ဂိုက်က ရေတံခွန်နဲ့ ကာကေမြို့ဟောင်း တနေ့တာခရီးတခုခု ရွေးပါလို့ ပြောလာတဲ့အခါ ကာကေမြို့ဟောင်းကို ရွေးဖြစ်တယ်။ တကယ်တမ်းသွားချင်တာတော့ နှစ်နေရာလုံးပါ။ ကျနော်ပေးနိုင်တဲ့ ငွေကြေးပမာဏရယ်၊ ဂိုက်ပေးနိုင်တဲ့အချိန်ရယ်ပေါ်မှာ မူတည်ပြီး တခုကိုပဲ ရွေးခွင့်ရတယ်။ ကာကေကနေ ပါရပ်ဘီဟာဆီုတဲ့ နာမည်ကျော်ဘုရားကိုသွားချင်လှပါတယ်။ အခြေအနေမပေးတာက ယိုးဒယားနဲ့ စစ်ပွဲအသေးစား ဖြစ်နေတဲ့အချိန်မို့ သွားဖို့ အခွင့်မရခဲ့ပါဘူး။
မနက်စောစော ဟိုတယ်ကနေ ထွက်လာခဲ့တယ်။ ထုံးစံအတိုင်း သူတို့ဆီက လမ်းတွေဟာ ဖြောင့်ဖြူးလို့။ လမ်းဘေးက မြို့ငယ်၊ ရွာငယ်လေးတွေကို ဖြတ်တဲ့အခါ မြန်မာပြည်ကို လွမ်းဆွတ်ခြင်းက ပျံ့နှံ့စိမ့်ထွက်လာတယ်။ မွန်ပြည်နယ် ကျိုက်ထီးရိုးကိုသွားတဲ့ လမ်းနဲ့ အတော်လေးဆင်ပါတယ်။ ဈေးလေးတခုကိုပါ ဝင်ပြီး ဓါတ်ပုံရိုက်ခဲ့တယ်။ ကျနော်တို့ ဆီက ဈေးနဲ့ တော်တော်လေးတူတာမို့ အိမ်ကို ပြန်ရောက်သွားသလားတောင် အောက်မေ့ရပါတယ်။
၁နာရီကျော်လောက်မောင်းတောက်လျှောက် မောင်းလာပြီးတဲ့နောက် ကားသမားနဲ့ ဂိုက် မနက်စာစားဖို့ လမ်းဘေးဆိုင်တခုမှာ ရပ်တယ်။ ဂိုက်က မင်း ကားပေါ်မှာ နေချင်နေခဲ့နိုင်တယ်ဆိုတယ်။ ကျနော်က ဒေသခံတွေနဲ့ ရောနှောရတာမျိုးကိုကြိုက်တယ်လို့ ပြောလိုက်တဲ့အခါ လိုက်ခဲ့ပါလို့ခေါ်တယ်။ လမ်းဘေးလက်ဖက်ရည်ဆိုင်ကလေးမို့ သန့်ရှင်းရေး အဆင်မပြေဘူးလို့ ပြောတဲ့အခါ ကျနော်က ပြုံးလိုက်မိတယ်။ သိပ်မကွာပါဘူးကွာဆိုတဲ့ အပြုံးပေါ့။ သူတို့က မနက်စာစားကြမှာမို့ ကျနော်ရော တခုခုစားချင်သေးသလားဆိုတော့ ကွေ့သယိုနဲ့ကော်ဖီလို့ ပြောမိတယ်။ စားမှာသေချာတယ်နော်လို့ စိတ်မချတဲ့လေသံနဲ့ထပ်မေးတယ်။ အားရပါးရ စားပြတဲ့အခါမှ သူ့ခမျာ သူ့မနက်စာကို ကောင်းကောင်းစားတော့တယ်။ ဒီလေးနဘမ်းဆိုင်လောက်ကတော့…
တိုးဂိတ်တခုကိုဖြတ်တဲ့အခါ အပေါ့အပါးသွားချင်သွားလို့ ပြောတယ်။ သန့်ရှင်းသပ်ရပ်နေတဲ့ အိမ်သာတွေဟာ ခရီးသွားလုပ်ငန်းအောင်မြင်နေတယ်ဆိုတဲ့ ပြယုဂ်တခုပဲ။
ကာကေဟာ အေဒီ၉ရာစုနှစ်က မြို့တော်တခုပါ။ စေတီပေါင်းများစွာ ဆောက်လုပ်ခဲ့ပေမယ့် စနစ်တကျပြုပြင်ထိန်းသိမ်းခြင်းမရှိတော့တဲ့ နေရာတခုဖြစ်နေခဲ့ပြီ။ ဂိုက်ရဲ့ရှင်းပြမှုအရဆို ဘာသာရေးစစ်ပွဲတွေနဲ့ မြို့တော်ကို ဆီယမ်ရိမရွှေ့ခင်မှာ ဖျက်ဆီးပစ်ခဲ့ပုံရတယ်လို့ ဆိုတယ်။ တကယ်လည်း အထည်အဝံ့ရှိခဲ့တဲ့ နေရာတခုဟာ အခုအချိန်မှာ မှေးမှိန်ပျောက်ကွယ်လို့နေခဲ့ပြီ။ စေတီပျက်များ ၊ မြေကြီးထဲမှာနစ်မြုပ်နေပြီး မမြင်တွေ့နိုင်သော ရှေးဟောင်းအမွေအနှစ်တွေ အများအပြားရှိနေဆဲ။ တချို့သောအဖိုးတန်အမွေအနှစ်တွေကတော့ တဦးတယောက်တည်းပိုင်ပြတိုက်တွေ၊ ကမ္ဘာအနှံ့မှာ ရောင်းချခြင်းခံရတဲ့ တရားမဝင် ကုန်ပစ္စည်းတွေဖြစ်လို့နေခဲ့ပြီ။
ဒါ့အပြင် အချို့သောနေရာတွေမှာ ပြည်တွင်းစစ်ရဲ့ အကြွင်းအကျန် မြေမြုပ်မိုင်းများ ကျန်ရှိနေသေးတယ်။ အမျိုးမျိုးသော အကြောင်းတွေကြောင့် ကာကေဟာ လာရောက်လည်ပတ်သူ နည်းပါးနေတတ်ပါတယ်။ အေးအေးဆေးဆေး လည်ပတ်လိုသူတွေအတွက်တော့ ကာကေဟာ လူစည်ကားတဲ့ အန်ကောဝပ်ကနေ ထွက်ပြေးလို့ရတဲ့ နှစ်နာရီကြာ အကွာအဝေး လက်တကမ်းမှာပါ။
ကာကေမှာ အထင်ကရ ကျန်နေသေးတာကတော့ ပါရာဆပ်သွန်နန်းဦးဘုရားပါ။ ကျုံးတွေမုခ်ဦးတွေကို ဖြတ်ပြီးတဲ့အခါ မြင်ရတဲ့အရာက ပိရမစ်ပုံစံ ခုနှစ်ဆင့်အဆောက်အဦးဖြစ်ပြီး အောက်ခြေအုတ်ဖိနပ်ကတင် ကျနော့တရပ်မက မြင့်နေခဲ့တယ်။ ကြီးမားတဲ့အခုလို အဆောက်အဦးကြီးကို ဆောက်လုပ်ခဲ့တဲ့ ရှေးဗိသုကာပညာရပ်ဟာ အံ့သြစရာမကောင်းဘူးလား။ ယခင်က အပေါ်ထိတက်လို့ ရပေမယ့် စနစ်တကျထိန်းသိမ်းပြုပြင်မှု မရှိတာကြောင့် ပျက်စီးသည်ထက်ပျက်စီးလာတာမို့ ယခုအခါအပေါ်ကိုတက်လို့ မရတော့ပါ။ တက်ပြီးကြည့်လိုက်ရင် ကာကေမြို့တခုလုံးကို အပေါ်စီးကနေ မြင်ရမှာ..အခုတော့....
တခြား ဘုရားငယ်လေးတွေကိုပါ လျှောက်ကြည့်ဖြစ်တယ်။ အပြိုအပျက်တွေကများသလို မြေမြုပ်မိုင်းသတိပေးဆိုင်းဘုတ်တွေလည်း ဟိုတစ ဒီတစ။
ပုဂံကလို ဈေးရောင်းသူတွေ အများကြီးရှိပါတယ်။ ဂိုက်ဆီကနေ ကျနော် သင်ထားတဲ့ စကားတခွန်းက " သေအော ကွန်" ကျေးဇူးတင်ပါတယ် မလိုပါဘူးလို့။ ပြီးတော့ ဒေသခံလို အယောင်ဆောင်နေလိုက်တဲ့အခါ သူတို့တွေ မသိလိုက်မသိဖါသာ လိုက်မရောင်းကြတော့ဘူး။ သူတို့ ဆီက ဘုရားပရဝုဏ်သန့်ရှင်းရေး လုပ်တဲ့သူတွေရဲ့ လစာဟာ တလကို ယူအက်စ် ၉၀ဆိုတယ်. လောက်ငှပါ့မလား မသိဘူးနော်။
ဆီယမ်ရိမြို့တော် အန်ကောသွန်တည်ဆောက်စဉ် အသုံးပြုတဲ့ သဲကျောက်တုံးတွေကို ဘန်မီလာကနေ ရေမြောင်းတခု ဆောက်လုပ်ပြီး ပို့ဆောင်ခဲ့တယ်လို့ အထောက်အထားအများရ သိရှိရပါတယ်။ ဘန်မီလာဟာ နွံအိုင်ထဲက ကြာတပွင့်ပါ။ ပျက်စီးမှုတွေအများအပြားကြားကနေ သူ့အလှတရားကို ပွင့်ပြရင်း ခရီးသည်တွေရဲ့ စိတ်အာရုံကို ညှို့ယူထားနိုင်နေဆဲ.......