန်ရော။

လင်းရယ် သံယောဇဉ်ဆိုတာ မရှိသင့်ဘူးတဲ့။ တကယ်တမ်း ဒီလိုမျိုးမဖြစ်သင့်ဘူးမဟုတ်လားဟင်တဲ့။ တို့နှစ်ယောက်ရဲ့ သူငယ်ချင်းအဖြစ်ကို ဒီလိုမျိုး ခွဲရမယ်လို့ မထင်ထားချင်ဘူး။ မဟုတ်ဘူး တကယ်တော့ အဲဒါတွေကို ကိုယ်ကြိုသိပါတယ်။ ဒါပေမယ့် လင်းရယ်..ကိုယ်လင်းကို ဒုက္ခပေးမိပြီထင်ပါရဲ့ လို့ မငိုပဲ မရွှင်တဲ့ မျက်နှာနဲ့ ပြောခဲ့ဖူးတယ်။

ဒါပေမယ့် ကျနော် ပြန်ပြောမိခဲ့တဲ့ စကားက

ဟင့်အင်း ကျနော်အရုပ်တစ်ရုပ်မဟုတ်ခဲ့ဘူး။ အထူးသဖြင့် မင်းကြိုးဆွဲရာကမယ့် အရုပ်တစ်ရုပ်မဟုတ်ဘူး။ အကယ်၍ကခဲ့တယ် ဆိုရင်လည်း ကြိုးတွေကြောင့်ဆိုတာတော့ မင်းသိထားစေချင်တယ်။ တစ်ဆိတ် အဲဒီကြိုးတွေကို ကျနော်မုန်းတယ်….

တောက် တစ်ချက်ခေါက်ပြီးတဲ့နောက် နေဆိုတဲ့ မိန်းမတစ်ယောက် ကျနော့အနားက ထာဝရပျောက်ဆုံးသွားခဲ့ပါတယ်။

တကယ်တမ်း သံယောဇဉ်ဆိုတာ နဲ့ ကျနော်တို့ ရပ်တန့်နေမှာတဲ့လား။ ပြီးတော့ ကျနော်က သူ့ကို ယုံကြည်နိုင်ပါ့မလား။ သူမရဲ့ အပျော်အပျက်တွေကြားမှာ ကျနော့ကို ဘယ်နေရာမှာ ထားမှာတဲ့လဲ။ ကျနော်ကကော သူမ ပေးတဲ့ နေရာတစ်ခုမှာ ကျေနပ်ပျော်ရွှင်နေမှာတဲ့လား။ မဖြစ်နိုင်ဘူးထင်ပါတယ်။ လူရယ်လို့ဖြစ်လာရင် အတ္တတွေ လောဘတွေ မာနတွေနဲ့ ရှင်သန်နေတတ်ကြတာလေ။

အဲဒီညနေ က ကျနော့ ဒိုင်ယာရီထဲမှာ စာတစ်ချို့ ချရေးဖြစ်ပါတယ်။

နှောင်ကြိုးရစ်ငင်
ချစ်ကြင်ချင်လည်း
ခင်သူ မ၀ံ့
မဆင်ရဲ

ပြီးတော့ အောက်ဆုံးနားမှာကပ်ပြီး

au revoir

နောက်နေ့မှာလည်း အင်္ကျီအဖြူရောင်လေးဝတ်ပြီး ကျနော်ကျောင်းတက်ခဲ့ပါသည်။ အတန်းထဲမှ လူများထူးဆန်းသလို အကြည့်ကိုလည်း ကျနော် သတိထားမိပါသည်။

ထိုနေ့မှစ၍ ကျောင်းတွင် ချည်ထားခဲ့သောကြိုးများ လုံးဝမရှိတော့ပါ။ ကျနော်သိပ်ကြိုက်သွားမိတဲ့ သီချင်းလေးက Celine Dion ရဲ့ je t’aime encore ဆိုတာပါပဲ။


ရှေ့ဆက်ရန်မရှိတော့ပါ

စကားပုံဆက်စပ်ခံစားမှု

လှိုင်းမလွန့်
လှေမလူး
စိတ်အလူးရယ်ကြောင့်
အရူးအမူး......

မက်ဆီကိုဘမ်းလေး မမေ့သေး

ဟိုတစ်လောက ညီငယ်တစ်ယောက်ရဲ့ အားငယ်နေမှုကို အားပေးနေရင်း ကိုယ်အကြောင်းတွေ ပြန်ပြောင်း အောက်မေ့ပြန်ရော။ ဒီနေ့ကို ရောက်ဖို့ ဟိုတုန်းက အကြောင်းလေးတွေပေါ့။ နေရိပ်အလာကို နေပူက စောင့်ဆိုတာကိုး။ နေရိပ်ကလည်း ရောက်ခဲပြန်ရော။

မက်ဆီကိုဘမ်းလေးနဲ့ စတင်မိတ်ဆက်ခဲ့တာက မြိုင်ဟေဝန်ဆိုတဲ့ စတိုးဆိုင်လေးပါ။ အခုလို စီးတီးမတ်တို့လို ကြီးကြီးမားမားတွေ မပေါ်သေးတဲ့ ၁၉၉၈ခုနှစ်ကပါ။ အစ်မတစ်ယောက်ဆီက အလုပ်နေရာလပ်ပေါ်နေတယ်ကြားတာနဲ့ သင်တန်းတစ်ခု အပြီးမှာ တင်လိုက်မိတာ။ အင်တာဗျူးဆိုတာ ပထမဆုံး အလုပ်လုပ်မယ်ဆိုလည်း ပထမဆုံး ပြီးတော့အသက်ကလည်း ငယ်နေသေး (ကျနော်တို့ နိုင်ငံအနေအထားနဲ့ ကိုယ့်ဘာသာကို သတ်မှတ်နေမိတာပါ)။ ပိုဆိုးတာက နိုင်ငံခြားသားနဲ့ ဗျူးရမှာဆိုတော့ ခပ်လန့်လန့်နဲ့။ Excel sheet တစ်ရွက် အစမ်းရိုက်ခိုင်းပြီး အဲဒီအလုပ်ကို ရခဲ့တာပါ။ လုပ်ရမယ့်အလုပ်က EDP Clerk (Electronic Data Processing) ရတဲ့လခက ၆၅၀၀။ တစ်နေ့ကို နှစ်ဆိုင်းရှိတယ်။ အလုပ်ချိန်နည်းနည်းများပေမယ့် ပျော်ခဲ့ပါတယ်။

ဆိုင်လေးကငယ်တယ်ဆိုပေမယ့် စုံတော့စုံသား။ သတင်းစာတွေ ပန်းတွေက လေယာဉ်နဲ့အတူ နေ့စဉ်မပြတ် ပြီးတော့ ဖောက်သည်တွေကလည်း ပုံမှန်။ ကိုယ်တိုင်လုပ်တဲ့ မုန့်ဆိုင်လေးနဲ့ သပ်သပ်ခပ်ခပ်လှလှပပ။ တစ်နေ့ရောင်းရငွေ ဆယ်သိန်းဝန်းကျင်လောက်။

အဲဒီမုန့်ဆိုင်လေးမှာ ကျနော်မကြားဖူးတဲ့ မုန့်အဆန်းတွေ အများကြီး။ စျေးတွေကလည်း ကြီးသေး။ အားလုံးထဲမှာမှ မက်ဆီကိုဘမ်းလေးက စျေးအနည်းဆုံးလေ။ ခြောက်ဆယ်ထဲ။ ကျန်တာတွေမလှမ်းနိုင်တဲ့နောက် မက်ဆီကိုဘမ်းလေးနဲ့က အသင့်တော်ဆုံး။ တစ်လုံးဆိုတစ်လုံး ဗိုက်လည်းပြည့်တယ်လေ။ အပေါ်ယံအခွံ မာမာလေးကိုလည်း ကြိုက်မိတာကိုး။ ပူပူနွေးနွေး စားကောင်းတယ်ဆိုတဲ့ ပီဇာတို့ဘာတို့က ရာကျော်လေ။ အနားကပ်ဖို့နေနေသာသာ မှန်ပြတင်းထဲက မြင်ရတယ်ဆို ကျေနပ်သင့်ပြီ။

တကယ်တမ်း တစ်ဆိုင်လုံးရောင်းကုန်ထဲမှာ မက်ဆီကိုဘမ်းလေးက စျေးအနည်းဆုံး။ ဒါပေမယ့် ခြောက်ဆယ်ဆိုတဲ့ မုန့်ကို ဝယ်စားဖို့တောင် ချီတုံချတုံ နေရတာ။ တစ်နေ့ဝင်ငွေနဲ့ တွက်မျှကြည့်ရင် တော်တော်များနေပြီ။ ဒါပေမယ့် တစ်နေ့သား နောက်တစ်ချိန်အစားဝင်မယ့် အစ်မတစ်ယောက် နေမကောင်းလို့ မဝင်နိုင်တော့ ဆက်ဆင်းရတာပေါ့။ ညဘက်ဆိုင်ပိတ်ချိန်က ၁၀နာရီ။ ကောင်တာသိမ်း တစ်နေ့တာအရောင်းစာရင်းထုတ်ပြီး ဖယ်ရီပေါ်ရောက်ရင် ၁၁နာရီ မကျော်ရင် ကံကောင်း။ အိမ်ရောက်ရင်တော့ ၁၂နာရီအသာလေး။ အဲဒီတော့ နေ့လည်က စားထားလို့ပြောင်နေပြီဖြစ်တဲ့ ထမင်းချိုင့်လေးလည်း မကယ်နိုင်တော့။ ဆိုတော့ ခြောက်ဆယ်ဆိုတဲ့ မက်ဆီကိုဘမ်းလေးကိုပဲ ဝယ်စားလိုက်ရတယ်။ အဲဒီနေ့ကစပြီး အလုပ်ထွက်တဲ့ အချိန်အထိ မက်ဆီကိုဘမ်းလေးက ကျနော့အဖော်။ ကျနော့အတွက် အားထားရာသာဖြစ်ခဲ့တာ။

ရတဲ့လခလေးက အိမ်အတွက် စားစရိတ် လမ်းခရီးစရိတ် တက်နေတဲ့ ကျောင်းစရိတ်တွေ နှုတ်လိုက်ရင် သိပ်မကျန်ချင်တော့။ မှတ်မှတ်ယယ UFL အပြန် လမ်းကြုံလိုက်တဲ့ သူငယ်ချင်းကားနဲ့ တစ်ခြားကား ပြဿနာတက်လို့ ဆင်းပြီး ဖြေရှင်းပေးတုန်း ကျနော့ ထမင်းချိုင့်လေး အလစ်သုတ်ခံရဖူးတယ်။ အိမ်ကိုလည်း ပြန်မတောင်းရက်နဲ့ နှစ်လလောက် ပြန်စုပြီး တိတ်တိတ်လေးပြန်ဝယ်ဖို့ မက်ဆီကိုဘမ်းနဲ့ သုံးလလောက်ဝေးခဲ့ရသေးတယ်။ ဗိုက်ဆာရင်လည်း ထမင်းချိုင့် ထမင်းချိုင့်နဲ့ အားပေးရင်း မုန့်ဆိုင်ဖက် မလှမ်းဖြစ်အောင်ပေါ့။

မတန်ခူးရဲ့လွမ်းတဲ့အလွဲများထဲက လို အလွဲတွေကအများကြီး။ ပျားရည်ပုလင်း ကော်ဇောပေါ်မှောက်ကျလို့ ကွက်နေတဲ့ ကော်ဇောမြင်ရင် ဘော့စ်က ကျနော့ကို အမြဲ လက်ညိုးထိုးနေကျ။ ပြီးတော့ သိန်းကျော်တန်ပါတယ်ဆိုတဲ့ Crystal အရုပ်ကလေး သောင်းကျော်တန်တဲ့ တရုပ်ကြွေပန်းအိုးလည်ပင်းကျဉ်းကျဉ်းလေးထဲ ကျသွားလို့ ပြန်ထုတ်မရတဲ့ အချိန်ဇောချွေးတွေပြန်ရတဲ့ အချိန်တွေ။ လျော်ကြေးပေးရမယ်ဆို ဘယ်နှစ်နှစ်လောက်လစာမဲ့ လုပ်ပေးရမလဲ လုံးဝကိုမတွေးရဲ။ ကလေးဆန်နေတဲ့ ကျနော့ကို ဘော့စ်ကအမြဲဆူတာတွေတကယ့်ကို မက်ဆီကိုဘမ်းလေးနဲ့တွဲလျက်။

ခုတော့ ညီငယ်ကိုအားပေးရင်း အတိတ်ဘဝက မက်ဆီကိုဘမ်းလေးကို ပြန်မြင်ယောင်မိတယ်။ မုန့်ဖိုထဲက အထွက် ပူပူလေးဆို မွှေးတေးတေးနဲ့ အင်း မက်ဆီကိုဘမ်းရေ အခွင့်ရှိသေးရင် တို့နှစ်ယောက် ပြန်တွေ့ကြသေးတာပေါ့………..

04 March 2009

စကားပံု

လှေကပဲလူးတာလည်း
လှိုင်းကပဲလွန့်တာလား
ငါ့မှာတော့
မူးလို့......

ရပ်ကြည့်သွား

မင်းအနားမှာနေရင်း
မင်းအလိုရှိသလား
မရှိသလား
လိုအပ်သလား
မလိုအပ်သလား
ကိုယ်မသိဘူး
တရှိန်ထိုးရှေ့ဆက်ဖို့
မင်းအတွက်
လိုအပ်မယ်ချည်း
ထင်နေတတ်တဲ့ ကိုယ့်အတွက်
မင်းလိုအပ်ရင်
ရပ်ဖို့
မင်းဆန္ဒရှိရင်
ကြည့်နေရုံလေးနေဖို့
မင်းအလို မရှိတော့ရင်
အနားက ထွက်သွားဖို့
တစ်ဆိတ်လောက်
အချက်ပြပေးပါ………….

မနေ့က အစ်ကိုတစ်ယောက်ရဲ့ ခံစားချက်အတွက်

01 March 2009

နားလည်ရန်ခက်သော ချစ်ခြင်းတရားနဲ့ ကျနော်တို့




စနေနေ့ညက ရုပ်ရှင်ကြည့်ဖြစ်ပါတယ်။ He’s Just Not That Into You ဆိုတဲ့ကားလေးပါ။ ဇာတ်ကားကို လုံးစေ့ပတ်စေ့နားမလည်ပေမယ့် ပျော်စရာလေးတွေပါ ပါဝင်တဲ့ ကားလေးတစ်ခုပါ။ ဇာတ်ကားပြီးသွားတော့ ထုံးစံအတိုင်း အတွေးတွေက ကျန်နေခဲ့ပြန်ရော…..

ဖုံးခေါ်ခြင်းကို စောင့်နေရတဲ့ သူတစ်ယောက်ဘ၀ကို တကယ်စာနာမိပါတယ်။ ဖုံးခေါ်လေမလားရယ်လို့ ခဏခဏကြည့်ရတာအမော။ လာသမျှဖုန်းတွေက ကိုယ်မျှော်တဲ့ ဖုန်းမဖြစ်ရင် ခဲလေသမျှ သဲရေကျပြန်ရော။ မခေါ်ပဲ ရက်စက်စွာနေနိုင်တယ်လို့လည်း ပြောခွင့်က မသာပြန်ဘူး။ ကိုယ်ကစခေါ်ပြန်တော့လည်း တစ်မျိုးဖြစ်နေပြန်တယ်။ မ၀ံ့မရဲ တွန့်ဆုတ်နေရတာမျိုးပါ။ ခေါ်ချင်တာကတော့ တစ်ပိုင်းကို သေလို့ပေါ့။ သူဖုံးမခေါ်ဖြစ်တာ ဖုံးနံပါတ်ပျောက်သွားလို့ဖြစ်မှာပါ၊ အလုပ်မအားလို့ဖြစ်မှာပါ၊ အရေးတကြီးလုပ်စရာရှိလို့ဖြစ်မှာပါနဲ့ ဖြည့်တွေးရင်း ဗျိုင်းလည်ပင်းကို ဖြစ်လို့။

နောက်တစ်မျိုးက ကိုယ်ချစ်မိတဲ့သူက လိမ်ညာခြင်း။ ကျနော်လည်းလိမ်ညာခြင်းကို ဘယ်လိုမှ ခွင့်မလွှတ်ချင်တတ်ဘူး။ ချစ်တဲ့သူရဲ့ လိမ်ညာတာကို ခံရရင် ပိုပြီး ခံရခက်ပါတယ်။ ယုံကြည်ထားသမျှအတွက် လုပ်ရက်လေခြင်းဆိုတဲ့ နာကျင်ခြင်းက ဘယ်အရာနဲ့မှ ဖြေသိမ့်လို့မရဘူးလေ။ ချစ်ခြင်းရဲ့နောက်မှာ မျက်စိတွေကန်းသွားတတ်ကြတာကိုး။ ဖြစ်နိုင်ရင် ကိုယ်ချစ်တဲ့သူတွေကို မလိမ်ညာသင့်ဘူးထင်တယ်။ သူတို့ဘယ်လို အလေးအနက်ထားသလဲ ကိုယ်မှ မသိနိုင်တာ။ လိမ်ညာတဲ့သူဟာ ချစ်တဲ့သူတွေကို စော်ကားနေတယ်လို့ ကျနော်တော့ သတ်မှတ်မိမလားပဲ။ ကတိတွေပေးပြီး မသိမသာ ချိုးဖောက်နေရင်လည်း လက်မခံချင်တတ်ဘူး။ မဖြစ်နိုင်တဲ့ ကတိဆိုရင် ချစ်တဲ့သူကိုအစတည်းက မပေးကြပါနဲ့လား။

ချစ်တဲ့သူရဲ့ဖောက်ပြန်ခြင်း။ အပျော်ရှာတယ်ပဲပြောပြောလေ ဘယ်သူက လက်ခံနိုင်မလဲ။ ကိုယ့်ကိုတော့ ချစ်ပါတယ် ဒါပေမယ့် အပျော်လေးတော့ ရှာပါရစေ ဆိုတာမျိုးကို ဘယ်နှလုံးသားနဲ့ နာခံနိုင်မလဲ။ မင်းကိုလည်းမစွန့်လွှတ်ပါရစေနဲ့ အပျော်တွေကိုလည်း ဆက်ရှာပါရစေဆိုတဲ့ လူမျိုးကို ချစ်မိရင်တော့ တစ်သက်စာ စိတ်ဆင်းရဲနေမှာပဲ ထင်ပါရဲ့။ ချစ်ခြင်းရဲ့ နောက်က ရယူပိုင်ဆိုင်လိုခြင်းနဲ့ သ၀န်တိုခြင်းဆိုတာတွေကို ဘယ်လို ကျော်ဖြတ်နိုင်မှာတဲ့လဲ။

အပျော်ရှာတဲ့သူတွေကရော တကယ့်ချစ်တတ်တဲ့ နှလုံးသားမဲ့လေရော့သလား။ ကိုယ့်ကို နှစ်နှစ်ကာကာ ချစ်တဲ့သူ ရှိပါလျက် ဘာအတွက်ရယ် စိတ်ကစားလေတယ်မသိ။ သူတို့မှာလည်း သူတို့အကြောင်းနဲ့ သူတို့တော့ ရှိရှာမယ်ထင်ပါတယ်။ ဒါပေမယ့် မဖြစ်သင့်ဘူးလေနော်။ ကိုယ်တစ်ကယ်ချစ်တယ်ဆိုရင် ချစ်တဲ့သူရဲ့ စိတ်ပင်ပန်းအောင်တော့ မလုပ်သင့်ဘူးထင်တာပါပဲ။ ချစ်သူကို စိတ်ချမ်းသာအောင်ထားခြင်းဖြင့် ကိုယ်တိုင်လည်း ရောင်ပြန်ဟပ်ပြီး စိတ်ချမ်းသာမှာပါ။

ကိုယ့်အိမ်ထောင်ဘက်က တစ်ခြားလူတစ်ယောက်နဲ့ အိပ်စက်ခဲ့မိပြီဆိုပါတော့။ ဘယ်လိုတုန့်ပြန်မလဲ။ လက်ခံမလား။ ဇာတ်ကားထဲမှာတော့ နင်ငါ့အသားကို မထိနဲ့ဆိုပြီး အော်မိတတ်ကြတာပါပဲ။ အနောက်နိုင်ငံအတွက် သိပ်မလေးနက်ပေမယ့် ကျနော်တို့အတွက်တော့ ကိုယ်ကျင့်သီလနဲ့ပါ ပတ်သတ်နေလေတော့ တကယ့်ကို မချိုးဖောက်သင့်ဘူးလေ။ အတွေ့ဆိုတာမျိုးကလည်း အခက်သားလား။ စံရှားတင်ရဲ့ သရုပ်ဆောင်မှုကိုတောင် ပြန်မြင်ယောင်မိတယ်။ ဆိုဖီယာလောရင်းကြီးဆိုလို့ပြောရင်း ပြန်ထိန်းချုပ်ရမှာတဲ့လား။ အခုခေတ်မှာတော့ သိပ်မထူးဆန်းတော့သလိုပါပဲ။ ဒီလူ့အပေါ်မှာလည်း ချစ်ခြင်းက ကျွံဝင်လျက် ပြီးတော့ သူရဲ့ ပြစ်မှုကိုလည်း လက်မခံနိုင် ဘယ်လောက်ပင်ပန်းတဲ့ စိတ်လွန်ဆွဲမှုကို ဖြစ်စေခဲ့မလဲ။

ချစ်ခြင်းဆိုတာက အဲ့ဒီလူကို အမြဲမပြတ်သတိရမိစေတာလား။ ဂရုစိုက်နေမိတတ်တာလား။ ဖုန်းတွေခေါ်နေမိတတ်တာလား။ ဇာတ်ကားထဲမှာတော့ ချစ်သူရဖို့အတွက် ဇွဲမလျော့လေတဲ့ ဂျီဂျီ့ကို ချစ်မိသွားပြီဆိုတာကို အဲလက်စ်က အဲဒီခံစားမှုတွေနဲ့ပြသသွားခဲ့ပါတယ်။

တကယ်တမ်းတော့ ချစ်ခြင်းတရားက နားလည်ရန်ခက်ခဲလွန်းပါတယ်။ မြုပ်ထားတဲ့ ဗုံးတစ်ခုလိုပဲ ဘယ်အချိန်ကွဲမလဲ ဘယ်လိုကွဲမလဲ ဘာအကြောင်းအရာနဲ့ ကွဲမလဲ မှန်းဆရခက်လွန်းတယ်။ မချစ်မိဖို့ကြိုးစားရင်း ချစ်မိသွားတတ်သလို မချစ်သင့်ဘူးဆိုတာသိသိကြီးနဲ့ ချစ်မိသွားတတ်တာမျိုးလေ။ အင်း..ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ ချစ်ခြင်းတရားတွေ ပိုင်ဆိုင်သူတွေဖြစ်ကြပါစေတော့ရယ်လို့သာ ဆုတောင်းနေမိတော့တာပါ….