လိမ္မော်သီးတွေတောင်လိုပုံနေပြီ။ အိမ်ကိုသယ်ရတာတောင် မနိုင်မနင်းလေ။ ကျန်ကျောင်းကြွပ်ကြွပ်အိတ်တစ်လုံး တစ်လုံးကို နေ့တိုင်းသယ်နေရတာ။ အိမ်ကလူတွေကလည်း စားလို့တောင်မနိုင်တော့တဲ့ အချိန်။ လိမ္မော်တွေ ပေါတဲ့ ရာသီရောက်ပြန်ပါပကော….
ဘုံရုံမှာ တစ်လလောက်အလိုတည်းက ကျနော်တို့တွေ စလေ့ကျင့်နေကြရပြီလေ။ ဗုံသံတစ်စီစီနဲ့ လက်မောင်းအောင့် တစ်ကိုယ်လုံးနာအောင်ကျင့်ကြရတာ။ လူငယ်တွေဆိုတော့လည်း အပျော်အပါးနဲ့ ကုသိုလ်ရေးမို့ တတပ်တအားပါဝင်ကြတာပါပဲ။ ကျနော်တို့ကလို့ ရလာတဲ့ အလှူငွေနဲ့ ဘုံရုံကိုပြုပြင်ရမှာပါ။ ဘုံရုံမှာ တစ်နှစ်နှစ်စာလာဖတ်ကြတာက မနည်းမနော။ ကျောင်းလခလေး အနည်းအကျဉ်းသာကောက်ခဲ့တာမို့ ကျောင်းပြင်ဖို့က မလောက်ငှ။ နှစ်သစ်ကူးချိန် လာဘ်လာဘ ကောင်းတယ်ဆိုတဲ့ အယူအဆနဲ့ တရုတ်အိမ်တော်တော်များများက ကျနော်တို့ နဂါးအဖွဲ့ရဲ့ အကကိုကြိုဆိုနေကြ လှူဒါန်းနေကြ။
လူကိုးယောက်ပါတဲ့နဂါးတစ်ကောင်ရဲ့ ကျောရိုးက သိပ်မရှည်လွန်းလှပါဘူး။ ကြီးမားလေးလံလွန်းတဲ့ ဦးခေါင်းကို လေးချင်လေးပါစေ အလှအပတွေမွမ်းမံ မျက်လုံးနှစ်စုံကိုလည်း မီးလုံးတွေနဲ့ အလှဆင်မပျက်။ ဗုံသံနဲ့ အတူ နဂါးကြီးနိုးထလာချိန်ကတော့ သိပ်ကိုကြည့်လို့ကောင်းပြီပဲပေါ့။ ရေလှိုင်းပုံတွေ အခုန်အကျော်တွေ အတိုးအဝှေ့တွေနဲ့ နဂါးတစ်ကောင်ရဲ့ သက်ဝင်မှုကို ပင့်သက်တွေနဲ့ လှုပ်ရှားပေးရတာ တစ်မျိုးတော့ စိတ်လှုပ်ရှားစရာ။ ရွဲဆရာရယ် နဂါးခေါင်းနဲ့ အမြီးရဲ့ တစ်လှည့်စီဦးဆောင်မှုအောက်မှာ စည်းချက်ညီ အလိုက်သင့် ကရတာလေ။ အလိုက်သင့်မဟုတ်လို့ကတော့ နှစ်လက်မ ပတ်လည် အသားတုတ်နဲ့ မျက်နှာနဲ့ မိတ်ဆက်ဖို့ကများနေတော့တာ။ ရွဲဆရာရဲ့ လက်နှစ်ဖက်ကိုလည်း သတိထားကြည့်ရပါသေးတယ်။ နဂါးကြီးရဲ့ ကကြိုးကကွက်တွေကို သူ့လက်ချောင်းတွေနဲ့ အကူးအပြောင်းလုပ်သွားခဲ့တာကိုး။
အပျော်ဆုံးအချိန်ကတော့ ရွဲဖျောက်တဲ့ အချိန်ပါပဲ။ ပျောက်သွားတဲ့ ရွဲလုံးကို တစ်ကိုယ်လုံး ဟိုရမ်းဒီရမ်းနဲ့ လိုက်ရှာရတဲ့ ကကွက်ပါ။ အားလုံးပင်ပန်းပင်မယ့် ဟေး လို့ တညီတညာတည်း အော်လိုက်ရင် တီးနေတဲ့ ဗုံသံနဲ့အတူ သွေးတွေက ဆူပွက်နေမြဲ။ ဘယ်လောက်ပင်ပန်းပါစေ ရွဲဖျောက်ပြီဆိုရင် လူတိုင်း ဝင်ကချင်နေကြပြီ။
နှစ်သစ်ကူးမတိုင်ခင်နှစ်ရက်လောက်တည်းက ကျနော်တို့ရပ်ကွက်ပတ်ပတ်လည် ကနေကြရပြီ။ ကျနော်တို့တွေ စိတ်ဝင်စားကြတာက အိမ်တိုင်းအိမ်တိုင်းက တရုတ်မချောချောလေးတွေရယ် အထုတ်နီနီလေးတွေရယ်ပါ။ အအေးပုလင်းတွေဆိုတာ မသောက်ချင်မှ အဆုံး ချောင်းဆိုးမှကို ရပ်ကြတော့တာ။ ချိုချဉ် ချောကလက်တွေလည်း လက်တွေနဲ့ ဆုပ်ဆုပ်လို့ ယူသွားလိုက်ကြတာ။ ကောင်းနိုးရာရာလေးတွေကို စားမယ်လို့ ခါးစည်းကြိုးမှာ စည်းထားပင်မယ့် မကြာခင်မှာ ပြုတ်ကျသွားတာက ခပ်များများ။ နောက်တော့ လမ်းတစ်လျှောက်က တွေ့သမျှကလေးငယ်တွေကိုပဲ ပြန်ဝေပေးလိုက်ကြတာပါပဲ။
စုစုပေါင်း ကဖြစ်ရင် ခုနှစ်ရက်လောက်ဆက်တိုက် ကပါတယ်။ မြို့ထဲကိုတော့ နှစ်ကူးပြီဆိုမှ ဝင်ပြီပေါ့။ တစ်ခြားနဂါးတစ်ကောင်နဲ့ဖြစ်ဖြစ် ခြင်္သေ့တွေနဲ့ဖြစ်ဖြစ် လမ်းမှာဆုံဖြစ်ရင်လည်း သူနိုင်ကိုယ်နိုင်အပြိုင်ကရတာ မမောနိုင်မပန်းနိုင်။ ကုက္ကိုင်းဘုံကျောင်းမှာကတဲ့နေ့လည်း ပျော်ရွှင်စရာတွေပါပဲ။ ယောကျ်ားလေးချည်း အယောက်သုံးဆယ်ဆိုတော့ တကယ့်ကို ဗရုတ်ဗရက်လည်း နိုင်လှပါတယ်။ ဒါပေမယ့် အမြင့်ကအန်ပေါင်းထုတ်ကို ယူရမယ်ဆိုလည်းလာခဲ့၊ ကျွဲကော်သီးခွဲခိုင်းမယ်ဆိုလည်း လာခဲ့ ဘက်တူရင်လူမရွေးဘူးဆိုတဲ့ လူတွေမို့ တကယ့်ကို အားရစေခဲ့တာပါ။
နေရာသိပ်ကျဉ်းရင်လည်း ကလို့ အဆင်မပြေပါဘူး။ ကကွက်ဖော်တဲ့နေရာမှာ အရမ်းဂရုစိုက်ရပါတယ်။ ပိုင်အိုးနီးယားလို နိုက်ကလပ်ရဲ့ အကကြမ်းပြင်က ကျနော်တို့ နဂါးအတွက် မအပ်စပ်ခဲ့ဘူးလေ။ တော်တော်များများက နိုက်ကလပ်ဆိုတာကို ပထမဆုံးရောက်ဖူးကြတာမို့ မျက်လုံးတော့ အကျယ်သားကလား။ တကယ်တမ်းနင်လားငါလား ကလို့ကောင်းတဲ့နေရာတွေက စံပြလမ်းမကျယ်ကြီးနဲ့ ရွှေသံလွင်ကားဝင်းပေါ့။ ရွဲဖျောက်လို့ ကောင်းမှကောင်း ခဏခဏဖျောက်နေတဲ့ ရွဲဆရာကို မကြာခဏဆဲဆိုနေကြရတော့တာ။
သူတို့တွေလည်းဘာသားတွေမို့လည်း လေးရက်က ငါးရက်ကျော်ရင် လက်တွေက မြှောက်မရချင်။ ခြေထောက်တွေက မကြွချင်တော့။ ဖိနပ်တွေထဲက အရည်ကြည်ဖုထနေတဲ့ ခြေထောက်တွေလည်း ခဏခဏပေါက်နေတာ။ ညတိုင်းလိမ်းတဲ့ဆေးတွေလည်း မနိုင်တော့။ နေ့တိုင်းစားရတဲ့ ထမင်းပေါင်းလည်း မကယ်နိုင်တော့။ ကတဲ့လူတွေပဲလားဆိုတော့ ဗုံတီးတဲ့လူလက်မှာလည်း အရည်ကြည်ဖုနဲ့။ မနက်မိုးလင်းလို့ မျက်နှာသစ်ရင်ကို မနည်းကြွအောင် မ,နေရတဲ့ လက်နှစ်ဖက်နဲ့ တကျွတ်ကျွတ်စုပ်သပ်ရင်း မနက် ၇နာရီအမီဆိုတာကို ကြိုးစားရတော့တာ။
ဒါပေမယ့် ဗုံသံကြားရင်ဖြင့် ဆူပွက်လာတဲ့ သွေးတွေနဲ့အတူ မိမိတာဝန်ကျရာနေရာကို အလိုအလျောက်လှုပ်ရှားကြစမြဲ။ ကနေတုန်းအခိုက်တော့ ဝေဒနာတွေ မေ့နေပြန်ရောလေ။
ဒီနှစ်တော့ ဗုံသံကြားရပြန်ဦးတော့မယ်။ ကျနော့ အဖွဲ့နဲ့များတွေ့ရင်တော့ တစ်ပွဲတစ်လမ်း အကဲတော့ စမ်းလိုက်ချင်သား…………
မနေ့က အိမ်ကိုရောက်လာတဲ့ လိမ္မော်တစ်ခြင်းရယ်၊ ရုံးက လိမ္မော်တစ်ပုံးရယ်က ကျနော့်ရင်ထဲက နဂါးကို လှုပ်နှိုးလိုက်တာမို့။