မကြည်ဖြူပိုင်ရဲ့ သူငယ်တန်းမမကိုဖတ်နေတုန်းမှာ အဲဒီခံစားချက်ကို ပြန်ရတယ်။ ဒါပေမယ့် စာမရေးဖြစ်ခဲ့သေးဘူး။ မနေ့က မဆုမွန်ရဲ့ ကော့မန့်လေးက လှုပ်နိုးလိုက်တော့ စာတစ်ပုဒ်ရေးဖို့ သေချာသွားခဲ့ပြီ။ ကျနော်ဆိုးခဲ့တဲ့ အကြောင်းအရာလေးတစ်ခုက ပြတ်ပြတ်ထင်ထင်ဖြစ်လာတော့တာ။ အများတကာလို မူကြိုဆိုတာ မတက်ခဲ့ရတဲ့ ရွာသားတစ်ယောက်အကြောင်းပါ။
၃နှစ်ကျော်ပြီဆိုတော့ အိမ်နားက သူငယ်ချင်းတွေ လွယ်အိတ်လေးတွေလွယ်ပြီး မူကြိုသွားကြပြီ။ အဲဒီအချိန် ဖေက မကွေးမှာ မေက ဒီပဲယင်းမှာ ကျနော်က မေနဲ့ပဲနေ နေတုန်းပေါ့။ ဘယ်နေရာမှာ နေကြမယ် မသေချာသေးတော့ ကျနော့ကို ကျောင်းထားဖို့ကိစ္စကိုလည်း သူတို့ မစီစဉ်ကြရသေး။ နောက်တော့ မုံရွာမှာပဲ မူကြိုထားဖို့ နွေကျောင်းပိတ်တစ်ရက်မှာ မေက ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် နောက်ကျတဲ့ အတွက် အိမ်ဘေးက ငယ်သူငယ်ချင်းတက်တဲ့ မူကြိုမှာ အပ်လို့မရတော့ပါဘူး။ ဟိုး…မုံရွာ့တောင်က မူကြိုတစ်ခုမှာ အပ်ခဲ့တယ်။
ပထမဆုံးကျောင်းတက်ရတော့မယ်ဆိုတော့ ပျော်တာပေါ့။ သူငယ်ချင်းတွေ မူကြိုသွားတိုင်း အိမ်အနီးအနားမှာ တစ်ယောက်တည်း ကျန်နေရစ်ခဲ့တာလေ။ ကျောင်းတက်ရတော့မယ် ဆိုပြီး ပျော်နေခဲ့တာ။ လွယ်အိတ်အသစ်လေးရယ် ဝတ်စုံလေးရယ် ထမင်းဗူးအသစ်လေးရယ်နဲ့။ ပြီးတော့ ကျနော်သိပ်ကြိုက်တဲ့ ကြက်ဥမွှေကြော်လေး (အမခင်ဦးမေ မှတ်ဖို့မေ့နေဦးမယ်ခင်ဗျ) ထည့်ပေးလိုက်တယ်။ ကျောင်းရှေ့အရောက် ငှားထားတဲ့ ဆိုက်ကားလေးနဲ့ အကျပေါ့ဗျာ။
ကျောင်းကိုရောက်တော့ ဆရာမက တစ်ယောက်တည်းပါ။ ကျနော်မှတ်မိတာက သစ်သား ပျဉ်ထောင်အိမ်လေး။ ရောက်ပြီးသိပ်မကြာခင် ဘေးနားက ကောင်မလေးနဲ့ သူငယ်ချင်းဖြစ်သွားပါတယ်(ရွာသားတို့များ ငယ်ကတည်းကလို့ ကော့မန့်မပေးနဲ့နော်…)။
နောက်တော့ နေ့လည်စာထမင်းစားချိန် ရောက်ရောဆိုပါတော့။ ထမင်းဗူးကိုဖွင့်တော့ လား..လား…မချောလေး ထမင်းဗူးထဲမှာ ကျနော်သိပ်ကိုကြိုက်ပါတဲ့ ဝက်အူချောင်းကြော်တွေပါလား။ ငတ်မရှက်ဆိုတဲ့ အတိုင်း သူ့ကိုကျနော် ညှိလိုက်တယ်။ ကြက်ဥကြော်နည်းနည်းနဲ့ ဝက်အူချောင်းကြော်နည်းနည်း နှစ်ဦးသဘောတူ လဲစားလိုက်ကြပါတယ်။ သံခင်းတမန်ခင်းအရ ဒါမှမဟုတ် ထရိတ်ဒင်း အောင်မြင်တယ်လို့ယူဆလို့ရပေမယ့် ကျနော့မူကြိုဆရာမကတော့ လုံးဝ လုံးဝ လက်မခံဘူးတဲ့ဗျာ။ ကျနော်တို့ နှစ်ယောက်လုံးကို ဟင်းချင်းလဲစားတဲ့အမှုနဲ့ တစ်ယောက်တစ်ချက်စီ ရိုက်ပြီးအပြစ်ပေးခဲ့တယ်။ ငိုယိုပြီးတဲ့နောက် မောလာတော့ ကျောင်းရဲ့ ပြတင်းပေါက်ဆီကနေ အပြင်ကိုပဲငေးနေမိတာပေါ့။
နောက်တော့ ကိစ္စက ပေါ်ပါလေရော။ ကိစ္စက ထိပ်ဝရောက်နေပြီ ဆရာမကိုသွားပြောတော့ ဆရာမရှေ့မှာ ဖြေရှင်းပေးဖို့စောင့်နေတဲ့ အတန်းဖော်တွေက အခု ဒီနိုင်ငံရဲ့ယဉ်ကျေးမှုတစ်ခုလို တန်းစီနေတာမှ အရှည်ကြီး။ ဆရာမက သိပ်မအားမလပ်ဖြစ်နေလို့ လိုက်မပို့ဘူးတဲ့ဗျာ။ အားလုံးဖင်ပိတ်စောင့်နေကြရတာ။ မအားမလပ်တဲ့ အကြောင်းက ကျနော်တို့ဆရာမ ၀တ္ထုဖတ်တော်မူနေတာကိုး။ ဇာတ်လမ်းကပဲကောင်းတာလား စာရေးဆရာပဲတော်လေသလား စီတန်းနေတဲ့ အတန်းရှည်မှာတော့ အားလုံးဖင်လေးတွေလိမ်လို့။
ဆရာမ စာအုပ်ကိုချတော့မှ ကျနော်တို့ ပြဿနာကိုဖြေရှင်းပေးခဲ့ပါတယ်။ ပါးစပ်ကလည်း ပွစိပွစိပြောရင်းပေါ့ အလုပ်ကိုရှုပ်တယ် ကလေးအစုတ်ပလုပ်တွေ ဘာတွေဖြစ်မှာ။ပထမဆုံးကျောင်းတက်ရက်က ကျနော့ကို သိပ်စိတ်ပျက်စေခဲ့တယ်။ ပျော်ရွှင်ရမယ်ထင်ထားခဲ့တာ တစ်ခြားစီဖြစ်ခဲ့ရတယ်။
အိမ်ရောက်တော့ လွယ်အိတ်လေးချပြီး နောက်နေ့ မူကြိုမသွားဘူးနော်ဆိုတော့ မေက အော်တော့တာပေါ့ (လခကပေးပြီးသွားပြီလေ)။ တုတ်ကြည့်ထားလို့ ပြောတော့ မျက်လုံးလေးကလည်ကလည်နဲ့ လုံးဝပြန်မသွားတော့ဘူးလို့ ကျောင်းအပြန်ကတည်းက ဆုံးဖြတ်ထားတော့ ဘယ်လိုဖြေရှင်းမလဲ အကြံထုတ်တော့တာပေါ့။
နောက်နေ့မနက် ကျောင်းသွားခါနီး တစ်ချက်ငိုပြီး အပျော့ဆွဲကြည့်တယ်။ မရဘူး။ ဆိုတော့…နောက်ဆုံး လက်နက်ကို ထုတ်ရပြီပေါ့။ မေလိုက်ပို့မှ ကျောင်းသွားမယ်လုပ်ပါလေရော။ အကြံကိုမသိတဲ့ မေက အင်းဒီအရှုပ်ကျောင်းသွားပြီးရော ဆိုပြီး လိုက်ပို့ပါတော့တယ်။
ကျောင်းနားရောက်လာလေလေ ရင်ကခုန်လာလေလေ။ တေးထားတဲ့အတိုင်း အောင်မြင်မှဖြစ်မှာကိုး။ ဆရာမလေးကလည်း မနက်ခင်းအလှအပတွေနဲ့ မိဘတွေလိုက်ပို့တာဆိုတော့ လခအယူကောင်းအောင် အပြုံးတွေ အကြင်နာတွေပြပြီး ကလေးတွေကို ကျောင်းရှေ့မှာထွက်ကြိုတာ။ သားလေး သမီးလေး လာလာဆရာမဆီကိုလာ စာတွေသင်ပေးမယ် ပုံပြင်တွေပြောပြမယ် နဲ့ ချိုသာလို့။
ဆရာမ ကျနော့ကိုလာကြိုဖို့ရှေ့တိုးလာတော့ အားးးးးးးးးးးးးးးလို့အကျယ်ကြီးအော်လိုက်တယ်။ ပြီးတော့ ဆရာမအရမ်းအရိုက်ကြမ်းတာကြောင့် ကျောင်းမတက်ချင်ဘူးလို့ တဖွဲ့တနွဲ့ထည့်ငိုတယ်။ ဆရာမကိုလည်း လက်ညိုးထိုးပြီး သူပေါ့ သားတို့အားလုံးကို အိမ်သာမပို့ပဲ စာအုပ်ထိုင်ဖတ်နေတာလို့ အားလုံးကြားအောင် အော်လိုက်တယ်။ ဆရာမလေးမျက်နှာ အရမ်းပျက်သွားတယ်။ သူဘာလုပ်ရမှန်းမသိဘူးဖြစ်သွားပါလိမ့်မယ်။ ကျောင်းထဲပဲ ပြန်ဝင်ရမလို ကျနော့ကိုစိတ်ဆိုးပြီးရိုက်ချင်နေတဲ့ပုံလည်း ပေါ်လာတယ်။ ဒါပေမယ့် မိဘတွေရှေ့မှာ ကျောင်းသားကို သူရိုက်လို့မရသေးဘူးလေ။ သူ့သားအကြောင်း ကောင်းကောင်းသိတဲ့မေက ကျနော့ပါးစပ်ကိုပိတ်ပြီး နောက်ကြောင်းကို ပြန်ခေါက်ခဲ့ရတယ်။ ကျောင်းသားမိဘတွေအားလုံး ကြောင်ငေးပြီးတော့ကို ကျန်နေခဲ့တာ။
အဲဒီနောက်ပိုင်း ရွာသားတို့ မူကြိုတက်ဖို့အကြောင်း ကြားကိုမကြားရတော့ဘူး။ အငိုပိုင်လို့တဲ့နာမည်တစ်လုံးတောင်ရလိုက်သေးတယ် အောင်ထွန်းလေးတဲ့။ အိမ်မှာပဲ ဆော်ပလော်တေခံရင်း စာတွေဖတ်ရတော့တာပါပဲ။ ဆိုးလိုက်တဲ့ရွာသားနော်……..
Soon to be moving new home
-
အရွယ်ပြောင်းလို့ အတွေးပြောင်းပါပြီ
ဒီစာမျက်နှာကနေ နုတ်ဆက်ပါတော့မယ်
ဘလော့တခုလုံးကို သိမ်းပြီးတဲ့အခါ ဒီစာမျက်နှာလေး သော့ခတ်ပါတော့မယ်နော်/
ကိုယ်စိတ်နှစ်ဖြာ ကျန်...
4 years ago
18 comments:
ဆိုးပါ့ ရွာသားလေးရယ်.. ပထမးD
ရွာသားလေးက မူကြိုတုန်းက အကြောင်းတွေ အတော်မှတ်မိတာပဲ… အေးပေါ့လေ… ပွဲဦးထွက်ဆရာမက အဲလိုကြီးဆို အမလဲတက်ချင်မှာ မဟုတ်ဘူး… မနေ့ ကပို့ စ်နဲ့ ဒီနေ့ ပို့ စ်ဖတ်ပြီး ဒါကြောင့်လဲ YTU ရောက်တာကိုးဆိုတွေးမိတယ်… သတ္တိကိုပြောပါတယ်…
တော်တော်မှတ်မိတယ်နော် ။ သတ္တိလည်းကောင်းတယ် ။
အယ်ကွဲ့ ဒီခလေး ဘယ်လိုခလေးတုန်း ကျနော်သာ ဆရာမနေရာဆိုရင်တော့ ဖြစ်ချင်တာဖြစ် ဗြန်းဗြန်း၂ ဆိုပြီး ၃ ချက်လောက်တော့ ကျွေးပစ်လိုက်မယ် ပြီးတော့ ဆရာဆိုတာ အနန်တော အနန်ဒ ငါးပါးထဲပါတဲ့အတွက်အတွက်ကြောင့် ရိုက်နှက်ဆုံးမခွင့်ရှိသည်...ဂွမ်းးးးးးးးးးးးးးးးးးးးးးးးးးး
ငယ်ငယ်လေးကတည်းက ဖွဲ့နွဲ့ငိုတတ်တာကိုး.. ချီးကျူးပါတယ်.. အဲ့လိုဆရာမမျိုး . . အဲ့လိုပြောခံရမှ တန်တာ . ..
သမီးတို့ မူကြိုဆရာမတွေဆို ထမင်းခွံ့ပေးရတာနဲ့ ငိုရင်ချော့ရတာနဲ့ သိပ်စိတ်ရှည်တာ.. ဒါတောင် သမီးက ကဗျာတွေ သင်ပေးရင် လိုက်မဆိုဘူး.. သတိရလိုက်တာ ဆရာမတို့ကို..
ဆရာမက သူ့ဟင်းနှိုက်မစားတာကို ကျေးဇူးတင်မယ်မ၇ှိဘူး..။ ရွာသားလေးတို့ ခက်ပါ့...။
ရွာသားကတော့လေ.. မလွယ်ဘူး... မင်းသားလုပ်စားရမှာ ပိုင်တယ်ကွာ
အဟားဟား.....ကိုရွာသားက ဆိုးပါဘူးကွ.။ လိမ္မာပါတယ်။ ဘာလို့လဲ ဆိုတော့ (ဆရာမဆိုးလို့သာ) ကျောင်းတက်ချင်တဲ့စိတ်ရှိတယ်လေ။ အနော်ကတော့ ကျောင်းမတက်ချင်ဘဲတက်နေရတောိ့ကံမကောင်းတဲ့ကိုတွတ်ပီပါ။ ခုလဲ ကိုတွတ်ပီတဖန်ဖြစ်ရဦးမယ်။ ကိုရွာသားက ဒီပုံအတိုင်းဆို....ကျောင်းစာတော်ရုံတင်မကဘူး။ အဆိုပါပိုင်သေးသကိုး။ ကောင်းပါ့ကွာ။ series အတူထုတ်ကြမယ်လေ။ ခဲမလောက် လို့နာမည်ပေးကြတာပေါ့
:P
ကိုရွာသားတို့များ ငယ်ငယ်တည်းက.....
တော်တယ်လို့ပြောတာပါ။ မမန့်နဲ့ဆိုတာကိုထည့်မပြောပါဘူးနော့။ :P
ကလေးအချင်းချင်း ဟင်းလဲစားတာ ဆရာမက ဘာလို့ရိုက်တာလဲ။ စဉ်းစားရခက်သွားတယ်။ နောက်ပိုင်း အဲဒီဆရာမ မူကြိုရောဆက်ဖွင့်လို့ရသွားရဲ့လား။ :)
တို့တတ်တဲ့မူကြိုကဆရာမတွေကသဘောကောင်းတယ်။
တဟားဟား ရီမိတယ်
ရွာသားလေးက ဆရာကံမကောင်းဘူးကိုး
မှတ်ညဏ်ကောင်းတယ်။
ဆိုးလဲဆိုးတယ်။
အချွဲကောင်းလို့ပျော်ဝင်သွားတာလေးတွေကော သိပရစေ။
ကိုရွာသားက ငယ်တုန်းက အကြောင်းတွေ မှတ်မိတယ်နော် .. ညီမတော့ မမှတ်မိတော့ဘူး .. :D
မိုးခါး
ဟုတ်တယ် တော်တော် မှတ်ဥာဏ်ကောင်းတဲ့ ရွာသားပဲ၊ မူကြိုတတ်တာတောင် မှတ်မိတယ်
အဲဒီတုန်းက တန်းစီနေတဲ့အတန်းရဲ့ နောက်ဆုံးမှာ ကိုရွာသားရော ဖင်လေး လိမ်ထားသေးလား။
အဲဒီပုံစံလေး မြင်ချင်စမ်းပါဘိဗျာ။ အဟီး...
ဘုရား ဘုရား ဘုရား (၃ ကြိမ်တိတိကို တသွားမိတယ်)
မူကြိုတုန်းကဘ၀ကိုတောင် မှတ်မိတယ်
မှတ်ဉာဏ်ကောင်းတာ ဂရင်းနစ်စံချိန်တင်လောက်ပါပေတယ်
ဘုရား ဘုရား (ထပ်တမိတယ်) ဒီပိုစ့်ကိုသာ နေ့ တိုင်းဖတ်ရင် ဘုရားကို သတိရနေတာနဲ့ ပဲ ကုသိုလ် တော်၂ရလောက်ပါပေတယ်
ဆိုးလိုက်တာနော်
ခုတော့ အဲလို မဟုတ်လောက်တော့ပါဘူးနော်
(မ၀ံ့မရဲနဲ့  မေးသွားတယ်)
Post a Comment