30 December 2009

လမ်းခွဲချိန်

လမ်းတိုင်းမှာ လမ်းဆုံလမ်းခွတွေ လမ်းခွဲတွေ ရှိနေတတ်ကြတယ်။ လမ်းဆုံကနေ မိမိလိုရာကို သွားလိုတဲ့အခါ ဒါမှမဟုတ် အကြောင်းတစ်စုံတစ်ရာ ရှိတဲ့အခါ ကျနော်တို့ လမ်းခွဲလေ့ရှိကြရတယ်။ မခွဲချင်ပေမယ့် ခွဲရတဲ့အခိုက်တွေ အများကြီးကြုံရမှာပါပဲ။ အခု ကျနော်လမ်းဆုံတစ်ခုမှာ ရပ်နေတာ ကြာခဲ့ပြီ……………..

လမ်းဆုံကနေ လမ်းခွဲရမယ့် အရေးကို မျှော်နေမိတာလည်း ကြာပါပြီ။ ခွဲရမယ်ဆိုတာလည်း သိပါတယ်။ အချိန်တန်ရင် အိမ်ပြန်ကြရတယ်မဟုတ်လား။ လမ်းဆုံကို မရောက်ခင် လမ်းခုလတ်ကနေ ထွက်ပြေးဖို့လည်း ကြိုးစားဖူးတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။

နာကျင်မယ်ဆိုတာကို သိပါတယ်။ အမြဲတမ်းလည်း နာကျင်ရတယ်။ ဒါကြောင့် လမ်းဆုံကို မရောက်ပါစေနဲ့လို့ တိတ်တိတ်လေးကြိတ် ဆုတောင်းနေမိတယ်။ တောင်းတိုင်း ပြည့်တတ်တာမျိုးမှ မဟုတ်ပဲ။ လမ်းဆုံကို မှုန်ပြပြမြင်နေရပြီ။

မမြင်ချင်ယောင်ဆောင်ဖို့ အတင်း မျက်လုံးကိုလွှဲတယ်။ မရဘူး။ နားကိုပိတ်တယ် ကြားနေရတယ်။ ထိသိစိတ်တွေအားလုံးကို ခဏလောက် လွှင့်ပစ်လိုက်ချင်တယ်။ တဒင်္ဂခဏလောက် နားထိုင်းလိုက်ချင်တယ်ဆိုတာမျိုးပါ။ တကယ့်ကို အိုးထိန်းစက်လို သွက်သွက်ကိုလည်ပြီး ကျနော် သူရူးတစ်ယောက်လို ဖြစ်သွားတယ်။

ဒီလမ်းကို ဖြတ်ရင်လမ်းဆုံကိုတော့ တွေ့ရမှာပဲဆိုတာ သိလျက်နဲ့ မိုက်မိုက်မဲမဲ ဖြတ်မိတာ ကျနော့အမှားလား။ ကျနော် ကိုယ်တိုင်ဒီလမ်းကိုပဲ ရွေးချယ်ခဲ့တာပါ။ ဘယ်သူ ဘာပြောပြောပါလေ။ လမ်းထိပ်မှာ ရပ်ပြီး မြေပုံကိုဖြန့်ကြည့်တုန်းက ကိုယ့်ကိုကိုယ် မေးမိသေးတယ်။ မင်းလမ်းခွဲချိန်ကို ကျော်ဖြတ်နိုင်ပါ့မလား……….

ဟင့်အင်း ငါလမ်းဆုံကို ရောက်မှာ မဟုတ်လောက်ဘူးလို့ ကိုယ့်ကိုကိုယ့် ခံငြင်းမိတယ်။ ကိုယ့်ကိုကိုယ် သိပ်ယုံကြည်စိတ်ချလွန်းတယ်။ တကယ်က သိပ်နုံအလွန်းတယ်ဆိုတာကို အမေ့မေ့ အလျော့လျော့။ အခုတော့…………

ငိုမနေနဲ့။ ရှိုက်မနေနဲ့။ ကိုယ့်ကိုကိုယ် ဆုံးမတယ်။ နာကျင်လည်း ဖြစ်မြဲပဲမို့ နာကျင်လက်စ နာကျင်လိုက်ပါတော့။ ကျင်သထက် ကျင်နေရင်းက ကျဉ်ပြီး နောက်တော့ထုံသွားမှာလို့ အားတင်းတယ်။ ပြီးတော့ လက်မကို လက်သီးထဲ ကျစ်ကျစ်ဆုပ် မေးကြောတွေထောင်နေအောင် အံကြိတ်ပြီး စကားတစ်ခွန်းပြောတယ်

ကျနော်တို့ လမ်းခွဲကြပါစို့………………….

26 comments:

PAUK said...

တော်သေးတယ်..
မျဉ်းပြိုင်လမ်းဖြစ်နေလို့..။။
ဘယ်တုန်းကမှ လမ်းမတူဖူးခဲ့သလို..
ဘယ်တော့မှလဲ ဆုံမှတ်ရှိမှာမဟုတ်ပါဘူး။။

khin oo may said...

ဘာဖြစ်သလဲ၊။

ကောင်းကင်ပြာ said...

ဟင်.........

ThuHninSee said...

လမ်းခွဲပြီးနောက်..လမ်းအသစ်ထပ်တွ့ရမှာပါ။
ပိုကောင်းတဲ့လမ်းတောင် ဖြစ်ချင်ဖြစ်မှာ။
း)

မျှော်လင့်ခြင်း said...

ဇော်ပိုင်ရဲ့  လမ်းဆုံ ဆိုတဲ့  သီချင်းကို သတိရသွားတယ်

ဒါပေမယ့်  နားမလည်နိုင်တာက ကျွန်တော်တို့  ဆိုတာ
ကိုရွာသားနဲ့  ဘယ်သူနဲ့ လဲ
ကောင်မလေးတော့ မဖြစ်ပါစေနဲ့  လို့ ဆုတောင်းပေးပါတယ်

အဆင်ပြေပါစေ။

Unknown said...

ဟင် ဘယ်သူနဲ့ လမ်းခွဲမှာလဲ
စောစောစီးစီး ရင်ထိတ်လိုက်တာ
အင်း
သေချာတာကတော့ ၂၀၀၉ နဲ့  လမ်းခွဲပြီး
၂၀၁၀ လမ်းကိုပဲ ရွေးတော့မယ်ပေါ့
မှန်၏

မေဇင် said...

လမ်းဆုံ............ တစ်နေ့တော့ ရောက်မှာပဲလေ။

မေလေး said...

လန့်လိုက်တာ
ပို့စ်သက်သက်ဖြစ်ပါစေ
ခံစားချက်မဟုတ်ပါစေနဲ့လို့
ဆုတောင်းပါတယ်။

တန်ခူး said...

အငှားခံစားချက်လား… ကိုယ်ပိုင်ခံစားချက်လား… လမ်းဆုံရောက်တိုင်း တယောက်တလမ်းဆီ သွားရမယ်လို့  ပုံသေပြောလို့ မှမရပဲ… ကိုယ်ရွေးလိုက်တဲ့ လမ်းနဲ့ သူရွေးလိုက်တဲ့လမ်း တူနေခဲ့လို့ ရှိရင် ဒါလမ်းခွဲလို့  ဘယ်လို ပြောလို့ ရမလဲ… သူရွေးတဲ့လမ်းကို ကိုယ်က တမင်မရွေးပဲ ထားရင်တော့ တမျိုးပေါ့… တမင်မရွေးတဲ့ အကြောင်းရင်းက ခိုင်လုံမှုရှိတယ် သဘာဝကျတယ် လုပ်သင့်တယ်ဆိုတာမျိုးဆို လမ်းခွဲပစ်လိုက်ရတာ ပိုမကောင်းဘူးလား… တကယ်လို့  သူနဲ့ ကိုယ်တလမ်းထဲရွေးချယ်လို့  ဘယ်သူတဦးတယောက်မှ မထိခိုက်ဘူး ဘယ်သူ့ နှလုံးသားမှ တံတားခင်းစရာမလိုဘူးဆို နားလည်မှု လွဲရုံသက်သက်ဆို ရှေ့ ဆက်သာလျှောက်… ရဲရဲလျှောက်ပေါ့…

ဇွန်မိုးစက် said...

လမ်းခွဲချိန်..မှာတော့ အနည်းနဲ့အများ နာကျင်ရတတ်ပါတယ်။
စကားမစပ် ရွာသားကို လင့်ခ် လိုက်မယ်နော်။

sait phay yar said...

ခွဲချင်ဘူး..........

Anonymous said...

puzzle again!

yangonthar said...

တွေ့ ဆုံချစ်ခင်ကြဖို့ သိပ်လွယ်သလောက် လမ်းခွဲတဲ့အခါ သိပ်ခက်ခဲရတယ် .... ကိုယ်က ချစ်ခင်လေလေ လမ်းခွဲချိန်ရောက်တဲ့အခါ ခက်ခဲလေလေပဲပေါ့ လူ့ သဘာဝ လူ့ သဘော မဟုတ်လား ကိုရွာသားရေ .... ခွဲခွာခြင်းရဲ့  သဘာဝ နာကျင်မှုတွေ ကြားက တစ်နေ့ ပြန်ဆုံ ဖို့ အတွက် မျှော်လင့်ချက်လေးတွေ ကို ကြည်မွေ့ ခံစား ပြီး အပြုံးနဲ့ နှုတ်ဆက်ကြပါစို့  ဘာလို့ လမ်းခွဲကြသလဲဆိုတာကိုတော့ ကျွန်တော် တို့ ထည့်စဉ်းစားရမှာပေါ့ .... အတွေးတွေ နဲ့  ပြန်သွားပြီ မိတ်ဆွေကြီးရေ ...
ခင်တဲ့
ရန်ကုန် သား
မင်္ဂလာရှိသော နှစ်ကူးအခါသမယ ဖြစ်ပါစေ

yangonthar said...
This comment has been removed by the author.
Ree Noe Mann said...

ဘယ်လိုပဲ ခွဲခွဲပါ။ ဖတ်လို့ ကောင်းတာတော့ ကျနော် အတွက် သေချာတယ်။

လမ်းဆုံလမ်းခွမှာ ရပ်ပြီး ထင်မြင်ချက် အမျိုးမျိုးနဲ့
တွေးပြီ ခြေတလှမ်းမှ မလှမ်းရသေးပဲ ပိုစ့်တစ်ခုဖြစ်အောင်
ရေးသွားတော့ နှစ်သက်မိတယ်။
ဝေဖန်တာ မဟုတ်ဘူးနော်။ ထင်ချင်သလို ထင်သွားတာ။
စိတ်မဆိုးစေချင်......

Nge Naing said...

Happy New Year! 2009 ကို နှုတ်ဆက်ခဲ့ပါတယ်။ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။ ဘာနဲ့ လမ်းခွဲတာကို ဆိုလိုချင်တာလဲ။

ညီလင်းသစ် said...

ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖြစ်ပါစေ ကိုဝိုင်တီယူ....။

၂၀၀၉ ကိုလမ်းခွဲပြီးရင်တော့ ၂၀၁၀ ရဲ့လမ်းတွေပေါ်မှာ အောင်မြင်စွာ လျှောက်လှမ်း နိုင်ပါစေဗျာ...။

Moe Cho Thinn said...

2009 ကို လမ်းခွဲတာ မဟုတ်လား။ နောင်လာမဲ့ ၂၀၁၀ က ပျော်ရွှင်စရာ အတိ ဖြစ်နေမှာပါ။ စာရေးနိုင်လွန်းတဲ့၊ ရေးသလောက်လဲ ကောင်းတဲ့ ကိုရွာသား.. အမြဲ ပျော်ရွှင် နိုင်ပါစေလို့ အမ ဆုတောင်းလိုက်ပါတယ်။

ကလူသစ် said...

Happy New Year !!!!!!!!!!!

pandora said...

မင်္ဂလာနှစ်သစ်ပါ.. အသစ်အသစ်သော လမ်းတွေပေါ်မှာ ပျော်ရွှင်အေးချမ်းစွာ လျှောက်လှမ်းနိုင်ပါစေ

ဇွန်မိုးစက် said...

နှစ်သစ်ကို ချစ်တဲ့သူများနဲ့ ပျော်ရွှင်ချမ်းမြေ့စွာ အတူတကွ ဖြတ်သန်းနိုင်ပါစေ။

မယ့်ကိုး said...

အက်ဆေးလေး အရမ်းလှတာပဲ။ ၂၀၀၉ လမ်းအခွဲကို နုလှနေအောင် ရေးတတ်ပါပေတယ်။
ပျော်ရွှင်ဖွယ် နှစ်သစ်ကစ မင်္ဂလာအပေါင်း ခညောင်းပါစေ။
စာကောင်းလေးတွေ အများကြီးဆက်လက်ရေးနိုင်ပါစေ။

ဂျစ်တူး ( မုံရွာ ) said...

နှစ်သစ်မှာကျန်းမာပျော်ရွှင်စွာနဲ့ စာကောင်းကောင်းတွေ
များများရေးလို့ များများဖတ်ရပါလို၏။ ကျန်းမာပါစေမင်္ဂလာနှစ်သစ်ပါခင်ဗျာ

မီယာ said...

Happy new year ပါ ရွာသားရေ... လမ်းသစ်ပေါ်မှာ ခွန်အား အသစ်တွေ အပြည့်နဲ့ ပျော်ရွှင်စွာ လျှောက်နိုင်ပါစေနော်

SHWE ZIN U said...

ိကိုဝိုင်တီယူ ရေ
တချို့စာတွေက မမြင်ရဘူးဖြစ်နေတယ်
mozilarfirefox နဲ့ဖွင့်ပါတယ်

လာလည်သွားတယ်နော်
http://shwezinu.blogspot.com

Ko Ba Tint said...

ကွန်မန့်ရေးဖို့ကြိုးစားတာကြာပါပြီ ၃လတောင်ရှိခဲ့ပါပြီ

လမ်းခွဲကြပါစို့ကို Post တင်တင်ခြင်းဖတ်ဖြစ်ခဲ့ပါတယ်
ပြိုင်ပွဲဝင်သင့်သော ဆောင်းပါးတိုလေးဖြစ်သည်
ထပ်တူထပ်မျှခံစားရပါသည်။ အဆင်ပြေလားဟင်?
If you have good ways for that can you share me?))P: