05 June 2009

သစ်ပင်တစ်ပင်ရဲ့နာကျင်မှု

စိမ်းစိုနေတဲ့ သစ်ပင်တစ်ပင်ဖြစ်ခဲ့ဖူးတယ်။ အကိုင်းအခက်အလက်တွေဝေဆာလို့ ငါလိုမျိုးသစ်ပင် ဘယ်နေရာမှာမှ မရှိနိုင်ဘူး ထပ်တူမရှိနိုင်ဘူးရယ်လို့ ကျူးရင့်ဖူးတယ်။ အပွင့်တွေဝေလို့ လူတွေငေးမောရင် ဂုဏ်တင့်တယ် ထင်မိတယ်။ အရိပ်ခိုလို့ ဆုတောင်းပေးသွားတဲ့ သူတွေတိုင်းကို အေးမြသည်ထက်အေးမြအောင် ကြံဆောင်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် သစ်ပင်တစ်ပင်ရဲ့ နာကျင်မှုကို အခုမှ သိလိုက်ရတယ်။ နောက်ကျသွားပြီလေ……

စိမ်းစိုတဲ့ အချိန်ရှိသလို ခြောက်သွေ့တဲ့အချိန်ရှိမယ်ဆိုတာကို မေ့လျော့နေခဲ့တယ်။ သစ်ရွက်တွေကြွေသည်အထိ အကိုင်းတွေကျိုးသည်အထိ ရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူးလေ။

ကျိုးသွားတဲ့ အကိုင်းတွေပြန်ဆက်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးတဲ့။ ဟင့်အင်း ဒါငါ့ရဲ့ အစိတ်အပိုင်းတွေ။ အာ…ဘာဖြစ်လို့ ပြန်လည်တပ်ဆင်ပေးလို့မရ, ရမှာလဲ။ ကျိုးသွားတဲ့ အရာတိုင်း ပြန်ဆက်ပေါ့။ သဘာဝတဲ့ အဲ့ဒီစကားလုံးကို တူးတူးခါးခါး မုန်းတီးလိုက်မိတယ်။ ကြား လျှင်ကြားမိခြင်းမှာပေါ့။ အခုတော့ ချွတ်ဆိုတိုင်းကျိုးသွားတဲ့ အစိတ်အပိုင်းတွေကို မျက်ရည်မကျပဲ အံကြိတ်ငေးမောရုံပေါ့။

သစ်ရွက် သစ်ခက်တွေမရှိတဲ့နောက် နားခိုသူကော ရှိပါဦးမလား။ ထီမထင်တဲ့ အမြင်တွေနဲ့ အရင်တုန်းက သစ်ပင်တစ်ပင်ဆိုတာကို တောင် မေ့လျော့နေခဲ့ကြပြီ။ ထွီခနဲ တံထွေးနဲ့ ထွေးသွားလည်း အရင်တုန်းက အရိပ်ခိုခဲ့ဖူးတာ သတိရပါလို့ ပြောခွင့်မှမရှိတာ။ အငြင်းအခုံတွေ ပြုနေမယ့်အစား ကိုယ့်ဒဏ်ရာ ကိုယ်ခံစားနေတတ်ဖို့ ကြိုးစားသင့်တယ်မဟုတ်လား။

အသုံးမ၀င်တဲ့ သစ်ပင်တစ်ပင် အဖြစ် အပြစ်မြင်ခြင်းက ရင်တွင်းကို တနုံ့နုံ့စဉ်းနေသလိုပါပဲ။ စုတ်သပ်ပြီး ကိုယ်ချင်းစာစကား မပြောသွားကြပါနဲ့ ခုတ်ထဲ့ပြီး ထင်းမီးသာ စိုက်လိုက်ကြပါတော့။ သစ်ပင်တစ်ပင်ရဲ့ နာကျင်မှုအတွက် ကူညီပြီး အဆုံးသတ်ပေးကြပါ။ နောက်ထပ် မနာကျင်ပါရစေနဲ့တော့…..

15 comments:

ရွှေပြည်သူ (ShwePyiThu) said...

အရိပ်နေ အခက်ချိုးတုန်းက တပြုံးပြုံးနဲ့ပေမယ့် ခြောက်သွေ့တော့ အပြစ်အမျိုးမျိုးမြင်တာ ယေဘုယျ တော်တော်လေးကျတဲ့ လူ့သဘာဝပဲ ထင်ပါရဲ့။ သစ်ပင်ကို ပြန်စိမ်းလန်းလာအောင် ရေလောင်းပေါင်းသင်ပေးမယ် သူတွေ အများကြီးနဲ့ တွေ့ပါစေလို့ သစ်ပင်အတွက် ဆုတောင်းပေးပါတယ်...

ဗီလိန် said...

သိနေသလိုပဲနော်။ တစ်ခုခုတော့ တစ်ခုခုပဲ။ :)

ဝေလေး said...

အင်...... ဘာလို့ပါလိမ့်။
သစ်ပင်က အရွက်ကြွေ အခက်ကျိုးလည်း ပြန်ပြီး နာလံမထူနိုင်တော့ အောင်ဖြစ်သွားတာလား။ တချို့တွေက ကျိုးသွားတဲ့အကိုင်းတွေကို ကောက်ပြီး ထင်းအဖြစ်သုံးနိုင်လို့ ဆုတောင်းပေးသွားတာတွေရော မရှိနိုင်ဘူးလား။ နောက်ဆုံးအချိန်ထိ အကျိုးပြုပေးသွားနိုင်လို့ ကျေးဇူးတင်တဲ့လူတချို့ ရှိကောင်းရှိပါလိမ့်မယ်။ ခုတ်ပြီး ထင်းအဖြစ်မစိုက်ပဲ ပြန်လည်စိမ်းလန်းလာအောင် ကူညီပေးနိုင်တဲ့လူနဲ့ပဲ တွေ့ပါစေ။

ဒီလိုပြောတော့လည်း စုတ်သပ်ပြီး ကိုယ်ချင်းစာစကားပြောတယ် ဖြစ်ဦးမယ်.. သိတော့ဘူး... တစ်ကယ်ကြီး ဆုတောင်းပေးတာ အစစအရာရာ အဆင်ပြေပါစေ

ဗီလိန် said...

မေးတော့လည်းဖြေရတာပေါ့ဗျာ။ ကြွေလုဆဲ သစ်တစ်ပင်ကိုများ ရည်ညွှန်းသလားလို့ပါ။

ThuHninSee said...

မခုတ်ပါနဲ့..ဓါတ်ပုံလေးအမှတ်တရ ရိုက်ပါရစေအုံး။

ကဗျာမလေး said...

တရားသဘောနဲ့ မကြည့်မြင်ကြသူတွေကတော့ ထီမထင်ဖြစ်မှာပေါ့ ..... သဘာဝလည်း သဘာဝ ... ဖြစ်ပြီးပျက်ရမှာလည်း သင်္ခါရပဲလေ.....
ဟုတ်တယ်ဟုတ်?
ဆိုင်လားတော့ မသိဘူး ... ပွားကြည့်တာ :P

Mogok Thar said...

အိမ်မှာ ထင်းကုန်နေတာနဲ့ အတော်ပဲ။ ခုတ်ထစ်ပီး ယူသွားပြီ ဗျို့။

မယ့်ကိုး said...

အတွေးစာလေးတွေ လှတယ်။

မိုးခါး said...

စဉ်းစားနေတာတော်တော်ကြာသွားပြီ
ဘာရေးရမှန်းမသိဘူးဖြစ်သွားတယ် ..
နောက်ဆုံးချိန်ထိအသုံးဝင်နေတာပဲ ကျေနပ်လိုက်ရင်ကောင်းမလားမသိဘူး ..း)

Moe Cho Thinn said...

ရွာသားရေ စီဘောက်စ် မတွေ့လို့ အမ ဒီမှာပဲ ရေးခဲ့တယ်။ အမ tag ကို ရေးပြီးပြီဟေ့..

ကြည်ဖြူပိုင် said...

TOTALLY RIGHT

JulyDream said...

ကဲ... ပြောနေတာ ကြာပါတယ်ကွာ...
မီးသွေးဖုတ်ပစ်မယ်။ လာထား... =)

Rita said...

မီးသွေးဖုတ်မယ့် ဘူဇွာက တမျိုး။
ရွာသားက ကျွန်းပင်ကြီးပါလေ။ အဲဒါကြောင့် နိုင်ငံခြားရောက်နေတာပေါ့။

(နောက်တာနော်။ ခုတလော ပေါ့ပေါ့ပါးပါးတွေပဲ ပြောချင်နေလို့။ presentation နဲ့ idea တွေကိုတော့ အမြဲ လာပြီး လေ့လာရပါတယ်)

Sein Lyan Tun said...

နာကျင်မှုများမှ ကင်းဝေးပါစေဗျာ

Unknown said...

ဘာမှတော့ မဆိုင်ဘူး
ဒါပေမယ့် ဂျူးရဲ့  ကျမရဲ့  သစ်ပင် ဆိုတဲ့ စာအုပ်ကို
သတိယမိတယ်
သိပ်မခံစားပါနဲ့ ကွယ် တချိန်က အသုံးဝင်ခဲ့သေးတာပဲ
နောက်ဆုံးအချိန်ထိ အသုံးဝင်နေတာပဲ
ရွာသားတို့ ရေးသမျှက တွေးစရာလေးတွေ သိပ်ပေးတာပဲကိုး