တစ်နေ့က အသိတစ်ယောက်နဲ့ စကားစမြည်ပြောတော့ သူ့အိမ်က ထန်းပင်မြစ်လူကြုံပေးလိုက်တဲ့အကြောင်းကို ရောက်ပါလေရော။ စားမလား လေးငါးချောင်းထဲက နှစ်ချောင်းလောက်တော့ ခွဲပေးနိုင်ကောင်းတယ်တဲ့။ သူနဲ့စကားပြောရင်း အိမ်ကို သတိရတဲ့စိတ်နဲ့ မိနစ်ပိုင်းလောက်ငေးနေမိပြန်တယ်။ အိမ်ကိုလွမ်းလိုက်တာလို့ စာရိုက်လိုက်တော့မှ ဆောရီး မရည်ရွယ်ပဲ လွမ်းအောင်လုပ်မိတယ်တဲ့။ လွမ်းသာလွမ်းရတာ ထန်းပင်မြစ်ဆိုတဲ့အရာကို ကျနော်ရှာမတွေ့တာ ကြာခဲ့ပြီ…………………
ဟိုး…ငယ်တုန်း ဆောင်းတွင်းတွေဆီကပါ။ ဦးဇော်ကြီး၊ ဦးဝင်းတင့်စိုး၊ ဦးအောင်ကြီး၊ ဦးမျိုးကျော်နဲ့ ဦးဇေယျတို့နဲ့ ကျနော်တို့မိသားစုတွေပေါ့။ ဦးဇော်ကြီးတို့ မြောင်က ညာတရာမုန့်ပါလာတတ်သလို ရာသီစာ ထန်းပင်မြစ်တွေလည်း ပါလာတတ်တယ်။ ဦးအောင်ကြီးတို့ ပခုက္ကူက ဆီးချိုမွှေးတွေနဲ့အတူ ထန်းပင်မြစ်တွေပါလာတတ်ပြန်တယ်။ ဒါမှမဟုတ် ခရီးတစ်ခုက ပြန်လို့ ထန်းပင်မြစ်လေးတွေ့တယ်ဆို အစည်းလိုက် ဆွဲလာတတ်ကြတာ။ အညာဆောင်းက အေးတော့ မီးလေးလှုံရင်း ထန်းပင်မြစ်လေးတွေဖုတ် နှမ်းဆီမွှေးလေးနဲ့ဆမ်း အကြမ်းအိုးလေးချ။ အဲ့ကာလတွေတုန်းကပါ။
အားလုံးစုရပ်က တစ်ခုတည်းသောဈေးလေးမှာ။ ပြီးရင်တော့ ၂၁၀ စကေးက ဦးဇော်ကြီးတို့အိမ်ကိုပေါ့။ အိမ်ရှေ့မှာ ဆောင်းတစ်တွင်းလုံးစာအတွက် ထင်းတုံးကြီးတစ်ခုထားတတ်တယ်။ တောင်ကုန်းတွေကြားက လျှိုတွေထဲကို ဖြတ်ရင် စိမ့်နေအောင်အေးသွားတတ်တယ်လေ။ ငယ်တုန်းကတော့ လျှိုတွေနားဖြတ်ရင် အတင်းပြေးတော့တာပါပဲ။ စိမ့်ခနဲ့ အေးသွားသလို ကြက်သီးမွှေးညှင်းတွေလည်း ထတတ်တာကိုး။ မှောင်ကလည်းမှောင်ဆိုတော့ ပြေးမယ်ဆိုတာချည်းပဲ။
လမ်းလျှောက်ရင်း စိတ်ပေါက်ရင် ဗလကောင်းတဲ့ ဦးဝင်းတင့်စိုးကို ကျနော့ကို လက်နှစ်ဖက်နဲ့မြှောက်ခိုင်းတယ်။ အခုတစ်ခေါက်ပြန်တော့ အပေါ်ကိုမြှောက်ပေးဆိုတော့ အားရပါးရ ရီတယ်။ မင်းက ငါ့ကို ပြန်မြှောက်ရမှာကွတဲ့။
ဦးဇော်ကြီးတို့ အိမ်ကိုဝင်တာနဲ့ အမေကြီးက သားတို့လာ လာကြ လာကြ မလာတာ ကြာပါပကောအေလို့ပြောနေကြ။ ဂြိုလ်တုမရေ နင့်ကြီးကြီးတော့ လာပဟေ့ဆိုတာနဲ့ မေက မျက်ခုံးလှုပ်ပြီ။ ကလေး မုန့်ဖိုးတောင်းတော့မယ်လေ။ ဦးဇော်ကြီးကတော့ ပန်းချီဆွဲချင်ဆွဲနေမယ်။ သီချင်းရေးချင်ရေးနေမယ် ကဗျာတွေလည်း စပ်ချင်စပ်နေပါလိမ့်မယ်။ ညည်းတို့မောင်ကို အိမ်ထောင် စောစောမပြုဖို့ နားချကြပါဦးအေဆိုတော့ ဖေက မျက်လုံးစပြူးပြီ။ ဦးဇော်ကြီးက အသက် သုံးဆယ်ကျော်ပြီလေ။ အမတို့လာရင်စားဖို့မုန့်သွားဝယ်တာ ဒီနေ့ မုန့်သည်တွေကတော် တစ်ယောက်မှ မထွက်ဖူးဆိုတဲ့ အန်တီမမြသိန်းအသံကိုလည်း ကြားရပါလိမ့်မယ်။ မြမြသိန်းတို့များ ဟိုဘက်အိမ် ဒီဘက်အိမ်ပေမယ့် ဒီနေ့မှ မြင်ဖူးသတော် ဆိုပြီး အမေကြီး အငေါ်တူးသံကလိုက်ပါစမြဲ။ အရီးကလည်း ကျုပ်က အနောက်ဖက်ကမ်း (မြင်ကွန်း) သွားသွားနေရလို့ပါ၊ အမရေ ဘ၀တွေများဆိုးချက်တော် အခုအိမ်မှာ အဖွားကြီးကိုပါ တင်ထားရပြန်ပြီလို့ ညည်းညူရင်းဖြေပါလိမ့်မယ်။ သူက သိပ်စကားတတ်တယ်လေ။
ပြီးတော့မှ မီးလေးလှုံရင်း ထန်းပင်မြစ်တွေကို တစ်ချောင်းပြီး တစ်ချောင်းထည့်။ မွှေးလာတဲ့ ထန်းပင်မြစ်လေးတွေ မီးမကျွမ်းခင် မီးထဲကထုတ်။ ပြီးတော့မှ ဘေးနားက အမျှင်တွေကိုခွာ ထန်းပင်မြစ်ဝါ၀ါနွေးနွေးလေးတွေကို ဆီလေးနဲ့ဆမ်း။ အိုး…လွမ်းလိုက်တာများဆိုဗျာ။ စိတ်လိုလက်ရ ရှိကြရင် ခပ်ဆဆလေးထုထားတဲ့ ထန်းပင်မြစ် စီးစီးပိုင်ပိုင်ကလေးပေါ့။
မိုးအတော်မှောင်လာပြီး ညဉ့်နက်ပြီဆိုမှ ပြန်ခဲ့ကြတယ်။ ထန်းပင်မြစ်နဲ့အတူ ဖောင်ဖွဲ့အောင်ပြောခဲ့ကြတဲ့စကားတွေက အများသား။
နှစ်တွေနဲ့အတူ အရာတွေအားလုံး ပါးလျားကုန်ကြပြီ။ အကျင့်စာရိတ္တတွေအပြင် မေတ္တာတရားတွေ ရိုးသားခြင်းတွေ ခင်မင်မှုတွေ အားလုံးက အချိန်ကာလဆိုတဲ့ ယန္တာရားအောက်မှာ ပျောက်ဆုံးသွားကြတယ်။
အိမ်တစ်အိမ်မှာ အနည်းဆုံးဆိုင်ကယ်တစ်စီးစီနဲ့ ဇိမ်ခံပစ္စည်းတွေ လူတိုင်းတန်းတူရှိနေကြပြီ။ အစ်ကိုရေ အစ်မရေဆိုပြီး အိမ်လာတဲ့သူက လက်ချိုးရေလို့ ရနိုင်တယ်။ အရင်တုန်းက အိမ်မှာ ဟင်းကောင်းချက်လို့ တစ်ခွက်တစ်ဖလားပို့တဲ့သူတွေ အခုဆို အိမ်လိပ်စာတောင် မှတ်မိရဲ့လား မသိနိုင်တော့။ လမ်းမှာတွေ့ရင်တောင် ပခုံးချင်းတိုက်သွားနိုင်လောက်ပြီ။
အရာဝထ္တုတိုင်းဟာ မတည်မြဲတတ်ကြပါဘူး။ ပျောက်ဆုံးကုန်တတ်ကြပါတယ်။ ပျောက်ပျက်လွယ်တတ်ကြပါတယ်။ ပျောက်ဆုံးကုန်တဲ့အရာတွေကိုလည်း အမြဲအောက်မေ့တသ ဖြစ်တတ်ကြပါတယ်။ အခုကျနော်လည်း ထန်းပင်မြစ်မှသည် ဘယ်တော့မှ ပြန်လည်မရနိုင်တော့တဲ့ ယခင် ယခင်အတိတ်ဆီကို လွမ်းဆွတ်တမ်းတမိနေပြန်ပါရောလား………………
Soon to be moving new home
-
အရွယ်ပြောင်းလို့ အတွေးပြောင်းပါပြီ
ဒီစာမျက်နှာကနေ နုတ်ဆက်ပါတော့မယ်
ဘလော့တခုလုံးကို သိမ်းပြီးတဲ့အခါ ဒီစာမျက်နှာလေး သော့ခတ်ပါတော့မယ်နော်/
ကိုယ်စိတ်နှစ်ဖြာ ကျန်...
4 years ago
30 comments:
ရုပ်ဝတ္ထု ပစ္စည်းတွေ တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ လူတွေရဲ့ အမူအကျင့်တွေ ပြောင်းလဲသွားတာ ငြင်းမရပါဘူး။
ကိုယ်တွေ ကိုယ်တိုင်တောင် သူငယ်ချင်းတွေဆီ သွားလာ လည်ပတ် တွေ့ဆုံ ရေနွေးသောက်ရင်း လဖက်စားရင်း စကားစမြည်ပြောဆိုကြဖို့ထက် Online မှာ Chatting လုပ်ကြ ၊ Facebook မှာ နှုတ်ဆက်စကားပြောကြနဲ့… ဖုန်းနဲ့တောင် စကားကောင်းကောင်း မပြောဖြစ်ကြဘူးလေ…။ ဒါတွေဟာ အကျင့်စာရိတ္တ ပျက်လာတာ၊ မေတ္တာတရားတွေ နည်းပါးလာတာ မဟုတ်ပေမယ့် ခေတ်ကြီးက လူတွေရဲ့ စရိုက်ကို ပြောင်းပစ်လိုက်တာလား၊ လူတွေက ခေတ်ကြီးရဲ့ အပြောင်းအလဲ နောက်ကို လိုက်ပါစီးမျော သွားကြတာလား… ဆိုတာကတော့ စဉ်းစားစရာပါ။ ခေတ်ကို လွန်ဆန်နိုင်လား မလွန်ဆန်နိုင်လား အခုပဲ ဒီပိုစ့်မှာ Comment လာရေးနေတာသာ ကြည့်ပါတော့..။
နောက်ကို စာအသစ်ဖတ်ပြီးရင် ဖုန်းလှမ်းဆက်ပြီး ဝေဖန်စကား ပြောတဲ့ Comment ပေးနည်းကို သုံးရင်ကောင်းမလားဟင်…!!!
ရွာသားလေးက ထန်းပင်မြစ် ဆိုမှပဲ ငယ်ငယ်ကရွာက အဖေကြီး ( အဖိုး) အမေကြီး ( အဖွား) တို့နဲ့ မီးလုံရင်း ထန်းပင်မြစ်စားခဲ့တာတွေကိုပြန်လွမ်းမိတယ်
အင်း..အမှန်ပဲ..ပြီးဆုံးသွားတဲ့အဖြစ်အပျက်တစ်ခုကို အသစ်ကပြန်စဖို့မလွယ်ကူတော့သလို ဆုံးရှုံးသွားတဲ့ အရာတစ်ခုကိုလည်းပြန်ရဖို့ခက်ခဲသွားတတ်တယ်။ဒါတွေကြောင့်နောင်တဆိုတဲ့စကားစုလေးပေါ်လာတာ။ ငယ်တုန်းကလူတွေရဲ့စရိုက်ကလည်းခုဆိုပြောင်းလဲသွားခဲ့ကြပီလေ။အဲဒါက တော့ဆုံးရှုံးပျောက်ဆုံးသွားတဲ့ အတိတ်....
(ဆိုင်မဆိုင်တော့မသိဘူး...နောင်တတွေက ကိုယ်နဲ့ခုတလောအရမ်းတိုက်ဆိုင်နေတတ်တော့စိတ်ထဲပေါ်လာတာ မန့်ခဲ့တာ..တိုက်ဆိုင်မှုမရှိခဲ့ရင်ဆောရီးနော်)
ထန်းပင်မြစ်ဆိုလို့ ဟိုးအရင်တုန်းက ကျုံးဘေးမှာ ထိုင်စားခဲ့တာကို လွမ်းသွားတယ်။
အမှန်ပဲ မောင်လေးရေ... လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေ ပြောင်းလဲသွားခြင်ဟာ ရုပ်ဝထ္ထုတွေ တိုးတက်ပြောင်းလဲ လာတဲ့ပေါ်မှာလည်း မူတည်နေတယ်လေ။ ဘယ်လိုပဲ ဖြစ်ဖြစ် ရင်ထဲက အမှန်တရားတွေပါပဲ။
မဆီမဆိုင် ငယ်ငယ်တုန်းက
ကျောင်းမု့န်ဈေးတန်းမှာ
ထန်းမြစ်ဝယ်စားခဲ့တာလေးတွေ
သတိရမိတယ်ဗျာ...
ထန်းမြစ်ကနေ ....တွေးလှချည်လား။အားကြီးပဲ။
လွမ်းတတ်၊တွေးတတ်လွန်းပြီး ရင်ကွဲနာကျနေပါ့မယ် အစ်ကိုရာ..။
မှတ်ချက်။အညာသွားချင်နေပါတယ်ဆိုကာမှ.. :(
အင်း
ပြောတော့ မပြောတတ်ဘူး ..း)
ညီမက ထန်းမြစ်လည်း မစားဖြစ်သလို ကြိုက်လည်း မကြိုက်ဘူးလေ .. လူတွေ စာနာစိတ် မေတ္တာတရားတွေ ခေါင်းပါးလာတယ်လို့တော့ ခံစားမိတယ် ..
ဘာလို့လဲ .. ??????
စားဝတ်နေရေးအတွက် ကိုယ်စီရုံးကန်နေကြရလို့လား .. မလိုအပ်ပဲ ပြိုင်ဆိုင်ချင်စိတ်တွေ များလို့လား .. မိသားစုထဲမှာတောင် နွေးထွေးမှုတွေ ပျောက်ပျောက် နေတတ်တာ အသိမိတ်ဆွေဆိုတာတွေကတော့ ပိုဝေးပါလိမ့်ဦးမယ် .. (စိတ်ထဲပေါ်တာ ချရေးသွားပါတယ် .. :D)
ထန်းမြစ်မီးဖုတ်ပူပူလေးရမယ်.း)
ငယ်ငယ်က ကချင်ပြည်နယ်မှာနေတော့ အဘိုးအဘွား
တွေ အညာကနေ အလည်ပြန်လာရင် ပါလာတတ်တဲ့
ထန်းမြစ်မီးဖုတ်ကလေးတွေကို စစားသွားတတ်ပြီး ကြိုက်သွားတာလေ။ အခုတောင် ထန်းမြစ်မီးဖုတ်နံ့သင်း
သင်းလေး ရနေသလိုပဲ။ :D
သူပဲ အကုန်ရေးတတ်တယ်. မပြောတော့ဘူး။
မေ့မရတဲ့ ရက်စွဲတွေထဲမှာ အတိတ်က ပျော်ရွှင်မူတွေက နေရာတနေရာ ဦးထားမြဲပါ အကိုရေ
ကျနော်လဲ ထန်းမြစ်ကြိုက်တယ်း) သိပ်တော့ များများမစားရဲဘူး
လေးစားလျက်
တောင်ပေါ်သား
ခေါင်းပါးလာတဲ့ မေတ္တာတရားတွေ၊ နွေးထွေးတဲ့ မိသားစုဘ၀တွေ.... ထန်းပင်မြစ် မပြောနဲ့ ထမင်းတောင် လက်ဆုံမစားရတာကြာပါပကောလား လက်မခံချင်ဘဲ စီးမျောနေမိရဲ့.
ကြည့်စမ်း တကယ်ကို ခံစားပြီး အတိတ်ကို လွမ်းဆွတ်တမ်းတသွားတာကိုး တို့ မောင်ငယ်က
တို့ တော့ ကိုယ်ကြိုက်တဲ့စားစရာလေးများဆို အကြိုက်ချင်းတူတဲ့လူရှိရင် စားတော့မယ်ဆိုရင်
သိပ်သတိယတာပဲ
ထန်းပင်မြစ်မှသည် အတွေးစလေးတွေကိုယူသွားတယ်
မှတ်ဉာဏ်သိပ်ကောင်းသလို အတွေးအရေးလေးလည်း သိပ်ကောင်းတယ်
ပြောရင်းနဲ့  ထန်းပင်မြစ်လေးကို သတိယသွားပြီး စားချင်ပြန်မိတယ်
နောင့် လဲလွမ်းတယ်...
နောင့် တို့ဆို ဆောင်းတွင်း နေ့တိုင်းမီးလှုံတယ်... လှုံတိုင်းလဲ...တစ်ခုခု ဖုတ်စားတယ်... မုန့်လေပွေ ၊ ထန်းမြစ် ၊ နောက်ဆုံး ပိန္နဲသီးစေ့ မီးဖုတ်စားတယ်...။ မီးပုံနားမှာ အိမ်သားတွေ၊ အိမ်နီးချင်းတွေ စုပြီး... စကားတွေ ပြော... ခုရော....
မသိတော့ဘူး.....
ဆောင်းတွင်းဘတ် ရွာပြန်မရောက်တာ... 6 နှစ်လောက်ရှိပြီ ထင်တယ်..။
ကြာလှပြီ မစားဖြစ်တာ.. ရန်ကုန်ရောက်ကတည်းကပဲ။
ထန်းသီးရော မကြိုက်ဘူးလား။
ငယ်ငယ်တော့ ရွာမှာ ထပင်မြစ်ဝါးရင်း ကွပ်ပစ်ပေါ်ထိုင်...
ကလေးတွေက တပြုံကြီး...
ကွပ်ပစ်ပေါ်မှာ ပက်လက်လှန်ပြီး လတွေကြွေကျတာကို ငေးလိုငေး...
လျှပ်စစ်မီးမရှိတော့ ညနေဆို မှောင်ပြီလေ...
ထန်းမြစ်အလည်အူတိုင်ရိုးနဲ့ ယပ်တောင်လေးတွေတို့ အရုပ်ကလေးတွေတို့ ရက်တာ သွားသတိရသေးတယ်...
(တခုခု ပြန်လာရေးရပါမည်)
းဝ)
ထန်းပင်မြစ် ထဲက.. အဆံလေး ကို.. တရွက်ချင်း ခွာပြီး..ယပ်တောင် ယက် တာ ကော မလုပ်ဘူးလား။း)
ခုတောင်..အနံ့ ရလာပြီ။း)
ထန်းမြစ်ကို မီးဖုတ်ပြီး လဲ ကြိုက်တယ် ပြုတ်ပြီး စားတာလည်း ကြိုက်တယ် ဟုတ်တယ်နော်.............
ဘာဆက်ပြောရမှန်းတောင် မသိဘူး
ထန်းမြစ်နံ့ လေးသင်းတယ်ကို ရွာသားရေ ဟုတ်တယ်ဗျာ အသစ်တွေဘယ်လို ကောင်းကောင်း အဟောင်းကတော တလည်လည် ဆိုသလို ချစ်စဖွယ်ဓလေ့တွေ ဟာ တွေးကြည့်တာနဲ့ ကျေနပ်စရာပီတိဖြစ် စရာ ကောင်းလှသလို ပျောက်ဆုံးကွယ်ပျောက်လု ဖြစ်နေတာကို သိရ မြင်ရ ကြားရပြန်တဲ့အခါလည်း ဆွေးဆွေးမြေ့မြေ့ ကြီးကို ဖြစ်မိတယ် လွမ်းမိတယ်
အဆင်ပြေပါစေ
လေးစားလျှက်
ရန်ကုန်သား :))))
အသက်ကလေးငယ်ငယ်နဲ့လွမ်းတတ်လိုက်တာ လွန်ပါရော ...........သားငယ်ငယ်တုံးကပေါ့လေ...............အစချီ..
ထမိန်မြစ်(ထန်းပင်မြစ်)မစားရတာ နှစ်တော်တော်ကြာနေပြီ..
မကေ ပြောသလို အလယ်ဆံလေးကို ခွာပြီး..
ယက်တောင်လုပ်ရတာလဲ ပျော်စရာ..
ပဲမြစ်ရော..
မလွမ်းဘူးလားး...
ပဲမြစ်ပြုပ် စေးစေးလေးကို ထောင်းပြီး..
မြေပဲဆီလေးဆမ်း..မြေပဲထောင်းလေးဖြူး
ဆားလေးဖြူး..
အို...
ဂလု..ဂလု...
အို လွမ်းလိုက်တာ
ငါလည်းလွမ်းသကွယ်
ဆောင်းမနက်ခင်းတွေကို
ခင်မင်စွာဖြင့်
သီဟသစ်
ထန်းပင်မြစ် ယပ်တောင်လေး သတိရတယ်း)
အနံ့ရလာသလိုပဲ....... :)))
ဆောင်းတွင်းတောင်မရောက်သေးဘူးထပင်မြစ်တွေ
ပေါ်နေုပြီ..?????
ဘယ်ကရလဲ...
လွမ်းအောင်သက်သက်တော့လုပ်မသွားနဲ့လေ
kyun taw lal kyite tal.
try to be friendly.
ထန်းမြစ်ကို မင်းလှနားက ရွာတန်းရှည်သွားလည်တုန်းက စားခဲ့တာ သတိရသွားပီ။
အရမ်းချိုတာဘဲ ချက်ခူး တူးပြီး ပြုတ်ကျွေးတာကို
နောက်ပိုင်းအပြင်မှာ ဝယ်စားပေမဲ့ စားမကောင်းတော့ဘူး။
အိမ်ကိုလွမ်းတာတော့ တူတူပါဘဲ ကိုရွာသားရေ
မနေချင်ပေမဲ့ နေနေရတဲ့ အရပ်မှာ မပျော်ပေမဲ့ ပျော်အောင် ကြိုးစားနေရက်က မိသားစုကို သတိရနေတဲ့စိတ် ဖျောက်မရဘူး။
ကိုယ်ချင်းစာမိပါတယ်။
အင်း ထန်းမြစ်တောင် စားချင်သွားတယ်။ ရန်ကုန်တုန်းက သိပ်အကြိုက်ကြီးမဟုတ်ပါဘူး။ ဒါပေမယ့် ရောင်းနေတာတွေ့ရင်တော့ မေကြီး ထန်းမြစ် ထန်းမြစ်ဆိုပြီး အမြဲပူဆာတယ် ပြီးရင် စားတာလည်းမဟုတ်ဘူး။ ကြာတော့ ပူဆာရင်ဆူရော.. အမှတ်မရှိပါဘူး မြင်တာနဲ့ ပူဆာတာပဲ.. :P
ထန်းမြစ်တစ်ခုအရင်းပြုပြီး တွေးထည့်လိုက်တာများ.. ညီသာဆို တွေးမှာမဟုတ်ဘူး.. ထန်းမြစ်မကြိုက်လို့.. အမျှင်တွေကရှုပ် သွားကြားကညပ်သေး..
ဆိုင်ကယ်စီးပြီး ဖြတ်သွားရင် အဝေးကတည်းက ကြိုသိနေပြီ။ ထန်းပင်မြစ်ရယ် မီးဖိုရယ်ရှိလို့ကတော့ ဆောင်းကို အံတုလို့ ကောင်းမှကောင်း။
ဖတ်လို့ကောင်းလိုက်တာ အစ်ကိုရေ...မျက်လုံးထဲ ဆောင်းမနက် မီးပုံဘေးမှာ ထန်းပင်မြစ်ဖုတ်စား နေကြမဲ့ မြင်ကွင်းလေးမြင်လာတယ်...တကယ်...
ထန်းပင်မြစ်တူးရင်း မစာဥ ပေါ်လာမလားလို့ =)
peace!
Post a Comment