28 May 2009

ပုံပြင်

ဟိုးအရင်က ပုံပြင်တွေကို နှစ်သက်လေ့မရှိဘူး။ ဒီကြားထဲ ပုံပြင်တွေကိုအရမ်းကြိုက်တဲ့ လူတစ်ယောက်အကြောင်းကို ဖတ်လိုက်ရတော့ပိုဆိုးသွားတယ်။ စကားပြောတိုင်းပုံပြင်တွေ ထည့်ပြောတတ်တယ်တဲ့လေ။ ဘယ်လောက်ပျင်းစရာကောင်းလိုက်မလဲ။ နားထောင်ရင်း အိပ်ငိုက်နေမိမယ်ထင်တယ်။ ဒါပေမယ့် အဲ့ဒီအချိန်လေးတစ်ခု မရောက်ခင်ထိပေါ့….ဟုတ်တယ် အဲ့ဒီအချိန်လေးမရောက်ခင်အထိပဲ။

အဲဒီနေ့က လမ်းတစ်ခုထဲကိုအသွားမှာပဲ သစ်ပင်အမြင့်ကြီးတွေကို ငေးနေမိတယ်။ လေတွေတရွှီးရွှီးတိုက်စပြုလာရင်း သစ်ခက်တွေ အချင်းချင်းပွတ်သပ်နေတာကို စိတ်ဝင်စားနေတာပေါ့။ သူ့ကို မိုးတွေမရွာခင်လေးမှာပဲ တွေ့ခဲ့ရတာ။ ခပ်သုတ်သုတ်လှမ်းနေတဲ့ ခြေလှမ်းတွေကို တုန့်ဆွဲသွားစေတဲ့ အသံတစ်ခု နားထဲကိုစီးမျှောလာရင်းပေါ့။

လမ်းတစ်လျှောက် သူစကားပြောနေတယ်။ ဒါပေမယ့် နောက်နားစီကပဲ။ ကိုယ်လှည့်ကြည့်ဖို့ကြိုးစားမိတယ်။ ဟင့်အင်း မင်းလှည့်မကြည့်ရဘူးနော်တဲ့။ ဟာ…ဒါဆိုဘာလည်းကွာ။ တစ်ဆိတ်ကိုယ်ပြောတာကိုပဲနားထောင်ပေးပါ။ သူပုံပြင်တစ်ပုဒ်ကို စပြောတယ်။ ထုံးစံအတိုင်း ပျင်းရိစွာနားထောင်ရင်း မိုးမကျခင် အိမ်ထဲကို မြန်မြန်ဝင်မှ။ အိမ်ထဲကိုမ၀င်ခင် သူက နောက်နေ့တွေ့မယ်လို့ ပြောလိုက်တယ်။ ပြောပြီးပြီးချင်း ချာခနဲလှည့်ကြည့်လိုက်ပေမယ့် သူမရှိတော့ဘူး။

မနက်ခင်းရုံးသွားတော့လည်း သူ့ကို မတွေ့မိပြန်ဘူး။ ညနေဖက် အိမ်နားမှာဈေးဝယ်ထွက်တော့မယ်ဆိုတော့ လမ်းတစ်လျှောက်မှာ ကွက်ကြည့်ကွက်ကြည့်လုပ်နေမိပြန်တယ်။ ဟိုနေ့က ပြောသွားတဲ့ ပုံပြင်ကဘာပါလိမ့်။ ဂရိနတ်ဘုရားတွေအကြောင်းဆိုလား ဘာလားပါ။

နောက်နှစ်ရက်လောက်အကြာမှ လေသံတိုးတိုးလေးကိုပြန်ကြားရပြန်တယ်။ မီးနတ်ဘုရား ပြီးတော့ ဗီးနပ်စ်အလှနတ်သမီးတဲ့။ ဟင့်အင်း ငါ့ကို ဒီပုံပြင်တွေ ဘာကြောင့်လာပြောနေရတာလဲ။ ငါစိတ်ဝင်စားတာက ပုံပြင်တွေထက် မင်းဘာကြောင့်လာပြောနေရတာလဲ ဆိုတဲ့အကြောင်းကိုပါ။ အဲဒီနေ့က ပြန်ခါနီးမှာ မင်းဆံပင်လေးတွေက နူးညံ့မွှေးနေတာပဲနော်လို့ မင်းပြောတော့ မင်းကိုလှည့်မကြည့်ပဲမနေနိုင်တော့ဘူး။ ဒါပေမယ့် ကိုယ့်အနောက်မှာ မင်းမရှိတော့ဘူးပဲ။

နောက်ရက်တွေလည်း မပျက်မကွက်လာတတ်တယ်နော်။ ရက်တိုင်းပုံမှန်မဟုတ်ပင်မယ့် ပြက္ခဒိန်မှာ မင်နီခြစ်ထားတဲ့ရက်တွေက နည်းပါတယ်လေ။ တစ်ရက် မှတ်မှတ်ယယဖြစ်သွားပြန်တာက မင်းနားရွက်ဖျားလေးတွေကို နမ်းချင်လိုက်တာလို့ ဖွဖွလေးပြောသွားတဲ့နေ့ပေါ့။ ရင်တွေခုန်နေတာနဲ့ ဖျတ်ခနဲလှည့်ဖို့ အချိန်မရလိုက်ဖူးပေါ့။ ဘုရားရေ…ဒီပုံပြင်ပြောတဲ့သူ ကိုယ့်ကို ချည်နှောင်နေပါပကောလား။

သူရောက်လာမယ်ထင်လို့ နေ့ရက်တိုင်းမှာ ခေါင်းလျှော်မိပြန်ရောလေ။ တချက်တချက် နွေးခနဲဖြစ်သွားတတ်တဲ့ ထွက်သက်တချို့ရဲ့နောက်ကို စိတ်တွေလွင့်နေမိတာ ကြာပါပကောလား။ ဘာကိုမှတလို့ မရနိုင်လောက်အောင် ကိုယ်ဟာ ရူးသွပ်သူတစ်ယောက်ဖြစ်နေပြီတဲ့လား။ အဲ့ဒီရက်တွေက ပုံပြင်ထဲမှာ ထရွိုင်မြို့တိုက်ပွဲနဲ့ နတ်ဘုရားတွေ အချစ်ပြိုင်ပွဲကို ပြောပြသွားတယ်။ အင်း ထရိုဂျန်မြင်းရုပ်ကို ဘာဖြစ်လို့ မြို့ထဲသွင်းကြတာတဲ့လဲ။ ကိုယ့်မိုက်ပြစ်ပါပဲ။.ကိုယ်ကတော့ ထရိုဂျန်မြင်းကို ကိုယ့်ဘာသာကို ဆောက်မိလိုက်တာ။

နတ်တွေနဲ့လူတွေရဲ့ ချစ်ခင်ခြင်းတွေကို ဘာကြောင့်မှန်းမသိ သူထပ်တလဲလဲပြောပြတယ်။ မယုံကြည်ဘူးလို့ ငြင်းဆန်ရင်း ခေါင်းကို တွင်တွင်ရမ်းမိတယ်။ ဟေ့ မင်းဆံပင်တွေ ပျော့နွဲ့လွန်းတယ်ဆိုပြန်ပါရောလား။ ဒီတစ်ခါတော့ သတ္တိကောင်းစွာ သေချာလို့လား တစ်ချက်လောက်ဖွကြည့်ပါလားလို့ ရဲရဲ စိန်ခေါ်မိတယ်။ ဘယ်အချိန်က ကိုယ်ရဲဝံ့သွားတာပါလိမ့်။

နောက်ရက်မှာတော့ ဘယ်တုန်းကမှ မမြင်ခဲ့ရတဲ့ သူ့ရဲ့ သွင်ပြင်ကို ကြည့်ချင်တယ်လို့ အရဲစွန့်မိပြန်တယ်။ ဟုတ်တယ်လေ….ရုပ်ဝတ္ထုဆန်တဲ့အပိုင်းလည်း ဆန်မှာပေါ့။ အိုး…မင်းက ကိုယ့်ကို တွေ့ချင်သတဲ့လားဆိုပြီး အံအားသင့်ရယ်မောသွားတဲ့အသံကို ခံစားမိတယ်။ ကိုယ်သိလိုက်တာက ကလေးတစ်ယောက်လိုဘပြည့်တဲ့အသံ။ သြော်..မင်းလိုချင်တာက ဒါကိုး။

ညွတ်နူးပျော်ဝင်လွယ်အောင် တမင်လုပ်ခဲ့တာလား။

စံကားပွင့်နီနီတွေ တလမ်းလုံးပြည့်နေတဲ့လမ်းကို လျှောက်နေတုန်းမှာပဲ မင်းစကားတစ်ခွန်းကို အသေအချာပြောခဲ့တယ်။ ကိုယ်လည်း အသေအချာနားထောင်ခဲ့တယ်။ ပုံပြင်ပြောဆိုတာ ပြီးဆုံးပြီတဲ့။ ဟင်…ဒါဘာလည်း မင်းဆိုလိုချင်တာဘာလဲ။ အခုအချိန်မှာ ကိုယ်ပုံပြင်တွေကို ချစ်နေခဲ့ပြီလေ။

နောက်တစ်ရက်ကစလို့ သူ နောက်ထပ်ရောက်မလာတော့ပါဘူး…….


ပုံပြင်တွေကို နှစ်သက်သွားတဲ့ ကိုယ့်မှာအပြစ်ရှိလား။ ပုံပြင်တွေနဲ့ ရည်ရွယ်ချက်ရှိစွာ ကိုယ့်ကိုချဉ်းကပ်သွားတဲ့သူ့မှာ အပြစ်ရှိလား ယနေ့ထက်ထိ အဖြေမရှိခဲ့သေး။

ပုံပြောသူနဲ့အတူ ပုံပြင်တွေပါ ပျောက်ဆုံးသွားဖို့ ဆုတောင်းချင်ပေမယ့် အရာရာဟာနောက်ကျသွားခဲ့ပြီ။

ပုံပြင်တွေကတော့ နှလုံးသားထဲမှာ ကျန်ရှိနေဆဲ……

27 May 2009

နောင်လာမယ့် အနှစ်နှစ်ဆယ်

ဆက်လက်တည်ရှိကောင်းတည်ရှိနေမယ် ဆိုရင် အနှစ်နှစ်ဆယ်ရဲ့အလွန်ဆိုတာကို မျှော်ကြည့်ပေးဖို့ တောင်းဆိုလာပြန်တယ်။ ဘယ်အရာမှမမြဲတဲ့ ဒီလောကမှာ အနာဂါတ်ကို တွက်ဆရတာလောက် ခက်ခဲတာရှိမယ်မထင်ဘူး။ ခုတ်ရာတခြား ရှရာတလွဲဖြစ်တတ်လွန်းလို့ ကြိုတင်ရင်ခုန်မှုဆိုတာကို တတ်နိုင်သလောက် မျက်စိမှိတ်ထားတာ ကြာပြီလေ။ အနာဂါတ်အိပ်မက်အဖြစ်ငယ်တုန်းက မက်ခဲ့ဖူးတဲ့ အိပ်မက်လေးကိုပဲ ဖော်ပြခွင့်ပြုပါ။ ပြီးခဲ့တဲ့ တလလောက်က အဲ့ဒီအိပ်မက်အကြောင်းကို ဆွေးနွေးဖြစ်သေးတာမို့ ပူနွေးနေအုံးမယ်ထင်ပါတယ်။

သေချာတာကတော့ ကျနော်ချစ်တဲ့အမိမြေမှာ တစ်လနီးပါးလောက်နေခဲ့ဖူးတဲ့ ချစ်စရာကောင်းတဲ့မြို့လေးတစ်မြို့မှာပေါ့ဗျာ…

ကန်တော်ကြီးတစ်လျှောက် အေးမြလတ်ဆတ်တဲ့ လေထုကို ရှူရိုက်ရင်း အဲ့ဒီမနက်ခင်းလမ်းလျှောက်ချိန်တိုင်းကို အေးအေးဆေးဆေးမင်္ဂလာရှိစွာ ကျော်ဖြတ်မယ်။ ခပ်သုတ်သုတ်လျှောက်ရင်း အိမ်မှာ အဆင်သင့်ဖြစ်နေလောက်ပြီ ဖြစ်တဲ့ တို့ဟူးကြော်နဲ့ ကော်ဖီအတွက် အခုကတည်းက ဆာလောင်ချင်နေပြီ။ လမ်းတစ်လျှောက်က အသိမိတ်ဆွေတွေကို ကျနော် တည်ရှိနေသေးကြောင်း သက်သေပြချင်လည်း ပြတတ်ပါလိမ့်မယ်။

မနက်စာစားပြီးရင်တော့ သတင်းစာလေးဖြစ်ဖြစ် စာအုပ်လေးဖြစ်ဖြစ် ကော်ဖီတစ်ခွက်နဲ့ ပက်လက်ကုလားထိုင်မှာ ထိုင်ရင်းစာဖတ်နေမိမယ်။ တစ်ယောက်တည်း ခေါင်းခါ ခေါင်းညိမ့် ဒါမှမဟုတ် အခါအားလျော်စွာ စာဖတ်ရင်း ရယ်မောစရာတွေကို တဟားဟား အော်ရယ်ရင်း နံနက်ခင်းတွေကို အသက်သွင်းကောင်း သွင်းမိမယ်။

နေရောင်ခြည်နွေးနွေးလေးကျလာပြီဆိုရင်တော့ အမြတ်တနိုးစိုက်ပျိုးထားတဲ့ ပန်းခင်းတွေထဲမှာ ကျနော် ရေလောင်းချင်လောင်းမယ်၊ ပေါင်းသင်ချင်ပေါင်းသင်ပါလိမ့်မယ်။ ဒီပန်းခင်းလေးအပြင် သီးပင်စားပင်လေးတွေကိုလည်း ပျိုးမယ် စိတ်ကူးတယ်။ လတ်လတ်ဆတ်ဆတ် အသီးအနှံတွေ စားရတာကိုနှစ်သက်တာရယ် တနိုင်စိုက်ပျိုးရေး အဖြစ် ၀င်ငွေလေးတစ်ခု ရှိစေချင်တာရယ်ပါ။

နေ့လည်စာကို ပုံမှန်လေးပဲ ကျော်ဖြတ်မယ်။ ပြီးရင်တော့ တရေးတမော အိပ်စက်အနားယူချင်လည်း ယူမိပါလိမ့်မယ်။ စာတွေဖတ်ဖို့ အချိန်ပိုရမယ်လို့လည်း ယူဆမိတယ်။ ဘလော့..ဆက်ရေးဖြစ်ဦးမယ်လား။ အဲဒီအိမ်လေးကို အပြည့်အစုံကျနော် ပြင်ဆင်နိုင်ရင်ပေါ့လေ။

တခါတရံမှာတော့ ကျနော် နှစ်သက်တဲ့ ဓါတ်ပုံရိုက်ခြင်းအလုပ်ကိုလည်း အပေါင်းအသင်းတွေနဲ့ လုပ်ဖြစ်ပါလိမ့်မယ်။ ရေတံခွန်တွေ သဘာဝအလှတွေနဲ့ မြေပြန့်ဖက် ဆင်းဖြစ်တာမျိုးလည်း ရှိကောင်းရှိမယ်။ ခရီးသွားရင်းနဲ့ ဓါတ်ပုံတွေ ရိုက်ဖြစ်ဖို့ကို ခြေလက်တွေ သယ်နိုင်တုန်းမှာ သေချာပေါက်လုပ်ဖြစ်မှာပါ။ ငွေရေးကြေးရေး အဆင်ပြေခဲ့တယ်ဆိုရင်တော့ ပြည်တွင်းမှာချည်းမဟုတ်ပဲ ပြည်ပအနုပညာတွေကိုပါ လေ့လာခွင့်ရချင်မိတယ်။

ညနေဖက်နေအေးအေးမှာတော့ ကျနော်နှစ်သက်တဲ့ အားကစားတစ်ခုခုလုပ်ဖြစ်ပါလိမ့်။ အဖော်တစ်ယောက်ရှိရင်တော့ Table Tennis ရိုက်ဖြစ်မလားပဲ။ ဒါမှမဟုတ် ကျနော်မလုပ်ဖြစ်သေးတဲ့ Golf ရိုက်ခြင်းကိုလည်း လုပ်ဖြစ်ကောင်းလုပ်ဖြစ်နိုင်သေးတယ်။ ပြီးရင်တော့ ကျနော်ကြိုက်တဲ့သီချင်းလေးတွေ နားထောင်ချင်ထောင်မယ် ဆိုချင်လည်းဆိုမယ်။ ဖြစ်နိုင်သေးတာက ကျနော်ဂစ်တာတီးတတ်ခဲ့ရင်ပေါ့။ သီချင်းလေးတွေတီးရင်း ဆိုမိမယ်ထင်တယ်။

ညဖက်ဆိုရင်တော့ ကျေးဇူးတော်ရှင်ဆရာတော်ဘုရားတွေရဲ့ တရားတော်တွေကိုနာရင်း ၀ိပဿနာကို အားထုတ်ဖို့ ကြိုးစားဖြစ်ပါမယ်။ ချမ်းသာမှုအစစ် အမှန်ကိုတွေ့အောင်ရှာဖို့က ကိုယ်တိုင် အားထုတ်ရမယ်မဟုတ်ပါလားဗျာ။

ဒါတွေက နောင်လာမယ့်အနှစ်နှစ်ဆယ်မှာ ကျနော်ဖြတ်ကျော်ဖို့မက်ထားတဲ့ နေ့ရက်အိပ်မက်တွေပါပဲ။ ဖြတ်ကျော်မယ့်နေ့ရက်တွေထဲမှာ ကျနော်နဲ့အတူဖြတ်ကျော်ဖို့ ကျနော့မိသားစုဆိုတာလိုအပ်ပါတယ်။ တွဲလက်တစ်ဖက်ကို ဆုပ်ကိုင်ရင်း အိပ်မက်တွေ ရှင်သန်ခွင့်ရမရကိုတော့ ကျနော်သိခွင့်မရှိပါဘူး။ ကဲ…ကိုဖိုးသင်္ကြန်ရေ ကိုရွားသားအကြီးကြီး အနှစ်နှစ်ဆယ် အလွန်ကို ကျွံကြည့်မိသွားပြီဗျာ။

ကိုယ်ကိုတိုင်ရဲ့ အနာဂါတ်ကိုကျော်ကြည့်ပြီးချိန်မှာ ကျနော်ခင်တဲ့သူတွေရော ဘာလုပ်ကြမလဲကျနော်သိချင်မိလာတယ်။ TAG တွေကိုဆက် TAG ဖို့ကျနော် မရဲပါဘူး။ ဒါပေမယ့် ကျနော်သိချင်တာမို့ လက်ဆင့်ကမ်းလိုက်ပါတယ်။ သိခွင့်ပေးမယ်ဆိုရင် ရေးပေးကြပါခင်ဗျာ။

၁။ နာမည်ကျော် ဘလော်ဂါအမကြီး
၂။ မြသီလာအလွမ်းတွေကြားက ဆရာမ
၃။ ကျနော့ကို အိမ်လွမ်းအောင်အမြဲလုပ်တတ်တဲ့အမကြီး
၎။ အချက်အလက်လေးတွေနဲ့သေသပ်စွာရေးတတ်တဲ့ အမကြီး
၅။ စာတွေဖတ်တိုင်း ရွှင်လန်းစေတတ်တဲ့ စာရေးကောင်းတဲ့ အမကြီး
၆။ တစ်ကျော့ပြန် ညီငယ်နဲ့ ညီမငယ်
၇။ ဂွကျကျ ကောင်လေးတစ်ယောက်
၈။ လမ်းကြမ်းကြမ်းမှာ တစ်ယောက်တည်း မလျှောက်ရဲတဲ့ညီငယ်
၉။ ဆေးလိပ်မသောက်ရ ဆိုင်းဘုတ်ပိုင်ရှင်
၁၀။သူ့စာတွေဖတ်ပြီးရင် ကျနော်စာရေးချင်အောင် ငယ်ဘ၀တွေတိုက်ဆိုင်နေတတ်တဲ့ ကောင်မလေးတစ်ယောက်
၁၁။နာမည်ကျော် ရေဒီယိုအသံရှင်ပေါ့ဗျာ

26 May 2009

ဖန်ခွက်တစ်ခွက်ရဲ့ ဒိုင်ယာရီ


ထိရှလွယ်တဲ့
ဖန်ခွက်တစ်ခွက်ပါပဲ
ပွန်းပဲ့တာလည်း များလှပါပြီ
ခွမ်းကနဲ မကွဲခင်လေး
ခဏမှာ
ဖန်ခွက်တစ်ခွက်ရဲ့
ဒိုင်ယာရီကို သတိရပေးပါ…

ဖန်ခွက်တစ်ခွက်ရဲ့
ဟာမိုနီကို မင်းသိပါ့မလား.

မူးယစ်အောင်ဖန်တီးခဲ့တာ
ဖန်ခွက်တစ်ခွက်ရဲ့
ဟာမိုနီ မဟုတ်ဘူး

အေးမြအောင်ဖန်တီးခဲ့တာ
ဖန်ခွက်တစ်ခွက်ရဲ့
ဟာမိုနီ မဟုတ်ဘူး

မင်းအတွက်
ငါ့ရဲ့ ဟာမိုနီက
ဖန်တီးသူ စိတ်ကြိုက်ပါလေ

ထိရှလွယ်တဲ့
ဖန်ခွက်တစ်ခွက်ပါပဲ
ပွန်းပဲ့တာလည်း များလှပါပြီ
ခွမ်းကနဲ မကွဲခင်လေး
ခဏမှာ
ဖန်ခွက်တစ်ခွက်ရဲ့
ဒိုင်ယာရီကို သတိရပေးပါ…

24 May 2009

24-May-2009


23 May 2009

အ မယ် မင်း ရယ်မှ ပြောရတော့မယ်

ဟောဒီ နိုင်ခြံဂါးကို ရောက်တာ မကြာမတင်ဆို နှစ်နှစ်ပြည့်တော့မယ်။ ရောက်ပြီဆိုကတည်းက အားလုံးက အထင်ကြီးကြတယ်။ အထူးသဖြင့် မိဘဆွေမျိုးအသိုင်းအ၀ိုင်းတွေပေါ့။ ငွေပိုငွေလျှံတွေ စုမိဆောင်းမိသလောက်ရှိပြီလို့ ထင်ကြတယ်။ ရွှေပြည်ကြီးမှာထက် ပိုရတယ်ဆိုတာတော့ သေချာပါတယ်။ ဒါပေမယ့် ကျားကြီး ခြေရာကြီးသတဲ့။ မကြီးဝါရယ် အမယ်မင်းရယ်မှ ပြောရတော့မယ်လို့တောင် ငိုချင်းသာ ချလိုက်ချင်ပါတယ်။

ထွက်လာခါနီးတော့ ဖေဂျပန်ပြန်လာတုန်းက စုထားတဲ့ ဒေါ်လာငါးရာရယ်၊ ကျနော်စုထားတဲ့ ဒေါ်လာနှစ်ရာရယ်၊ အသိတစ်ယောက်ချေးငှားလိုက်တဲ့ ဒေါ်လာငါးရာရယ်၊ မုန့်ဖိုးပေးလိုက်တဲ့ ဒေါ်လာတစ်ရာရယ်။ ဒါပဲပါခဲ့တယ်။ ဒီရောက်တော့မှ လေယာဉ်ခစိုက်ထားတဲ့ သူငယ်ချင်းကို အဲ့ဒီအထဲက ဖဲ့ရှင်းပေးခဲ့ရတာ။ ကျန်တာလေးတွေ ခြစ်ခြုပ်ရင်းပေါ့။ သူငယ်ချင်းက နေရေးစားရေးကို တာဝန်ယူပေးခဲ့တယ်။ အလုပ်ရမှ ပြန်ဆပ်ပေါ့။ အလုပ်မရခင်တစ်လကတော့ ပြင်ပသွားလာမှုတွေအတွက်ပဲ ကုန်ကျခဲ့ရတယ်။

အလုပ်မ၀င်ခင် ကျနော့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့ဖြစ်လာပြန်ရော။ သက်တမ်းတိုး သုံးရာနဲ့ အခွန်ခြောက်လစာ ဆောင်မှ သက်တမ်းတိုးပေးတယ်။ အလုပ်မရသေးခင်အခွန်ဆောင်ဖို့ ပါလာတဲ့ ဒေါ်လာလေးတွေ ဖြော။ ဟိုသူငယ်ချင်းဆီကနည်းနည်း ဒီသူငယ်ချင်းဆီက နည်းနည်းပေါ့။

အောက်တိုဘာလ အလုပ်ရပြီဆိုတော့ သူငယ်ချင်းဆိုက်ထားတဲ့ အိမ်လခနဲ့ PUB ကြေးတွေ ပြန်ပေးဖို့စရပြီ။ စင်ကာပူဒေါ်လာ ၅၄၀ကျော်ပေါ့။ ပထမဆုံးရတဲ့လခက အကြွေးနဲ့ အိမ်လခ နောက်တစ်လစာ ပေးရင်း လက်ထဲမှာ မကျန်တော့။

အလုပ်ရပြီဆိုတော့ အိမ်ပြောင်းဖို့လုပ်ရတော့မယ်။ အလုပ်နဲ့လည်း မနီးမဝေး အဆင်ပြေမယ့် အိမ်ကိုရှာရင်း အစ်ကိုကြီးနှစ်ယောက်တည်း နေတဲ့အိမ်မှာနေဖြစ်ခဲ့တယ်။ မလေးချက်ပွိုင့်နဲ့ ကပ်ရပ်နားမှာပါ။ အလုပ်နဲ့ သိပ်မနီးပေမယ့် အဲ့ဒီအစ်ကိုကြီးတွေနဲ့ စကားပြောလို့ အဆင်ပြေတာရယ် အဓိကအချက်က စာအုပ်စင်ပါပဲ။ အစ်ကိုကြီးနှစ်ယောက်စုထားတဲ့ စာအုပ်စင်က ဒီအိမ်မှာ ကျနော်နေဖြစ်စေဖို့ခိုင်လုံတဲ့ အကြောင်းပြချက်တွေပေါ့။ ဒုတိယလအပြီးမှာ အိမ်စပြောင်းတော့ အိမ်လခ ၃၀၀နဲ့ စပေါ် ၃၀၀။ ၆၀၀ ပါသွားပြန်ရော။ အိမ်ပြောင်းပြန်တော့ ပစ္စည်းရွှေ့ဘာရွှေ့ ဟိုဟာဝယ် ဒီဟာဝယ် အသေးမစိတ်ပေမယ့် ၂၀၀လောက်တော့ အသာလေးလျှောခနဲ။ အဲ့ဒီအချိန်ထိ အိမ်ကို ငွေမပို့နိုင်သေးဘူး။

ဒုတိယလ လ၀က်လောက်မှာ အိမ်ကိုဖုန်းခေါ်ရင်း မေက ငိုပါတယ်။ မျက်စိမှာ တိမ်ဖြစ်လို့ ခွဲရမယ်စိတ်ရမယ်တဲ့။ လက်ထဲမှာလည်း ငွေမရှိဘူးတဲ့။ လေးငါးဆယ်သိန်းတော့ ကုန်မယ်ထင်တယ်။ ဘယ်လိုလုပ်ရမလဲ။ ငွေက အခုအချိန်ထိ မပေါ်သေးဘူး။ အသိတစ်ယောက်ပေးလိုက်တဲ့ ဒေါ်လာငါးရာကို ပြန်မဆပ်သေးဘူးလို့ ပြောလိုက်တယ်။ ပြီးတော့ အဲ့ဒီငါးရာကိုပဲ လူကြုံနဲ့ထည့်ပေးလိုက်ရတယ်။ စိတ်ထဲမှာတော့မကောင်း။

တတိယလမှာတော့ ကျနော်အဲ့ဒီအလုပ်ကထွက်ချင်နေပြီ။ ဒါပေမယ့် ဒီမှာက နေထိုင်ခွင့်ပြဿနာကလည်း ရှိသေးတယ်။ လက်ရှိအလုပ်က ဘယ်လိုမှအဆင်မပြေ။ ကြာရင်ကျနော့ကျန်းမာရေးအတွက် ပိုဆိုးလာမယ့် အခြေအနေမို့ အလုပ်သစ်ရှာရပြန်တယ်။ သူငယ်ချင်းတစ်ယောက်အကူအညီနဲ့ သူ့အလုပ်မှာ အင်တာဗျူးရခဲ့တယ်။ အင်တာဗျူးဖြေဖို့ တက္ကစီငှားရပြန်တယ်။ တစ်ရက်ဆေးခွင့်ယူရင်း လက်ကျန်ကမရှိတော့။ ဆေးခွင့်ယူရင် ဆေးခန်းက လက်မှတ်ပါရပါတယ်။ ဆေးခန်းပြရင် သုံးဆယ်လောက်က စကုန်တာလေ။

ပြီးတော့ အလုပ်သစ်ရှာဖို့ ကွန်ပြူတာတစ်လုံးကလည်း မဖြစ်မနေ၀ယ်ရပြန်ရော။ သူငယ်ချင်းက သူ့ခရက်ဒစ်ကဒ်သုံးပါဆိုပေမယ့် တကယ်တမ်းငွေရှင်းမယ်လည်းဆိုရော ပြဿနာကတက်ပါလေရော။ မထူးပါဘူး ချီးငှားလက်စရှိတာနဲ့ နောက်ထပ် နောက်ထပ်ပေါ့။

မျှော်တလင့်လင့်နေတုန်းမှာ အလုပ်သစ်ကိုရလိုက်ပါတယ်။ အလုပ်သစ်ကိုရွှေ့ဖို့ အခွန်ဌာနမှာ ၀င်ငွေအားလုံးရဲ့ ၁၅ရာခိုင်နှုန်းဆောင်မှ အလုပ်ထွက်ခွင့်ပေးမယ်တဲ့။ ကဲ ပြောင်းရပြီးရော ဆောင်မယ်ဆိုပြီးဆောင်လိုက်တာ ၈၂၀ကျော် ကျတယ်။ ကျန်တာလေးနဲ့ ဘယ်လိုဆက်ရပ်တည်မလဲ။ အကြွေးပင်လယ်ထဲမှာ ကမ်းမမြင်လမ်းမမြင် ၂၀၀၇ခုနှစ်တစ်ခုလုံး မျောနေခဲ့တာ။

၂၀၀၈ခုနှစ် နှစ်ဦးပိုင်းမှာတော့ တစ်လချင်း နည်းနည်းစီ ဆပ်နိုင်သလောက် အကြွေးတွေကုန်အောင်ဆပ်တယ်။ ဒီကြားထဲ ပါတိတ်ပါတိတ်ဆိုလို့ အမေနဲ့အဖွားအတွက် ပါတိတ်နှစ်ထည်ပို့လိုက်တယ်။ အမေက အဒေါ်တွေကောဆိုတော့ ဒီတစ်ခေါက်တော့ ဆောရီးပါလို့။ အမေဖက်က အဒေါ်က သုံးယောက်။ အဖေဖက်က ငါးယောက် အမတွေညီမတွေမပါ မရီးတွေမပါ။ ချောကလက် ချောကလက်ဆိုတော့ သယ်ပေးမယ့်လူကြုံတောင်သယ်သေးတာပဲလေပေါ့။ ဟောတစ်ခေါက် ဟောတစ်ခေါက် အခေါက်ရေလည်းများရော လက်ပန်းလည်းကျလာရော။ ဒါပေမယ့် ကျနော်ပိုက်ဆံမလွဲနိုင်သေးဘူး။

ငွေစလွှဲတာက မေလကစပါတယ်။ ကိုနာဂစ်က အချစ်တော်ဝင်လိုက်တာ ကျနော့အဖိုးအိမ်ပြိုပါလေရော။ အဖိုးက အဲ့ဒီစိတ်နဲ့လေဖြတ်ပြီး အိပ်ရာထဲဗုန်းဗုန်းလဲသွားတယ်။ မေက မျက်စပစ်နေပြီ။ တစ်အိမ်လုံးတော့ မတတ်နိုင်သေးတာမို့ ငါးသိန်းလောက်နဲ့ကျေနပ်ပါဗျို့လို့။

စာရင်းချုပ်တော့၂၀၀၈ တစ်နှစ်လုံးမှာ ကျနော့လွှဲငွေ အိမ်အတွက် သိန်းငါးဆယ်ကျော်။ ဒါ့အပြင်အမက တူလေးကျောင်းစရိတ် ထောက်ပါဦးက နှစ်သိန်း။ တစ်ခြားကျနော်လှူဒါန်းငွေ တစ်သိန်း။ နာဂစ် စင်ကာပူတစ်ရာ။ ပစ္စည်းအနေနဲ့ ဖေ့မွေးနေ့ ဆီကို ကိုင်နက်တစ်နာရီ ၅၀၀တန်တစ်လုံး။ မေ့မွေးနေ့ ဆီကိုနာရီ ၁၅၀တန်တစ်လုံး။ ကင်မရာလိုချင်တယ်ဆိုလို့ Canon Ixus ၄၉၉တန်တစ်လုံး။ ဘဏ်ထဲမှာ ဘယ်တော့မှ ငါးရာထက်ကျော်အောင်မရှိခဲ့ဘူး။ ဖြတ်ပြန်ပဟ ဟောနှစ်ကျပ် ဟောနှစ်ကျပ်နဲ့ အတောမသတ်နိုင်လို့ လတိုင်းကို ထိုင်ကြည့်နေရတာပါပဲ။

၂၀၀၉နှစ်ဦးပိုင်းမှာ အလွမ်းတွေကို ဖြေဖို့ အိမ်ပြန်ခဲ့ပါတယ်။ ခြောက်လစာ ကြိုဆောင်ပြီးတာမို့ အခွန်ဆောင်တာက ရှစ်လစာ ၂၀၀၈ တစ်နှစ်လုံးစာ ဆောင်ခဲ့တယ်။ လေယာဉ်လက်မှတ်က ၅၅၀။ ငွေဈေးတွေက တစ်အားကျနေပြီ။ လက်ထဲမှာ ပိုက်ဆံကလည်း မရှိသေး။ ရုံးက ၁၃လစာလေးကိုမျှော်နေတာလေ။ ပိုက်ဆံလည်းဝင်ပြီဆိုရော ငွေကျဈေးနဲ့မိရော။ ခရီးသွားဖို့ စီစဉ်ပြီးတာမို့ ၁၅၀၀လွှဲလိုက်တယ်။ တောင်ဖက်ကအမျိုး မြောက်ဖက်ကအမျိုး မိုးပေါ်ကအမျိုး မြေအောက်အမျိုး မကုန်နိုင်တဲ့ ရွှေမျိုးတွေက မှိုလိုပွနေပါလား။ နာရီတဲ့ဟ အင်္ကျီအင်္ကျီ ခါးပတ်ခါးပတ် ဦးထုပ်လေးကော မုန့်လေးတွေပေါ့ ချောကလက်တော့ ပါပစေနော် ကလေးတွေက ဆော့စရာတဲ့ ဟေ့ကောင် ငါဖို့ ဟန်းဆက်တဲ့။ sansaung touch screenဖုန်းတဲ့။ တောင်းတတ်တယ်နော်။ ဟန်းဆက်အဟောင်းကို ပေးဖို့ ဟန်းဆက်အသစ်လဲရပြန်တယ်။ မင်းအမဖို့ ပိုက်ဆံအိတ် သိပ်အကောင်းကြီး မဟုတ်ပါဘူး တစ်သောင်း နှစ်သောင်းတန်ပေါ့တဲ့။ လေးလေး သားတို့ဖို့က ကားနော်တဲ့။ သားကတော့ Ben 10 မှတဲ့။ မေ့နေလို့ ရေဘင်မျက်မှန်ဆိုပဲ။ ကဲရပ်တော့မှာ မဟုတ်တဲ့ ဈေးဝယ်စာရင်းကို ကိုယ့်ဘာသာပဲ ရပ်ပစ်လိုက်တယ်။ စာရင်းချုပ်ရင် လေးငါးရာတော့ အသာလေးကျော်တယ်။ ကျနော့ကိုယ်ကျနော် ၀ယ်မိတာက ကင်မရာ ၁၃၀၀တစ်လုံး။ အများသားနော်။ စိတ်အလိုလိုက်တာ စိတ်အလိုလိုက်တာ။

လေဆိပ်ရောက်ပြီဆိုမှ ဟင်းချနိုင်တယ်။ ဒါတောင် ကီလို သုံးဆယ်ပိုနေလို့ ငွေသုံးဆယ် ထွက်သွားခဲ့သေးတာ။ တတ်နိုင်ဘူးလေကွယ်ရို့။ လက်နှစ်ဖက် ကျောနှစ်ဖက်နဲ့ ပခုံးတွေလည်းပြည့်နေပြီလေ။

ဟိုရောက်တော့လည်း နိုင်ခြံဂါးပြန်ကြီးပေါ့။ လူကြုံတွေစောင့်ပေး အမျိုးတွေကိုပေး။ ပြီးတော့ မနားတမ်းခရီးရှည်ထွက်။ သားရယ် မေ့အမနှစ်ယောက်ခေါ်ချင်တယ်ဆိုတော့လည်း ဟုတ်ကဲ့ပေါ့။ မင်းအစ်ကိုလည်း ခေါ်မယ်လေသားရယ် အကူရတာပေါ့လည်း ခေါင်းညိတ်ပေါ့။ အားလုံးရှစ်ယောက်ပါတဲ့ ခြောက်ရက်ကြာခရီးရှည်တစ်ခုကို ပတ်စာခွာဖျာသိမ်း စရိတ်ငြိမ်းပို့လိုက်ပါတယ်။

သူငယ်ချင်းတစ်ယောက်က လိုလိုမယ်မယ် ငွေပိုဆယ်သိန်းပေးထားခဲ့တယ်။ ငွေပိုဆိုတာနဲ့ မျက်စောင်းကထိုးနေကြပြီ။ အိမ်လခက ဟိုဟာက ဒီဟာကနဲ့ မဖြစ်ချေဘူး မေတို့ဖေတို့ ဘာလိုချင်သလဲဆိုတော့ တီဗွီဖလက်တဲ့။ ၃၂လက္မဈေးကျနေတယ်ဆိုပြီး ၈သိန်း ၇သောင်း ၀ယ်လိုက်တယ်။ ကုန်သွားအေးရော။

ဇာတိပြန်ရောက်တော့ အဖိုးအဖွားတွေဆောက်ခဲ့တဲ့ အိမ်ကြီး ပျက်စီးနေပြီ။ တစ်အိမ်လုံးဖြို ပြန်ဆောက်မှ ဖြစ်မှာ။ အဲ့လောက်တော့ မတတ်နိုင်ဘူးဆိုတော့။ ခြံစည်းရိုးလေး ပြန်ကာဖို့တဲ့။ အင်း ဟိုဖက်အမျိုးပေးရင် ဒီဖက်အမျိုးပေးမှ မျှတမယ်မဟုတ်လား။ ဟုတ်ကဲ့ ကျနော် ဟိုရောက်ရင် သုံးသိန်းပို့လိုက်ပါမယ်နော်….နော်လို့။

ပြန်ခါနီး ရန်ကုန်မှာသုံးဖို့ ကျနော့လက်ထဲ နှစ်သိန်းထည့်ထားပေးတယ်။ ဒါအကုန်ပဲတဲ့။ သုံးသောင်းဖိုးစာအုပ်တွေဝယ်လိုက်တယ်။ မသယ်နိုင်လို့ ဖြစ်နိုင်ရင် ဆိုင်လိုက်မ,လာချင်မိတယ်။ တို့တိ တို့တိနဲ့ လေဆိပ်ဝင်ကာနီး ပေါင်ပို သုံးသောင်းပေးအပြီး လေးထောင်ပဲကျန်တော့တယ်။

အခုလည်း အိမ်ကို တစ်ခုခုဝယ်ပေးမယ် ပိုက်ဆံစုခွင့်ပေးပါလို့။ အိမ်စရိတ်ဆိုပြီး နှစ်လ ငါးသိန်းပုံမှန်ပို့ပေးတယ်။မဟုတ်ရင် အမျိုးတွေတောင်းသမျှ အကုန်ကျ။ ကြိုကြားကြိုကြား Tricel တို့ ဓါးကြီးတို့က ဖေါက်ထွက်သွားသေးတာ။

ကျနော့အိမ်ကလူတွေက လခတွေ အများကြီးဆိုတာကိုပဲ မြင်ကြတယ်။ အိမ်လခက ဟိုကမိသားစု တစ်လစာစားစရိတ်လောက်ရှိတယ်ဆိုတာကို မသိကြဘူးလေ။ ကျန်တဲ့ အထွေထွေစရိတ်တွေကတော့ PUB (Public Utilities Bill) လို့ခေါ်တဲ့စရိတ်။ အင်တာနက်၊ ဖုန်းခ၊ အိမ်ကိုခေါ်တဲ့ ဖုန်းကဒ်တွေ (မြန်မာငွေခြောက်ထောင်လောက်ကို မိနစ်နှစ်ဆယ်ကျော်ပဲ ရတယ်၊ ဖုန်းတစ်ကဒ်က ထမင်း နှစ်နပ်တော့ စားလို့ရသေးတယ်)။ တစ်ပတ်တစ်ခေါက်ဆက်ပါဆိုတာကို နှစ်ပတ်တစ်ခေါက်ဆက်ဖြစ်တယ်။ ကြားထဲမှာ ကိစ္စကြီးငယ်ရှိရင်တော့ဆက်ဖြစ်ပါတယ်။ သွားလာမှုစရိတ် အပြင်ထွက်လိုက်ပြီဆိုတာနဲ့ အနည်းလေး မြန်မာငွေခြောက်ရာကျော်ကစထွက်နေပြီ။ တစ်လအသုံးစရိတ်က ရှစ်ရာနဲ့တစ်ထောင်ကြားမှာ။ အိမ်ကိုလွှဲအပြီး လက်ထဲမှာ ဗလာမဖြစ်ရုံတမယ်။

ဒီလ ဒီကအခွန်ကလည်းဆောင်ရဦးမယ်။ အိမ်ကိုပြောတော့ အခွန်ကဆောင်ပြီးသား မဟုတ်လားတဲ့။ ဒါကဒီဘက်ကလေဆိုတော့ အဲ့လိုဆောင်ရသေးလားတဲ့။ ပီအာဖြစ်ရင် လစာထဲက စီပီအက်ဖ်ဆိုတာက ထပ်ဖြတ်ဦးမယ် လစာနည်းသွားရင် သွားပြီ။ ပြီးတော့ မေတို့လည်းအလည်လာချင်သေးတယ်တဲ့။ လေယာဉ်စရိတ်၊ စားစရိတ်၊ နေစရိတ်အားလုံးပေါင်းရင်၂၀၀၀လောက်တော့ အသာလေးကုန်မှာ။ ခဏတော့ ရှန်တိန်လုပ်ထားပါလို့။ မင်းအစ်ကိုကို အဲ့ဒီခေါ်လေဆိုတာလည်းရှိသေးဗျ။ ၃၂သိန်းတဲ့ပွဲခ။

မဲဆောက်က ညီငယ်တစ်ယောက်က အွန်လိုင်းမှာအမြဲပြောတယ်။ အစ်ကိုတို့အဆင်ပြေတယ်နော်တဲ့။ ဥစ္စာပေါတယ်ဆိုပဲ။ ဟဲဟဲ ဟဲဟဲနဲ့ သွားပဲဖြဲပြလိုက်တယ် ရင်ထဲကမချိတင်ကဲကို သူမမြင်ပါစေနဲ့။

ကဲ…..လာကြဦးမလား နိုင်ခြံဂါး………..

ပေးရလို့ ကမ်းရလို့ ဒီစာမျိုးရေးတာမဟုတ်ပါဘူးခင်ဗျာ။ ပျော်လည်းပျော်စေ သိလည်းသိစေဆိုတဲ့စိတ်ရင်းနဲ့ပါ။ စေတနာမှန်လို့ကတော့ ဟိုဆုတောင်းလေးထဲကလို ညာဘက်က တစ်ဆုပ်ကြဲလို့ ဘယ်ဘက်က တစ်လှည်းဝင်ပါစေ။

21 May 2009

ရွာသားလေး နဲ့ ၀ိုင်တီယူ

ကျနော့ ဇာတိမြေက မုံရွာမြို့ပါ။ မွေးဖွားရာဒေသကနေ ဝေးတဲ့ အရပ်ဒေသတွေမှာပဲနေခဲ့ရတယ်။ ဘယ်ဇာတိလဲ လို့ဆိုတဲ့ မေးခွန်းတိုင်း အတွက်ဖြေလိုက်တိုင်း မုံရွာကပါ ပြောမိတယ်။ သြော် ဘယ်ရွာက ဆိုပြီး ပြန်မေးကြပြန်ရော။ အဲဒီတော့……

ဘလော့လေးစလုပ်တော့ မရွှေပြည်သူက အစ်ကိုဘယ်နာမည်ယူမလဲဆိုတော့။ ခေါင်းထဲစဉ်းစားမိတာက ချစ်တဲ့ဇာတိမြေကိုလည်းပါစေချင်တယ်။ ပြီးတော့ ဒီရောက်တဲ့ လူတွေတိုင်း ရွှေပြည်ကြီးကို ပြန်ရင် ရွာပြန်မယ်။ ရွာမှာက ဘယ်လိုနဲ့ ပြောတတ်ကြတယ်လေ။ ဒါနဲ့ ပြည်သူပြည်သားအဖြစ် ဂုဏ်ယူစွာလည်း တစ်ကြောင်း…

ကျနော်ကြီးပြင်းတဲ့ အရပ်က ဟိုးဝေးလံတဲ့ တောကြိုအုံကြားက စက်ရုံမြေလေးပါ။ ဆိုတော့ တော်ရုံတန်ရုံ သိသင့်သိထိုက်ပါတယ်ဆိုတာတောင် မသိတဲ့ ခပ်ထူထူ ခပ်အူအူ ထုံထုံ နုံနုံ နန အတီးအတ ထဲကပါ။ ဘယ်လောက်နုံလည်းဆို ရန်ကုန်ပထမဆုံးရောက်ဖူးတဲ့အခေါက်ပေါ့…..

ကျနော့အမှတ်မမှားရင် ကျနော့အသက်၅နှစ်ကျော်ကျော်ဖြစ်မယ်။ ရန်ကုန်မြို့ကြီးကိုတဲ့ ယောင်လည်လည်ဆိုပါတော့ဗျာ။ မေက ရန်ကုန်မှာကျောင်းတက်တာဆိုတော့ ရန်ကုန်ကိုစကျွမ်း။ ကရ၀ိတ်ကို လိုက်ပို့ပေးမယ် ရေခဲမုန့်သိပ်ကောင်းတယ်တဲ့။ ကရ၀ိတ်ကို ချီတက်ကြရောပေါ့ဗျာ။ ကရ၀ိတ်ကိုရောက်တော့ ကျနော်ကြည့်တယ်။ သေသေချာချာကိုကြည့်တာနော်။ အဲ့…မှန်တွေအပြည့်ကာလို့။ အပေါ်မော့ကြည့်တော့ အချွန်တွေ အတက်တွေနဲ့။ ပြီးတော့ အောက်ကို ငုံ့ကြည့် ပြန်တော့ ကော်ဇောတွေကို အကျခင်းလို့။ အထဲကိုဝင်မယ်လည်းဆိုရော မေ,နေဦးလေလို့ ဖိနပ်လေးကောက်ချွတ်တယ်။ ပေး..မေ့ဖိနပ်လည်းပေးဆိုတော့ မေတို့တွေ ကြောင်သွားကြတယ်။ ဟုတ်တယ်လေ…ဘုန်းကြီးကျောင်းထဲဝင်ရင် ဖိနပ်ချွတ်ရတယ်လေ ဆိုတော့မှ အားလုံးကျနော့ကို ၀ိုင်းဟားကြတယ်။ ကျနော်မှတ်ထားတာက ရွာက ဘုန်းကြီးကျောင်းတွေမှာသာ ကော်ဇောခင်းတတ်တာ အချွန်အတက်တွေနဲ့ ဆောက်ကြတာ ပြီးတော့ မှန်ဗီရိုကြီးတွေအကြီးကြီးတွေနဲ့လေ။ အဲ့လောက် ထူအတဲ့ အတွက် မှတ်မှတ်ယယ ဖြစ်အောင် ရွာသားလေးလို့ ဘလော့နာမည်ကိုပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒါပေမယ့် ရွာသားလေးဆိုတဲ့နာမည်က ယူထားပြီးဖြစ်နေတယ်။ မရွှေပြည်က ပြန်မေးတယ် အစ်ကို နာမည်အသစ်ရွေးပေးပါတဲ့။ ဘယ်လိုလုပ်ရပါ့။ ရွာသားလေးဆိုတဲ့ ပညတ်နဲ့ အများကြီးစဉ်းစားထားပြီးသားလေ။ နောက်တော့ ကိုကို(စက်မှုတက္ကသိုလ်)၊ အိအိခင်(နည်းပညာတက္ကသိုလ်) တို့လို….

တကယ်က ကျနော့မှာ အန်ချင်စရာကြီး လုပ်ဖို့ ဘယ်တုန်းကမှ မတွေးထားခဲ့ဘူး။ ဖေ့ကို ကြည့်ပြီး မလုပ်တော့ဘူးရယ်တွေးမိခဲ့တယ်။ ၀ါသနာပါမိတာကလည်း တစ်ခြားလေ။ ဒါပေမယ့် ဒါပေမယ့်ပေါ့လေ…

ဆယ်တန်းကို ကံစွတ်ပြီး အဲ့ဒီနှစ်က အောင်ခဲ့တယ်။ ဒါပေမယ့် ရမှတ်ကတော့ အားရစရာမရှိ။ ရည်ရွယ်ထားတာတော့ ဖြစ်လာမယ့်အကြောင်း လုံးဝမရှိတော့။ ဆယ်တန်းအောင်တော့ မဟာစည်မှာ ကိုရင်ဝတ်ရင်းကနေ ရန်ကုန်မှာ ကွန်ပြူတာ တက်ဖို့ အကြောင်းကဖန်လာပြန်တယ်။ ကျနော်နေတဲ့ တောင်ဥက္ကလာအိမ်က တစ်အိမ်လုံးနီးပါး ၀ိုင်အိုင်တီကပါ။ အစ်ကိုတစ်ယောက်က လက်ရှိတက်နေဆဲ။ ၉၆-၉၇ ခုနှစ်ကျောင်းတွေပိတ်ထားဆဲကာလပါ။ အစ်ကိုနယ်ကို အလည်လာတုံးကလည်း သူ့သူငယ်ချင်း ၀ိုင်အိုင်တီက အစ်ကိုကြီးတွေနဲ့အတူတူ။ သူတို့ကို ရွှေစက်တော်ပို့ရင်း ညတိုင်းနီးပါး လက်ဖက်ရည်ဆိုင်မှာ ကျောင်းကို လွမ်းတယ်ဆိုတဲ့ အကြောင်းတွေ ကျောင်းအကြောင်းတွေ ပျော်ရွှင်စရာ တက်ကြွနေတဲ့သူတို့ မျက်နှာတွေကို ငေးမောနေခဲ့ရတာပေါ့။ ရန်ကုန်ရောက်တော့ အစ်ကိုက ကျောင်းကို ခေါ်သွားတယ် နွေအေးမှာ ကြာစွယ်ဟင်းချိုနဲ့ဝက်သားဟင်းအချိုချက်ကျွေးတယ်။ ပြီးတော့ သြဘာလမ်းဆိုတာကို ရှင်းပြတယ်။ ဦးလူပေါဂိတ် ဆင်းရဲသားဂိတ်တွေကို ပြတယ်။ တိုင်လုံးကြီးတွေအောက်ကနေ ကျောင်းကြီးရဲ့ ခမ်းနားမှုတွေက အတိုင်းသားလေ။ ပြီးတော့ သူပြောပြတဲ့ အကြောင်းအရာ အသစ်တွေက စိတ်လှုပ်ရှားမှုနဲ့ နားထောင်လို့သိပ်ကောင်းနေခဲ့တယ်..တကယ်။ အိပ်မက်တွေ မက်တော့တာပေါ့။

ကျောင်းလျှောက်လွှာတွေခေါ်တော့ ပထမဦးစားပေးက စက်မှုပေါ့ (ရန်ကုန် မန္တလေးနဲ့ ပြည်သုံးခုထဲပါ)၊၊နောက်တော့ သွားဆေး၊ သစ်တောနဲ့ ကွန်ပြူတာနဲ့ ဘလာ ဘလာတွေပေါ့။

ကျောင်းတွေ ချပေးပြီဆိုတော့ ကျနော်နဲ့ ကွန်ပြူတာတက်နေတဲ့ သူငယ်ချင်းတွေက စက်မှုကနေ ကွန်ပြူတာကို ရွှေ့ကြတယ်။ ကျောင်းထဲကို တစ်ခေါက်ရောက်ပြန်တယ်။ ကျောင်းမှာ ကျနော်တို့နာမည်တွေ ရှိနေပြီ။ ဟေး…..ဒီကျောင်းကြီးမှာတက်ရတော့မယ်ပေါ့။ ပြီးတော့မှ ကျနော်တို့ကို နှစ်ခြမ်းခွဲလိုက်ပြန်တယ်။ မှော်ဘီနဲ့သန်လျင်တဲ့။ ဟာ…ဒါဆို ဘယ်လိုလုပ်မလဲ။ အဝေးကို ကျောင်းတက်ဖို့က မဖြစ်နိုင်ပြန်ဘူး။ ကျနော့မှာ လက်ရှိတက်လက်စ သင်တန်းတွေနဲ့။

ပြီးတော့ ကြားနေတဲ့ ကောလဟလ။ စက်မှုတက္ကသိုလ်ဆိုတာမရှိတော့ဘူးတဲ့။ သူငယ်ချင်းအဖေက အဝေးသင်ကဆိုတော့ သူ့ကို အကူအညီတောင်းတယ်။ သူက ကျနော်တို့ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးရုံးကို လွှတ်လိုက်တယ်။ ရုံးကိုရောက်တော့ အဆင့်ဆင့်မေးစမ်းကြည့်တာ ဆရာမမိုးမိုးအင်းလျား နာမည်ကြီး ၀တ္ထုတစ်ပုဒ်လို ဖြစ်သွားပါတယ်။

အဆညကို သွားခဲ့တယ်။ ကျောင်းပြောင်းတော့မယ်။ မြို့ထဲက မပြောင်းမယ့် ကျောင်းတစ်ခုခုမှာတက်မှ ဖြစ်မယ်။ မပြောင်းရွှေ့မယ့် ကျောင်းတွေထဲမှာ လက်ရှိတက်နေတဲ့ သင်တန်းတွေနဲ့ အနီးစပ်ဆုံးက ကွန်ပြူတာတဲ့(ကွန်ပြူတာက မပြောင်းရဘူးလို့ ကြားတာပါဗျာ)။ ကွန်ပြူတာက အဲ့ဒီနှစ်က ဆေး၊ စက်မှုပြီးရင် တတိယ၀င်ခွင့် အမှတ်အများဆုံး။ အဆညက အရာရှိက ကျနော့ကို ပေးမပြောင်းသေးဘူး။ သားရယ် စဉ်းစားပါတဲ့။ ဒုတိယကို ၀င်ခွင့်ရရဲ့သားနဲ့တဲ့။ လူတိုင်း အင်ဂျင်နီယာဖြစ်ချင်ပေမယ့် ဖြစ်ခွင့်မရတဲ့သူတွေအများကြီး။ အမှတ်တွေမှီရဲ့သားနဲ့ စဉ်းစားပါသားရယ်တဲ့။

အဆညရုံးရှေ့မှာ ချီတုံချတုံဖြစ်ပြန်ရော။ တွေဝေတတ်ပါတယ်ဆိုမှ တက်ပါမယ်လို့ အိပ်မက်တွေထားခဲ့တယ်ဆိုမှ။ အဲ့ဒီမှာ ခင်မင်စရာကောင်းတဲ့အမကြီးတစ်ယောက်နဲ့ ဆုံခဲ့တယ်။ ကျနော်က သူ့ကို တ,ကျယ်လို့ခေါ်ပါတယ်။ ငါလည်းကျောင်းလာပြောင်းတာတဲ့ အခုမပြောင်းတော့ဘူးဟာ အင်ဂျင်နီယာပဲလုပ်တော့မယ်တဲ့။ ဘာပဲဖြစ်ဖြစ် ဒီကျောင်းပဲတက်မယ်တဲ့။ ဟာ..အဖော်တစ်ယောက်ရပြီဆိုတော့ ကျနော့အကျင့်အတိုင်း ဦးလေး ကျနော်မပြောင်းတော့ဘူးဗျာဆိုပြီး တစ်ချိုးတည်း ပြန်လာတယ်။ နောက်ဘယ်တော့မှ မလာတော့ဘူးဆိုပြီး။

တကယ်တော့ နောက်ထပ် ထပ်သွားခဲ့ရပါတယ်။ ကျောင်းတွေ တက်ဖို့ ရက်တွေနီးလာတော့ ကျနော့ကို ပို့တဲ့စာက မရသေးဘူး။ နယ်ပဲပြန်တက်ရမှာမို့ ကျနော့ကိုစာမပို့တာလားဆိုပြီး ယောက်ယပ်ကိုခပ်နေခဲ့တာ။ အဆညကိုတစ်ခေါက်သွားရပြန်ရော။ ဒီတစ်ခေါက်တော့ အဆညနဲ့တင်မရပ်တော့ဘူးဗျ။ နောက်ထပ် နတ်မောက်လမ်းကို လိုက်ပါတဲ့။ နတ်မောက်ရောက်တော့ ဟိုပြေးလိုက် ဒီပြေးလိုက် ဟိုလူ့မေးလိုက် ဒီလူ့မေးလိုက် ဆိတ်ဟိုဒင်းလိုပါပဲ။ အိမ်ကပဲစောင့်ပါတဲ့။ စာတွေက ပို့လိုက်ပြီတဲ့။ ဖြစ်နိုင်ရင် ဖုန်းချလိုက်သလို ဂလောက်တောင်မြည်မလားမသိဘူး စိတ်ရှည်လက်ရှည် နှစ်ခွန်းပဲ ဖြေတယ်။ အမ အမဆိုတာတောင် ပြန်လှည့်မကြည့်တော့ဘူး။ သိပ်အလုပ်ရှုပ်နေတာ သူ့မှာ ခေါက်ဆွဲသုပ် ပန်းကန်နဲ့လေ။

အိမ်ရောက်တော့ အမောတကော ရေပြေးသောက်တယ်။ စာက အိမ်ရောက်နေပြီတဲ့။ တက်ရမယ့်ကျောင်းက မှော်ဘီတဲ့။

အဲဒီကနေ ၀ိုင်တီယူ ဖြစ်လာတာပေါ့ဗျာ….

ကိုနေညိုရင့်ရေ အဲ့လောက်ဆို တော်တော်ရှည်သွားပြီ..ဟုတ် :)

20 May 2009

မြတ်လှဆရာ

ပြီးခဲ့တဲ့ပို့စ်နှစ်ပုဒ်က ဆရာတွေကို မကောင်းဘူးရယ်လို့ ရေးထားတာမဟုတ်ပါဘူး။ ကျနော်ပေးချင်တဲ့ အကြောင်းအရာက တစ်ခုပါ။ အရေးအသားတော်တယ်ဆိုတော့ စာဖတ်သူတွေ တလွဲတွေတွေးစေတဲ့အထိပါပဲ။ ဒေါ်လေးအယ်ပြောသလိုပါပဲ ဆရာတွေဆိုတာလည်း လူထဲကလူတွေပဲမို့ ကောင်းတဲ့သူရှိသလို မကောင်းတဲ့သူလည်းရှိပါလိမ့်မယ်။ ဖြတ်သန်းရတဲ့ လူ့ဘဝတစ်လျောက်မှာ အဆိုးအကောင်းတွေက ကြုံတွေ့စမြဲပါ။ အကျိုးအကြောင်းနဲ့ ဝေဖန်ပိုင်းခြားတတ်ဖို့သာ ကျနော်တို့ လိုအပ်တယ်ထင်ပါတယ်။ မအေးမြတ်မြတ်ကို ပြောသလို ရွာသားလေးက ဆရာကံမကောင်းဘူးဆိုတာ မဟုတ်ပါဘူးဗျာ။ သိပ်ကိုကောင်းတဲ့ဆရာတွေနဲ့တွေ့ကြံုခဲ့ရပါသေးတယ်။

ကျနော်လေးတန်းအောင်တော့ ဆရာနှစ်ယောက်နဲ့ဆုံတွေ့ခဲ့ရပါတယ်။ ဆရာနဲ့ဆရာမ အိမ်ထောင်သည်တွေပါ။ ဆရာက စက်ရုံဝန်ထမ်းဖြစ်ပြီး ဆရာမက ဆရာနဲ့အိမ်ထောင်ကျမှ ကျနော်တို့စက်ရုံကျောင်းလေးကို ရွှေ့လာခဲ့တာပါ။ ဆရာက ဝါသနာနဲ့ ၈တန်းကျူရှင်ပြပါတယ်။ သချာင်္နဲ့ ရူပဘာသာတွဲပါ။ ဆရာ့ကျူရှင်မှာ ကျနော့အစ်ကိုက တက်တာမို့ ဆရာနဲ့အိမ်ကရင်းနှီးနေပါတယ်။ တစ်ရက်မှာ ဆရာကအိမ်ကိုလာပြီး ပြောပါတယ်။ ကျနော့ကို သူတို့လင်မယားနှစ်ယောက်စာသင်ချင်ပါတယ်။ အိမ်က ကျူရှင်မထားနိုင်မှန်းသိလို့ ကျူရှင်လခပေးစရာမလိုပါဘူး။ သူတို့ သားသမီးမွေးခဲ့ရင် ကျနော်က ပြန်သင်ပေးမယ်ဆို ကျေနပ်ပါတယ်တဲ့။ ဆရာက သချာင်္ ၁ ကို သင်ပေးပြီး ဆရာမက သချာင်္ ၂ ကို သင်ပေးခဲ့တယ်။ စာသင်ပေးတဲ့အပြင် အိမ်ကလိုအပ်တဲ့ ဆန်ဆီကအစ ကူညီပေးခဲ့တဲ့ မြတ်ဆရာနှစ်ယောက်ပါ။ ဆရာ့ကျုရှင်မှာ ညီအစ်ကိုမောင်နှမ နှစ်ယောက်တက်ရင် တစ်ယောက်စာ လုံးဝပေးစရာမလိုပါဘူး။ ကျူရှင်လခမပေးတဲ့သူတွေကိုလည်း ပေးရမယ်လို့ တစ်ခါမှမတောင်းဘူးတဲ့။ ကျနော်ကိုးတန်းရောက်တော့ ဆရာမက ကျနော့ကို တိုးတိုးတိတ်တိတ် အကူအညီတောင်းပါတယ်။ ပိုက်ဆံရှိတဲ့ဝန်ထမ်းသားသမီးတစ်ယောက်က ကျူရှင်လခမပေးပဲ အလကားတက်နေပါတယ်တဲ့။ ဆရာကလည်း မတောင်းရဘူးလို့ဆိုတာမို့ ဆရာမက ကျနော့ကို တောင်းပေးဖို့ အကူအညီတောင်းတာပါ။ အဲဒီတော့မှ ဆရာကျူရှင်ကို အလကားသင်သလို သင်ပေးနေပါသလားဆိုတာ သိရတယ်။ ကျနော်ဆရာ့ဆီမှာ ငါးတန်းကနေ ကိုးတန်းအထိ ပညာဆည်းပူးခဲ့တာပါ။ ဆယ်တန်းအောင်တော့ ဆရာက သူ့ကျုရှင်မှာ ဘိုင်အို ပြပေးမယ့်သူ မရှိလို့ အကူအညီတောင်းတာနဲ့ ပညာပါရမီဖြည့်ရင်း ဆရာ့ကို ကူညီပေးခဲ့ရပါတယ်။ ဆရာ့ကို ဒီတစ်ခုပဲ ကူညီနိုင်ခဲ့တယ်။ တက္ကသိုလ်တက်တော့ အိမ်က ငွေအခက်အခဲကို ဆရာကပဲ ကူညီခဲ့ပါတယ်။ အိမ်ကဆက်ပြီး မထောက်ပံ့နိုင်တဲ့ အခြေအနေထိ ရောက်ခဲ့တာမို့ ဆရာ မကူညီရင် ကျနော်ကျောင်းထွက်ရမှာ သေချာပါတယ်။ စက်ရုံမြေကို ပြန်တိုင်း ဆရာက သူစီးနေကျ ဆိုင်ကယ်လေးအိမ်မှာလာပို့တတ်ပါတယ်။ တစ်နေရာနဲ့ တစ်နေရာဝေးတာမို့ သူ့တပည့်အပြင်ထွက်ရင် စီးရအောင်လို့ပါ။ ကျနော်အိမ်က ပြန်ပြီဆိုမှ ဆိုင်ကယ်ကို ပြန်ယူလေ့ရှိပါတယ်။ ဘယ်တော့မှ မမေ့တော့မယ့် ဆရာနဲ့ ဆရာမက ဦးကျော်ရွှေနဲ့ ဒေါ်ကြည်ကြည်မြင့်ပါ။

အဲ့ဒီ ဆရာနဲ့ဆက်စပ်ပြီးနောက်ထပ် ဆရာတစ်ယောက်နဲ့ ခဏဆုံလိုက်ပါသေးတယ်။ အင်္ဂလိပ်စာသင်ပေးတဲ့ ဆရာပါ။ စာသင်နေရင်း နယ်အပြောင်းအရွှေ့နဲ့ ပါသွားတာမို့ သင်ခန်းစာ တစ်ခန်းရပ်ခဲ့ရပါတယ်။ ဆရာဦးတင်သိန်းပါ။ အခမဲ့သင်ကြားပေးခဲ့တာပါ။ ဆရာက အခုချောက်မှာ နေပါတယ်။

ပြီးတော့ လေးတန်းတက်နေစဉ်ကာလ ရွာကျောင်းက ကျောင်းအုပ်ဆရာမ ဒေါ်လေးလေးပါ။ ကျောင်းမှာတင်မကဘူး အိမ်မှာပါ ညကျောင်းလို ကျောင်းသားတွေကို စာသင်ပေးတဲ့ ရှားမှရှား ဆရာမတစ်ယောက်ပါ။ ကျောင်းသားတွေကို မငြိုမငြင် ထမင်းပါကျွေးထားတဲ့ ဆရာမပါ။ အန်တီလေးကတော့ ဆုံးရှာပါပြီ။

ဆယ်တန်းကိုတော့ မုံရွာအထကသုံးမှာ တက်ခဲ့ပါတယ်။ ဆယ်တန်းမှာ စာတွေပြိုင်ရင်း ကျနော်တက်တဲ့ ဝိုင်းမှာ အနိုင်ကျင့်မှုဖြစ်ပါတယ်။ ထုံးစံအတိုင်း ကျနော်ကလည်းမဟုတ်မခံဆိုတော့ ပြဿနာတက်တော့တာပါပဲ။ အဲ့ဒီဝိုင်းက ထွက်တော့ စာမေးပွဲနီးနေပါပြီ။ နောက်ထပ်ဘယ်ဝိုင်းကမှ လက်မခံခဲ့ပါဘူး။ မေ့ရဲ့ ဆရာ အရင်းဖြစ်တဲ့ ဆရာဦးမောင်မောင်က ကျနော်တို့ ကျောင်းက နာမည်ကြီးဝိုင်းမှာ ခေါ်ဖို့ပြောတော့ ကျောင်းသားတွေက ငြင်းလိုက်တယ်လို့ ကြားရပါတယ်။ အဒေါ်ဆရာမရဲ့ သူငယ်ချင်းဝိုင်းကလည်း ကျနော်တက်ရင် သူတို့ကျူရှင်ထွက်မယ်လို့ ဆိုတာမို့ ဒုက္ခတွေ တစ်လှေကြီးပေါ့။

အပေအတေ ကျနော်ကလည်း ကိုယ့်စာကိုပဲဖတ်မယ် ဆိုပြီးခေါင်းမာနေခဲ့တာ။ နောက်တော့ အရင်ဝိုင်းက ဘိုင်အိုဆရာမ ဒေါ်ဝင်းရီက သူ့ရဲ့ စာသင်ဝိုင်းတစ်ခုကို အတင်းခေါ်ပြီး စာသင်ပေးခဲ့တယ်။ ဆရာမကျေးဇူးက တကယ်ကြီးမားလှပါတယ်။ ကျူရှင်က အိမ်နဲ့ဝေးတာမို့ အကြိုအပို့ကိုပါ ဆရာမကတာဝန်ယူပေးခဲ့တာ။

ပြီးတော့ သချာင်္ဆရာမ ဒေါ်မာနီသန်းရဲ့ ကျူရှင်တွေကိုလည်း ဆရာမဒေါ်မာနီသန်းရဲ့ ခွင့်ပြုချက်နဲ့ အခမဲ့ တက်ခွင့်ရခဲ့ပါသေးတယ်။ အိမ်မှာ တစ်ယောက်တည်းခေါ်သင်ပေးတဲ့ ပထဝီဆရာမ ဆရာမဒေါ်ခင်စီကလည်း သူ့အားလပ်ချိန်တွေထဲက ဖဲ့ပေးခဲ့တာပါ။ ကျနော့ကို အနီးကပ်လာသင်ပေးဖို့ အိမ်ကို လာလာပေးတာက ဆရာဦးမောင်မောင်နဲ့ အင်္ဂလိပ်စာ ဆရာဦးတင်လေးတို့ပါ။

ဆရာဆိုတာ နာခြင်းပေါင်းများစွာနဲ့ပါ။ ဆရာဂုဏ်တင်မကပဲ မိဘဂုဏ်ထိုက်အောင် ကိုးကွယ်ထိုက်တဲ့ဆရာတွေလည်း ရှိပါတယ်။ ဒီတစ်ခေါက် ကျနော်အိမ်ပြန်တော့ ဒီဆရာတွေကို သက်ရှိထင်ရှားရှိတုန်း မှတ်မှတ်ယယ ကန်တော့ ဖြစ်အောင်ကန်တော့ခဲ့ပါတယ်။ ဆရာတွေရဲ့ ဆပ်မကုန်နိုင်တဲ့ ကျေးဇူးတွေကို ထပ်တလဲလဲအောက်မေ့ရင်း လူတိုင်းလူတိုင်း ဆရာကောင်းဆရာမွန်နဲ့ဆုံတွေ့ ဆည်းပူနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်ခင်ဗျာ…

မူကြိုနဲ့လွဲခဲ့တဲ့ ရွာသားတစ်ယောက်အကြောင်း

မကြည်ဖြူပိုင်ရဲ့ သူငယ်တန်းမမကိုဖတ်နေတုန်းမှာ အဲဒီခံစားချက်ကို ပြန်ရတယ်။ ဒါပေမယ့် စာမရေးဖြစ်ခဲ့သေးဘူး။ မနေ့က မဆုမွန်ရဲ့ ကော့မန့်လေးက လှုပ်နိုးလိုက်တော့ စာတစ်ပုဒ်ရေးဖို့ သေချာသွားခဲ့ပြီ။ ကျနော်ဆိုးခဲ့တဲ့ အကြောင်းအရာလေးတစ်ခုက ပြတ်ပြတ်ထင်ထင်ဖြစ်လာတော့တာ။ အများတကာလို မူကြိုဆိုတာ မတက်ခဲ့ရတဲ့ ရွာသားတစ်ယောက်အကြောင်းပါ။

၃နှစ်ကျော်ပြီဆိုတော့ အိမ်နားက သူငယ်ချင်းတွေ လွယ်အိတ်လေးတွေလွယ်ပြီး မူကြိုသွားကြပြီ။ အဲဒီအချိန် ဖေက မကွေးမှာ မေက ဒီပဲယင်းမှာ ကျနော်က မေနဲ့ပဲနေ နေတုန်းပေါ့။ ဘယ်နေရာမှာ နေကြမယ် မသေချာသေးတော့ ကျနော့ကို ကျောင်းထားဖို့ကိစ္စကိုလည်း သူတို့ မစီစဉ်ကြရသေး။ နောက်တော့ မုံရွာမှာပဲ မူကြိုထားဖို့ နွေကျောင်းပိတ်တစ်ရက်မှာ မေက ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် နောက်ကျတဲ့ အတွက် အိမ်ဘေးက ငယ်သူငယ်ချင်းတက်တဲ့ မူကြိုမှာ အပ်လို့မရတော့ပါဘူး။ ဟိုး…မုံရွာ့တောင်က မူကြိုတစ်ခုမှာ အပ်ခဲ့တယ်။

ပထမဆုံးကျောင်းတက်ရတော့မယ်ဆိုတော့ ပျော်တာပေါ့။ သူငယ်ချင်းတွေ မူကြိုသွားတိုင်း အိမ်အနီးအနားမှာ တစ်ယောက်တည်း ကျန်နေရစ်ခဲ့တာလေ။ ကျောင်းတက်ရတော့မယ် ဆိုပြီး ပျော်နေခဲ့တာ။ လွယ်အိတ်အသစ်လေးရယ် ဝတ်စုံလေးရယ် ထမင်းဗူးအသစ်လေးရယ်နဲ့။ ပြီးတော့ ကျနော်သိပ်ကြိုက်တဲ့ ကြက်ဥမွှေကြော်လေး (အမခင်ဦးမေ မှတ်ဖို့မေ့နေဦးမယ်ခင်ဗျ) ထည့်ပေးလိုက်တယ်။ ကျောင်းရှေ့အရောက် ငှားထားတဲ့ ဆိုက်ကားလေးနဲ့ အကျပေါ့ဗျာ။

ကျောင်းကိုရောက်တော့ ဆရာမက တစ်ယောက်တည်းပါ။ ကျနော်မှတ်မိတာက သစ်သား ပျဉ်ထောင်အိမ်လေး။ ရောက်ပြီးသိပ်မကြာခင် ဘေးနားက ကောင်မလေးနဲ့ သူငယ်ချင်းဖြစ်သွားပါတယ်(ရွာသားတို့များ ငယ်ကတည်းကလို့ ကော့မန့်မပေးနဲ့နော်…)။

နောက်တော့ နေ့လည်စာထမင်းစားချိန် ရောက်ရောဆိုပါတော့။ ထမင်းဗူးကိုဖွင့်တော့ လား..လား…မချောလေး ထမင်းဗူးထဲမှာ ကျနော်သိပ်ကိုကြိုက်ပါတဲ့ ဝက်အူချောင်းကြော်တွေပါလား။ ငတ်မရှက်ဆိုတဲ့ အတိုင်း သူ့ကိုကျနော် ညှိလိုက်တယ်။ ကြက်ဥကြော်နည်းနည်းနဲ့ ဝက်အူချောင်းကြော်နည်းနည်း နှစ်ဦးသဘောတူ လဲစားလိုက်ကြပါတယ်။ သံခင်းတမန်ခင်းအရ ဒါမှမဟုတ် ထရိတ်ဒင်း အောင်မြင်တယ်လို့ယူဆလို့ရပေမယ့် ကျနော့မူကြိုဆရာမကတော့ လုံးဝ လုံးဝ လက်မခံဘူးတဲ့ဗျာ။ ကျနော်တို့ နှစ်ယောက်လုံးကို ဟင်းချင်းလဲစားတဲ့အမှုနဲ့ တစ်ယောက်တစ်ချက်စီ ရိုက်ပြီးအပြစ်ပေးခဲ့တယ်။ ငိုယိုပြီးတဲ့နောက် မောလာတော့ ကျောင်းရဲ့ ပြတင်းပေါက်ဆီကနေ အပြင်ကိုပဲငေးနေမိတာပေါ့။

နောက်တော့ ကိစ္စက ပေါ်ပါလေရော။ ကိစ္စက ထိပ်ဝရောက်နေပြီ ဆရာမကိုသွားပြောတော့ ဆရာမရှေ့မှာ ဖြေရှင်းပေးဖို့စောင့်နေတဲ့ အတန်းဖော်တွေက အခု ဒီနိုင်ငံရဲ့ယဉ်ကျေးမှုတစ်ခုလို တန်းစီနေတာမှ အရှည်ကြီး။ ဆရာမက သိပ်မအားမလပ်ဖြစ်နေလို့ လိုက်မပို့ဘူးတဲ့ဗျာ။ အားလုံးဖင်ပိတ်စောင့်နေကြရတာ။ မအားမလပ်တဲ့ အကြောင်းက ကျနော်တို့ဆရာမ ၀တ္ထုဖတ်တော်မူနေတာကိုး။ ဇာတ်လမ်းကပဲကောင်းတာလား စာရေးဆရာပဲတော်လေသလား စီတန်းနေတဲ့ အတန်းရှည်မှာတော့ အားလုံးဖင်လေးတွေလိမ်လို့။

ဆရာမ စာအုပ်ကိုချတော့မှ ကျနော်တို့ ပြဿနာကိုဖြေရှင်းပေးခဲ့ပါတယ်။ ပါးစပ်ကလည်း ပွစိပွစိပြောရင်းပေါ့ အလုပ်ကိုရှုပ်တယ် ကလေးအစုတ်ပလုပ်တွေ ဘာတွေဖြစ်မှာ။ပထမဆုံးကျောင်းတက်ရက်က ကျနော့ကို သိပ်စိတ်ပျက်စေခဲ့တယ်။ ပျော်ရွှင်ရမယ်ထင်ထားခဲ့တာ တစ်ခြားစီဖြစ်ခဲ့ရတယ်။

အိမ်ရောက်တော့ လွယ်အိတ်လေးချပြီး နောက်နေ့ မူကြိုမသွားဘူးနော်ဆိုတော့ မေက အော်တော့တာပေါ့ (လခကပေးပြီးသွားပြီလေ)။ တုတ်ကြည့်ထားလို့ ပြောတော့ မျက်လုံးလေးကလည်ကလည်နဲ့ လုံးဝပြန်မသွားတော့ဘူးလို့ ကျောင်းအပြန်ကတည်းက ဆုံးဖြတ်ထားတော့ ဘယ်လိုဖြေရှင်းမလဲ အကြံထုတ်တော့တာပေါ့။

နောက်နေ့မနက် ကျောင်းသွားခါနီး တစ်ချက်ငိုပြီး အပျော့ဆွဲကြည့်တယ်။ မရဘူး။ ဆိုတော့…နောက်ဆုံး လက်နက်ကို ထုတ်ရပြီပေါ့။ မေလိုက်ပို့မှ ကျောင်းသွားမယ်လုပ်ပါလေရော။ အကြံကိုမသိတဲ့ မေက အင်းဒီအရှုပ်ကျောင်းသွားပြီးရော ဆိုပြီး လိုက်ပို့ပါတော့တယ်။

ကျောင်းနားရောက်လာလေလေ ရင်ကခုန်လာလေလေ။ တေးထားတဲ့အတိုင်း အောင်မြင်မှဖြစ်မှာကိုး။ ဆရာမလေးကလည်း မနက်ခင်းအလှအပတွေနဲ့ မိဘတွေလိုက်ပို့တာဆိုတော့ လခအယူကောင်းအောင် အပြုံးတွေ အကြင်နာတွေပြပြီး ကလေးတွေကို ကျောင်းရှေ့မှာထွက်ကြိုတာ။ သားလေး သမီးလေး လာလာဆရာမဆီကိုလာ စာတွေသင်ပေးမယ် ပုံပြင်တွေပြောပြမယ် နဲ့ ချိုသာလို့။

ဆရာမ ကျနော့ကိုလာကြိုဖို့ရှေ့တိုးလာတော့ အားးးးးးးးးးးးးးးလို့အကျယ်ကြီးအော်လိုက်တယ်။ ပြီးတော့ ဆရာမအရမ်းအရိုက်ကြမ်းတာကြောင့် ကျောင်းမတက်ချင်ဘူးလို့ တဖွဲ့တနွဲ့ထည့်ငိုတယ်။ ဆရာမကိုလည်း လက်ညိုးထိုးပြီး သူပေါ့ သားတို့အားလုံးကို အိမ်သာမပို့ပဲ စာအုပ်ထိုင်ဖတ်နေတာလို့ အားလုံးကြားအောင် အော်လိုက်တယ်။ ဆရာမလေးမျက်နှာ အရမ်းပျက်သွားတယ်။ သူဘာလုပ်ရမှန်းမသိဘူးဖြစ်သွားပါလိမ့်မယ်။ ကျောင်းထဲပဲ ပြန်ဝင်ရမလို ကျနော့ကိုစိတ်ဆိုးပြီးရိုက်ချင်နေတဲ့ပုံလည်း ပေါ်လာတယ်။ ဒါပေမယ့် မိဘတွေရှေ့မှာ ကျောင်းသားကို သူရိုက်လို့မရသေးဘူးလေ။ သူ့သားအကြောင်း ကောင်းကောင်းသိတဲ့မေက ကျနော့ပါးစပ်ကိုပိတ်ပြီး နောက်ကြောင်းကို ပြန်ခေါက်ခဲ့ရတယ်။ ကျောင်းသားမိဘတွေအားလုံး ကြောင်ငေးပြီးတော့ကို ကျန်နေခဲ့တာ။

အဲဒီနောက်ပိုင်း ရွာသားတို့ မူကြိုတက်ဖို့အကြောင်း ကြားကိုမကြားရတော့ဘူး။ အငိုပိုင်လို့တဲ့နာမည်တစ်လုံးတောင်ရလိုက်သေးတယ် အောင်ထွန်းလေးတဲ့။ အိမ်မှာပဲ ဆော်ပလော်တေခံရင်း စာတွေဖတ်ရတော့တာပါပဲ။ ဆိုးလိုက်တဲ့ရွာသားနော်……..

19 May 2009

အမှန်တရား ပျောက်ဆုံးခြင်း

ငယ်တုန်းက စိတ်အနာကြီးနာကျည်းမိတဲ့ အကြောင်းအရာပေါ့။ သေရာပါသည်အထိ စွဲမြဲနေဦးမယ့် အမုန်းတွေနဲ့ ဘယ်တော့မှ မေ့တော့မှာမဟုတ်ဘူး။ ပြန်တွေးတိုင်း ဒေါသထွက်မိတယ်။ လေးတန်းတုန်းကပါ။

ကျနော်တို့လေးတန်းရောက်တော့ အစိုးရစစ်မဟုတ်တော့ပါဘူး။ မြို့နယ်စစ်တော့ ကျန်နေပါသေးတယ်။ ပြီးတော့ အဲ့ဒီအချိန်မှာ ကျူရှင်ဆိုတဲ့ ပညာရေးဆိုးကျိုးတစ်ခုက ပေါ်ပေါက်ထွန်းကားနေခဲ့ပြီ။ ကျနော်တို့လေးတန်း အခန်းပိုင်ဆရာကိုယ်တိုင် ကျူရှင်သင်ပါတယ်။ ဆရာက အင်္ဂလိပ်စာနဲ့ သမိုင်းကို သင်ပြီး တစ်ခြားဆရာမ တစ်ယောက်က သချင်္ာနဲ့မြန်မာကိုသင်ပါတယ်။ ဆရာမက ကျူရှင်မပြပါဘူး။ ကျူရှင်ပြခြင်းဟာ ဝန်ထမ်းဖြစ်တဲ့ ဆရာ ဆရာမတွေရဲ့ စားဝတ်နေရေးမလုံလောက်မှုအတွက် လိုအပ်နေတဲ့ အရာတစ်ခုလည်း ဖြစ်နေခဲ့ပြန်တာကိုး။ ဝန်ထမ်းသားသမီးဖြစ်တဲ့ ကျနော့အနေနဲ့ နားလည်ခံစားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်….

ဆရာက ကျောင်းမှာ ဒီနေ့သင်မယ့် သင်ခန်းစာကို ကျူရှင်မှာ ကြိုသင်ထားပြီးဖြစ်နေတယ်။ ကျူရှင်တက်တဲ့ ကျောင်းသူကျောင်းသားတွေက သင်ခန်းစာတွေကို မျက်စိမှိတ်ပြီးဆိုနေကြချိန်မှာ ကျန်တဲ့ ကျောင်းသူကျောင်းသားတွေက ဆရာပြောနေသမျှကို နားစိုက်ထောင်နေရတာပေါ့။ သူတို့တွေ ဟီလာတိုက်နိုင်နေပြီလေ။ အဲ့ဒီအထိ ကျနော်လက်ခံနိုင်ပါသေးတယ်။

နောက်တော့ အတန်းထဲမှာ သမိုင်းတွေ ဖြေရတဲ့ အချိန်ပေါ့။ ကျနော့အကျင့်က ဆရာပေးထားတဲ့မှတ်စုကို ၏ သည်မရွေးကျက်တတ်တယ်။ အတန်းတွင်း စာမေးပွဲဖြေရတယ်ဆိုပါတော့ဗျာ။ အမှတ်ရလာတော့ ပေးမှတ် ၉မှတ်မှာ ကျနော့အမှတ်က ၈မှတ်။ ဆရာ့ကျူရှင်တက်တဲ့ ကျနော့သူငယ်ချင်းက ၉မှတ်ရတယ်။ ဒါတော့ ကျနော်သည်းညည်းမခံနိုင်တော့ဘူး။ အမှတ်နဲ့ပတ်သတ်ရင် ကျနော်ဘယ်လိုမှမရဘူး (ငယ်ငယ်တုန်းကပါ၊ အခုဆို ဘာကိုမှ ဂရုမစိုက်တော့ဘူး)။

သူငယ်ချင်းအဖြေစာရွက်ရယ် ကျနော့အဖြေစာရွက်ရယ် တိုက်ကြည့်တယ်။ နှစ်ယောက်လုံး အမှားမရှိဘူး။ ဒါဆိုဘာအတွက်လဲ။ ကျနော်အမှတ်လျော့ခံရတာ ဘာကြောင့်လဲ။ အဖြေစာရွက်နှစ်ရွက်နဲ့ ဆရာ့စားပွဲကိုသွားခဲ့တယ်။ ဆရာ့ အနားကိုတိုးသွားတယ် ဆရာ့ကိုမေးခဲ့တယ်။ နှစ်ယောက်စလုံးအဖြေတွေ မှန်ပါလျက် ဘာကြောင့်အမှတ်တူတူမရသလဲလို့။ ဆရာက ကျနော့ကိုမော့ကြည့်တယ်။ ကျနော့ ကိုတစ်ခွန်းပြောတယ်။ ၈မှတ်နဲ့ ၉မှတ်က သိပ်မကွာပါဘူးတဲ့။ ကျနော်ဒေါသထွက်သွားသလား မသိဘူး။ ရှေ့ဆက်တိုးပြောမိတယ်။ ဒါဆို ကျနော်က ဘာဖြစ်လို့ ၉မှတ်မရတာလဲ ဆရာလို့။ ဒီမေးခွန်းကို ဆရာမျှော်လင့်မထားဘူး ထင်ပါတယ်။ ခဏတွေသွားတယ်။ နောက်တော့ ဆရာကပြောတယ် သူ့လက်ရေးကသေသပ်လို့တဲ့ တစ်မှတ်ပိုပေးတယ်တဲ့။ ကျနော်ရီမိသွားတယ်။ အခုအချိန်ဆိုရင်တော့ တစ်ဟားဟား အော်ရယ်မိကောင်းရယ်မိလိမ့်မယ်။ ဒါဆို တစ်တန်းလုံးကို မေးကြည့်မယ်လေဆရာ ဒီအဖြေစာရွက်နှစ်ခုမှာ ဘယ်တစ်ခုက လက်ရေးသေသပ်လဲဆိုတာလို့ ပြောပြီး ကျနော်ချာခနဲလှည့်ထွက်ခဲ့တယ်။ ဆက်ပြောနေလို့ အကျိုးမရှိတော့ဘူးဆိုတာ သေချာနေခဲ့ပြီ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော့သူငယ်ချင်းလက်ရေးက တစ်ခါတစ်ခါ သူကိုယ်တိုင်တောင်ဖတ်လို့မရတတ်ဘူးလေ။

တနုံ့နုံ့ထွက်နေတဲ့ ဒေါသကိုမနည်းထိန်းခဲ့ရတယ်။ မုန်းတီးနားကျည်းမိတာလည်း မပြောပါနဲ့တော့။ ဆရာကလည်း ကျနော့ကို မမေ့တော့ဘူးဆိုတာ သေချာသွားပြီလေ။ စာမေးပွဲမှာ သေချာဖြေခဲ့တယ်။ ဒါပေမယ့် သိပ်လည်းမမျှော်လင့်တော့ဘူး။ ကျနော်တို့ အဖြေလွှာတွေကို ဆရာ့ကျူရှင်တပည့်တွေက အမှတ်ခြစ်ပေးသတဲ့။ အင်း မညီမျှမှုတွေ…..စိတ်ကိုလျှော့ထားတယ်။ ထင်တဲ့အတိုင်းပါပဲ အမှတ်တွေထွက်လာတော့ ကျနော့အမှတ်တွေ သိပ်နည်းနေခဲ့ပြီ။

ဆရာက မေနဲ့ဆုံတော့ ပြောတယ်တဲ့။ အစ်မကြီးသားက ကျနော့ကို အဲ့လို အတန်းထဲမှာ ပြန်ပြောတယ်ဆိုပြီး။ မေက ကျနော့အကြောင်းသိတော့ ရီတာပေါ့။ သူကငယ်ငယ်လေးထဲက မဟုတ်မခံဆရာရဲ့ ဆိုပြီး ရီရီမောမော ပြန်ပြောခဲ့တာပေါ့။ အိမ်ရောက်တော့မှ မေက နင့်တော့ ဒီနှစ်သွားပြီလို့ ပြန်ပြောခဲ့တယ်။ သေချာပါတယ်။

ကျနော့အဖြေလွှာတွေကို အမှတ်စစ်တဲ့သူက ကျနော့ပြိုင်ဘက်တဲ့။ အဲ့ဒီကျူရှင်တက်နေတဲ့ သူငယ်ချင်းကပဲပြန်ပြောခဲ့တာ။ ကျနော့ခုံနံပါတ်ကိုမြင်တာနဲ့ သူယူသွားတာတဲ့။

ကျနော်ဘာပြောခွင့်ရှိသလဲ။ အခန်းထဲမှာလို ပြန်ပြောခွင့်လည်းမရှိတော့။ မဟုတ်မခံပင်မယ့် ကျနော်ဘာမှ မတတ်နိုင်ခဲ့ဘူးလေ။ သိနေတယ် မဟုတ်တာအလုပ်ခံရတယ်ဆိုတာကို သိနေတယ်။ ကျေလည်းလုံးဝမကျေနပ်ဘူး။ ဒါပေမယ့်….ဘယ်မှာလဲ အမှန်တရား?

အခုထိတော့ မေ့မရဘူး။ နာကျည်းတုန်းပဲ….

18 May 2009

တရားကို နတ်စောင့်သတဲ့


ဒီတစ်ပတ် ကြည့်ဖြစ်တဲ့ ရုပ်ရှင်လေးတစ်ခုပါ။ မင်းသားကိုကြိုက်နှစ်သက်တာရယ်၊ ဒါဗင်ချီကုတ်ဆိုတဲ့ဇာတ်ကားကို ရေးတဲ့ စာရေးဆရာရဲ့ နာမည်ကြီးနောက်ထပ် ၀တ္ထုတစ်ပုဒ် ဖြစ်နေတာရယ်ကြောင့် ဒီရုပ်ရှင်ကို ကြည့်ဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်လေးကြည့်နေတုန်းမှာတော့ လုံးချာကို ပတ်နေတော့တာ။ သိပ္ပံပညာရယ်၊ ခရစ်ယာန်ဘာသာရေး သမိုင်းကြောင်းရယ်၊ ဘာတီကန်ဆိုတဲ့ သမိုင်းတွေထဲက မြို့လေးရယ် နားလည်ရခက်စွာ နဲ့ပေါ့။ ရုပ်ရှင်ကြည့်ပြီးမှ ကိုသက်ပိုင်သူရဲ့ ဘာတီကန်စီးတီး ဆိုတဲ့ ပို့စ်လေးကိုဖတ်ရတယ်။ ဇာတ်ဝင်ခန်းတွေနဲ့ အဲဒီပို့စ်လေးကို ဖတ်ရင်း တကယ့်ကို အသက်ဝင်လာတော့တာပါပဲ။

လက်ရှိပုပ်ရဟန်းမင်းကြီး သေဆုံးသွားတဲ့ အခမ်းအနားနဲ့ စတင်ထားခဲ့တာပါ။ ပုပ်ရဟန်းမင်းကြီးတွေရဲ့ အရေးပါမှုကလည်း ဒီဘာသာရေး မှာတကယ့်ကို အရေးပါခဲ့တာကိုး။ ပုပ်ရဟန်းမင်းအသစ်ကို ဘယ်လိုရွေးချယ်သလဲဆိုတာလည်း ဒီဇာတ်လမ်းကို ကြည့်တော့မှ သိလာခဲ့ရတယ်။ ဒါပေမယ့် ပုပ်ရဟန်းမင်းအသစ် ဖြစ်နိုင်ချေ အများဆုံးရှိတဲ့ လူလေးယောက်ဖြစ်ရတာလည်း မသက်သာပါဘူး။ သူတို့လေးယောက်ကို အီလူမီနတီဆိုတဲ့ လျှို့ဝှက်ဂိုဏ်းက ဖမ်းထားပြီး သူတို့ရဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရန်ကြွေးကိုဆပ်ဖို့ ဓါးစာခံဖမ်းဆီး ထားခဲ့တာကိုး။ ပြီးတော့သူတို့ တစ်ယောက်ချင်းဆီကို ကမ္ဘာ့အခြေခံအကျဆုံး အရာလေးခုနဲ့ ဆိုင်ရာ ဆိုင်ရာ တစ်လှည့်စီ သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။

ပြီးတော့ ဂျနီဗာသုတေသနဓါတ်ခွဲခန်းထဲက ခိုးယူလာတဲ့ နယူကလီးယား လက်နက်ငယ်နဲ့ ဘာတီကန်စီးတီးကြီးတစ်ခုလုံးကို ဒီမြေပေါ်က ဖျောက်ဖျက်ပစ်မတဲ့။ အဲ့ဒီလက်နက်ကိုလည်း မြို့ရဲ့တစ်နေရာမှာ ထားရှိပြီးဖြစ်နေပြန်တယ်။

အီလူမီနတီ သင်္ကေတတွေကို အကျွမ်းကျင်ဆုံး ဟားဗတ်တက္ကသိုလ်က ပရော်ဖက်ဆာတစ်ယောက်ရယ်၊ သိပ္ပံပညာရှင်မလေးတစ်ယောက်ရယ် ရှုပ်ထွေးနေတဲ့ အရာအားလုံးထဲကနေ ဘာတီကန်စီးတီးကို ကယ်ဆယ်ဖို့ အလှည့်ကျတော့တာပါပဲ။

သတ်မှတ်ထားတဲ့ အချိန်တွေထဲမှာ အီလူမီနတီ ဂိုဏ်းရဲ့ လျှို့ဝှက်သင်္ကေတတွေကို ဖော်ထုတ်ဖို့ ကြိုးစားရင်း စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းထဲကို ကျနော်ကိုယ်တိုင်ရောက်သွားပါတော့တယ်။ ဘုရားကျောင်းတွေရဲ့ သမိုင်းတွေရယ် နတ်သမီးတွေညွှန်ပြတဲ့ နေရာတွေ အိုး..အချိန်မှီကယ်တင်နိုင်ပါ့မလား။ ကြည့်နေရင်း မောပန်းလာမိတယ်။ ထိုင်ရမလား ထရမလား ဒါပေမယ့် ကိုယ်တိုင်က ဘာတွေဖြစ်နေမှန်းကို မသိသေး။ မခက်ဘူးလားဗျာ။ အသက်တွေတိုင်းကို နှမြောစွာ ကယ်တင်နေမိချင်ပေမယ့် အဖြစ်ကမရှိတော့ ဇာတ်လမ်းအပြင်ကို ပြန်ထွက်လာမိပြန်ရော။

နောက်ဆုံးမှာတော့ တရားကိုနတ်စောင့်တယ်ဆိုတဲ့ အဆိုကိုပဲ လက်ကိုင်ပြုရတော့တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အမှန်တရားက အချိန်တန်တော့ပေါ်တာပါပဲလေ။ ရှေ့ကဖုံးရင်း နောက်ကပေါ်ရင်းဆိုပါတော့။ အာဏာတွေ ရပိုင်ခွင့်တွေအတွက် လူသားအချင်းချင်းမစာနာရက်လိုက်တာလို့ အပြစ်တင်မိပြန်ရော။ စနစ်တကျ အကွက်ချ စီစဉ်ပေမယ့်လည်း ဟာကွက်တွေတော့ ရှိစမြဲပါ။

ရှေ့မှာဘာဖြစ်မလဲဆိုတဲ့ စိတ်နဲ့ စောင့်ကြည့်ရင်း သက်ပြင်းတွေလည်း ချမိတယ်။ မတရားမှုဆိုတာကို သိသိကြီးနဲ့ လက်ပိုက်ကြည့်နေရတာကလည်း လောလောလတ်လတ်လိုဖြစ်နေတော့ စပ်ဆက်ပြီး စဉ်းစားနေမိပြန်ရော။ နောက်တော့ တရားကိုနတ်စောင့်တယ်ဆိုတဲ့ စကားလေးနဲ့ပဲ ဒီဇာတ်လမ်းကို ကြည့်ဖြစ်လိုက်ပါတယ်။

ဇာတ်ကားပြီးမှ ဘာတီကန်စီးတီးလေးကို စိတ်ဝင်စားလာပြန်ရော။ ရှေးဟောင်းအနုပညာတွေနဲ့ ပြည့်နေတဲ့ ဒီမြို့လေးက ကမ္ဘာလှည့်ခရီးသွားတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့မြို့လေး။ ကျနော်သိပ်ချစ်တဲ့ ပုဂံမြို့လေးလည်း အဲ့လိုဖြစ်ရင်ကောင်းမယ်လို့တွက်မိတယ်။ ပြီးတော့ သူတို့ရဲ့ ဘာတီကန်အာခိုက် တကယ့်ကို လေးစားချီးကျူးဖို့ကောင်းတယ်။ အခုအချိန်ထိအောင် စနစ်တကျ ထိန်းသိမ်းထားနိုင်ခဲ့တာကိုး။

အခါအခွင့်သင့်ခဲ့ရင်တော့ အဲ့ဒီမြို့လေးကို ရောက်ဖူးအောင် သွားချင်မိပြန်ရော။ အနုပညာတွေကို ကြည့်ရှုလေ့လာရင်း ဒီဇာတ်ကားလေးကို ပြန်တွေးကြည့်ချင်တယ်။ ဇာတ်ဝင်ခန်းထဲက နေရာလေးတွေရယ် အင်းပြီးတော့ မိုက်ကယ်အင်ဂျလိုရဲ့ ကမ္ဘာကျော် ပန်းချီကားတွေရယ်ကိုပေါ့။ တနေ့နေ့ပေါ့လေ…….အခုတော့……………..

16 May 2009

လူတစ်ယောက်တိုးတက်ဖို့အတွက် ပြုပြင်စရာ ၁၂ချက်

တစ်လောက အသိတစ်ယောက်ဆီကနေ ဖော်ဝပ် ရတဲ့အကြောင်းအရာလေးပါ။ မကျွမ်းကျင်တဲ့ အရာတစ်ခုကိုလက်တည့်စမ်းချင်တာနဲ့ လက်တည့်စမ်းလိုက်ပါတယ်။ ပထမဆုံး ဘာသာပြန်ဖူးခြင်းဖြစ်ပြီး အမှားအယွင်းတွေ အတိမ်းအစောင်းတွေ အသိန်းအသောင်းမက ပါနေမှာသေချာပါတယ်။ မူရင်းကို အောက်မှာဖော်ပြပေးထားပါတယ် ကျွမ်းကျင်သူများ တိကျမှန်ကန်တဲ့ စာဖတ်ဖို့ကျော်ဖတ်နိုင်ကြောင်းပါခင်ဗျာ။ စာဖတ်သူတွေကို မှားယွင်းတဲ့ အတွေးအခေါ်တွေပါ ပေးမိတယ်ဆိုရင်တော့ ရွာသားကိုသာ အပြစ်တင်ကြပါခင်ဗျာ။

အချက် ၁ လူတစ်ယောက်နဲ့စကားပြောစဉ်မှာ အောက်ကို ငုံ့ကြည့်နေတတ်ခြင်း
လူတွေနဲ့ စကားပြောတဲ့အခါမှာ သူတို့ရဲ့ မျက်လုံးကို ကြည့်ပြီး ပြောတတ်ဖို့ လေ့ကျင့်သင့်ပါတယ်။ အကယ်၍ လူတွေကို စိုက်ကြည့်ခြင်းဟာ ယဉ်ကျေးတဲ့အရာမဟုတ်ဘူးလို့ လေ့ကျင့်သင်ကြားဖူးတယ်ဆိုလည်း မှန်ပါတယ်။ ဒါပေမယ့် သူ/သူမရဲ့ မျက်စိကို လုံးဝမကြည့်ရဘူးလို့ ဆိုလိုတာတော့မဟုတ်ပါဘူး။

အချက် ၂ ပျင်းရိလေးတွဲ့စွာ ပြုမူနေထိုင်ခြင်း
စမတ်ကျကျနေထိုင်ပါ။ အရပ်ရှည်တယ်ဆိုတာ ကောင်းမွန်တဲ့အရာတစ်ခုပါ။ ပျင်းရိလေးတွဲ့စွာ နေထိုင်နေရင်တော့ အရပ်ပု သယောင်ယောင်ထင်ရပါလိမ့်မယ်။ စမတ်ကျကျနေထိုင် ပြုမူတတ်ရင် အရပ်ရှည်လာသလိုထင်စေရုံသာမက ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်အ၀ရှိတဲ့ ပုံစံလည်း ပေါ်ပေါက်စေပါတယ်။

အချက် ၃ သုန်မှုန်နေတတ်တာ
ဘယ်သူကမှ အမြဲစိတ်ပျက်ညစ်ညူးဖွယ် ပုံစံပေါက်နေတဲ့ သူကို ဆက်ဆံချင်မှာမဟုတ်ပါဘူး။ တကယ်လို့ အခြေအနေမဟန်ဘူးလို့ ယူဆရင် ခပ်ခွာခွာလေးနေပေးပါ။ လူအတော်များများက ဖျတ်လတ်တက်ကြွနေတဲ့ လူတွေနဲ့ပဲ ဆက်ဆံချင်ကြမှာ။ သုန်မှုန်မနေဘဲ အပြုံးလေးတွေနဲ့ ဆက်ဆံဖို့ ကြိုးစားပါ။

အချက် ၄ သူတစ်စိမ်းတွေကို ရှောင်ကြဉ်တာ
ငယ်တုန်းကတည်း သူတစ်စိမ်းတွေကို မဆက်ဆံရဘူးလို့ မိဘက ဆိုဆုံးမဖူးမှာပါ။ အခုကလေးမဟုတ်တော့ဘူးလေ၊ တစ်ချို့အချက်တွေကို ပြောင်းလဲကြည့်ပါ။ ဘ၀ကိုတိုးတက်အောင် ကြိုးစားတဲ့လူတစ်ယောက်က လူမျိုးစုံနဲ့ ပေါင်းသင်းဆက်သွယ်နိုင်ရပါမယ်။ ဒီတော့ လူများနိုင်သလောက်များများနဲ့ တွေ့ဆုံဖို့ ကြိုးစားပါ။

အချက် ၅ ပထမဆုံးတွေ့ဆုံခြင်းမှာပဲ အထင်အမြင်သေးစေတာ
လူအတော်များများက လူတစ်ယောက်နဲ့ ပတ်သက်တဲ့ အရာရာအားလုံးလိုလိုကို အဲဒီလူနဲ့ ပထမဆုံးတွေ့တုန်းက မြင်တဲ့အမြင်ပေါ်မှာပဲ မူတည်ပြီး အကဲဖြတ် သုံးသပ်လေ့ရှိတယ်ဆိုတာကို သိထားသင့်ပါတယ်။ ရှေ့ဆက် ဆက်ဆံစရာတွေ ရှိတယ်ဆိုရင် သေသေသပ်သပ် စနစ်တကျ ပြုမူနေထိုင်ခြင်းဖြင့် တွေ့ဆုံတဲ့သူနဲ့ သင့်မြတ်အောင် ပေါင်းသင့်တယ်။ အနာဂါတ်ဆက်ဆံရေးကို ပိုမိုလွယ်ကူချောမွေ့စေမယ်ဆိုတာ သေချာပါတယ်။

အချက် ၆ စကားပြောကောင်းမွန်ဖို့မကြိုးစားတာ
တိုးတက်ချင်တဲ့သူတစ်ယောက်ဆိုတာ စကားပြောကောင်းတဲ့သူတစ်ယောက်လည်း ဖြစ်ရပါမယ်။ စကားအများကြီး ပြောရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ စကားပြောကောင်းမွန်ဖို့ပဲ လိုအပ်တာပါ။ စကားပြောကောင်းမွန်တယ်ဆိုတာ မိမိပြောနေတဲ့စကားကို စိတ်ဝင်စားလာအောင် ပြောတတ်တာ စကားလုံး အသုံးအနှုန်း ပိုင်နိုင်ကျွမ်းကျင်တာကို ဆိုလိုတာပါ။ သမာရိုးကျပြောရရင် ကိုယ်ဘာတွေပြောနေလဲ ကိုယ့်ဘာသာ နားထောင်ကြည့် ဝေဖန်ကြည့်သင့်တယ်။ အာချောင်နေတာသက်သက်ပဲလား ဆိုတာ လေ့လာသုံးသပ်သင့်တယ်။

အချက် ၇ သူတစ်ပါးစကားကို ဂရုတစိုက်နားထောင်မပေးတတ်တာ
တခြားလူတစ်ယောက် စကားစပြောလိုက်တာနဲ့ နားထောင်သူတွေကို တစ်ချက်တည်း ဘယ်လိုနစ်ဝင်သွားစေနိုင်သလဲ ဆိုတာ သတိထားမိပါသလား။ အဲဒီလူကို စိတ်မ၀င်စားဖူးဆိုရင်တော့ ထားလိုက်ပါ။ အဲ့ဒီလူက အရေးပါ အရာရောက်တယ်ဆိုရင်တော့ သူပြောသမျှကို အာရုံစိုက်နားထောင်ပေးသင့်တယ်။ ဒါမှလည်း ရှေ့မှာ ဆက်ပြီး ပြောဆိုဆက်ဆံလို့ အဆင်ပြေမှာ ဖြစ်ပါတယ်။

အချက် ၈ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အဆက်အသွယ်ဖြတ်ထားတာ
ကိုယ်နဲ့ ခင်မင်သိကျွမ်းတဲ့ လူအားလုံးနဲ့ အကောင်းဆုံး ဆက်ဆံရေး ရှိတယ်ဆိုတာ သေချာဖို့ သူတို့နဲ့ အမြဲတမ်း အဆက်အသွယ်ရှိနေဖို့ လိုအပ်ပါတယ်။ ဆက်သွယ်ရန်စာရင်းထဲက လူတွေနဲ့ ပုံမှန်ဆက်သွယ်ပေးပါ။ မိမိတည်ရှိနေသေးကြောင်းလည်း သတိပေးရာ ကျတာပေါ့။ တစ်ပတ်ကို နှစ်ကြိမ်မဖြစ်မနေခေါ်ရမယ်မဟုတ်ပါဘူး။ ပေါ်လာတဲ့ကိစ္စတွေ အခမ်းအနားတွေ အလိုက် ဆက်သွယ်နေထိုင်သွားရင် ရပါပြီ။

အချက် ၉ ထိန်းချုပ်လွန်းတာ
လှုပ်ရှားသင့်တယ် မလှုပ်ရှားသင့်ဘူးဆိုတာ အခြေအနေကိုကြည့်ပြီး ဆုံးဖြတ်ပါ။ သိပ်ကိုပျင်းရိစရာကောင်းတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အခုလက်ရှိရောက်နေတဲ့ အခြေအနေမှာ မကျေနပ်နိုင်ဘူးဆိုရင် တခြားလူတွေကို အပြစ်မတင်ပါနဲ့၊ ရပ်မနေပါနဲ့၊ ဟန်ဆောင်မနေပါနဲ့၊ လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်ပါ။ ရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်ပါ။ ကိုယ့်ရဲ့ ပျော်ရွှင်မှုဆိုတဲ့ ခံစားချက်ကို မွေးမိခင်ကလွဲရင် ဘယ်သူမှ ဂရုစိုက်မှာမဟုတ်ပါဘူး။

အချက် ၁၀ လူနေမှုဘ၀ကိုမပျော်ရွှင်တော့တာ
လူတွေကို ကိုယ်နဲ့အတူရှိနေချင်စိတ် ရှိစေချင်တယ်ဆိုရင် ကိုယ်ဟာ ပျော်ရွှင်မှုတွေနဲ့ အချိန်ကုန်ဆုံးတတ်တယ်ဆိုတာကို သူတို့ကို ပြသလိုက်ပါ။ အရမ်းအလုပ်ကြိုးစားတဲ့ သူတစ်ယောက်ဆိုရင်တော့ တစ်မျိုးပေါ့။ အပြင်ထွက်ပြီးလည်ပတ်လိုက်ပါ။ လူနေမှုဘဝရဲ့ ပျော်ရွှင်မှုရသကို အပြည့်အဝ ခံစားသင့်တယ်။

အချက် ၁၁ ရင်မဆိုင်ရဲတာ
တကယ်တော့ ဒါဟာ ဘ၀ရဲ့ အစိတ်အပိုင်းအားလုံးနဲ့ သက်ဆိုင်ပါတယ်။ လူတောတိုးရဲအောင် ကိုယ့်ရဲ့ အလုပ်အကိုင်တိုးတက်ရေးတွေအတွက် ရင်ဆိုင်သင့်တာတွေကို ရင်ဆိုင်လိုက်ပါ။ လုပ်ရမယ့် အလုပ်တစ်ခုအတွက် စိတ်ခံစားချက်တွေက ကာဆီးနေတယ်ဆိုရင် အခြေအနေကို သေချာလေ့လာသုံးသပ်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချဖို့ နောက်မတွန့်ပါနဲ့။

အချက် ၁၂ တံခါးပိတ်ဝါဒကျင့်သုံးတာ
လူတွေက အမျိုးမျိုးရှိပါတယ်။ ဘာသာရေးမတူညီတာ၊ လူမျိုးမတူတာ၊ ယဉ်ကျေးမှုမတူတာ၊ ဘာသာစကားမတူတာ တကယ့်ကို မတူညီတာတွေက အများကြီး။ သူတို့ကိုဘယ်လို လူမျိုးဖြစ်စေချင်လည်း ဆိုတာထက် သူတို့ဘယ်လိုလူလည်း ဆိုတာကိုသာ လက်ခံနိုင်ဖို့ ကြိုးစားပါ။ လက်မခံနိုင်တဲ့ သူတွေကို ကြိုးစားပြီးလက်ခံကြည့်ပါ။ သူတို့က ကိုယ့်ကိုမလေးစားဘူးဆိုရင်တောင် သူတို့ကို လေးစားမှုပေးပြီး ခြားနားချက်တွေကို ရှာဖွေကြည့်ပါ။

ကျနော့အတွေးအမြင်
တစ်ချို့အချက်အလက်တွေက ကျနော်တို့ယဉ်ကျေးမှုတွေ ဓလေ့ထုံးစံတွေနဲ့ မကိုက်ညီတာတွေ ရှိပါလိမ့်မယ်။ ငယ်ကတည်းက သင်ကြားခံရတဲ့ လူကြီးသူမကို ခေါင်းငုံ့ပြီးပြောနေကျ အကျင့်တွေ၊ တစ်ခုခုဆို လူရှေ့ထွက်ဖို့ မ၀ံ့ရဲတာတွေ၊ လူမျိုးခြားဘာသာစကားတွေကို သူတို့နဲ့ရင်ဘောင်တန်းပြီးပြောနိုင်ဖို့ အားနည်းတာတွေ၊ လုပ်ငန်းခွင်ထဲမှာ လူကြီးပြောသမျှကို အမှန်ဆိုပြီး လိုက်လုပ်တတ်တာ စသည်ဖြင့် အချက်တော်တော်များများကို ကျနော်တို့ ပြုပြင်ပြောင်းလဲသင့်တယ်လို့ ယူဆပါတယ်။ ကျနော်ပထမဆုံး အလုပ်စလုပ်ဖူးတော့ အသက် ၁၇နှစ်မှာပါ။ အလုပ်ရှင်က နိုင်ငံခြားသားမို့ စကားပြောရင်ခေါင်းငုံ့နေတတ်တဲ့ ကျနော့အကျင့်ကို ပြုပြင်ဖို့ သူအမြဲပြောတတ်တယ်။ ခေါင်းငုံ့နေတတ်တာဟာ အပြစ်ကျူးလွန်တဲ့ သူတွေရဲ့ အမူအကျင့်လို့ သူတို့တွေက ယူဆပါတယ်။ တစ်ချို့အချက်တွေကတော့ ကျနော်တို့ကိုယ်တောင် မသိနိုင်တဲ့ ယဉ်ကျေးမှုခြားနားချက်အရ အယူအဆတွေ အမူအကျင့်တွေ ကွဲပြားသွားတတ်ကြတာပါ။ မိမိဘ၀တိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲသင့်တာကို ပြုပြင်ပြောင်းလဲစေခြင်းဖြင့် တိုးတက်မြင့်မားသော လူနေမှုဘ၀တွေ များသည်ထက်များနိုင်ကြပါစေခင်ဗျာ….


Dirty Habit #1 –Looking down at the floor when speaking to someone. You must learn to look at someone directly in their eyes when speaking to them. If you were taught that staring at people was impolite, you’re absolutely right. However, this does not mean you can’t look at someone in his or her eyes.

Dirty Habit #2 – Slouching when you’re standing or sitting down. Stand up straight. In our society being tall is a good thing. When you slouch you appear much shorter. Not only will standing straight make you look taller but it will also give you a confident look.

Dirty Habit #3 –Frowning and not smiling enough. No one likes to spend time with someone who’s in a bad mood. If you’re not feeling too great then try to keep your distance. People love to spend time with upbeat, optimistic people. Make an effort to smile, not frown.

Dirty Habit #4 – Avoiding strangers. Since the day you were born, your parents have taught you never to speak to strangers. Well, you’re a grown up now and things have changed. In order to develop exceptional people skills you need to be comfortable speaking to all types of people. You need to meet as many people as you can.

Dirty Habit #5 – Making a poor first impression. Did you know that people will judge almost everything about you just by your first impression? Make an initial effort to get along with the person you are meeting and you’ll save yourself a lot of trouble in the future.

Dirty Habit #6 – Not making an effort to speak well. In order to develop great people skills you need to become a great conversationalist. This doesn’t mean you need to speak a lot; this means you need to speak well. You need to articulate and choose your words wisely. Basically, you need to listen to what you’re saying and not just blabber on about whatever you feel like.

Dirty Habit #7 – Not being a good listener. Have you ever noticed how you tend to fall into a mind drift as soon as the other person begins to speak? Okay, well if you really don’t care about the person, then fine. But if you do, make an effort to listen and let the person speak. It will only help you further on in the conversation.

Dirty Habit #8 – Not staying in touch with your acquaintances. To make sure you have the best relationships with all of the people you know, you must stay in touch with them. You need to regularly check your contact list and remind them all that you still exist. I’m not saying to call them up twice a week but an occasional check up is always nice.

Dirty Habit #9 – Not being proactive. When there is not enough action and things are looking dull, it’s up to you to make a move. If you aren’t satisfied with the current situation don’t blame others, do something about it! Let’s face it: no one really cares if you’re unhappy, except maybe your mom...

Dirty Habit #10 – Not enjoying your social life. If you want people to enjoy your company, you need to let them know that you’re a fun person to spend time with. If you’re a hard worker, then I congratulate you! However, you need to occasionally go out and be known for your excellent nights out! Go out and live your life to the fullest!

Dirty Habit #11 – Not facing your fears. Actually, this relates to all aspects of your life but in this context I’m talking about meeting new people, career promotions, etc. If you need to do something logical but your emotions are getting in the way, then you need to analyze the situation and use some common sense.

Dirty Habit #12 – Refusing to be open minded. There are all kinds of people out there. There are different religions, different races, different cultures, and different languages. Learn to accept others for who they are not who you want them to be. Give them your full respect and work out your differences unless of course you aren’t receiving the respect you deserve.


There you go! 12 dirty habits to always avoid if you really want to develop exceptional people skills! If you’re prepared to create a real turning point in your life then maybe it’s time you checked out my website http://www.overcome-shyness.com: “A man’s complete guide on overcoming shyness, gaining popularity and boosting self-confidence.

13 May 2009

ဘ၀အသစ်ဖြင့် ပြန်လည်ရှင်သန်နိုးထလာခြင်း

ဘလော့မိတ်ဆွေအပေါင်းတို့ခင်ဗျား

မကြာခဏ ဖွင့်လိုက်ပိတ်လိုက်လုပ်တတ်သော
ဘလော့တကာတွင် သူ့ကိုတွေ့နိုင်သော
စိတ်ကြီးတတ်သူဟု ဂုဏ်ယူထားသော
စာအရေးအသားကောင်းပြီး စာလုံးပေါင်းမှားသော (ဘယ်တော့မှ ပြန်ပြင်လိမ့်မည်မဟုတ်)
အိုးပုတ်ပန်းတွေဆီက မောင်မျိုးတစ်ယောက် ဟိုတစ်လောက ရေတိမ်နစ်ပြီး(ဘယ်လောက်တိမ်သလဲဆို မွေးခါစကလေး ဟိုဒင်းလောက်ပဲ ရှိပါသတဲ့ ခြေမျက်စိနော်) သေဆုံးသွားခဲ့ပါတယ်။

သို့သော်....
အဘယ်သိကြားမင်းရဲ့ ဟိုဒင်းတင်းတော်မူသောကြောင့် (ကျောက်ဖျာပါခင်ဗျာ)
အမောင်ပြာသိုဆိုပြီး အသစ်မွေးဖွားပေးလိုက်ပါတယ်
ချစ်သူခင်သူမုန်းသူ အားလုံး ၀ိုင်းဝန်းစောင်မကြည့်ရှုနိုင်စေကြောင်း
ဒူ......ဟူ..........ဟူ

လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အယုတ်အလတ်အမြတ်မရွေး သွားရောက်ကြည့်ရှုရန်
ပထမဆုံးလာရောက်ကြည့်ရှုသူ ဆယ်ဦးအား မောင်မျိုး၏ ကြွင်းကျန်ရစ်သောပုဆိုး ဆယ်ထည်
ယနေ့မနက်ဖြန် ဆက်တိုက်ကြည့်က မောင်ပြာသို၏ ကြီးတော်ကြီးနှစ်ယောက်အား မဲဖောက်ပေးမည်
ကိုပြာသိုရေးသမျှအပုဒ်တိုင်းကော့မန့်ပေးသူဖြစ်ပါက မုဆိုးမ အေးကြည်မအား အခါမဆိုင်းလူတိုင်းရနိုင်စေ

ခရုခွံ

ငါဟာ ခရုခွံတစ်ခုပါပဲ
နင်ဆွဲချင်းလည်းဆွဲ
လွှဲချင်လည်း လွှဲပစ်နိုင်တယ်

သောင်ပြင်ဖွေးပေါ်မှာ
ရှိနေတဲ့ခရုခွံတွေ
အများသား

နင်းသူနင်း
ကျော်သူကျော်
ကောက်သူကောက်
ရောင်းသူရောင်း

သောင်ပေါ်က ခရု
ဘာကိုမှမမှုခဲ့
လည်မှာဆွဲတော့
တွဲလွဲခိုရုံ
နင်လေလွှဲတော့
ဝေးဝေးခုန်ရုံပေါ့

ငါဟာ ခရုခွံတစ်ခုပါပဲ
နင်ဆွဲချင်းလည်းဆွဲ
လွှဲချင်လည်း လွှဲပစ်နိုင်တယ်


စိတ်အချဉ်ပေါက်လို့ ရေးထားတာလေးပါ မကြိုက်တော့လည်း မျက်စိမှိတ်ကျော်ဖတ်ပေးပါ...

12 May 2009

ရထားတစ်စင်းဖြစ်ခဲ့ရင်

တနေ့က မရောက်တာကြာပြီဖြစ်တဲ့ အဲ့ဒီဘူတာကို ရောက်ခဲ့တယ်။ ကျနော့်အထင် ခြောက်လနီးပါးလောက် ရှိပြီ။

လွန်ခဲ့တဲ့ ခြောက်လမတိုင်ခင်ကပေါ့…..
ရောက်တဲ့အခေါက်တိုင်း အေးအေးဆေးဆေးနေမှ ရထားပေါ်က ဆင်းတယ်။ လူတွေအားလုံးရှုပ်ယှက်ခက်နေကြမို့ပါ။ ဘူတာအစ ဖြစ်သလို ဘူတာအဆုံးလည်းဖြစ်နေတာကိုး။ တစ်ချို့ကလည်း ခရီးရှည်မှာမို့ ထိုင်စရာနေရာတစ်ခုအတွက် ပတ်စီးကြသတဲ့။ တစ်ချို့ကလည်း အိပ်ပျော်နေကြတယ်တဲ့။ ဂိတ်ဆုံးစီးမယ်ဆိုပြီး စိတ်လျော့ထားဟန်တူပါတယ်။ စီးသူကစီး တက်သူကတက် ဆင်းသူကဆင်းရယ်နဲ့မို့ လူသိပ်များလွန်းတယ်။ ဒီဘူတာဘက်မှာ နေထိုင်ဖို့ဆို အဲ့ဒီအချက်တစ်ခုနဲ့ ငြင်းပယ်ဖြစ်မယ်ထင်တယ်။

ဘူတာအစလည်းဖြစ်ပြန် အဆုံးလည်းဖြစ်ပြန်ဆိုတော့ ဘယ်ဘက်လမ်းကပဲဖြစ်ဖြစ် ညာဘက်လမ်းကပဲဖြစ်ဖြစ် ပြန်ထွက်မယ့် ရထားတွေချည်း။ အချိန်မရတဲ့သူတွေက အရင်ထွက်မယ့် ရထားကို သုတ်သီးသုတ်ပြာ တက်လိုက်ရုံပဲ။ အချိန်ရတယ် နေရာလိုသ,ပ ဆိုသူတွေတော့ နောက်တစ်ခေါက်ထွက်မယ့် ရထားကိုလိုက်ရုံပေါ့။ ရထားမှားပြီး စီးစရာလည်း မရှိတော့ဘူးလေ။ စင်္ကြန်ရဲ့ ဘယ်တက်တက် ညာတက်တက် ခရီးစဉ်တူချည်းပဲ။

မနေ့က
မနေ့က အိမ်မှ လူကြုံပေးလိုက်တာ အဲ့ဒီဘူတာနားမှာမို့ မရောက်တာကြာတဲ့ ဘူတာကို ပြန်ရောက်ဖြစ်ပြန်ရော။ ဒီတစ်ခေါက်တော့ ဟိုယခင်တွေနဲ့မတူတော့။ ဒီရထားက ဆက်လက်ထွက်ခွာပါမယ်တဲ့။ နောက်ဆုံးဘူတာမဟုတ်တော့ပြီတဲ့လေ။ အိုး….ဟုတ်ပါရဲ့ ဒီရထားလမ်းကို နောက်ထပ်တိုးချဲ့ထားတာကိုး။ လမ်းညွှန်ဆိုင်းဘုတ်တွေလည်း ပြုပြင်ပြောင်းလဲပြီးသွားပြီပဲ။ အရင်လို စိတ်ချလက်ချ အိပ်ငိုက်လို့ မရတော့ဘူးထင်တယ်။ ပြီးတော့ ညာဘက်က ဆက်သွားမယ့်ခရီးဆို ဘယ်ဘက်က ဆန့်ကျင်ဘက် ခရီးတစ်ခု ဖြစ်နေခဲ့ပြီ။ လက်လွတ်စပယ် တက်သွားလိုက်လို့ကတော့ လားရာတွေမှားယွင်း နိုင်နေပြီ။ ကိုယ်သွားမယ့် ခရီးနဲ့ ဆိုင်ရာ ဘက်ကို သတိထားသွားရတော့မှာပါလား။

အတွေး
ဘူတာလေးတစ်ခုရဲ့ ပြောင်းလဲခြင်းကို ကျနော်လိုက်စဉ်းစားမိတယ်။ လမ်းဆုံးလို့ ကျနော်တို့ သတ်မှတ်ထားတဲ့ အရာတွေ အဲ့လိုပဲ ပြောင်းလဲတတ်ပါသလား။ အချိန်ကာလတစ်ခုရယ် အခြေအနေ အကြောင်းအရာတွေရယ်နဲ့ လိုက်လံပြောင်းလဲတတ်တဲ့ ပြောင်းလဲမှု ဘယ်နှစ်ခုကို ကျနော်ကြုံတွေ့ရနိုင်မလဲ။ ပြောင်းလဲမှုတိုင်းအတွက် သတိတရား ကျနော့မှာရော အမြဲရှိနိုင်ပါ့မလား။ အသိလက်လွတ်လို့ လမ်းမှားသွားခဲ့ရင်ရော။ ရထားမှားစီးသွားရင်တော့ ပြန်ဆင်းပြီး အမှန်စီးလို့ လွယ်ပါတယ်။ အချိန်ကုန်သွားမှာတစ်ခုပဲ။ ဘ၀ရဲ့လမ်းဆုံတစ်ခုမှာ မှားယွင်းတဲ့ လမ်းကို ရွေးချယ်မိရင်ကော ဘယ်လောက်ဆုံးရှုံးသွားနိုင်သလဲ။ ဟူး………….

ရထားတစ်စင်းဖြစ်ခဲ့ရင်…..

ကိုယ်တိုင်လည်း လမ်းကြောင်းမှန်ပေါ်မှာ မောင်းနှင်ချင်သလို….

ကိုယ်နဲ့ ပတ်သတ်နေတဲ့ ရင်းနှီးချစ်ခင်မိသူတွေကိုလည်း ခရီးမှန်ကို လိုက်ပို့ပေးချင်တယ်…

ရထားတစ်စင်းဖြစ်ခဲ့ရင်ပေါ့………

10 May 2009

မိမာတာ

မနှစ်ကရေးခဲ့ဖူးတဲ့အဟောင်းလေးကို အမှတ်တရ တင်ထားခွင့်ပြုပါခင်ဗျာ

အို ကြားရတဲ့စကားကို မယုံနိုင်ပါဘူး ကျမလက်မခံနိုင်ဘူး။ ရူးတယ်လို.ပဲပြောချင်ပြော လုံးဝလက်မခံဘူး။ ဒါဟာ ကျမရဲ့ နှစ်ရှည်လများ တမ်းမက်ခဲ့ရတဲ့ အိပ်မက်။ အိပ်မက်မှ လက်တွေ.ဖြစ်မယ်မကြံသေး ဖျက်လိုဖျက်ဆီး လုပ်ကြမယ်တဲ့လား။ မဖြစ်နိုင် လုံးဝကို မဖြစ် နိုင်ပါဘူး။ အခန်းအပြင်ကို ထွက်ငေး ကြည့်မိတယ် အဲဒီအတိုင်းတကယ် မဖြစ်ပါစေနဲ.ပေါ့ လက်ကိုဆိတ်ကြည့် မိတယ် နာကျင်မှုရဲ့နောက်မှာ ကျမဆောက်တည်ရာမဲ့ခဲ့ရတယ်။ အမှန်တရားကို ရင်ဆိုင်ဖို. အားမွေးရင်း ကြုံလာတဲ့ ကံကိုပဲယိုးမယ်ဖွဲ. ရမလားပဲ။

ဆရာဝန်ရဲ့စကားက နားထဲမှာ အထပ်ထပ်ကြားနေမိတယ်။ “ နှလုံးရောဂါ အခံရှိတဲ့ အပြင် စမ်းသပ်ချက်တွေအရ ကိုယ်ဝန်ဆိပ်ရှိမယ့် အနေအထားမို. ဒီကလေး (ကျမရဲ့ သားဦးလေးကို) မယူဖို. ။ ကိုယ်ဝန်လနုနု မှာမို. ဒီကိုယ်ဝန်ကို ဖျက်ဆီးဖို. အကြံပေးပါတယ်တဲ့။” မွေးဖွားဖို.နီးလာတာနဲ.အမျှ ခံစားရမယ့်ဝေဒနာ တဖြည်းဖြည်း ပြလာမယ့် ရောဂါ အခြေအနေကို သမားတော်ကောင်းပီသစွာ အပိုအလိုမရှိပဲ စိတ်ရှည်လက်ရှည်ပဲ ရှင်းပြနေတယ်။ ကျမ ဘယ်နားနဲ.နားထောင်ရမလဲဟင်။ ကလေးရယ်ကံဆိုးလိုက်တာ လောကကြီးကို မရောက်ခင်ထဲက လက်မခံဖို.ပြောနေကြပြီ။

မိခင်ဘ၀ကို ရောက်ခါနီး ဘ၀၊ ကလေးချစ်တတ်တဲ့ ကျမအတွက် ကိုယ်ပိုင်ကလေးတစ်ယောက်ရခါနီးဘ၀ဆို တော့ ပျော်နေတဲ့ အပျော်တွေကြားထဲမှာ နွေခေါင်ခေါင် မိုးကြိုးပစ်လိုက်သလိုပါပဲ။ ကျမရဲ့ဆုံးဖြတ်ချက်ကို မိခင်တိုင်း ကြို တင်ရိပ်မိသိရှိနေမှာ ပါ။ ခေါင်းမာတဲ့ ကျမ အားလုံးနဲ. ဆန်.ကျင်ပြီး အသက်ကို ရင်းပြီး ဒီကလေးကို ယူဖို.ဆုံးဖြတ်ခဲ့ပါတယ်။ ရဲဝံ့စွာပဲ ဒီကိုယ်ဝန် နဲ. ပတ်သတ်သမျှ ဖြစ်ပျက်သမျှကို တာဝန်ယူပါ့မယ်ဆိုတဲ့ လက်မှတ်ကို ထိုးပြီးဆေးရုံ ပေါ်ကဆင်းလာခဲ့ပါတယ်။

တဖြည်းဖြည်းနဲ.လရင့်လာတာနဲ.အမျှ ခံစားရတဲ့ဝေဒနာ ဆရာဝန်ရဲ့ ကြိုတင်သတိပေးချက်တွေဟာ ပိုမို မှန်ကန်လာကြောင်းသက်သေပြ နေကြပြီလေ။ဒါပေမယ့် နောက်ဆုတ်ဖို.တော့ ကျမမှာ Back Gear မရှိဘူး။ ဟင့်အင်းကျမ ရအောင်ကိုမွေး မယ်။ အမျိုးသားနဲ. ကျမရဲ့ မိဘမောင်ဘွားတွေကလည်း ကျမကို စိတ်ပူစွာပဲစောင့်ကြည့်နေကြတယ်။ကျမအမေလည်းနောက်ကွယ်မှာမျက်ရည်ကျနေပါလိမ့်မယ်။ မိခင်လောင်းတွေခံစားနေကြ ပုံမှန်ဝေဒနာတွေထက် ကျမခံစားခဲ့ရပါတယ်။

Due Date ပြည့်ခံနီးသောကြာနေ. တညနေမှာတော့ ကျမမီးဖွားမယ့် ဝေဒနာကိုစတင်ခံစား ရပါတော့တယ်။ တအိမ်လုံးပျာယာခတ်နေကြပြီး ကြိုတင်စီစဉ်ထားတဲ့အတိုင်းဆေးရုံကိုပို.လိုက်ကြပါတယ်။ ဆေးရုံအုပ်ကြီးနဲ.တကွ မေထရွန်တွေဝိုင်းနေတဲ့ ကျမ စနေနေ.ညနေ ရောက်တဲ့ထိမမွေးနိုင်သေးပါဘူး။ ရင်နှင့်အမျှခံစားရတာနဲ.အမျှ အားအင်တွေလည်း ဆုတ်ယုတ်လာခဲ့ပါပြီ။ နောက်ဆုံးကျမသေသွားသလိုပဲခံစားရပါတယ်။

မဲမှောင်နေတဲ့နေရာမှာ ကျမတစ်ယောက်ထဲ အကူအညီတောင်းဖို.ကြိုးစားပေမယ့် အသံထွက်မလာခဲ့ပါဘူး။ အဖြူနဲ.အမည်း ဘယ်အရာမှမသဲမကွဲဖြစ်နေတုန်းမှာ ကျမအသံတွေကို ကြားနေရပါတယ်။ “ဆရာမလေးတဲ့ ငယ်ငယ်လေးပဲရှိသေးတယ် ကလေးမမွေးနိုင်လို. သေရတော့မယ်တဲ့၊ သနားပါတယ်တော် မိဘတွေတော့ ရင်ကျိုးတော့မှပဲ။” ဆိုတဲ့အသံ “ကဲ ကဲ လူနာရှင်တွေ လူနာမျက်နှာကို အသေအချာ ကြည့်ထားပါ” ဆိုတဲ့ အသံတွေကိုပဲ ကြားနေ ရပါတယ်။ ကျမအဖေရဲ့ ပိုက်ဆံကုန်ချင်သလောက် ကုန်ပလေ့စေ ကျနော့်သမီးအသက်ကို ကယ်ပါ ဆိုပြီး ဆရာဝန်ကြီးဆီမှာ သွားငိုတာ တွေ၊ ကျမအမျိုးသား ကဆေးရုံနံရံကို စိတ်မထိန်းနိုင်ပဲ လက်သီးနဲ.ထိုးတယ်ဆိုတာတွေ၊ ကျမလက်ကသွေးတွေဆုတ်သွား ပြီဖြစ်တာမို. ခြေထောက်ကသွေးကြောတွေဖြတ်ပြီး သွေး ၃၂ ပုလင်းသွင်းနေရတယ်ဆိုတာတွေကို ကျမလုံးဝမသိရှိနိုင်ခဲ့တော့ပါဘူး။ ဆေးရုံရောက်လို. ၃ ရက်မြောက်နေ.မှာတော့ သွေးပေါင်ချိန်မပြည့် နိုင်တော့တဲ့ကျမကို ကျမအမျိုးသားရဲ့ခွင့်ပြု လက်မှတ်နဲ. ဆရာဝန်ကြီးတွေခွဲစိတ်ဖို.ကြိုးစားခဲ့ပါတယ်။ ၈၀% သေဖို.ဘက်အားများနေခဲ့တာမို. မပြေးသော်ကန်ရာရှိ နောက်ဆုံး ကောက်ရိုးတမျှင်ကို ပဲဆွဲလိုက်ကြပါတော့တယ်။ မကြာမတင်မှာပဲ ဆရာဝန်ရဲ့ ညှပ်အဖျားမှာ ကျမရဲ့ အိပ်မက်လည်းဖြစ် အနာဂါတ်လည်းဖြစ်တဲ့ ရင်သွေးလေး ပါလာပါတော့တယ်။ မေ့မျောနေတဲ့ ကျမမှာ သတိရလိုက်တဲ့တစ်ချက်မှာ ညှပ်ရာတွေပါလာမလားလို.စိုးရိမ်ခဲ့မိပါသေးတယ်။ ၁၈ချက်သော သေရာပါချုပ်ရာတွေရ ရှိခဲ့ယုံသာမက မွေးဖွားပြီး ခြောက်လထိဆေးရုံမှာပဲ နေခဲ့ရယုံမက နောက်ခြောက်လအကြာမှာ အောက်ပိုင်းသေ (သမားတော်ပြောထားခဲ့တဲ့အတိုင်းကို ဖြစ်သွားခဲ့တာပါ) သွားခဲ့ရတဲ့ ကျမကို အဲဒီဆုံးဖြတ်ချက်အတွက် နောင်တရခဲ့သလားလို.မေးခဲ့ရင် ကျမရဲ့ အဖြေကတော့……………….


အသက်ကိုစွန်.ပြီးရဲဝံ့ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ. မွေးဖွားပေးခဲ့တဲ့အမေ့အတွက်…….
အမေ့အတွက်ပြန်လည် အချိန်မပေးနိုင်ခဲ့သော…….
အမေ့ကိုနားလည်မပေးနိုင်ခဲ့သော…….
သားဆိုးလေးတစ်ယောက်……..
ထို.ထက်ပိုပြီး အဝေးရောက်သားဆိုးတစ်ယောက်မှ…(ကိုငှက်ကြီးအမေသ်ီချင်းခွေထဲကပါ)
အမေများနေ. အမှတ်တရဂါရ၀ပြု ကန်တော့လိုက်ပါတယ်။

07 May 2009

တိမ်တွေထဲက မြို့


ဒီခရီးစဉ်ကို သွားဖို့ ကျနော်တို့အားလုံးစိတ်လှုပ်ရှားနေခဲ့မိတာ မနှစ်ကတည်းကပါ။ မနှစ်က ရောင်းအားကောင်းခဲ့တဲ့ ကျနော်တို့အတွက် သူဌေးက ခရီးတစ်ခုလိုက်ပို့ပေးမယ်လို့ ကတိပြုခဲ့တာကိုး။ ပထမ သွားချင်တဲ့နေရာတွေကို မဲပေးခွင့်ပြုတယ်။ ကျနော်အသွားချင်ဆုံးဖြစ်တဲ့ ဖူးခက်ကမ်းခြေက မဲများပြီးအနိုင်ရလိုက်တယ်။ ဒါပေမယ့် ဘက်ဂျတ်အခြေအနေရယ် အဲဒီအချိန်က ထိုင်းနိုင်ငံရေးမငြိမ်သက်မှုတွေကြောင့် ဖူးခက်ကို သွားခွင့်မရလိုက်ပဲ အနီးအနားကိုပဲသွားဖို့ စီစဉ်ရင်း ဒီတိမ်တွေထဲက မြို့ကလေးကို ရောက်ဖြစ်ခဲ့တာ။

ဒီနိုင်ငံကို တစ်နှစ်အကျော်ကြာမှ ပထမဆုံးရောက်ဖူးခဲ့တာပါ။ ခရီးသွားချိန်ရှည်လျားတာမို့ ဖတ်ဖို့ယူလာတဲ့ မြသန်းတင့်ရဲ့ စစ်နှင့်ငြိမ်းချမ်းရေးကို အနည်းအကျဉ်းပဲဖတ်လိုက်ရပါတယ်။ နှစ်ထပ်ထိမြင့်တဲ့ ကားပေါ်က လမ်းဘေးဝဲယာရှုခင်းတွေက စာမဖတ်နိုင်အောင် ဆွဲဆောင်နိုင်ခဲ့သည်ကောလေ။ မျက်စိတစ်ဆုံးကြည့်လေတိုင်း စိမ်းစိုအုံ့မှိုင်းနေတဲ့ ဆီအုန်းပင်လယ်ကြီးတစ်ခုလို။
ဆရုံပမ်းဆိုတဲ့ မြို့လေးမှာ နေ့လည်စာကို စားဖြစ်ခဲ့တယ်။ အဲ့ဒီဆိုင်မှာ မြန်မာလူမျိုး ၁၂ယောက်လုပ်နေတယ်လို့ သိခဲ့ရတယ်။


လမ်းတွေအဆင်ပြေချောမွေ့နေမှုကတော့ တစ်ကယ့်ကို အံ့သြချီးကျူးဖွယ်ပင်။ ကျနော့အမိမြေကိုလည်း အဲ့လိုလမ်းမျိုးတွေနဲ့ မြင်ယောင်ကြည့်မိတယ်။ လမ်းတွေ သိပ်ကောင်းတယ်ဆိုရင် ခရီးသွားလာမှု ကုန်စည်ပို့ဆောင်မှုတွေ ပိုမို ဖွံ့ဖြိုးလာနိုင်ကောင်းပါတယ်။


ခရီးအကွာအဝေးတစ်ခု တစ်ခုကြားမှာ နားနေစခန်းနဲ့ ကျန်းမာရေး အဆောက်အဦးလေးတွေ စနစ်တကျ သန့်ရှင်းစွာ ထားရှိတာကိုလည်း တွေ့ခဲ့ရတယ်။ ဘေးနားမှာတော့ ကားလေးတွေနဲ့ ဒေသထွက်သီးနှံတွေ အစားအစာလေးတွေ လာရောင်းကြတာပေါ့။

မြေပြန့်ကနေ တောင်ပေါ်ကို တက်ပြီဆိုကတည်းက မြွေလိမ်မြွေကောက် ခရီးစဉ်စပြီလေ။ လမ်းသစ်ရှိပေမယ့် အခုလို ရုံးပိတ်ရက်မှာ အနီးအနားက ဒေသခံတွေအားလုံး အဲဒီမြို့ကို သွားကြတာမို့ ကားလမ်းကြောက တစ်အားကြပ်နေမှာဖြစ်လို့ လမ်းအဟောင်းကပဲ သွားခဲ့တယ်လို့ ဂိုက်ကရှင်းပြပါတယ်။ တောင်ပေါ်ရောက်ခါနီးတော့ အန်တဲ့လူက အန်နေကြပြီ။ ကျနော်လည်း အန်ချင်ချင်ဖြစ်နေခဲ့တာ။ ဂိုက်ကတော့ ကိုယ်တိုင်ကျိုတဲ့ ငမန်းတောင်ဟင်းချိုတွေကို ကြွပ်ကြွပ်အိတ်အနီရောင်လေးထဲမှာ စနစ်တကျထည့်ပါလို့ စ,နေခဲ့တာ။





အတက်လမ်းမှာပဲ လက်ဖက်ခင်းတစ်ခုမှာ နားခဲ့ရတယ်။ ကင်မရွန်လက်ဖက်ခင်းပါ။ ဒီဒေသရဲ့ ဒုတိယအကောင်းဆုံးလက်ဖက်စိုက်ခင်းပါ။ မဆလာလက်ဖက်ရည် တစ်အိုးကို ရှစ်ကျပ်ပေးပြီးမြည်းစမ်းခဲ့တာပေါ့။ လှလိုက်တဲ့ အစိမ်းရောင်လက်ဖက်ခင်းတွေ။ ရှမ်းပြည်သွားတဲ့လမ်းတွေနဲ့တူသလို ရှမ်းပြည်ကိုလည်း လွမ်းစေခဲ့တယ်။ မှုန်ပြာမှိုင်းတဲ့တောင်တန်းကြီးတွေက အစပေါ့။ ကျောက်တောင်တွေတွေ့ရင်လည်း မွန်ပြည်နယ်ထဲပဲ ရောက်နေသလိုလို။ အလုပ်ထဲက အိန္ဒိယသားလူမျိုးတွေကလည်း သူတို့ အိန္ဒိယပြန်ရောက်နေသလို ကျနော်တို့မြန်မာလေးယောက်ကလည်း မြန်မာပြည်ပြန်ရောက်နေသလို ခံစားမိစေတဲ့ခရီးလေးပါ။

အမြင့်ပေ တစ်သောင်းကျော်ရှိတဲ့မြို့လေးထဲက တည်းစရာတည်းခိုခန်းကိုရောက်တော့ ည၁၁နာရီထိုးပါပြီ။ အခန်းအခက်အခဲနဲ့ ကြုံရပြန်ပါသေးတယ်။ မှားယွင်းတဲ့ အစီအစဉ်တစ်ခုကြောင့် ကျနော်တို့ အခန်းထဲကိုရောက်တော့ တော်တော်လေးနောက်ကျနေခဲ့ပြီ။

နောက်နေ့မနက်မှာတော့ ဒီဒေသရဲ့ အကောင်းဆုံး BOHလက်ဖက်စိုက်ခင်းဆီကို ချီတက်ခဲ့တယ်။ တောင်ပေါ်ကိုဆက်တက်ဖို့ ဘာစီကိုလာ ကားလေးတွေကို ပြောင်းစီးရပြန်ပါတယ်။ ခရီးသွားကားကြီးတွေ သွားဖို့ ကားလမ်းမက သိပ်ကျဉ်းမြောင်းလွန်းတယ်။









တမျှော်တခေါ်ကြည့်လေတိုင်း အစိမ်းရောင်လှိုင်းတွေနဲ့ ပြည့်နေတဲ့ လက်ဖက်စိုက်ခင်းကို မြင်ရတယ်။ တောင်ပေါ်ကိုရောက်တော့ လက်ဖက်ခြောက်ထုတ်လုပ်ရေးလုပ်ငန်းခွင်ကို လေ့လာခဲ့ပါသေးတယ်။ ဒီလက်ဖက်ခြောက်တွေက အနီရောင်တွေပါ ပြီးတော့ အင်္ဂလိပ်တီးလို့ ခေါ်ပါတယ်တဲ့။



တောင်စောင်းလေးမှာ လသာဆောင်လေးထုတ်ပြီး လက်ဖက်ရည်သောက်ခဲ့ရတယ်။ နေရာရဖို့အရေး တန်းစီရတာလည်း တမျှော်တခေါ်။ နေရာရပြီဆိုတော့ ဂိုက်က သွားကြမယ်လေတဲ့။ နောက်ထပ်ဆယ်မိနစ်ပေးပါလို့တောင်းရင်း ကမန်းကတန်း လက်ဖက်ရည်ကြမ်းကိုသောက်ခဲ့ရတယ်။ တကယ်ဆို လေးငါးနာရီလောက်ထိုင်ချင်မိတာ။ ချမ်းစိမ့်နေအောင်အေးတဲ့လေတွေကြားထဲမှာ လက်ဖက်ရည်နွေးနွေးလေးသောက်ရင်း ကဗျာတွေဆန်ချင်နေမိတယ်။

တောင်အောက်ဆင်းလာတော့ ပျားမွေးမြူရေး စခန်းကိုရောက်တယ်။ ပျားတွေကြားထဲမှာ သွားလာခွင့်ပြုတာမို့ ဓါတ်ပုံတွေ ရိုက်ဖြစ်ခဲ့တယ်။ ရေခပ်နွေးနွေးလေးထဲကို ထည့်ထားတဲ့ ပျားရည်ကို နှစ်ခွက်ဆင့်သောက်ရင်း ပျားရည်အစစ်မြည်းစမ်းခွင့်ကိုပါတောင်းခဲ့တာပေါ့။







ပျားမွေးမြူရေးစခန်းပြီးတော့ နှင်းဆီခြံ။ တကယ့်ကိုများပြားလှတဲ့ ပန်းတွေကြားမှာ ဘယ်လိုများ ပြုစုပျိုးထောင်ခဲ့ပါလိမ့်ဆိုပြီး စဉ်းစားနေမိတယ်။ အမျိုးအမည်မသိတဲ့ ပန်းတွေကလည်း များမှများ။ ဒီလို စနစ်တကျပြုစုပြီး တစ်ယောက်ကို လေးကျပ်နဲ့ ဝင်ခွင့်ကိုကန့်သတ်ခဲ့တာလည်း စီးပွားရေးတစ်ခုပဲနော်။ နာမည်ကျော် ပြောင်းဖူးကိုလည်း မြည်းစမ်းခဲ့ပါသေးတယ်။ အစိမ်းစားလို့ရပြီး တကယ့်ကိုချိုအိနေတဲ့ ပြောင်းဖူးပါပဲ။


အခုကျနော်တို့စားနေတဲ့ ဟင်းသီးဟင်းရွက်တွေကို အဲဒီက စိုက်ခင်းတွေက ပို့တယ်လို့သိရပါတယ်။


နောက်ဆုံးတစ်ခုကတော့ cactus ခြံပါပဲ။ အင်းကိုပင်ပုကျစ်ဂွကိုတောင် သတိရမိသေးတယ်။ သူ့အမျိုးတွေက ဒီမှာအများကြီးကိုး။ အဲဒီခြံထဲမှာလည်း သီးပင်စားပင်တွေအပါအဝင် ပန်းအမျိုးအစားစုံလင်အောင်စိုက်ထားခဲ့တာ။ ခြံနောက်ဆုံးမှာတော့ စတော်ဘယ်ရီစိုက်ခင်းပါ။ ကိုယ်တိုင်ခူးဆွတ်ခွင့်ပေးထားတာမို့ တပျော်တပါးခူးဆွတ်နေကြတာတွေ့ရပါတယ်။ ခြံထဲမှာလျှောက်နေတုန်း အပြင်မှာမိုးတွေက သည်းနေခဲ့ပါပြီ။ လမ်းတွေတစ်လျှောက်ကို အမိုးလေးတွေလုပ်ထားတာမို့ မိုးမစိုခဲ့ဘူးပေါ့။

မိုးတိတ်သွားတုန်းလေး ပါဆာမလန်း ညစျေးလေးကို အပြေးအလွှားသွားလိုက်ကြသေးတယ်။ ဒူရင်းသီးကောင်းတယ်ဆိုလို့ ၁ကီလို ၁၂ကျပ်ပေးပြီး စားဖြစ်အောင်စားခဲ့တာပေါ့။ မှိုကျော်ကိုမြည်းဖြစ်အောင်မြည်းပါ ဆိုတော့လည်း ဘယ်လက်နှေးလိမ့်မလဲ။ လျှောက်နေတုန်း မိုးတွေပြန်ရွာလာတာမို့ ဆိုင်ကလေးတစ်ခုမှာမိုးခိုခဲ့ကြတယ်။ အပြင်မှာနေရာမရှိတာမို့ ဆိုင်ထဲကိုဝင်ရင်း စျေးပါကူရောင်းခဲ့သေးတာ်။ သူတို့ပြောတဲ့ဘာသာစကားကိုနားမလည်တာမို့ ဧည့်သည်တွေမှန်းသူတို့သိတာပေါ့။ သဘောကောင်းတဲ့ဒေသခံတွေပါပဲ။ မိုးက နေ့တိုင်းရွာနေရင် စျေးဘယ်လိုရောင်းမလဲဆိုတော့ ဒီလိုပါပဲတဲ့။

မိုးရွာပြီးစ မြူတွေဆိုင်းနေတဲ့ မြို့လေးက တကယ့်ကိုလွမ်းစရာ ချစ်စရာကောင်းနေပြန်တယ်။






ညနေစာစားအပြီး ဟိုတယ်မှာ ရေမိုးချိုး။ မြို့လေးထဲကို လျှောက်ကြည့်ကြပါသေးတယ်။ ပလာတာကို ငှက်ပျောသီးနဲ့ကြက်ဥနဲ့စားဖြစ်ခဲ့တယ်။ မြန်မာပြည်က ရုပ်ထုတွေ ဒီတောင်ပေါ်အထိရောက်နေတာလည်းတွေ့ခဲ့ရတယ်။ ဗမာတုတ်ကောက် ဆိုပြီးရောင်းနေလို့ အမှတ်တရ ဓါတ်ပုံရိုက်ခဲ့တယ်။ ဘုရားနှစ်ဆူလည်း စံပယ်နေတာ ဖူးခဲ့ရပါတယ်။

မနက်ခင်း မနက်စာစားအပြီးမှာ တောင်ပေါ်ကပြန်ဆင်းခဲ့ကြတယ်။ မိုးရွာပြီးတိုင်းသစ်ပင်တွေပြို လမ်းတွေပြိုနေတတ်တယ်လို့သိရတယ်။ တစ်ခါ တောင်ပြိုထားလို့နောက်ကြောင်းပြန်လှည့်ခဲ့ရတယ်လို့ ဂိုက်ကပြောပါတယ်။

သဘာဝရေတံခွန်တစ်ခုကိုလည်း တောင်အဆင်းမှာတွေ့ခဲ့ရတယ်။ ရေစီးအားသန်သန်နဲ့လှပတဲ့ ရေတံခွန်တစ်ခုပါပဲ။ ပုံမှန်ဆို ရေချိုးချင်မိပေမယ့် ရတဲ့အချိန်နာရီဝက်မှာ အိမ်သာတန်းစီတဲ့အလုပ်ကို ဆယ်မိနစ်ပေးလိုက်ရတာမို့ အချိန်ကမလုံလောက်ခဲ့ဘူး။

ဆရုံပမ်းမှာပဲ နေ့လည်စာစားပြီး အိမ်ပြန်ခရီးကို စခဲ့ရတယ်။

အိမ်ကိုရောက်တော့ ည ဆယ်နာရီထိုးနေခဲ့ပြီ။


တကယ်တော့ ကျနော်က အဲ့ဒီမြူနှင်းတိမ်တွေကြားမှာ ကျန်နေခဲ့တယ်….