09 June 2009

အလွမ်းဝေသီ သူ မရှိလေတဲ့မြို့


ကိုယ် ဒီမြို့ကို သွားမယ်ဆိုတော့ သူငယ်ချင်းတွေက တားကြတယ်။ မင်းဘာအတွက်သွားမှာလဲတဲ့။ မဟုတ်ဘူး ကိုယ် ဒီမြို့ကို သွားမှဖြစ်မယ်။ အဲဒီမြို့က ကိုယ့်အတွက် အရေးကြီးလွန်းတယ်။ ကိုယ့်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းပါ။ တစ်ခါမှ မရောက်ဖူးသေးတဲ့ ဒီမြို့ကလေးနဲ့ ကိုယ်က ရင်းနှီးနေခဲ့တာကြာလှပြီလေ။

သူနဲ့စရင်းနှီးကတည်းက သူက မြို့ကလေးအကြောင်းကို တဖွဲ့တနွဲ့ပြောတတ်လွန်းလို့။ မြို့လေးကိုရောက်ဖို့ ဝေးလံတဲ့ခရီးရှည်တစ်ခုကို အလျားလိုက် ဖြတ်ရသတဲ့။ ပင်ပန်းချင်လည်း ပင်ပန်းပါစေတော့။ မရောက်ရောက်အောင် သွားဖို့ ဆုံးဖြတ်ပြီးသားလေ။

ကြိုသူမရှိမှန်းသိနှင့်နေပြီသားပေမယ့် မြို့ကလေးအ၀င်မှာတော့ သူတစ်ခါပြောခဲ့ဖူးတဲ့ ဆိုင်းဘုတ်လေးနားက ကိုယ့်ကို ကြိုနေမယ်ဆိုတာကို ပုံဖော်ကြည့်မိတယ်။ ဆေးတ၀က်တပျက်လွင့်နေပေမယ့် ဒီဆိုင်းဘုတ်လေးက သူပြောတဲ့ ဆိုင်းဘုတ်လေးဆိုတာကို ကိုယ်တပ်အပ်ပြောနိုင်နေပြန်တယ်။

ဆိုင်းဘုတ်ကိုကျော်လာရင် လမ်းရဲ့ ညာဘက်မှာ အကြော်တဲလေးရှိနေသေးသတဲ့လေ။ ကိုယ်တို့ ကားဝင်လာတဲ့အချိန်စောလွန်းတာမို့ အကြော်တဲမှာ မီးခိုးမွှန်စပြုတုန်း။

မြို့အ၀င်လည်းနဲ့ အထွက်လမ်း တစ်ဖြောင့်တည်း သာရှိတဲ့ ဒီလမ်းမကြီးက မြို့ရဲ့အဓိက လမ်းမကျယ်ကြီးတဲ့ (ရွှန်စေလီစေ လမ်းမကျယ်ကြီးလေလို့ သူပြောတတ်ပါတယ်)။ မြို့ထဲကို တစ်လိမ့်ချင်းလှိမ့်လာရင်း ခရီးသည်များခင်ဗျား ခရီးစဉ်ဆုံးပါပြီဆိုတော့ ကိုယ့်မြို့ကို ပြန်ရောက်တဲ့အတိုင်း အိတ်ကလေးဆွဲပြီး သူပြောတဲ့ ကားဂိတ်ရှေ့က တည်းခိုခန်းလေးကို ဦးတည်မိလျက်သား။

စိမ်းရောင်စို ဆိုတဲ့ တည်းခိုခန်းလေးကိုဖြတ်တော့ သူတစ်ခါပြောဖူးတဲ့ ဒီတည်းခိုခန်းလေးကို နာမည်ပြောင် စိတ်ရောင်စုံလို့ပေးထားတာကို တွေးမိရင် တစ်ချက်ရယ်မိသွားတယ်။ အစ်ကို တစ်ယောက်ခန်းယူမှာလား ဆိုမှ ယောင်ယမ်း ခေါင်းငြိမ့်မိတော့မလို ဖြစ်မိသွားရာက အခန်း ၁၀၁ကိုပေးပါလို့ တောင်းလိုက်တယ်။ အဲ့ဒီအခန်းက သူစိတ်ညစ်ရင် လာ, လာနေတတ်တဲ့ အခန်း ပြီးတော့ မြို့ကလေးကို လှပစွာ မြင်ရစေတဲ့ အခန်းတစ်ခုလေ။

အစိမ်းနုရောင် ခန်းဆီးလေတွေကြားမှာ ကိုယ် လွင့်မျောနေမိတယ်။ ဒီအငွေ့အသက်တွေ ရဖို့ မိုင်ပေါင်းထောင်ချီတဲ့ အရပ်ကနေလာခဲ့တာလေ။ တရှိုက်မက်မက်နဲ့ အိပ်ရာခင်းတွေများ ထပ်တူကျနေမလား ပွေ့ပိုက်နေမိပြန်တယ်။ ပင်ပန်းတဲ့ အရှိန်နဲ့ အိပ်ပျော်သွားတဲ့အထိ ကိုယ်အခန်းမီးတွေ မပိတ်လိုက်မိဘူး။

နှင်းတွေတဖွဲဖွဲကျတတ်တယ်ဆိုတဲ့ အတိုင်း ရစ်သိုင်းဖွဲ့ငင်ထားတဲ့ နှင်းတွေကို ကြည့်ဖို့ စောစောထခဲ့တယ်။ ဟူးခနဲ ပါးစပ်ကလေတွေ ထုတ်လိုက်ရင် အငွေ့တွေထွက်သွားတာကို သူက အမြဲဆော့ကစားတတ်ပြန်သတဲ့လေ။ လမ်းမကနေ မိနစ်နှစ်ဆယ်လောက်အကြာမှာ သူတဖွဖွပြောတတ်တဲ့ ခင်တန်းစပ်ကလေးကို မှုန်ပျပျမြင်ရတယ်။

သွက်သွက်လျှောက်လျက်က လက်နှစ်ဖက်ကို ပွတ်ရင်း သူကော လက်နှစ်ဖက်ကို ဆန့်တန်းရင်း လျှောက်ခဲ့လေသလား စဉ်းစားမိတယ်။ ထင်းရှူးပင်တွေဆီကို မရောက်ခင် မြေနီနီလယ်ကွင်းတွေကို ကျော်ဖြတ် ပြီးတော့ အေးမြလတ်ဆတ်တဲ့လေထုကို ရှူ ရှိုက်ရင်း ဒီလေကို ရှူရှိုက်ခွင့်ကို ဘာလို့မတောင်းဆိုခဲ့သလဲ ကိုယ့်ကိုကိုယ် ဒေါသထွက်လာတယ်။

အကြာကြီးမဟုတ်ပေမယ့် နားထဲမှာ ဆတ်ခနဲကြားသယောင်ရှိတဲ့ ရှိုက်ငိုသံလေးကို ကြားမိပြန်တယ်။ သူ့စိတ်ထဲက ဝေဒနာတွေကို ဟောဒီအမြင့်ဆုံးထင်းရှူးပင်ကြီးအောက်မှာ ငိုကြွေးလေ့ ရှိသတဲ့လေ။ တစ်မြို့လုံးမှာ အမြင့်ဆုံး ဖြစ်တဲ့ ဒီအပင်ကြီးကနေ သူ့ရဲ့ ငိုကြွေးသံကို ကြားနာ သနားကြပါစေလို့ သူရည်ရွယ်ခဲ့တယ်တဲ့။ တကယ်က အပင်ရဲ့ အောက်ဆုံးအကိုင်းဖျားကနေတောင် သူ့ငိုသံကိုမကြားရအောင် ထိခိုက်တိုးရှနေခဲ့တာ သူကိုယ်တိုင်တောင် သိပါ့မလား။ ဒါပေမယ့် အခုကိုယ် အဲ့ဒီငိုသံကို ကြားနေရတယ်။

ထင်းရှူးတောက အပြန်မှာတော့ သူစားနေကျ အကြော်ပူပူလေးကို ၀င်စားမိတယ်။ အမေကြည်ကြော်တဲ့ အကြော်လေးတွေဆိုပြီး ခဏခဏပြောနေကျလေ။ အချဉ်ရည်ထပ်ပေးပါဦးတောင်းတတ်လို့ အချည်ရည်ဖိုးပဲ ရှင်းပေးပါလို့ သူ့ကို စ, နေကျ အဲ့ဒီဆိုင်လေးကို ငေးရင်း စားနေမိတယ်။ အရသာရှိတဲ့ အကြော်တွေဖြစ်ပင်မယ့် အရသာပျက်နေတဲ့ ကိုယ့်အတွက် ဘာလိုနေမှန်းကိုမသိနိုင်ခဲ့။

လေနုအေးအေးတွေ သုတ်ချီပြေးနေသလို ကိုယ့်အတွေးတွေလည်း ရုတ်ချည်းထွက်ပြေးသွားပြန်ပါတယ်။ ဟိုတယ်ကို ပြန်ပြီးရင် အဲ့ဒီအခန်းလေးကို ရင်းနှီးနေချင်သေးတယ်လေ။ အခန်းလေးထဲမှာ မနက်ခင်း ကော်ဖီသောက်ရင်းတွေးတောနေလေ့ရှိတယ်လို့ ပြောခဲ့ဖူးပါတယ်။

ပုံမှန်လည်ပတ်နေတဲ့ ဒီမြို့ငယ်လေးမှာ ကိုယ် နှစ်ပတ်လောက်ကြာအောင် (နေထိုင်ခွင့် မကုန်မချင်းပေါ့) နေခဲ့ရင်း မပျင်းမရိ ဖြတ်ကျော်ခဲ့တယ်။ သူရဲ့ အရိပ်တွေနဲ့အတူ သူပြုမူသည်အတိုင်း ထပ်တူမကျတောင် ဖ၀ါးထပ်ချပ် ကပ်လျက်ပါသယောင်ပြုခဲ့ပါတယ်။ ၀မ်းအိုဝမ်းကို သော့ခတ်လိုက်ပေမယ့် ဒီမြို့လေးကို ကိုယ် သော့မခတ်နိုင်ပြန်ဘူး။

ဒါတွေကို သူမသိနိုင်တော့ပါဘူး။ ဒီမြို့လေးမှာ သူမရှိတော့တာ ကြာခဲ့ပြီကော။ အဲဒီလိုပဲ ကိုယ့်ဆီမှာ သူမရှိတော့တာ ကြာခဲ့ပြီလေ။

မရောက်ဖူးပေမယ့် သူတစိမ်းတစ်ယောက် မဖြစ်အောင် ဒီမြို့လေးကို ရင်းနှီးနေခဲ့မှတော့ မြို့လေးကို ဖွဲ့ဆိုပြခဲ့တဲ့ မမြင်မတွေ့ဖူးပေမယ့် သူ့ကို ဘယ်လောက်ထိတောင်စွဲလမ်းနေခဲ့တယ်ဆိုတာ ကိုယ်သက်သေပြဖို့လိုသေးလို့လား။

အခုတော့ သူကိုယ့်အတွက်တည်ဆောက်ပေးခဲ့တဲ့ မြို့လေးက အလွမ်းတွေဝေသီပြီး သူကတော့ မရှိနိုင်တော့ပြီလေ….

46 comments:

sait phay yar said...

အခန်းနံပါတ်တူနေတယ် ဘယ်လိုဖြစ်တာလည်း

sait phay yar said...

မကျေနပ်လို့ပြန်လာရေးတာ တစ်ကယ်ကိုပါဘဲ ၁၀၁ မှ ၁၀၁ အခန်းတူတူဘဲ

ရွှန်းမီ said...

ဖတ်ရင်းနဲ့ လွမ်းစရာကြီးလို ဖြစ်လာတယ်..
စာရေးကောင်းပါ့..

မွန် said...

အရေးကောင်းလွန်းတော့ မွန်တို့ဖြင့် နစ်မျောသွားရပြန်ပါပကော
ဘယ်လိုများရေးထားပါလိမ့်

khin oo may said...

ဒါတွေကို သူမသိနိုင်တော့ပါဘူး။ ဒီမြို့လေးမှာ သူမရှိတော့တာ ကြာခဲ့ပြီကော။ အဲဒီလိုပဲ ကိုယ့်ဆီမှာ သူမရှိတော့တာ ကြာခဲ့ပြီလေ

ဆိုတဲ့နေရာကလေးကိုသိတ်ကြိုက်တယ်။

khin oo may said...

သူစာရေးသိတ်ကောင်းတယ။်

khin oo may said...

ရုပ်ဆိုးလို့ဖြစ်ရမယ။်

khin oo may said...

ဂျူးကိုတော့ နဲနဲသတိရမိတယ်

yehtutnaung said...

အမ kom ချီးကျူးချက်ကြောင့် ကျွန်တော် ကိုရွာသားလို စာရေးကောင်းဖို့  မကြိုးစားတော့ဘူးဗျာ။ :P
ကိုရွာသား အလွမ်းတွေ အခု တခါပြန်လာကောက်တယ်ဗျို့ ...။

မီယာ said...

သူကဘယ်ရောက်သွားတာလဲ... ဖတ်ပြီး စိတ်မကောင်းပါ

အိုင်လွယ်ပန် said...

အရေးအသားလေးသဘောကျမိတယ်ဗျာ ...ကောင်းသောနေ့ပါ .....

မယ့်ကိုး said...

အစ်မ ခင်ဦးမေ ပြောသလိုပဲ ရွာသားလေးက စာရေးကောင်းတယ်။

မမသီရိ said...

လွမ်းစရာလေး ကွယ်.

sait phay yar said...

လွမ်းလိုက်တာ ၇ွာသားရာ.... ပြန်သွားဦးမယ် နော်

ဝေလေး said...

မမခင်ဦးမေပြောသွားတာကြည့်ပြီး ရီလိုက်ရတာ...
စာဖတ်ပြီး ခံစားလိုက်ရတာလေးတောင် ပျောက်သွားတယ်.. :P

ဂွတ်ထ ဂွတ်ထ.... =)

ရွှေပြည်သူ (ShwePyiThu) said...

အခု အဲဒီမြို့ကို ရေလမ်းကပဲ သွားလို့ရတော့တယ်တဲ့။ ကိုရွာသားသွားလွန်းလို့ ချောင်းပေါက်သွားရာကနေ ခုမြစ်တောင် ဖြစ်နေပြီတဲ့။ အဟွတ်... အဟွတ်

ရွှေပြည်သူ (ShwePyiThu) said...

စာတွေက ပိုပိုကောင်းလာတယ် ကိုရွာသားရေ။ ဖတ်ပြီးတော့ စိတ်ထဲမှာ တမျိုးကြီး ကျန်ခဲ့တယ် (ဒီ comment က အတည်ရေးတဲ့ Version။ အပေါ်က လက်စားချေတား))

Phyo Evergreen said...

အဲဒါဘယ်မြို့လဲ.. ပြောပြပါ.. ထင်တာနဲ့တူမလားလို့။

WWKM said...

ပြောစရာလား နဖြိုးလေးရ... အေးအေးနေပြီးစာမကျက်
ဖူး..
တူ မပြောချင်လို့ မပြောတာလေ..
ဒါက ရွာသားလေးရဲ့ စီးကရက်.
စီးကရက်တွေကလည်း များပါ့ ရွာသားလေးရေ..း)

ကဗျာမ လေး said...

သူကဘယ်သူလဲဟင် ...... ဘာလို့မရှိတော့တာလဲ? ဘယ်မှာရှိနေတာလဲ ဟင် :P

Sein Lyan Tun said...

နောက်တစ်ခါသွားရင် ခေါ်ပါလားဗျ
လွမ်းဖူးချင်လို့

မိုးခါး said...

အလွမ်းတွေပါလား ..း)
ဟီး
စိတ်မဆိုးနဲ့နော်
တဂ်ထားတယ် :P

ခမ်းကီး said...

မြို့လေးက လွမ်းမောဖွယ်....။

ဘယ်မြို့လဲ သိဘူးနော်။ နေချင့်စရာလေး။

mirror said...

သိပ်လွမ်းနေပါရောလား ကွယ်တို့..... :))

NSA said...
This comment has been removed by the author.
တူးတူး said...

စာအရေးကောင်းတာ ဟုတ်ပါတယ်။
ခုမှ ရောက်ပါတယ်။
မမိုးချိုသင်း ထံမှ လာပါတယ် ခင်ဗျ။

တူးတူး

Rita said...

သူ့အငွေ့အသက်တွေ ရှိတဲ့နေရာ၊ သူ့ခြေရာဟောင်းတွေ ရှိမယ့်နေရာ တော်တော် လွမ်းစရာကောင်းမှာပဲနော်။


မမ KOM comment ကို သဘောကျလိုက်တာ။ ဒါပေမယ့် တချို့တွေကျ စာရေးလည်းကောင်း ရုပ်လည်းချောပါတယ်။ (လွန်းထားထားတို့ ပြောပါတယ်)

ကောင်းကင်ပြာ said...

သက်သေပြစရာမလိုပဲ ရေးထားတာနဲ့တင် လွမ်းစရာဖြစ်နေပီ

PAUK said...

မဟုတ်မှ လွှဲရော
ကျနော်တို့မြို့ထင်တယ်..
ဟဲဟဲ..
လွမ်းစရာ..

Unknown said...

Want to know the name of city.. I want to visit that city . Anyway your writting is excellent. I Like so much.

Anonymous said...

မပြောခဲ့ဘူးလား၊ စာရေးကောင်းကြောင်း။ သက်သေတွေ လာကုန်ပြီမဟုတ်လား။
မြို့ကို လျှို့ဝှက်ပြန်ပြီ။

သီဟသစ် said...

ကိုကိုရွာသားကလည်းဗျာ

လွမ်းအောင်လုပ်ပြန်ပြီ...
ဘယ်ဆီမျှော်မှန်းပြီး လွမ်းရပါ့..
သီချင်းဆိုရမလိုပဲ..

ခင်မင်စွာဖြင့်
သီဟသစ်

khin oo may said...

သဲလွန်စလာကောက်သည်။

ကိုလူထွေး said...

နေညိုချိန်ရယ် လေညှင်းလေး...
သယ်ယူလာတယ် အမှောင်ရဲ့ည......
တမ်းတမိတယ်
မင်းနဲ့ငါ့ အတိတ်ဟောင်း...........

လွမ်းပြီးပြန်သွားပြီ...

Talkii said...

အပေါ်က သီချင်းကို ဆက်ဆိုလိုက်ဦးမယ်။

ဘယ်ဆီကို ရောက်ရောက်
ဘာတွေကို လုပ်လုပ်
အတွေးထဲ အမြဲတမ်း မင်းဝင်နေတယ်
ဒဏ်ရာတွေနဲ့ည ကိုယ်နာကျင်တယ် အချိန်တိုင်း
ဘယ်လိုမှ ဖြတ်သန်းမရနိုင်တဲ့ အလွမ်းများ . . .။

ဒီမြို့ကို သိသလိုပဲ။ ပန်းမြို့တော်လို့ခေါ်တဲမြို့ထင်တယ်။ လွမ်းစရာ စီးကရက်တွေပါလား။း)

ရောင်ပြန် said...

ဖတ်ပြီးသွားတော့..
စာဖတ်သူကို အတွေးတခု ချန်သွားပေးတယ်..
စာရေးကောင်းလိုက်တာ..

Pan Chit Thu said...

kg like tar ... tae yin ..yar....

koe tine .... myo lay ko yout twer ta lo pae..
yae yae .. lae lae .. hti tae ...byo ..

ကြည်ဖြူပိုင် said...

သြော်............အချစ်ကြီးသလောက် အလွမ်းကြီးလှချည်လား ကိုရွာသားရဲ့။ ခုတလော အလွမ်းတွေ စိတ်နေတယ်ထင်ပါ့။ အရေးအသားနဲ့သက်သေထူနေတယ်။ တကယ့်အလွမ်းစိတ်နဲ့ရေးထားတော့ တခြားသူတွေကိုတောင် လွမ်းသွားစေတယ်။ စကားမစပ်.........သတင်းလာမေးတာကျေးဇူးပါ။

ချီးကျူးချင်ပါတယ်။ စာအရေးသားသိပ်ကောင်းပါတယ်။ တင်ထားတဲ့ ဓာတ်ပုံလေးသိပ်လှပါတယ်။

ဂျူနို said...

ရောက်တယ်။ ဖတ်တယ်။

တန်ခူး said...

ဆွတ်ပျံ့ လွမ်းမောသွားအောင် ရေးတတ်ပ…
တို့ တောင် 101မှာ တည်းပြီး သူ့ ကို လွမ်းမိနေသလိုပဲ…
တင်ပြပုံလေး အတော်လှတယ်… အဖွဲ့ လေးကလဲ တမ်းတမ်းတတလေး…
ရင်ထဲမှာ ကျန်ခဲ့တယ်…
အကြောင်းသိလို့  ကိုယ်တွေ့ လား မမေးတော့ဘူး… ပူးဝင်ခံစားနိုင်စွမ်းကို ချီးကျူးမိတယ်…

နွေးနွေးသဲမွန် said...

တမျိုးလေးပဲ ဖတ်ရတာ...လွမ်းသွားတယ်...တကယ်...

ဂျူနို said...

စာအရေးကောင်းတယ်လို့  စာရေးဆရာမက ပြောထားတာပါ။
ကြော်ငြာတာ မဟုတ်ပါ။
ဒီမှာကြည့်ပါ။http://moechothin.blogspot.com/2009/06/blog-post_04.html

ဒီမြို့ က တောင်ပြုန်းမလား။
ရွာသား နတ်ကဖို့ သွားတာလေ။
ဘ၀အတွက် အရေးကြီးတာပေါ့။
တားတာက ၀က်သား မစားရ မနေနိုင်မို့ နေမှာပေါ့

သက်ဝေ said...

ဖတ်ပြီး လွမ်းကျန်ခဲ့ပါတယ်...
ပြီးတော့ အသည်းကွဲမြို့တော် သီချင်းကို ခပ်တိုးတိုး ရွတ်ဆိုနေမိတယ်...

NangNyi said...

မြို့လေးကို ဖွဲ့ထားပုံက တမျိုးလေးဆန်းတယ်နော်.. ဘာမြို့လဲလို့လိုက်တွေးကြည့်နေရတာ ပျော်စရာ.. မြို့အဝင်နဲ့အထွက် တဖြောင်းထဲတစ်လမ်းပဲရှိတယ်ဆိုတော့ကာ.. တောင်ကြီးတော့ မဟုတ်တာသေချာတယ်.. (တောင်ကြီးမြို့အဝင်မှာ အကြော်တဲလည်းမရှိဘူးလေ).. ပြင်ဦးလွင်လား.. ကလောလား... ဓာတ်ပုံအရမှန်းရပြန်ရင်တော့ ပြင်ဦးလွင်ဖြစ်ဖို့များတယ်.. မှန်လားဟင်

Yu Ya said...

နန်းညီပြောတာ လုံးဝမှန်ပါတယ်ဗျာ... ဒီပုံဟာ မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီးရဲ့ ကားရပ်နားရာ နေရာက ရိုက်ထားတဲ့ပုံပါ။ ကျွန်တော်ကိုယ်တိုင်လည်း တစ်ပုံရိုက်ထားခဲ့လို့ပါ။
ရွာသားလေးရေ..ကျွန်တော်ကို စိတ်မဆိုးပါနဲ့ဗျာ။ ကျွန်တော်မှာ ရှိနေတဲ့ပုံနဲ့ တစ်ထပ်တည်းကျသွားလို့ပါ။

Unknown said...

သိပ်စိတ်ကူးယဉ်ဆန်တာပဲ
မဆိုင်တာလေး ထပ်ပြောမယ်
ဂျူးရဲ့  ၀တ္တုတပုဒ်ကို သွားသတိယမိနေတယ်

မြို့ လေးကို ရေးဖွဲ့ ထားပြီး ခံစားထားပုံလေးက ဖတ်တဲ့လူတောင် လွမ်းသွားတယ်