ဟိုးအရင်က ပုံပြင်တွေကို နှစ်သက်လေ့မရှိဘူး။ ဒီကြားထဲ ပုံပြင်တွေကိုအရမ်းကြိုက်တဲ့ လူတစ်ယောက်အကြောင်းကို ဖတ်လိုက်ရတော့ပိုဆိုးသွားတယ်။ စကားပြောတိုင်းပုံပြင်တွေ ထည့်ပြောတတ်တယ်တဲ့လေ။ ဘယ်လောက်ပျင်းစရာကောင်းလိုက်မလဲ။ နားထောင်ရင်း အိပ်ငိုက်နေမိမယ်ထင်တယ်။ ဒါပေမယ့် အဲ့ဒီအချိန်လေးတစ်ခု မရောက်ခင်ထိပေါ့….ဟုတ်တယ် အဲ့ဒီအချိန်လေးမရောက်ခင်အထိပဲ။
အဲဒီနေ့က လမ်းတစ်ခုထဲကိုအသွားမှာပဲ သစ်ပင်အမြင့်ကြီးတွေကို ငေးနေမိတယ်။ လေတွေတရွှီးရွှီးတိုက်စပြုလာရင်း သစ်ခက်တွေ အချင်းချင်းပွတ်သပ်နေတာကို စိတ်ဝင်စားနေတာပေါ့။ သူ့ကို မိုးတွေမရွာခင်လေးမှာပဲ တွေ့ခဲ့ရတာ။ ခပ်သုတ်သုတ်လှမ်းနေတဲ့ ခြေလှမ်းတွေကို တုန့်ဆွဲသွားစေတဲ့ အသံတစ်ခု နားထဲကိုစီးမျှောလာရင်းပေါ့။
လမ်းတစ်လျှောက် သူစကားပြောနေတယ်။ ဒါပေမယ့် နောက်နားစီကပဲ။ ကိုယ်လှည့်ကြည့်ဖို့ကြိုးစားမိတယ်။ ဟင့်အင်း မင်းလှည့်မကြည့်ရဘူးနော်တဲ့။ ဟာ…ဒါဆိုဘာလည်းကွာ။ တစ်ဆိတ်ကိုယ်ပြောတာကိုပဲနားထောင်ပေးပါ။ သူပုံပြင်တစ်ပုဒ်ကို စပြောတယ်။ ထုံးစံအတိုင်း ပျင်းရိစွာနားထောင်ရင်း မိုးမကျခင် အိမ်ထဲကို မြန်မြန်ဝင်မှ။ အိမ်ထဲကိုမ၀င်ခင် သူက နောက်နေ့တွေ့မယ်လို့ ပြောလိုက်တယ်။ ပြောပြီးပြီးချင်း ချာခနဲလှည့်ကြည့်လိုက်ပေမယ့် သူမရှိတော့ဘူး။
မနက်ခင်းရုံးသွားတော့လည်း သူ့ကို မတွေ့မိပြန်ဘူး။ ညနေဖက် အိမ်နားမှာဈေးဝယ်ထွက်တော့မယ်ဆိုတော့ လမ်းတစ်လျှောက်မှာ ကွက်ကြည့်ကွက်ကြည့်လုပ်နေမိပြန်တယ်။ ဟိုနေ့က ပြောသွားတဲ့ ပုံပြင်ကဘာပါလိမ့်။ ဂရိနတ်ဘုရားတွေအကြောင်းဆိုလား ဘာလားပါ။
နောက်နှစ်ရက်လောက်အကြာမှ လေသံတိုးတိုးလေးကိုပြန်ကြားရပြန်တယ်။ မီးနတ်ဘုရား ပြီးတော့ ဗီးနပ်စ်အလှနတ်သမီးတဲ့။ ဟင့်အင်း ငါ့ကို ဒီပုံပြင်တွေ ဘာကြောင့်လာပြောနေရတာလဲ။ ငါစိတ်ဝင်စားတာက ပုံပြင်တွေထက် မင်းဘာကြောင့်လာပြောနေရတာလဲ ဆိုတဲ့အကြောင်းကိုပါ။ အဲဒီနေ့က ပြန်ခါနီးမှာ မင်းဆံပင်လေးတွေက နူးညံ့မွှေးနေတာပဲနော်လို့ မင်းပြောတော့ မင်းကိုလှည့်မကြည့်ပဲမနေနိုင်တော့ဘူး။ ဒါပေမယ့် ကိုယ့်အနောက်မှာ မင်းမရှိတော့ဘူးပဲ။
နောက်ရက်တွေလည်း မပျက်မကွက်လာတတ်တယ်နော်။ ရက်တိုင်းပုံမှန်မဟုတ်ပင်မယ့် ပြက္ခဒိန်မှာ မင်နီခြစ်ထားတဲ့ရက်တွေက နည်းပါတယ်လေ။ တစ်ရက် မှတ်မှတ်ယယဖြစ်သွားပြန်တာက မင်းနားရွက်ဖျားလေးတွေကို နမ်းချင်လိုက်တာလို့ ဖွဖွလေးပြောသွားတဲ့နေ့ပေါ့။ ရင်တွေခုန်နေတာနဲ့ ဖျတ်ခနဲလှည့်ဖို့ အချိန်မရလိုက်ဖူးပေါ့။ ဘုရားရေ…ဒီပုံပြင်ပြောတဲ့သူ ကိုယ့်ကို ချည်နှောင်နေပါပကောလား။
သူရောက်လာမယ်ထင်လို့ နေ့ရက်တိုင်းမှာ ခေါင်းလျှော်မိပြန်ရောလေ။ တချက်တချက် နွေးခနဲဖြစ်သွားတတ်တဲ့ ထွက်သက်တချို့ရဲ့နောက်ကို စိတ်တွေလွင့်နေမိတာ ကြာပါပကောလား။ ဘာကိုမှတလို့ မရနိုင်လောက်အောင် ကိုယ်ဟာ ရူးသွပ်သူတစ်ယောက်ဖြစ်နေပြီတဲ့လား။ အဲ့ဒီရက်တွေက ပုံပြင်ထဲမှာ ထရွိုင်မြို့တိုက်ပွဲနဲ့ နတ်ဘုရားတွေ အချစ်ပြိုင်ပွဲကို ပြောပြသွားတယ်။ အင်း ထရိုဂျန်မြင်းရုပ်ကို ဘာဖြစ်လို့ မြို့ထဲသွင်းကြတာတဲ့လဲ။ ကိုယ့်မိုက်ပြစ်ပါပဲ။.ကိုယ်ကတော့ ထရိုဂျန်မြင်းကို ကိုယ့်ဘာသာကို ဆောက်မိလိုက်တာ။
နတ်တွေနဲ့လူတွေရဲ့ ချစ်ခင်ခြင်းတွေကို ဘာကြောင့်မှန်းမသိ သူထပ်တလဲလဲပြောပြတယ်။ မယုံကြည်ဘူးလို့ ငြင်းဆန်ရင်း ခေါင်းကို တွင်တွင်ရမ်းမိတယ်။ ဟေ့ မင်းဆံပင်တွေ ပျော့နွဲ့လွန်းတယ်ဆိုပြန်ပါရောလား။ ဒီတစ်ခါတော့ သတ္တိကောင်းစွာ သေချာလို့လား တစ်ချက်လောက်ဖွကြည့်ပါလားလို့ ရဲရဲ စိန်ခေါ်မိတယ်။ ဘယ်အချိန်က ကိုယ်ရဲဝံ့သွားတာပါလိမ့်။
နောက်ရက်မှာတော့ ဘယ်တုန်းကမှ မမြင်ခဲ့ရတဲ့ သူ့ရဲ့ သွင်ပြင်ကို ကြည့်ချင်တယ်လို့ အရဲစွန့်မိပြန်တယ်။ ဟုတ်တယ်လေ….ရုပ်ဝတ္ထုဆန်တဲ့အပိုင်းလည်း ဆန်မှာပေါ့။ အိုး…မင်းက ကိုယ့်ကို တွေ့ချင်သတဲ့လားဆိုပြီး အံအားသင့်ရယ်မောသွားတဲ့အသံကို ခံစားမိတယ်။ ကိုယ်သိလိုက်တာက ကလေးတစ်ယောက်လိုဘပြည့်တဲ့အသံ။ သြော်..မင်းလိုချင်တာက ဒါကိုး။
ညွတ်နူးပျော်ဝင်လွယ်အောင် တမင်လုပ်ခဲ့တာလား။
စံကားပွင့်နီနီတွေ တလမ်းလုံးပြည့်နေတဲ့လမ်းကို လျှောက်နေတုန်းမှာပဲ မင်းစကားတစ်ခွန်းကို အသေအချာပြောခဲ့တယ်။ ကိုယ်လည်း အသေအချာနားထောင်ခဲ့တယ်။ ပုံပြင်ပြောဆိုတာ ပြီးဆုံးပြီတဲ့။ ဟင်…ဒါဘာလည်း မင်းဆိုလိုချင်တာဘာလဲ။ အခုအချိန်မှာ ကိုယ်ပုံပြင်တွေကို ချစ်နေခဲ့ပြီလေ။
နောက်တစ်ရက်ကစလို့ သူ နောက်ထပ်ရောက်မလာတော့ပါဘူး…….
ပုံပြင်တွေကို နှစ်သက်သွားတဲ့ ကိုယ့်မှာအပြစ်ရှိလား။ ပုံပြင်တွေနဲ့ ရည်ရွယ်ချက်ရှိစွာ ကိုယ့်ကိုချဉ်းကပ်သွားတဲ့သူ့မှာ အပြစ်ရှိလား ယနေ့ထက်ထိ အဖြေမရှိခဲ့သေး။
ပုံပြောသူနဲ့အတူ ပုံပြင်တွေပါ ပျောက်ဆုံးသွားဖို့ ဆုတောင်းချင်ပေမယ့် အရာရာဟာနောက်ကျသွားခဲ့ပြီ။
ပုံပြင်တွေကတော့ နှလုံးသားထဲမှာ ကျန်ရှိနေဆဲ……
အိုနာသခေရီးအစသို့ ကိုးရကျတာ..
-
ကျမ တရားစခန်းဝင်တယ်ဆိုတော့ အကြောင်းသိတချို့က အံ့ဩကြတာလည်း ရှိ..
သာဓုခေါ်ကြတာလည်း ရှိပါတယ်။
ဟုတ်တာပေါ့... ကျမက တရားထိုင်တယ်ဆိုတဲ့ ဘာဝနာကိစ္စနဲ့ အတော်အလ...
2 months ago