17 June 2009

မြင်စေချင်စမ်းလှသည်

ပိတောက်နွေကဆောင်းပါးလေးပါခင်ဗျာ

ဒီအကြောင်းအရာနဲ့ ပတ်သတ်လို့သင့်ဘ၀မဂ္ဂဇင်းမှာ ဖတ်ဖူးခဲ့တာကြာပါပြီ။ ၉၈ မြန်မာတစ်နိုင်ငံလုံး အဆင့်ဝင်သူတစ်ယောက်ရဲ့ စာလေး။ စင်ကာပူနိုင်ငံကို ရက်တိုသင်တန်းတစ်ခုမှ သူ့ရဲ့အတွေ့အကြုံ။ အဓိကပြဿနာက လက်တွေ့ပိုင်း အားနည်းမှု နည်းပညာပိုင်းချို့တဲ့မှု စသည်။ အခုလုပ်ငန်းခွင်ထဲတွေအထိ အဲဒီအရိပ်ဆိုးက ထပ်ကြပ်ပါနေတုန်း။ ရှေ့အဆက်ဆက်က အစ်ကိုကြီးအစ်မကြီးတွေလည်း ကြုံဖူးကြမယ်ထင်ပါတယ်။ ကိုယ်တိုင်ကြုံတွေ့နေရလေတော့ နောက်တက်ညီငယ်ညီမငယ်တွေကို ဒီအရိပ်ဆိုးအောက်က လွတ်မြောက်ပြီး ကိုယ့်ခြေကိုယ့်လက်နဲ့ အားလုံးရဲ့အလယ်မှာ မြန်မာဟေ့လို့ မားမားမတ်မတ်ရပ်နိုင်တဲ့ တစ်နေ့ကို မသေခင် မြင်သွားချင်လှပါသည်။

ကျနော့အမြင်လေးတွေကို နည်းနည်းပြောကြည့်ပါရစေဗျာ။

ကျနော်ငယ်စဉ်က သိချင်စိတ်ပြင်းပြစွာနဲ့ ဟိုဟာလက်ညှိုးထိုး ဒီဟာလက်ညှိုးထိုး မေးခဲ့ဖူးပါတယ်။ ဒီကလေးနှယ် လျှာရှည်ရန်ကောဆိုတဲ့ မှတ်ချက်တွေသာ ကျနော့ငယ်ဘ၀မှာ ပဲ့တင်ထပ်ခဲ့တယ်။ တခြားနိုင်ငံကလေးငယ်များနဲ့ ကျနော့ငယ်ဘ၀မှာ များစွာကွာခြားလှပါတယ်။ ကျနော်ငယ်စဉ်က ကျောက်ခဲ ဆိုတာ ကျောက်ခဲလို့ သိရုံထက်မပိုခဲ့ပါ။ သူတို့တွေမှာတော့ ဒါက အင်ကြင်းကျောက် စကျင်ကျောက် ဘယ်အရပ်မှာ ဘယ်လိုမျိုးတွေ့ရတတ်တယ်ဆိုတာက အစ သိနေကြလေရဲ့။

တစ်ချို့သော အကြောင်းအရာများတွင်လည်း လူရာမ၀င်သေးဟုသတ်မှတ်ကာ စကားဝိုင်း မှဖယ်ရှားခံရခြင်းများကြောင့် အရွယ်ရောက်လာတော့ ဒါငါနဲ့မဆိုင်ဆိုသော အစွဲကိုကိုင်စွဲစေခဲ့သည်အထိ။ လူကြီးမိဘ ခိုင်းသည်နှင့်တသွေမတိမ်းလိုက်နာတတ်သည်။ အကြောင်းအကျိုးအကောင်းအဆိုးကို မခွဲခြားတတ်ခဲ့။ ဥပမာတစ်ခုမှာ မိရိုးဖလာဗုဒ္ဓဘာသာတွေသာ ဖြစ်နေခြင်းပင်။ ဘာသာတရား၏အနှစ်အရသာကို သိသူမဟုတ်ခဲ့ပါ။

ဇီဝဖြစ်စဉ် ရူပဖြစ်စဉ်များကို ငယ်ငယ်ကတည်းက အကျွမ်းတ၀င်ရှိခဲ့လျှင် စာတွေဖတ်ရသောအခါ ခက်ခဲမည်မထင်။ အခုတော့ စာတွေသည် စာတွေသာဖြစ်ခဲ့သည် လက်တွေ့ဘ၀နဲ့ မအပ်စပ်ခဲ့။

သူငယ်တန်းကနေ ရှစ်တန်းအထိ လက်တွေ့ဆိုတာဘာမှမသိ။ ကာယအချိန်တွင် သန့်ရှင်းရေးလုပ်ခိုင်းသည်မှအပ အခြားမရှိ။ ကိုးခရိုင်စိမ်းလန်းစိုပြေရေး နယ်မြေမို့ သုံးယောက်ကို တစ်တွင်းတူး မလေးရှားပိတောက်တွေ စိုက်ခဲ့ ရေလောင်းခဲ့တာတော့ ရှိပါသေးတယ်။ နယ်မြေကျဉ်းကျဉ်းလေးမို့ ဘယ်ကြိုဆိုရေး ဘယ်ဖွင့်ပွဲကိုမှ မတက်ခဲ့ရသည်က ငြိမ်းအေးရာအမှန်။ စာကြည့်တိုက်ဆိုတာ လည်းကျောင်းမှမရှိ။ လေးတန်းရောက်မှ ဥာဏ်စမ်းဖြေဖို့ မှန်နန်းရာဇ၀င်တွဲတွေ ကျောင်းအုပ်ကြီးဆီက ငှားမှ စာအုပ်တွေရှိတာသိရသည်။ သို့သော်နောက်ကျခဲ့ပြီ။

ကိုးတန်းရောက်တော့ သိပ္မံဘာသာတွဲကို အင်္ဂလိပ်လိုသင်ရပြီ။ နားလည်ရင် လွယ်ပေမယ့် အင်္ဂလိပ်ဆိုတဲ့ နတ်ကလည်းကြီး ဘာသာတွဲတွေက မမြင်လွယ်မတွေ့လွယ်ဆိုတော့ အာလုံးအခက်။ ဓါတ်ခွဲခန်းထုတ်ဖော်ပုံတွေကို မျက်စိမှိတ်ပြီးကျက်ခဲ့ရသည်။ ပစ္စည်းကမစုံ chemical ကမရှိမို့ အောက်ဆီဂျင်နဲ့ ဟိုက်ဒြိုဂျင်ပေါင်းစပ်ခြင်းသည် ရေဖြစ်လာသည်ဆိုသည်မှာ တကယ့် ယုံတမ်းစကားတစ်ခုလို။ မယုံဘူးဆိုရင်လည်း စာမေးပွဲနဲ့အလောင်းအစားလုပ်ဝံ့ပါ့မလား။ ထိုနည်းနှင်နှင် အမီးဘားရဲ့ ခြေထောက်တွေလှုပ်နေတယ်တို့ သူတို့မှာ ပုံသေပုံစံမရှိဘူးဆိုတာလည်း ဘကြီးအောင်ရဲ့ စကားတွေလို။ မိုက်ခရိုစကုပ်တစ်ခု ဘယ်မှာလွယ်လွယ် ရနိုင်ပါ့မလဲ။

ကိုးတန်းနှစ်ဝက်လောက်မှာ တစ်နိုင်ငံလုံးရဲ့အဓိက ပစ်မှတ်က ကျောင်းတိုင်း မာလ်တီမီဒီယာဖြစ်ရေး။ မရှိမဲ့ ရှိမဲ့လေးတွေကို မထည့်မနေရထည့်လိုက်ရတဲ့ ကွန်ပြူတာဖိုးက ကျောင်းမှာ လက်ညှိုးထိုးပြဖို့ ပစ္စည်းတစ်ခုရခဲ့တယ်ဆိုတာပါပဲ။ ပိုက်ဆံတွေသာပေးလိုက်ရပေမယ့် ကွန်ပြူတာမှာ ဘာတွေပါတယ် ဆိုတာမသိ။ လုံးဝမသိ။ ဆယ်တန်းရောက်ပြန်တော့လည်း ထိုနည်းနှင်နှင်။

တစ်ဖန်ဝိုင်တီယူဆိုတဲ့ ကျောင်းကိုရောက်ပြန်တော့ စိတ်ထဲမှာ စွဲမြဲခဲ့တဲ့ ကျောင်းတော်ကြီးနဲ့လွဲခဲ့ပြန်တယ်။ ကျောင်းတော်ကြီးမှာ ပစ္စည်းတွေစုံမစုံဆိုတာ မသိပေမယ့် ကျနော်တက်ခဲ့ရတဲ့ ကျောင်းသက်တမ်း တစ်လျှောက်ကတော့ ခြောက်တီးခြောက်ချက် လက်တွေ့များသာ။ လက်တွေ့ခန်းဆရာမရဲ့ ဟဲ့အစိမ်းနဲ့နော်ဆိုတဲ့ အသံအောက်မှာ စမ်းသပ်ချင်တယ်ဆိုတဲ့ စိတ်တွေဟာ ငုပ်လျှိုးပျောက်ကွယ်သွားခဲ့စမြဲ။ အင်ဂျင်နီယာဘာသာဆိုတာ စာထိုင်ကျက်နေရုံနဲ့ မရဘူးဆိုပေမယ့်လေ။ ပညာဆိုသည်မှာ စာအုပ်ကိုကျော်၍မြင်နိုင်စွမ်းကို ဆောင်နိုင်ရာ၏ဆိုသော စကားကို အရမ်းနှစ်သက်ခဲ့ပါသော်လည်း မရှိမဲ့ရှိမဲ့ကျောင်းထားပေးရသော မိဘမျက်နှာကို ထောက်ကာ စူစမ်းခြင်း တက်မြောက်လိုခြင်း လက်တွေ့စမ်းသပ်ခြင်းများသည် တစ်နှစ်တစ်တန်းအောင်မြင်ရေးနောက်တွင် အလိုလို ကျရှုံးကြစမြဲ။

လုပ်ငန်းခွင်ဝင်ပြန်တော့လည်း အထက်အရာရှိ ပြောသမျှသည် မိမိလုပ်ရန်တာဝန်ဟုသတ်မှတ်ကာ ပြန်မပြောပဲ ကြိတ်မှိတ်လုပ်တတ်ခဲ့သည်။ ရှေ့တွင်ခေါင်းညိတ်ပြီး ကွယ်ရာတွင်လုပ်ချင်ရာလုပ်တတ်သော အကျင့်သည် တကယ်တော့ မကောင်းဟု ကျနော်ယူဆပါသည်။ သူပြောသမျှတိုင်းမှန်သည်လည်း မဟုတ်ပါ။ ကျနော်တို့၏ ရှက်ရွှံ့ခြင်း လူတောမတိုးခြင်းစိတ်ဓာတ်များသည် တစ်ခါတစ်ခါ ဒုက္ခရောက်စေတတ်ပါသည်။

နောက်တက်လူငယ်များ ဤအဖြစ်မျိုးမှ လွတ်မြောက်စေရန် မည်သို့မည်ပုံ ကူညီနိုင်ကြပါမည်နည်း?

မည်သို့ဆိုစေ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှု၊ စူးစမ်းဆင်ခြင်တတ်သော စိတ်တို့ဖြင့် ပြည့်နှက်နေသော ကျနော်ချစ်သော ကျနော့မြေမှ ညီငယ်ညီမငယ်များကိုဖြင့် မြင်ချင်စမ်းလှပါဘိတော့သည်……

25 comments:

Mogok Thar said...

ညီလေးရေ.. အမီးဘးတွေ အမီးပြားတွေတော့ ကျောင်းမှာ ကြည့်ရဖူးတယ်။ မူလတန်းကနေ အထက်တန်းကျောင်း ပြောင်းတက်ရတော့လဲ အထက မှာ စာကြည့်တိုက်ကြီးထဲ ၀င် စာဖတ်ခဲ့ဖူးတယ်။ chemistry, physic လက်တွေ့ချိန်တွေလဲ ရှိခဲ့သေးရဲ့။
မန်းတလေးမှာ ကျောင်းတက်တုန်းကလဲ Practicalတွေ ဆင်းရတယ်။ စာကြည့်တိုက်က စာမစုံပေမဲ့ ဖတ်လို့တောင် မကုန်ခဲ့ဘူးရယ်။
အရာရာ စူးစမ်း လေ့လာတတ်တာက ကြီးကြီး ငယ်ငယ်၊ အရွယ်တိုင်းအတွက် ကောင်းပါတယ်ဗျာ။ တိုယ်တွေ ချစ်တဲ့ ညီ၊ ညီမငယ်လေးတွေအပေါ် လမ်းညွှန် ပြသပေးနိုင်တဲ့ အကိုတစ်ယောက် ဖြစ်ပါစေဗျာ။

ကဗျာမလေး said...

စာလာဖတ်ပါတယ်ဗျာ ... စာလုံးတွေကြီးနေလို့ ဘယ်လိုလုပ်ရမှန်းလည်း သိဘူး ... ခက်ခက်ခဲခဲဖတ်ရတယ် :(

Anonymous said...

ကိုယ့်ဘဝတွေကိုယ် ပြန်မြင်ရတယ် တစ်လုံးမှကို မလွဲဘူး အဲဒီ့အတိုင်းပဲ ... တစ်ခုခုသိချင်ရင် စကားမရှည်နဲ့ ခိုင်းတာပဲလုပ် .. စကားကြောကိုရှည်တယ်ဆိုတာ သိချင်လို့တစ်ခုခုမေးတိုင်းကြားရတဲ့စကား ... ဗုဒ္ဓဘာသာသာ ဖြစ်တာ ဘာကြောင့်ကိုးကွယ်မှန်း လူမှန်းသိတဲ့ အရွယ်ထိနားမလည် ... စာဆိုရင် ဆရာမပေးတဲ့အတိုင်း တစ်သွေမတိမ်းကျက် နဲနဲဟိုလွှဲဒီလွဲ အကြောင်းအရာလေး လွဲတာနဲ့ စာမေးပွဲ အဆင့်က ဘိတ်ဆုံးကိုရောက် ... စာကိုကိုယ်နားလည်သလို ရေးလို့ မရဘူးလားမေးတော့ .. နင်ကဆရာလား ငါကဆရာလားတဲ့ .. ကာယချိန်ဆို ခုံပေါ်မှောက်အိပ် ... ကျောင်းစာကြည့်တိုက်ဆိုတာ တစ်ခါမှကို မမြင်ဖူးတာ ကျောင်းအုပ်ကြီး ရုံးခန်းမှာလားတော့ မသိ .. ( ထင်တာပြောတာ မြင်တော့ မမြင်ဘူး ) .. Multimedia Room ယောင်လို့မှ ခြေတစ်လှမ်း မချခဲ့ဘူး ( ပိုက်ဆံတော့ ထည့်ခဲ့ရတယ် ) .. တက္ကသိုလ်ရောက်တော့ ပရက်တီကယ် လုပ်တယ် အယောက် ၁၀၀ လောက်ကို ပစ္စည်းတစ်ခု ... လုပ်ရတဲ့သူက ယောင်ဝါးဝါး မလုပ်ရတဲ့ သူက နေကြာစေ့စား ... complain တက်ခွင့် ဘယ်တော့မှမရ ... နောက်ဆုံးရှေ့တွင် ခေါင်းညိမ့် ကွယ်ရာ လုပ်ချင်တာလုပ် .. လူကြီးတွေ ကိုယ်တိုင်ကလည်း နောက်ကွယ်မှာ လုပ်ချင်တာလုပ် ရှေ့မှာ ခေါင်းညိမ့်နေရင် ပျော်နေတာလားတော့ မသိ ... အဲလိုနဲ့ပဲ ........................
ကူညီဖို့လိုတာလား ....
ပိုက်ဆံစုဖို့လိုမယ်ထင်တယ် ...
မြေတူးစက် ဘူဒိုဇာတွေ ဌားမယ် မြေလှန်မှ ရမှာပဲ :D

NangNyi said...

ကြွားတာတော့မဟုတ်... စူးစမ်းဆင်ခြင်တတ်သော စိတ်တို့ဖြင့် ပြည့်နှက်နေသော ကျနော်ချစ်သော ကျနော့မြေမှ ညီငယ်ညီမငယ်များကိုဖြင့် မြင်ချင်စမ်းလှပါဘိတော့သည်…… ဆိုရင်ဖြင့် ညီညီ့ကိုသာ လာကြည့်လှည့် :P

(ဒီဘလော့က ဂူးဂဲလ်ဘလော့ဂါပဲပေးမန့်တာကိုး ဒီတော့ အရင်အကောင့်နဲ့ပဲ မန့်သွားရတာပေါ့..)

sait phay yar said...

ကိုကိုကတော့နော်... ကျောပြီးတော့ မျက်နှာပြ.. အင်း

ခမ်းကီး said...

အဟေး....
ကျနော်တို့ထက် သာသေးတာပေါ့ (အထက်တန်း သိပ္ပံတွဲ)က..

ကျနော်တို့ဆို ကျောင်းဘေးပတ်လည်က ရေညှိပင်လောက်ပဲ လက်တွေ့ပြခဲ့ကြရတာ.. အဟီး..

မျိုးပွါးခြင်း၊ မျိုးစပ်ခြင်းအခန်းဆို ဆ၇ာမတွေက အင်္ဂလိပ်ကနေ မြန်မာ၊ မြန်မာကနေ ပအိုဝ်းလို၊ ကရင်လို ပြန်ပေးခဲ့ရသေးတယ်။ ^__^

Sein Lyan Tun said...

မဝေးတော့တဲ့ အနာဂတ်မှာ
ဘယ်တော့လဲဆိုတာတော့ မဝေးတော့တဲ့ အနာဂတ်ပဲ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

khin oo may said...

မြင်စေချင်စမ်းလှသည်

(ဓါတ်ပုံများပြမလားလို့ သုတ်ခြေတင်လာတာ. ဟူး...)

khin oo may said...

ဖတ်ပြီး ကြက်သိမ်းမွေးညင်းတောင် ဖြစ်မိတယ်။

khin oo may said...

ဒီနေ့အတွက်ပထမဆုံးလာဖတ်တဲ့ဘလော့ပါ။

khin oo may said...

ဓါတ်ပုံနဲ့မျှားတာကိုး ...အဟင့်။

khin oo may said...

ဟယ်.........လေးခုတောင်ဖစ်သွားပြီ။

Rita said...

မတွေးချင်တော့တဲ့ အကြောင်းတွေ !!!
တို့တွေနောက်မှာ ပိုပို ဆိုးလာတယ် မထင်ဘူးလား။
မထင်ဘူးဆိုရင် အလယ်တန်း သမိုင်းစာအုပ်လေး တချက်ဖွင့်လိုက်ကြည့်ပါ။ နောက်အဲဒီထက်ဆိုးစရာ ရှိသေးလား။

ရှိသေးတယ် ဆရာ။ လာဦးမှာ။

ရွာသားကို တက်ဆူးကိုး ကူရိုယာနာဂီ စာအုပ် ပေးဖတ်ချင်တယ်။ (ပေးဖတ်ချင်တယ်သာ ပြောတာ။ ပါမလာဘူး။ Kinokunia မှာတော့ တွေ့မိတယ်။ ဖတ်ချင်ဝယ်ဖတ်။)

ဒုတိယ ကမ္ဘာစစ်မတိုင်ခင်က ဂျပန်ရဲ့ မူလတန်းပညာရေးဟာ ဘယ်လိုလဲ ဆိုတာ။ အကြောင်ပေါင်း တထိန်မကဘူး။ အကြိမ်ပေါင်း တစ်သိန်းခွဲလောက် ရင်နာသွားမယ်။

အေးပေါ့လေ ဒါကြောင့်လဲ သူတို့က ဂျပန်ဖြစ်နေတာပေါ့။ (အဲလိုပြောရင် မျိုးချစ်ပုဂ္ဂိုလ်တွေက ကိုယ့်ကို အကြိမ်ပေါင်းတစ်ထောင်လောက် ကိုင်ဆောင့်ချင်နေမလား မသိဘူးနော်)

:(
ဘယ်သူဘာထင်ထင်

(dont care)1000

mirror said...

မယ်ညီပြောတာ မှန်ပါ့...။
ကျောပိုးအိတ်လေးတွေလွယ်ထားတယ်..
မျှော်လင့်ချက်လေးတွေကိုယ်စီသယ်လို့..
မျှော်လင့်ချက်ကပဲ ကိုယ့်သယ်သလား။
ကိုယ်ကပဲ မျှော်လင့်ချက်တွေကို သယ်မိလေသလား..မပြောတတ်တော့ပါဘူး ကိုရွာသားရေ..

Anonymous said...

လူငယ်တွေကိုယ်တိုင်ကိုက “ငါတို့တော့ ဒီလိုဖြစ်နေတယ်” လို့ အမှန်အတိုင်း သိကြပြီး၊ အဲဒီလမ်းကို ရေစုန်မျော မလိုက်ပဲ ကိုယ်ပိုင်အတွေးအခေါ်နဲ့ အမှားအမှန်ဆုံးဖြတ်တတ်ပြီး ဖောက်ထွက်ကြိုးစားတတ်ရင် ကောင်းနိုင်ပါတယ်လို့ ယူဆတယ်၊ သင်ဆရာ၊ ကြားဆရာအမှန်တွေကို သူတို့ကိုယ်တိုင်ရှာဖွေတတ်ဖို့ပဲ လိုပါတယ်လေ။

မယ့်ကိုး said...

ကိုရွာသားရေ...ခံစားချက်တူသူတွေပါ။
ကိုရွာသားက အားလုံးရဲ့ ကိုယ်စားပြောပေးသလို ခံစားရပါတယ်။

သီဟသစ် said...

ကိုရွာသားရေ

မြင်စေချင်တယ် တွေ့စေချင်တယ် တကယ်ဖြစ်စေချင်တယ်

ဘယ်တော့လဲ

မောတယ်

ရီတာပြောသလိုပဲ နောက်ပိုင်းတွေ ပိုဆိုးလာနေပြီ ထင်တာပဲ

ခင်မင်စွာဖြင့်
သီဟသစ်

မီယာ said...

ရွာသားရေ ဖတ်ပြီး တယ်မှန်ပါလားလို့ တွေးနေမိတယ်။ ဒါပေမယ့်လည်း တိုးတက်ချင်တဲ့ စိတ် ရိုးသားကြိုးစား စူးစမ်းလိုတဲ့ စိတ်တွေနဲ့ တနေ့တလံ ပုဂံဘယ်ရွေ့မလဲ လို့...

အိုင်လွယ်ပန် said...

တန်ဖိုးရှိတဲ့ ဆောင်းပါးတစ်ပုဒ်ပဲဗျာ ...

ဖိုးသင်္ကြန် said...

ဘယ်သူမှ မပြောတဲ့ အဖြစ်သင့်ဆုံးအဖြေ

"ကဲ
ဘာစလုပ်ကြမလဲ။"

ညီလင်းသစ် said...

ထူးချွန်ထက်မြက်ပြီး ဥာဏ်ရည်မြင့်မားတဲ့ ကလေးတွေ ကိုပြုစု ပျိုးထောင်ဖို့အတွက် မိဘတိုင်း၊ အကိုအမတိုင်း၊ ဆရာ ဆရာမတိုင်း၊ လူကြီးတိုင်းမှာ တာဝန်ရှိပါတယ်၊

စူးစမ်းတဲ့စိတ်နဲ့ မေးတာကို စိတ်ရှည်ရှည်နဲ့ ပြန်ရှင်းပြဖို့ လိုပါတယ်၊ အဲဒီလို ရှင်းပြနိုင်အောင်လည်း ကိုယ်က အမြဲတမ်း လေ့လာနေဖို့ လိုတယ်၊ ဒါမှ ကိုယ်လည်း တိုးတက်လာမယ်၊ ကိုယ့်ရဲ့ ပြည့်စုံတဲ့ အဖြေကိုကြားရတဲ့ ကလေးအတွက်လည်း ဒီထက်ပိုပြီး စူးရှ၊ တိကျတဲ့ စူးစမ်းမှုတွေလုပ်ဖို့ ဖြစ်လာစေလိမ့်မယ်၊

ဒီလိုမှ မဟုတ်ဘဲ အထက်မှာ ပြောခဲ့ကြသလို “လျှာမ ရှည်နဲ့” တို့၊ “နင်နဲ့ငါ ဘယ်သူဆရာလဲ” တို့ စ,တာတွေနဲ့ စိတ်မရှည်လို့ပဲ ဖြစ်ဖြစ်၊ ကိုယ်လည်း မသိလို့ဘဲ ဖြစ်ဖြစ် ပြန်ပြီး မရှင်းပြဘူး ဆိုရင် ကလေးတွေမှာ မေးတတ်၊ မြန်းတတ်တဲ့ အကျင့်တွေ ပျောက်သွားပြီး၊ ကိုယ်ရည် ကိုယ်သွေး နိမ့်ကျနေတဲ့၊ ယုံကြည်မှုတွေ ပျောက်ဆုံးနေ တဲ့ လူတိုးမတိုးဝံ့တဲ့ လူကြီးတွေပဲ ဖြစ်လာပါလိမ့်မယ်၊ မစဉ်းစားတတ်ကြတော့ဘဲ သူများပြောသမျှ ယုံတဲ့သူတွေ ဖြစ်လာလိမ့်မယ်၊

တကယ့်ကို ပို့စ်ကောင်းလေး တစ်ပုဒ်ပါပဲ...။

Unknown said...

Ywathalay..... I read your post with much enthusiasm and agree with you. We have been grown up in a broken education system even though I am a generation older than you are. We became the victims of the constant changes in educational system.During our time, it was so hard to get a job for those of them who earned arts /science undergrad degree unless they had a good connection to the higher level of officials .....I mean any kind of government job. There were some exceptional cases though. Very few opportunites to go abroad for study or work as it was so difficult to get a passport. So, apparently most of us were confined in the country with no hope ,and some became the big frogs in a small pond. That was then. Now that quite a number of Burmese , studying /working abroad are witnessing the different world that we have never known. Little do we know that we are entitled to different opinions as we used to live in a yes sir culture when it comes to teachers and bosses. Otherwise we would be perceived as a defiant one. As a result, we lack to larger extent the creative thinking, curiousity etc. We all are the products of the very flawed educational system and that conservative tradition. Consequently, on world stage the Burmese behave like shy and conservative people, facing many challenges. It takes the country to change all those stuffs. Ywathalay.....hang in there! Hopefully, you are young enough to see the better changes and stand tall as a Burmese.

By the way ,I was born and raised in Monywa.

မွန် said...

မွန်က သူနာပြုတက္ကသိုယ်က ဘွဲ့ရတယ်
ဒီမှာ ကျောင်းပြန်တက်တော့ အရူးမီးဝိုင်းဖြစ်နေတယ်
လူ့အသက်နဲ့လုပ်ရတဲ့အလုပ်တွေက တတ်ကျွမ်းမှုမရှိရင် ကိုယ့်အတွက်ထက် လူပေါင်းများစွာအတွက် အဆိပ်ပဲ
မွန်ကျောင်းပြန်တက်နေပေမယ့် မြန်မာပြည်မှာ မွန့်ထက်ဆိုးတဲ့ သူနာပြုဘွဲ့ရတွေ ကျန်ခဲ့သေးတယ် အလုပ်လုပ်နေကြတယ် လူ့အသက်တွေနဲ့
တွေးတိုင်းမောတယ်

Rita said...

အော် လူ့အသက်တွေနဲ့
တော်သေးတယ်
ကိုယ့်ခမျာ Steel column တွေနဲ့ တွေ့နေလို့။

Unknown said...

ဒီဆောင်းပါးလေး ပြည်တွင်းက စာစောင်လေးမှာ တင်ချင်မိတယ်
ဖတ်မိကြပါ့မလားတော့မသိ
သေချာတာတော့ မျက်စိမှတ်ဖတ်မှာဆိုတာပဲ

တို့ တွေတုန်းကတော့ မြင်ဖူးတယ်ဆိုယုံ လက်တွေ့ လုပ်ခဲ့ရတယ်
ဒီရောက်တော့ ကလေးတွေလုပ်တာမြင်ပြီး ငယ်၂ကဘ၀ကိုယ် ပြန်သနားတယ် ကျန်ခဲ့တဲ့လူငယ်လေးတွေကို သနားမိတယ်