18 May 2009

တရားကို နတ်စောင့်သတဲ့


ဒီတစ်ပတ် ကြည့်ဖြစ်တဲ့ ရုပ်ရှင်လေးတစ်ခုပါ။ မင်းသားကိုကြိုက်နှစ်သက်တာရယ်၊ ဒါဗင်ချီကုတ်ဆိုတဲ့ဇာတ်ကားကို ရေးတဲ့ စာရေးဆရာရဲ့ နာမည်ကြီးနောက်ထပ် ၀တ္ထုတစ်ပုဒ် ဖြစ်နေတာရယ်ကြောင့် ဒီရုပ်ရှင်ကို ကြည့်ဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်လေးကြည့်နေတုန်းမှာတော့ လုံးချာကို ပတ်နေတော့တာ။ သိပ္ပံပညာရယ်၊ ခရစ်ယာန်ဘာသာရေး သမိုင်းကြောင်းရယ်၊ ဘာတီကန်ဆိုတဲ့ သမိုင်းတွေထဲက မြို့လေးရယ် နားလည်ရခက်စွာ နဲ့ပေါ့။ ရုပ်ရှင်ကြည့်ပြီးမှ ကိုသက်ပိုင်သူရဲ့ ဘာတီကန်စီးတီး ဆိုတဲ့ ပို့စ်လေးကိုဖတ်ရတယ်။ ဇာတ်ဝင်ခန်းတွေနဲ့ အဲဒီပို့စ်လေးကို ဖတ်ရင်း တကယ့်ကို အသက်ဝင်လာတော့တာပါပဲ။

လက်ရှိပုပ်ရဟန်းမင်းကြီး သေဆုံးသွားတဲ့ အခမ်းအနားနဲ့ စတင်ထားခဲ့တာပါ။ ပုပ်ရဟန်းမင်းကြီးတွေရဲ့ အရေးပါမှုကလည်း ဒီဘာသာရေး မှာတကယ့်ကို အရေးပါခဲ့တာကိုး။ ပုပ်ရဟန်းမင်းအသစ်ကို ဘယ်လိုရွေးချယ်သလဲဆိုတာလည်း ဒီဇာတ်လမ်းကို ကြည့်တော့မှ သိလာခဲ့ရတယ်။ ဒါပေမယ့် ပုပ်ရဟန်းမင်းအသစ် ဖြစ်နိုင်ချေ အများဆုံးရှိတဲ့ လူလေးယောက်ဖြစ်ရတာလည်း မသက်သာပါဘူး။ သူတို့လေးယောက်ကို အီလူမီနတီဆိုတဲ့ လျှို့ဝှက်ဂိုဏ်းက ဖမ်းထားပြီး သူတို့ရဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရန်ကြွေးကိုဆပ်ဖို့ ဓါးစာခံဖမ်းဆီး ထားခဲ့တာကိုး။ ပြီးတော့သူတို့ တစ်ယောက်ချင်းဆီကို ကမ္ဘာ့အခြေခံအကျဆုံး အရာလေးခုနဲ့ ဆိုင်ရာ ဆိုင်ရာ တစ်လှည့်စီ သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။

ပြီးတော့ ဂျနီဗာသုတေသနဓါတ်ခွဲခန်းထဲက ခိုးယူလာတဲ့ နယူကလီးယား လက်နက်ငယ်နဲ့ ဘာတီကန်စီးတီးကြီးတစ်ခုလုံးကို ဒီမြေပေါ်က ဖျောက်ဖျက်ပစ်မတဲ့။ အဲ့ဒီလက်နက်ကိုလည်း မြို့ရဲ့တစ်နေရာမှာ ထားရှိပြီးဖြစ်နေပြန်တယ်။

အီလူမီနတီ သင်္ကေတတွေကို အကျွမ်းကျင်ဆုံး ဟားဗတ်တက္ကသိုလ်က ပရော်ဖက်ဆာတစ်ယောက်ရယ်၊ သိပ္ပံပညာရှင်မလေးတစ်ယောက်ရယ် ရှုပ်ထွေးနေတဲ့ အရာအားလုံးထဲကနေ ဘာတီကန်စီးတီးကို ကယ်ဆယ်ဖို့ အလှည့်ကျတော့တာပါပဲ။

သတ်မှတ်ထားတဲ့ အချိန်တွေထဲမှာ အီလူမီနတီ ဂိုဏ်းရဲ့ လျှို့ဝှက်သင်္ကေတတွေကို ဖော်ထုတ်ဖို့ ကြိုးစားရင်း စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းထဲကို ကျနော်ကိုယ်တိုင်ရောက်သွားပါတော့တယ်။ ဘုရားကျောင်းတွေရဲ့ သမိုင်းတွေရယ် နတ်သမီးတွေညွှန်ပြတဲ့ နေရာတွေ အိုး..အချိန်မှီကယ်တင်နိုင်ပါ့မလား။ ကြည့်နေရင်း မောပန်းလာမိတယ်။ ထိုင်ရမလား ထရမလား ဒါပေမယ့် ကိုယ်တိုင်က ဘာတွေဖြစ်နေမှန်းကို မသိသေး။ မခက်ဘူးလားဗျာ။ အသက်တွေတိုင်းကို နှမြောစွာ ကယ်တင်နေမိချင်ပေမယ့် အဖြစ်ကမရှိတော့ ဇာတ်လမ်းအပြင်ကို ပြန်ထွက်လာမိပြန်ရော။

နောက်ဆုံးမှာတော့ တရားကိုနတ်စောင့်တယ်ဆိုတဲ့ အဆိုကိုပဲ လက်ကိုင်ပြုရတော့တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အမှန်တရားက အချိန်တန်တော့ပေါ်တာပါပဲလေ။ ရှေ့ကဖုံးရင်း နောက်ကပေါ်ရင်းဆိုပါတော့။ အာဏာတွေ ရပိုင်ခွင့်တွေအတွက် လူသားအချင်းချင်းမစာနာရက်လိုက်တာလို့ အပြစ်တင်မိပြန်ရော။ စနစ်တကျ အကွက်ချ စီစဉ်ပေမယ့်လည်း ဟာကွက်တွေတော့ ရှိစမြဲပါ။

ရှေ့မှာဘာဖြစ်မလဲဆိုတဲ့ စိတ်နဲ့ စောင့်ကြည့်ရင်း သက်ပြင်းတွေလည်း ချမိတယ်။ မတရားမှုဆိုတာကို သိသိကြီးနဲ့ လက်ပိုက်ကြည့်နေရတာကလည်း လောလောလတ်လတ်လိုဖြစ်နေတော့ စပ်ဆက်ပြီး စဉ်းစားနေမိပြန်ရော။ နောက်တော့ တရားကိုနတ်စောင့်တယ်ဆိုတဲ့ စကားလေးနဲ့ပဲ ဒီဇာတ်လမ်းကို ကြည့်ဖြစ်လိုက်ပါတယ်။

ဇာတ်ကားပြီးမှ ဘာတီကန်စီးတီးလေးကို စိတ်ဝင်စားလာပြန်ရော။ ရှေးဟောင်းအနုပညာတွေနဲ့ ပြည့်နေတဲ့ ဒီမြို့လေးက ကမ္ဘာလှည့်ခရီးသွားတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့မြို့လေး။ ကျနော်သိပ်ချစ်တဲ့ ပုဂံမြို့လေးလည်း အဲ့လိုဖြစ်ရင်ကောင်းမယ်လို့တွက်မိတယ်။ ပြီးတော့ သူတို့ရဲ့ ဘာတီကန်အာခိုက် တကယ့်ကို လေးစားချီးကျူးဖို့ကောင်းတယ်။ အခုအချိန်ထိအောင် စနစ်တကျ ထိန်းသိမ်းထားနိုင်ခဲ့တာကိုး။

အခါအခွင့်သင့်ခဲ့ရင်တော့ အဲ့ဒီမြို့လေးကို ရောက်ဖူးအောင် သွားချင်မိပြန်ရော။ အနုပညာတွေကို ကြည့်ရှုလေ့လာရင်း ဒီဇာတ်ကားလေးကို ပြန်တွေးကြည့်ချင်တယ်။ ဇာတ်ဝင်ခန်းထဲက နေရာလေးတွေရယ် အင်းပြီးတော့ မိုက်ကယ်အင်ဂျလိုရဲ့ ကမ္ဘာကျော် ပန်းချီကားတွေရယ်ကိုပေါ့။ တနေ့နေ့ပေါ့လေ…….အခုတော့……………..

17 comments:

khin oo may said...

တနေ့နေ့ပေါ့။

yehtutnaung said...

ကိုရွာသားရေ.. ကျွန်တော်လဲ အဲဒီရုပ်ရှင်ကို ကြည့်ချင်နေတယ်ဗျာ။ ဒီလို ဇာတ်ကားမျိုးက ရုပ်ရှင်အညွှန်းကို နည်းနည်းပါး တီးခေါက်ထားမှ ကျွန်တော်က ကြည့်တတ်တာ။ နို့ မို့ ဆို လည်တဲ လည်တဲ ဖြစ်နေတာ။

khin oo may said...

ပြန်လာဖတ်တယ်

Moe Cho Thinn said...

တရားကို နတ်စောင့်သတဲ့။
စောင့်ကြပါ နတ်မင်းကြီးများ မြန်မြန်စောင့်တော်မူကြပါ လို့ပဲ..

ThuHninSee said...

အခုချိန်မှာ တရားကို စောင့်နေတဲ့နတ်က မာရ်နတ်များလားဟယ်။

JulyDream said...

ရင်မှတရှိုက် ဖွင့်ပြချင်တဲ့ စကားလုံးတွေကို ဖော်ထုတ် ခံစားသွားပါတယ်။

sait phay yar said...

ဟုတ်တယ် အရမ်းကောင်းတဲ့ဇာတ်ကွက်လေးနဲ့သရုပ်ဖော်ထားတာပါ တော်တော်လေးပီပီပြင်ပြင်ရိက်ထားတယ်။ ခရစ်ယာန်အသင်းဂိုဏ်းကြီး တစ်ခုလုံးပျောက်သွားစေချင်တဲ့စိတ်က များနေတယ်လေ။ နောက်ဆုံးဇာတ်ကွက်ကလေးကိုမှတ်မိလားမသိဘူး။ ဗုန်းကို စိန်ပီတာ အူတ်ဂူပေါ်မှာထောင်ထားခဲ့တာ။ ခရစ်တော်ကပြောခဲ့တာလေ ငါ၏အသင်းတော်ကိုအီကျောက်ပေါ်မှာငါတည်ဆောက်မယ်ဆိုတာ။ ဒီစိန်ပီတာကျောင်းတော်ကြီးဆောက်တော့ ပလင်တော်ဟာ စီန်ပီတာရဲ့ (စိန်ပီတာဆိုတာ က ပထမဦးဆုံး ပုပ်ရဟန်မင်းပါ ) အုတ်ဂူပေါ်တဲ့တဲ့မှာ၇ှိနေတာကိုတွေ့ရတယ်။ ရည်၇ွယ်ချက်ကတော့ ဒီကျောက်ပေါ်မှာတည်ခဲ့တဲ့အသင်းတော်ကိုဖျက်မယ်ဆိုတဲ့ရည်၇ွယ်ချက်နဲ့ ဗုန်းကိုလည်းနောက်ဆုံးအဲဒီမှာထောင်ခဲ့တဲ့သဘောလေ။ တော်တော်လေးကို စိတ်ဝင်စားစရာကောင်းပါတယ်။ ပထမ သရဲကားမှတ်လို့ စိတ်ပျက်ပျက်နဲ့ကြည့်မိတာ... နောက်တော့ ဒီကားကြည့်မိတာမှန်သွားတယ်ပေါ့နော်။။။။
ကြုံတုန်းလေး ၀င်ရေးသွားတာ စိတ်တော့မရှိနဲ့။

ဝေလေး said...

ကြည့်ဖြစ်လိုက်တယ်။ ရုပ်ရှင်ကြည့်ရင်းတွေးမိတဲ့အတွေးတွေက အများကြီးပဲ။ အဓိကကတော့ ဝဋ်ဆိုတာ လည်တတ်တယ် ဆိုတာ။ သူ လုပ်သွားတဲ့အတိုင်း သူ ပြန်ခံရတာပဲ။
ပြီးတော့...... လောဘ..... လူတစ်ယောက်ရဲ့လောဘက သိပ်ကိုကြောက်ဖို့ကောင်းတာပဲ။ မလုပ်သင့်တာတွေလုပ်....
နောက်ဆုံးကျတော့ရော...

ကောင်းကင်ပြာ said...

ရုပ်၇ှင်အညွှန်းလေး လာဖတ်တယ် ရွာသားရေ၊ ကိုဟာကို ဆို ဘာကားကြည့်လို့ ကြည့်ရမှန်းမသိပါ၊ ကျေးဇူး အမ ကြည့်လိုက်ဦးမယ်

Maung Myo said...

ကြည့်ချင်တယ် ။

တန်ခူး said...

တရားကို နတ်စောင့်တဲ့နေ့  အမြန်ရောက်ချင်လှပေါ့… ပြောရရင် ဒီအချိန်မှာ အဲဒါကို အာသာပြင်းပြင်းတောင့်တနေမိတယ်…

Phyo Evergreen said...

ကျွန်တော်လည်းသွားကြည့်တယ်.. တော်တော်ကောင်းတယ်.။ လက်နှစ်ဘက်ခြေနှစ်ကားရားကြီး ကြိုးချည်ပြီးမီးရှို့သတ်တဲ့အခန်း ခုထိမြင်နေတုန်းဘဲ..ရက်စက်တယ်..။ ဇာတ်လမ်းကောင်းတယ်..။

Rita said...

တရားကို နတ်စောင့်တယ်။
နတ်ကိုရော ဘယ်သူစောင့်ပါသလဲ။

ဂျူနို said...

မတရားမှုဆိုတာကို သိသိကြီးနဲ့ လက်ပိုက်ကြည့်နေရတာကလည်း လောလောလတ်လတ်လိုဖြစ်နေတော့ စပ်ဆက်ပြီး စဉ်းစားနေမိပြန်ရော။

ရုပ်ရှင်အကြောင်းရေးထားတာထင်တယ်။
တစ်လုံးမှ မဖတ်သွားပါဘူး။
ခေါင်းစဉ်တွေ့ လို့ လိုက်လာတယ်။
သတိရလို့ လည်းဆိုပါတော့။
စီပုံးမထားတဲ့ သူဖြစ်နေတော့
ကော့မန့် ထဲမှာပဲ ရေးချင်တာ ၀င်ရေးတယ်။
စာမဖတ်ပဲလည်း ကော့မန့် ထဲ ၀င်ရေးလို့ ၇တယ်မဟုတ်လား။
မျက်စိက မကောင်းသလိုဆိုပေမဲ့
အဲ့ဒီစာပုဒ်ကို သွားတွေ့ တယ်။
အနှစ်က ဒါပဲလို့ ယူဆလိုက်တယ်။
လိုရာဆွဲတွေး လို့ ရတယ် မဟုတ်လား။
ကားထဲတော့ ဆွဲမထည့်နဲ့ နော်
ရွာသား ရွာသူ ရန်က လွတ်အောင် ပြေးပြီ။

အယ်ဇီ

weik.zar said...

တရားကိုနတ်စောင့်သတဲ့လားဗျာ။

သက်ပိုင်သူ said...

ဝတ္ထုထဲမှာတော့ တန်ခိုးကျလာတဲ့ ကတ်သလစ်ဘာသာအဖွဲ့အစည်း အတွက် လူတွေ ယုံကြည်လာအောင် ကြိုးစားထားတဲ့ ဇာတ်လမ်းလေ..

ရုပ်ရှင်ထဲမှာတေ့ ဇာတ်လမ်းရဲ့ ဦးတည်ချက်က ပြောင်းသွားတယ် လူတစ်ယောက်အာဏာရရေးပေါ့
ကောင်းတဲ့ ရုပ်ရှင်လေးပါ
ခရစ်ယာန်ဘာသာအတွက် လူတွေ အချင်းမများတော့ဘူးပေါ့

Unknown said...

ဒါဗင်ချီကုတ် ဇာတ်ကားလေးတော့ ကြည့်ဖူးတယ်
ဒီကားလေးကိုလည်း စိတ်ဝင်စားမိတယ်
တနေ့ နေ့ ပေါ့ ----
အဲဒီ့ မြို့ လေးကို ရွာသားလေး ရိုက်လာမည့် ဒါ့ပုံတွေ ကြည့်ရမှာပဲလို့ 

မျှော်လင့်မိပါတယ် တနေ့ နေ့ ပေါ့ ----