18 February 2010

သို့/



မောင်……………..

အိမ်ရှေ့က သစ်ရွက်ကလေးတွေလေတိုးနေကြပြီ။ ဒီသစ်ပင်လေးတွေ ဖြတ်ခနဲလှုပ်ခါသွားတိုင်း နှင်းအပြေးအလွှားထကြည့်မိတယ်။ မောင်ပြန်လာပြီဆိုရင် ဒီသစ်ပင်လေးတွေအောက်ကနေ တိုးဝင်လာမှာမဟုတ်လား။ မောင်ပြန်လာမယ် မဟုတ်လားဟင်…………..

နှင်း မောင့်ကို စောင့်နေတာ သုံးနှစ်ကျော်လို့ လေးနှစ်စွန်းပြီလေ။ မောင်တစ်ယောက် မေ့ပျောက်နေခဲ့ပြီလား။

နှင်း…မောင့်ကိုမတားနဲ့။ မောင့်မှာဥာဏ်စွမ်းရှိတယ်၊ မောင့်ခြေမောင့်လက်နဲ့ သာယာတဲ့ဘ၀တစ်ခုဖြစ်ဖို့ ဒီခရီးကိုမောင် သွားမှဖြစ်မယ်။

ဒီစကားတွေ ဒီသစ်ပင်လေးတွေအောက်မှာပဲ နှင်းကြားခဲ့ရတယ်။ မောင် ဒီသစ်ပင်တွေလေတိုက်တိုင်း ဒီစကားတွေ ပြန်ကြားနေရတာလား။ သစ်ပင်လေးတွေက ပြန်ပြောတတ်သတဲ့လား။

ဒီမှာနေလို့မောင်တို့ မိသားစု ဘယ်လိုမှ ကောင်းစားမှာမဟုတ်ဘူး။ အတန်တန်တားတဲ့ကြားက မောင်ရယ်။ အေးအတူပူအမျှ မရှိအတူရှိအတူ ဒိုးတူပေါင်ဖက် လုပ်ကိုင်စားကြရအောင်ဆိုတာကို. နှင်းတို့အတွက် နှင်းတို့ကောင်းစားဖို့အတွက် ၀င်ငွေကောင်းကောင်းရှာနိုင်မယ့် ဟိုးခရီးကြမ်း (ခရီးဝေး) တစ်ခုကို သွားပါရစေတော့ဆိုပြီး ဇွတ်တင်းသွားခဲ့တာလေ။

မောင်ပို့တဲ့ငွေတွေ ရပါတယ် မောင်။ မောင်ရေးတဲ့စာတွေလည်း နှင်းဖတ်ရပါတယ်။ မောင်နေသာရဲ့လား အဆင်ပြေရဲ့လား နှင်းလေ ဘုရားမှာလည်း အကြိမ်ကြိမ်ဆုတောင်းပါတယ်။ သူတော်ကောင်းမို့နတ်ကောင်းမစေကြောင်းပေါ့။

သတင်းဌာနတွေကနေ သတင်းဆိုးတွေကြားတိုင်း မိနှင်းတစ်ယောက် ပူဗျာဗွေနှောက်ရတယ်မောင်။ မောင်နေတဲ့အရပ်မှာလား မောင်သွားတဲ့ခရီးမှာလား မှန်းမျှော်ပြီး ပူရတဲ့အလုပ်က ဒီမှာနေပြီး နေ့တိုင်းလုပ်ရတဲ့အလုပ်ဖြစ်နေပြီမောင်။

မောင်ရေ တစ်နှစ်တစ်ခါလောက်များပြန်လာပါတော့လားလို့ ပြောမိပြန်တော့။ ၀င်ငွေလေးရှာနိုင်တုန်း ရှာပါရစေဦးတဲ့။ နှင်းတင် မျှော်တာမဟုတ်ပါဘူးမောင်ရယ် အိမ်ရှေ့က သစ်ပင်လေးတွေကလည်း မျှော်ပါတယ်။ သူတို့ကို ပွတ်တိုက်သွားပြီး အိမ်ထဲဝင်မယ့် အိမ်ရှင်ကို သူတို့လည်း မျှော်ကြမှာပေါ့။

လူကြုံလေးများရှိရင် ကျော်လှော်ပြီး ချက်ပြုတ်ပေးဖို့ မိနှင်းအဆင်သင့်ပါမောင်။ ပေးချင်တဲ့ ပစ္စည်းကများပေမယ့် လူကြုံမျက်နှာကလည်းရှိသေးတာမို့။ တခါကနှစ်ခါ မငြိုငြင်ရအောင် သယ်တဲ့သူ ကြည်ဖြူဖို့အရေးလည်း ကြည့်ရသေးတယ်။ လူကြုံတစ်ခါယူဖို့အရေး ဝေးလံတယ်လို့များ မဆိုလိုက်ပါနဲ့။ ပင်ပင်ပန်းပန်း မီးဖိုခန်းက မထွက်ပဲ ချက်ပြုတ်ပေးလိုက်တာမို့ ဆက်ဆက်ယူစေလိုပါတယ်။

မောင် အဲ့ဒီအရပ်မှာ ပျော်နေခဲ့ပြီလား။ နှင်းကိုရော မေ့နိုင်နေပြီလား။ အင်းလေ အလုပ်က ပင်ပန်းတယ်ဆိုတော့လည်း ထွေရာလေးပါး တွေးမယ်မထင်တတ်တော့ပါဘူး။ တစ်ရက်တစ်ရက် ဇယ်ဆက်သလို လုပ်နေရတယ်ဆို။ အခက်အခဲတွေ တွေ့တိုင်း ဘုရားတရားသံဃာ့ ဂုဏ်တော်တွေကို သတိရပါနော်။

သစ္စာတရားကို မြဲမယ့်လူလို့ နှင်းတော့ယုံကြည်ထားပါတယ်။ ငါးပါးသီလကိုလည်း ခါးဝတ်ပုဆိုးလို ခိုင်ခိုင်ဆောက်တည်ပါမောင်။ အမျိုးဂုဏ် ဇာတိဂုဏ်ကို ပျက်ပြားစေမယ့် အပြုအမူမျိုးလည်း ရှောင်ကြဉ်စေချင်တယ်။

ဖျားနာခဲ့ရင်လည်း ဒီက ပေးတဲ့ဆေးလေးတွေနဲ့ နွေးနွေးထွေးထွေးနေပါ မောင်။ ညကြီးမိုးချုပ်တော့မှ ရေမချိုးနဲ့နော်။ ရာသီဥတုအေးရင် ရေနွေးလေးနဲ့ပဲ ရေပတ်တိုက်ပါ။ ချောင်းအရမ်းဆိုးတတ်လွန်းတော့ အအေးစာတွေ မစားပါနဲ့လား။ ရေကိုကျိုသောက်နော်..

နှင်းအတွက်တော့ မပူပါနဲ့မောင်။ ကိုယ့်အရပ်ဒေသမို့ အရေးဆို ပြေးကူမယ့်သူများပါတယ်။ အဖေနဲ့အမေကိုလည်း နှင်းစောင့်ရှောက်ပါတယ်။ အတွင်းက အပူကိုလည်း အပြင်မထုတ်သလို အပြင်က အပူကိုလည်း အတွင်း မ၀င်အောင် နှင်း စောင့်ထိန်းပါတယ်။

မောင် ပြန်လာမယ် ဆို မြန်မြန်ပြန်လာပါတော့နော်။ သစ်ရွက်တွေ မကြွေခင်ပေါ့………

နှင်း


တနေ့က ပြတိုက်တစ်ခုကို ရောက်ပါတယ်။ ပြတိုက်ထဲက စာတစ်ကြောင်းရယ် တစ်ချို့ပြကွက်တွေက ကျနော့ကို ခံစားမှုတစ်ခုပေးခဲ့တယ်။ ဒီခံစားမှုကို မရေးတတ်ပဲ စာတစ်ပုဒ်အဖြစ် ရေးခြစ်လိုက်ပါတယ်။ အဝေးရောက် အမြင့်ပျံငှက်တိုင်း ကိုရည်ညွှန်းပါတယ်ခင်ဗျာ။

စာတစ်ကြောင်းက ဒီစာပါ

ပြကွက်က နိုင်ငံရပ်ခြားကို အလုပ်သွားလုပ်မယ့် ယောင်္ကျားကို မိန်းမက အတား၊ ယောင်္ကျားဖြစ်သူက မိန်းမရေ မင်းတို့အတွက်ငွေရှာပေးမယ် သွားခွင့်ပြုပါ ဆိုပြီး ပြန်ရေးပေးခဲ့တဲ့ စာလေးပါ။

ပြီးတော့ The painted veil ရုပ်ရှင်ထဲက စာလေးတစ်ကြောင်း

Sometimes the greatest journey is the distance between two people.

12 comments:

Sein Lyan Tun said...

သစ်ရွက်မကြွေခင် မြန်မြန်ပြန်နော် မောင်

မေလေး said...

ရွာမှာကျန်ခဲ့တဲ့ကောင်မလေးပို့တဲ့စာထင်လို့
အောက်ဆုံးရောက်မှသိတော့တယ်။
အဟက်..

ခရေညို said...

လူ့ဘဘဝဆိုတာအဲလိုပါပဲ ရွာသားရေ

မေဇင် said...

ကြိုက်တယ်။ ဘာရယ်မသိဘူး...မျက်ရည်ဝဲ သွားတယ်။

Talkii said...

လွမ်းလို့... အခုပြန်ပို့။

Ree Noe Mann said...

လက်စွမ်းကတော့ ထက်ပါ့။
စာတစ်ကြောင်းတွေ့တာနဲ့ စာတစ်ပုဒ်ဖြစ်တယ်။

စိတ်မဆိုးနဲ့ဗျ။ ဂုဏ်တော်တွေ ဆိုတဲ့နေရာမှာ
ဂုဏ်တွေတော် ဖြစ်နေတယ်။

ပထမ စဖတ်တော့ နှင်းက သူမဟာ သူမ
ပြောနေတယ်လို့ထင်နေမိတာ။
အောက်ဆုံးလေးပိုဒ်လောက်မှ စာရေးပြောနေမှန်း သိတော့တယ်။
ကောင်းတယ် ရိုးရိုးလေးပဲ ဖတ်ရတာ။

khin oo may said...

..

သက်ဝေ said...

အဝေးရောက် အမြင့်ပျံ ငှက် တိုင်း လွတ်လပ်စွာနဲ့
ဟိုး.... အမြင့်ကြီးကို အရောက် ပျံနိုင်ကြပါစေလို့ပဲ စိတ်ထဲမှာ တွေးရင်း ဆုတောင်းနေမိတယ်...

ကြည်ဖြူပိုင် said...

သယ်တဲ့သူ ကြည်ဖြူဖို့ ထည့်မတွက်ပါနဲ့
ကရွာသားရယ် .....နှင်းကအကူအညီတောင်းတယ်ဆို ဘယ်လောက်ပဲလေးလေး ကြည်ဖြူသယ်ပေးမှာပေါ့။
ထည့်ပေးလိုက်စမ်းဘာာာာာာာာာာာာာာာာ။
အားမနာပါနဲ့။ FOC, FOC :P
အနော့်“နှင်း“နဲ့ ကရွာသား“နှင်း“ ဘု နှင်းကပိုချောလဲ?
အနော့်နှင်းကတော့ မုဆိုးမဖြစ်သွားတယ်။ :'(

(နောက်တဲ့ပြောင်တဲ့အပိုင်းတော့ပြီးပြီ...ဗိုလ်ပြောင်ဒင် အတည်မန့်မယ်..ချိုသဲရေ နားဆင်လော့ :P)
ဓာတ်ပုံလေး မြင်ပြီး ရင်အေးလောက်အောင်လှလွန်းလို့ အပြေးလာကြည့်တယ်။ ဓာတ်ပုံလေးသိပ်လှတယ်။ စာလေးကသိပ်ညက်တယ်။ ယူထားတဲ့ ref သိပ်ကောင်းတယ်။ အနှစ်ချုပ်တော့ ဘာမှကိုပြောစရာမရှိအောင်ကောင်းပါတယ်။

ဗိုလ်ပြောင်ဒင် ပြန်ပြီနော်..တာ့တာ :D

Welcome said...

စာတွေ တလေးတစားနဲ့ ဖတ်သွားပါတယ် ..

လေ့လာ မှတ်သားစရာတွေ များသမို့

မကြာမကြာ အရောက်လာပါမယ်

လေးစားလျက်နဲ့

ဇွန်မိုးစက် said...

ရွာသားရေ...စာကြွေးတွေ လိုက်ရှင်းနေတာ။ တလက်စတည်း တို့ နောက်တင်မယ့် ပို့စ်မှာ ရွာသားရေးဖူးတဲ့ပို့စ်တစ်ပုဒ်ကို လင့်ခ်ထည့်ထားတာ အသိပေးချင်ပါတယ်။ ခွင့်ပြုမယ်ထင်ပါတယ်နော်။

Ko Ba Tint said...

ှနှင်းနဲ့မေဦးဘဝက အတူတူဘဲမို့ ကြိုက်နှစ်သက်မိသည်။