11 March 2010

အိမ်အပြန်

အမေ……….သားအိမ်ပြန်လာပြီလေ..

နှုတ်ခမ်းက တတွတ်တွတ် ရွတ်ရင်း ခရီးဆောင်အိတ်ကို တရွတ်တိုက်ဆွဲ။ ဒီအိမ်ပြန်ခရီးကို ဖြစ်နိုင်ရင် အမြန်ဆုံးဖြစ်စေချင်မိတာပါ။

မောင်းနေတဲ့ လေယာဉ်ပျံက စိတ်ထဲမှာ အနှေးဆုံးယာဉ်တစ်ခု ဖြစ်နေပြန်တယ်။

ဟော…ရောက်ပြီ နိုင်ငံတကာလေဆိပ်အသစ်ကြီးဆီကို။ ဖြတ်စရာ ကျော်စရာတွေကို ခပ်သုတ်သုတ်ဖြတ်တယ်။ ကျနော့အိမ်ပြန်ခရီးက ဒီမှာမဆုံးသေးဘူးလေ။ တစ်ယောက်တစ်လက်ဝိုင်းဆွဲ နေကြသူတွေကို ရှောင်ရင်း အငှားကားတစ်စီးကို အမြန်ငှား။ အောင်မင်္ဂလာ အဝေးပြေးကွင်းကို မောင်းပါ။

ကျွန်းဆွယ် လက်မှတ်ကျန်သေးလား။

ထိပ်တန်း….

အေးချစ်မြိုင်…..

ပေလေးပင် ကားကော…….

အလယ်ခုံရရ။ ယုတ်စွ မတ်တပ်ပဲလိုက်ရ လိုက်ရ။

ညနေ ၅နာရီမှ အောင်မင်္ဂလာ အဝေးပြေးက ခွာခဲ့ရတယ်။ အိပ်လို့မဖြစ်သေးဘူး မှော်ဘီကျောင်းလေး အလွမ်းပြေ ငေးကြည့်ချင်သေးတယ်။ ရေအိုးစင် အလယ်ဂိတ် ကားမှတ်တိုင်တွေကို နားထဲက ကြားယောင်ရင်း ကျောင်းသားဘ၀ပုံရိပ်တွေ မြင်လာပြန်ရော။ ခရီးပန်းနေပြီ အိပ်မှလေ။ မျက်တွင်း ဟောက်ပက်ဆို အမေစိတ်ပူနေလိမ့်မယ်။

တိုက်ကြီး ဥက္ကံ သုံးဆယ်………..

ပြည်ကို မြို့ပြင်ကပဲဖြတ်သွားတယ်။ ခရီးတစ်ဝက်ကျိုးပြီ။

အခုလမ်းကတောင်တွင်းက မဟုတ်တော့ပြန်ဘူး။ မြို့ရှောင်လမ်းသစ်မှာ ဖုံတွေက တလူးလူး။ တံခါးတွေပိတ်ပါ အော်နေတယ်။ ထူးထူးဆန်းဆန်း နှာခေါင်းစွပ်တွေ ဝေနေပါလား။ တံခါးတွေပိတ်တော့ လေမ၀င် အသက်ရှူမ၀လို့ တဗြဲဗြဲ အော်ငိုနေတဲ့ ကလေး ငိုသံက ဆက်အိပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့။

သစ်ရာကောက် ဖြတ်သေးလား သတိမထားမိ။ မိကျောင်းရဲကို ရောက်တော့မယ် တဲ့။

စက်လှေဆိပ်ကို ရောက်ပြီ။ မြူနှင်းတွေကြားထဲက မြသလွန်ကို မှုန်ပြပြ ဖူးရပြီ။ အိမ်ကို ရောက်တော့မည်။ ဇက်ပေါ်မှာ တွေ့ရတဲ့ စက်ရုံက ဆေးရုံကား။ အိုး….တန်ဖိုးရှိလိုက်တာ။ ဦးရွှေလုံး ကျနော့ကို အိမ်ပြန်ပို့ပေးပါ………

အနားနီးလေလေ လူက မြောက်ကြွကြွ ဖြစ်ချင်လာလေ။ မင်းလှ- မလွန်ဆိုင်းဘုတ်ကို ကြည့်ရင်း လွန်တဲ့ ဆယ်နှစ်ကျော်က မာရသွန်အပြေးခရီးကို မြင်ယောင်မိတယ်။ သူငယ်ချင်းတို့ရေ အခုလည်း ငါတို့ ကိုယ့်လမ်းခရီးမှာ ကိုယ်စီပြေးနေကြရပြီ။ မောပန်းလို့ လှမ်းကြည့်ရင်တောင် တစ်ယောက်နဲ့တစ်ယောက် မမြင်ရအောင် ဝေးကွာလို့။

အရင်လို မတ်မတ်ဖြစ်နေဆဲ တောင်ကုန်းထိပ်မှာ ကျနော်တို့ ဆောက်ခဲ့ဖူးတဲ့ ဇရပ်ငယ်လေး။ သောက်ရေအိုးကော ရှိပါသေးရဲ့လား။ အဘအုန်းလုပ်ပေးတဲ့ အုန်းမှုတ်ခွက်လေးက အတိုင်းသား။

မြင်ကျတောင် စေတီကို ဘောစကိုင်းပင်တွေကြားမှာ ဖူးတွေ့ရသည်။ ဓမ္မိကဆရာတော်ကို လှမ်းဦးချအပြီးမှာ သံကန်တွေကို မြင်ရပြီ။ ဒါ Jetty။ ဖေက ရေသန့်ကိုပြောင်းနေပြီဆိုတော့ ဒီဖက်အခြမ်းမှာပဲပေါ့။

အမှတ် ၁ ဂိတ်ကို ဖြတ်ပြီး 800 စကေးဆီကို ချိုးသွားပြီ။ Topper ရှေ့က အဖြတ်မှာတော့ ကျောက်မီးသွေး မှုန်တွေက လမ်းကို မည်းသည်ထက် မည်းအောင် ခြယ်ထားကြသည်လေ။

အိမ်ကို မြင်ရတော့မည်.

စိတ်လှုပ်ရှားစွာ လည်ပင်းကို ဆန့်ကြည့်တော့ ခြံစည်းရိုးကို မြင်နေရပြီ။ အိမ်ရှေ့က သရက်ပင်..အသီးလေးတွေတောင်တွဲလဲခိုလို့။ kiss me quick တွေလည်း နေရောင် အောက်မှာ အတိုင်းသား ဖူးပွင့်လို့။ အခန်းတွေနဲ့ ကပ်လျက်ပေါက်နေတဲ့ ဇွန်ပန်းတွေ စင်္ကြာပန်းတွေလည်း ရုံလိုက်ကလေးတွေ ငုတ်တုတ်စောင့်နေကြတယ်။

ဝင်ဝင်ချင်း ညာဖက်က ငှက်ပျောတန်း။ တစ်ချက်ကျနော် ရီမိသွားတယ်။ မေဈေးသွားမယ်ဆိုတိုင်း ကျနော့ကို ရေလောင်းဖို့ မှာတတ်ပြီး ကျနော်က ရေပိုက်ကို ချထားပြီးရင် ဘယ်တော့မှ နေရာရွှေ့ဖို့ သတိမရတတ်။ အိပ်ခန်းထဲမှာ ရုပ်ရှင်ကြည့်ရင်း စာအုပ်ဖတ်ရင်း ရေလောင်းတတ်စမြဲမို့ အမြဲ အဆူခံထိနေကြ။ အခုကော အဆူခံထိတော့မယ်လေ။

မာလကာပင်တွေကလည်း တီးတိုးနှုတ်ဆက်ကြတယ်။ သူတို့ အသီးတွေကို ခူးမယ့်သူလာပြီလေ။ စံပယ်ပန်းတွေ ခူးပြီးသွားပြီပဲ။ လေးရုံလုံး အဖူးတွေပဲကျန်တော့တယ်ကော။

အိမ်ရှေ့ဆင်ဝင်အောက်က အသားတံခါးလေးကို ဖွင့်ပြီး ဘဲလ်ကို ခပ်သွက်သွက် နှိပ်ချလိုက်တယ်။ လာကြပါတော့ဗျိုးးးးးးးးးးးးးးးးးးးးး။

တံခါး မှန်ပေါက်ကနေချောင်းကြည့်တယ်။ ဧည့်ခန်းစားပွဲပေါ်မှာ ပေါ်ပြူလာဂျာနယ်တွေ မြင်နေရတယ်။ ဆွမ်းခံကြွလာမယ့် ဆရာတော်တွေအတွက် ထိုင်ခုံမှာ အခင်းလေးတွေ မြင်ရတယ်။ ဘုရားခန်းက ခန်းဆီး လေတိုက်လို့လွင့်လာတာလည်း မြင်နေရတယ်။ ထမင်းစားခန်းက အုပ်ဆောင်းအောက်မှာ မေချက်ထားတဲ့ ဟင်းပူပူတွေရှိနေမယ်ထင်တယ်။ တောက်လျှောက်မြင်နေရတဲ့ မီးဖိုချောင်ကို လှမ်းမျှော်ကြည့်တယ် အရိပ်အယောင်တောင် မတွေ့ရဘူး။

အိမ်နောက်ထဲက ကန်ဇွန်းခင်းထဲမှာလား။ ချဉ်ပေါင်ရွ့က်တွေ ခူးနေတာလား။ သစ်ခွတွေပွင့်တာကို ငေးနေပြန်ပြီလား။ မေးခွန်းပေါင်း သောင်းခြောက်ထောင်နဲ့ လက်ထဲက အိတ်က လေးလံလွန်းနေခဲ့ပြီ။

အမေ………သားအိမ်ပြန်လာပြီလေ။

အခုတလော ကျနော် စိတ်ကူးထဲကနေ အိမ်ကို ပြန်နေခဲ့တာ အကြိမ်ပေါင်း တစ်ထောင်မကတော့ဘူး…………..

20 comments:

ရွှေပြည်သူ (ShwePyiThu) said...

ဟိုနေ့က အိမ်ကို ဖုန်းဆက်တော့ တစ်အိမ်လုံးက မေးခွန်းတစ်ခုပဲ မေးတယ်... “ဘယ်တော့ ပြန်လာဦးမှာလဲ...” တဲ့

ရင်ဘတ်နဲ့ ဖတ်သွားတယ်။ ပြီးတော့ ငိုချင်တယ် ကိုရွာသား...

မေလေး said...

;(((((((
ငိုချင်ရက်လက်တို့

သက်ဝေ said...

ကိုယ် လဲ အိမ် ပြန် ချင် တယ် . . .

Unknown said...

ငိုချင်သွားအောင် ရေးတာလား
ဖတ်ရင်း ပြန်ချင်သွားတယ် ပြီး ငိုချင်တယ်

Rita said...

:)

Vista said...

ပြန်လေ ဘယ်လောက်ဝေးလို့ တုံး နီးနီးလေးပါ။
ကိုယ်တို့ တော့ ၉ လ တစ်ခါလောက်ပြန်တယ်။
မားသားကမှ ဒီမှာမနေချင်တာ ..
ကလေးတွေပဲလာလည်ကြ
ငါတော့ မြန်မာပြည်မှာပဲနေမယ်ဆိုလို့ လေ။

ကောင်းကင်ပြာ said...

များနေပီ များနေပီ....း)

ကြည်ဖြူပိုင် said...

ရေအိုးစင်မှာဆင်းပြီး ကျောပိုးအိတ်တွဲလောင်းနဲ့ တီစကွဲလ် ကိုင်လို့ကျောင်းဆောင်တွေဆီ
လမ်းလျှောက်ရတာပဲနှစ်သက်တယ်။
အလယ်ပေါက်မှာတော့ အိပ်ရာထနောက်ကျတဲ့ တပတ်ကို ၃ရက်လောက်ပဲဆင်းတယ်။
လွမ်းသွားမိပြန်ပြီ။ စာတွေကိုတော့လွမ်းဘူးးနော် ကြိုပြောတာ။
အိမ်းးးးးးးးးးး ဗိုလ်ပြောင်ဒင်လဲအိမ်ပြန်ချင်သကွယ်။ အိမ်ကလူတွေကလဲတ လှပြီ။ ဒီစာဖတ်တော့ပိုပြန်ချင်တယ်။ နေနှင့်ဦး နောက် ၂လကြာရင်တော့ ပြန်လိုက်ဦးမယ်။ ပြီးရင်တကယ်ပြန်တဲ့အကြောင်းရေးမယ်။ ချိုသဲလို အလကားပြန်ဘူး :P

ကိုရွာသားကတယ်စာအရေးအသားကောင်းတာပါပဲလား။ မျက်လုံးထဲမှာကွက်ကွက်ကွင်းကွင်းမြင်မိပြီး။ စိတ်ချမ်းသာစရာအိမ်လေးကိုမြင်ယောင်...ရင်ထဲအေးချမ်းသွားမိတယ်

မျှော်လင့်ခြင်း said...

အိမ်ပြန်ချင်စိတ် = အခွန်ဆောင် + Air Ticket + Annual Leave approval

တွက်ရင်းချက်၇င်း တနှစ်တခေါက် ကို မနည်း ပြန်ရတာ
ဘယ်လောက်ဝေးဝေး ပြန်ရမယ် ဆိုတဲ့  စိတ် နဲ့  တင် ပျော်နေတာ ။
အခု လဲ ဖတ်ပြီး စိတ်ကူးနဲ့  ပျော်သွားပါတယ်

Talkii said...

ရင်ဘတ်ကြီးနဲ့ကို ဖတ်သွားတယ်။

ဇွန်မိုးစက် said...

အိမ်နဲ့ဝေးနေတာ ရက်ပေါင်းထောင်ချီခဲ့ပြီ။ အမေ့ကို မတွေ့ရတာလည်း ကြာနေပြီ။ ဒီနှစ်ထဲတော့ ပြန်ဖြစ်မယ်ထင်ပါတယ်။

အရေးအသားကောင်းကြောင်း သိပြီးသားမို့ ထပ်မမွှန်းတော့ဘူးနော်။း) ဖတ်ရင်းမျောပါသွားတာ ဆုံးတဲ့အထိပဲ။ မိနစ်ပိုင်းလောက် ခဏပြန်ဖြစ်သွားတယ်။

Bino said...

You made me home sick.
BINO

Ko Ba Tint said...

တကယ်ပြန်တယ်မှတ်တာ ....
အပင်တွေစုံနေတာဘဲနော၊် အေးချမ်းမဲ့ပုံလေးဘဲ

ဒို့လည်းမရှိကော အပင်တွေခုတ်ပစ်လိုက်ကြတယ် ဒန့်သလွန်ပင်နဲ့သရက်ပင် နောက်ဖေးမှာစိုက်ထားတာလေ
သူခိုးရန်ကြောင့်တဲ့....

သိင်္ဂါကျော် said...

အိမ်ပြန်ခရီးမှာ ပျော်ရွှင်ပါစေ...

Anonymous said...

တကယ်ပြန်တာ မှတ်နေတာ၊
ပန်းပင်တွေကို မြင်လိုက်ရလို့။

JulyDream said...

တစ်ထောင်မကတော့ဘူး ဆိုတော့ တစ်ထောင့်တစ် ဖြစ်မယ် ထင်တယ်။

ပြန်စရာရှိ ပြန်ဗျာ။ ဘာအရေးလဲဗျ။ ဟိုတွေး ဒီတွေး နောက်ဆံတင်းရအောင် ဘာလဲ... ယောကျာ်း မဟုတ်ဘူးလား။

မှတ်ချက်။ အဲဒါက မေးရုံပဲ မေးတာ။ ယောကျာ်း ဟုတ်မဟုတ် မျက်မြင် သက်သေ ပြရန် မလိုပါ။ =)

Ko Ba Tint said...

စိတ်ထွက်ပေါက်ပေးတဲ့နေရာမို့ခံစားသလောက်ပြောပါစေ လူချင်းတူပေမဲ့ နေရာခြင်း၊ လုပ်ပိုင်ခွင့်၊ ကွာခြားမှု ထိန်းချုပ်မှု ရှိတာသိခဲ့ရင်......မေးမိမည့်ဟု
မထင်ပါကြောင်း......

ကလူသစ် said...

အိမ်လွမ်းနာကျနေတယ်ပေါ့လေ။ အရင်တုန်းက အသိတယောက်ဆို ယောင်္ကျားကြီးတန်မဲ့ ဖုန်းဆက်တိုင်း ငိုငိုနေတတ်တယ်။ လွမ်းနေရင် ပိုလွမ်းနေရတတ်တယ်။ ပြန်နိုင်ရင် ပြန်လိုက် ၊ မပြန်နိုင်ရင် မေ့ထားလိုက်။ ဟုတ်တယ်ဟုတ်။

Beautifulmusic said...

ကိုရွှာသား အရေးအသားက တယ်ကောင်းတာကိုးဗျ ပထမဆုံးအလည်ရောက်တဲ့ အချိန်မှာပဲ အရမ်းလေးစားသွားပါတယ် :D
ပြီးတော့ တန်ဆောင်တိုင်ပြန်တုန်းက ရွှာကအိမ်ကို ရောက်တာ ပြန်အမှတ်ရတယ်
ငယ်ငယ်တုန်းက မျောက်ရှုံးအောင်ဆော့ကြရင်း သူငယ်ချင်းတွေမိမှာစိုးလို့ ထိပ်ဖျားရောက်အောင်တက်ခဲ့တဲ့ ထောပတ်ပင်တွေ တပင်မှမရှိတော့ဘူး
အရင်းနှီးဆုံး ငယ်သူငယ်ချင်းတယောက် ဆုံးရှုံးသွားသလိုပဲ ခံစားရတယ်
ကိုရွှာသားလို ရေးနိုင်အောင်ကြိုစားအုံးမယ်ဗျာ :D
ထွေးငယ်
http://ngenge47.blog.com

ကိုသက်ဝင်း said...

ငါ့ညီ... YTU က ဆိုတော့ အကိုထက်တော့ ငယ်မှာပဲဆိုပြီး ငါ့ညီ လို့ ခေါ်လိုက်ပါတယ်။ ဒီစာဖတ်ပြီး အကိုလည်းရင်ထဲမှာ နာနာကျင်ကျင် ခံစားလိုက်ရပါတယ်။ အကို့မိဘတွေက မရှိတော့ဘူး။ အိမ်ပြန်ချင်တဲ့စိတ်က အရမ်းပဲ.... ဒါပေမယ့် အကို ပြန်တဲ့အချိန်မှာ `ဟယ်ငါ့သားလေးပြန်လာတယ် ဆိုပြီး ကြိုဆိုမယ့် အမေ မရှိတော့ဘူး။ အိမ်ပြန်မယ့်အတွေးတွေးတိုင်း နာနာကျင်ကျင် ခံစားရတယ်။ ဒီစာဖတ်ပြီး အကို ပိုကြေကွဲနေမိတယ်။ အမေ လို့ အားရပါးရ ခေါ်ချင်လိုက်တာကွာ။