21 June 2009

ချစ်ခြင်းမဲ့ စစ်ပွဲများနဲ့ အနုပညာ


ဒီတပတ် ကြည့်ဖြစ်တဲ့ ဇာတ်ကားအဟောင်းလေးပါ။

ပိုလန်နိုင်ငံကိုအခြေစိုက်ထားတဲ့ဇာတ်ကားလေး။ ၀ါဆော ရေဒီယိုအသံလွှင့်ခန်းမှာ စန္ဒရားတီးတဲ့ အနုပညာရှင်တစ်ယောက်ရဲ့ ဘ၀ကိုစစ်ပွဲတွေနဲ့ ယှဉ်ပြသထားခဲ့တာ။ ဒုတိယကမ္ဘာစစ်ရယ် နာဇီဝါဒရယ် ဂျူးလူမျိုးတွေရယ် တကယ့်သမိုင်းတွင် ပုံရိပ်တွေပါပဲ။ လူသားဆန်ခြင်းကင်းမဲ့တဲ့ စစ်ပွဲရဲ့ အရသာက ခါးသီးစက်ဆုပ်ဖို့ကောင်းလှပါလား။

ပိုက်ဆံလေးနှစ်ဆယ်နဲ့ ဘာဝယ်ရမလဲ။ ဂျူးမိသားစုတစ်စု လက်ဝယ်ထားရှိရမယ့် ငွေကြေးဟာ သိပ်နည်းလွန်းတယ်။ လူမျိုးလိုက် မျိုးဖြုတ်မယ့် အကြံကို ကြံရက်တဲ့သူကို မြင်ဖူးချင်မိတယ်။ မြတ်နိုးတဲ့ အဖိုးတန် စန္ဒရားကို ၂၀၀၀နဲ့ ချရောင်းလိုက်ရတာပေါ့ ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုတာကိုး။

လမ်းမပေါ်မှာ အစာရေစာ ငတ်ပြတ်နေတာတွေ။ အစားအစာ ခိုးယူမှုနဲ့ ကလေးတစ်ယောက်ကို သတ်ဖြတ်နေတာတွေ။ အမယ်အိုဆီက လုယက်ပြီး လမ်းပေါ်မှာ ဖိတ်ကျတဲ့ အစားအစာတွေကို မိန်မိန်ယှက်ယှက် ကုန်းရက်နေတာတွေ။ အနိဌာရုံတွေပါပဲ။ စစ်ပွဲတိုင်းဒီမြင်ကွင်းတွေ ကြုံတွေ့ရမှာတဲ့လား။ ဘယ်သူကမှ မကူညီနိုင်ကြတော့ဘူးလား။ တိုးတိုးရေရွတ်မိတယ်….ဘုရားကယ်တော်မူပါဆိုတဲ့ စကားလုံးကို တိုးတိုးရေရွတ်မိတယ်။

ပြီးတော့ အာဏာရှင်ဆန်မှု။ လက်နက်ကိုင်ထားတဲ့သူတွေရဲ့ ကြီးနိုင်ငယ်ညှဉ်း လူလူချင်းစော်ကား အနိုင်ကျင့်မှု။ သူတို့ကို ဘယ်နည်းနဲ့မှ မတွန်းလှန်နိုင်ကြတော့ဘူးတဲ့လား။ အာဏာဆိုတဲ့နောက်မှာ အနိုင်ကျင့်မှု ဆိုတဲ့ စကားလုံးပဲရှိတော့တာလား။ မျှတမှု စောင့်ရှောက်မှုဆိုတဲ့ စကားလုံးတွေ စာနာမှုအပြည့်နဲ့ တစ်ယောက်တည်းဖြည့်နေမိတယ်။

ဝှီးချဲနဲ့ အဖိုးအိုကို မတ်တပ်ရပ်နှုတ်မဆက်နိုင်လို့ တိုက်ပေါ်ကပစ်ချခဲ့တာတွေ။ ကိုယ်လိုသူလို လူတွေပါလားလို့ ထည့်မတွက်ပဲ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာတွေ။ အဲ့ဒီကာလမှာနေရရင် ကျနော်ကိုယ်တိုင်လည်း ငိုးကြွေးမိမယ်ထင်ပါတယ်။

စန္ဒရားဆရာတစ်ယောက်ရဲ့ အနုပညာဟာ စစ်ပွဲတွင်းမှာပဲ ပျောက်ဆုံးခဲ့ရတယ်။ မိသားစုကိုလည်း ဆုံးရှုံးသွားခဲ့ရတာပါပဲ။ သူတို့ရဲ့ နောက်ဆုံးနေ့လည်စာစားပွဲလေးကို မြင်ယောင်ရင်း ရင်ထဲမှာ တနုံ့နုံ့ဖြစ်စေခဲ့တယ်။ မိသားစုနဲ့ ခွဲခွာရမယ်ဆို တော်တော်ကို ခက်ခဲလေးလံပါလား။ အစုအလိုက်အပြုံလိုက်သတ်ဖြတ်မယ့်နေရာကို သွားဖို့ တစ်ယောက်တစ်လက်ဆွဲလို့ အားကြိုးမာန်တက်သွားနေလိုက်ကြတာ။ ချစ်ခင်သူတွေနဲ့ ဝေးကွာမှာစိုးလို့ အော်လို့ ဟစ်လို့ ဆွဲလို့ လွှဲလို့။

သေတွင်းကိုပို့မယ့်အရေးက သီသီလေးလွဲခဲ့ပြန်တယ်။ ဒါပေမယ့် အကျဉ်းသားတစ်ယောက် ပြီးတော့ ဂျူးလူမျိုးတစ်ယောက်အတွက် ကျန်နေခဲ့တဲ့ နေ့ညတွေကလည်း အိပ်မက်ဆိုးတွေချည်းပါပဲလေ။ သေတွင်းနှုတ်ခမ်းဝမှာ ဓါးလည်ပင်းထမ်း ပြီးလျှောက်နေရသလိုပဲ။

ပြီးတော့ ခိုးကြောင်ခိုးဝှက် ပုန်းလျှိုးကွယ်လျှိုး ဘ၀။ စန္ဒရားမြင်ပါလျက် မတီးရတဲ့ဘ၀။ ဘယ်လောက်ဆိုးလိုက်သလဲ။ ကီးတွေအပေါ်မှာ လက်ကလေး လေထဲမြောက်ပြီး သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ် တီးနေလိုက်တာများ..နင့်နေအောင်ခံစားရပါတယ်။

အသက်တစ်ခုရှင်သန်ကျန်ရစ်ဖို့ ခက်ခဲပင်ပန်းလိုက်တာဗျာ။ ရေတစ်ပေါက်သောက်ရဖို့ အစာတစ်ခုစားရဖို့ အဲ့သလောက်တောင် ပါးရှားခဲ့တယ်တဲ့။ ဂျပန်စစ်ပွဲမှာ နေထိုင်ခဲ့ဖူးတဲ့ အဖိုးအဖွားတွေကိုမြင်ယောင်မိတယ်။ သူတို့ကော အဲ့လို ခံစားခဲ့ရမယ်ထင်တယ်။

စည်ကားလှပါတယ်ဆိုတဲ့ မြို့ကြီးတွေ အတုန်းအရုန်းပျက်စီးနေကြပြီ။ ဘယ်သူမှ မကျန်ရစ်တော့ဘူးဆိုရင် အထီးကျန်စွာရူးသွပ်သွားမယ်ထင်မိတယ်။ ကြံ့ခိုင်တဲ့ စိတ်ဓါတ်ရှိမယ် ဆိုတာ သိပ်မသေချာဘူးလေ။

တစ်ခုတည်းသော စားစရာ သံဗူးကို ဖွင့်ဖို့ကြိုးစားရင်း ဂျာမန်စစ်ဗိုလ်နဲ့တွေ့တဲအခန်း။ စည်သွတ်ဗူးထဲက တစ်စိမ့်စိမ့်ထွက်ကျနေတဲ့ အရည်တွေကို နှမြောတသစွာထိုင်ကြည့်နေရုံပေါ့။ မင်းဘာအလုပ်လုပ်သလဲဆိုတော့ ငါ စန္ဒရားဆရာပါ ဆိုတဲ့ အဖြေရယ် နှစ်ရှည်လများ မတို့ထိခဲ့ရတဲ့ စန္ဒရားကို စမ်းတ၀ါးဝါးကနေ အားရှိပါးရှိတီးလိုက်တဲ့ အချိန်လေးရယ် သိင်္ဂါရ ရသကိုဖြစ်စေခဲ့တယ်။

မင်းသိပ်မစောင့်ရတော့ပါဘူး။ စစ်ပွဲပြီးရင်မင်းဘာလုပ်မလဲဆိုတော့ ၀ါဆောအသံလွှင့်ရုံမှာပဲ စန္ဒရားတီးမယ်တဲ့။ မင်းနာမည်ပြောပြပါ ငါစောင့်ပြီးနားထောင်ပါမယ် လို့ပြောပြီး တကယ်တမ်းတော့ နားထောင်ခွင့်မရသွားရှာဘူးနဲ့တူပါတယ်။ နွေးထွေးတဲ့ ကုတ်အင်္ကျီလေးတစ်ထည်နဲ့ အနုပညာကို နောက်ဆုံးပူဇော်ခဲ့တဲ့ပုံပါပဲ။ ဂျာမန်စစ်ဗိုလ်ခမျာ ဆိုဗီယက် သုံ့ပန်းစခန်းမှာပဲ ၁၉၅၂ခုနှစ်မှာ သေဆုံးသွားခဲ့တယ်။

ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်ဆိုတဲ့ အတိုင်း အောင်နိုင်သူအဖြစ်ကနေ ရှုံးနိမ့်သူဖြစ်ရပြန်တယ်။ ရုရှားတွေအောက်မှာ စစ်သုံ့ပန်းဖြစ်သွားတဲ့ ဂျာမန်တွေကို ဂျူးတွေ ပိုလန်လူမျိုးတွေက သိပ်နာကျည်းကြမှာပဲ။ သူတို့ကိုယ်တိုင်မကျူးလွန်ပေမယ့် ဂျာမန်အများစုကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ကျန်ရစ်တဲ့ ဂျာမန်တွေ ခါးစည်းခံရမှာသေချာပါတယ်။

တစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ လူမျိုးစု တစ်စုနဲ့ အခြားလူမျိုးတစ်စု အမုန်းတရားတွေ အခြေခံတဲ့ စစ်ပွဲတွေက သိပ်ကိုဆိုးဝါးလွန်းတယ်။ အာဏာရရှိဖို့အတွက် လူသားချင်းစာနာညှာတာမှုဆိုတာကို စတေးခဲ့ကြရမှာပါ။ ခွန်အားကြီးသူက ခွန်အားငယ်သူတွေကို နိုင်လိုမင်းထက်ပြုကျင့်လေ့ရှိတာ တိရိစ္ဆာန်စိတ်လို့ကျနော်တော့ ယူဆမိတယ်။ လူသားဆိုတာ အိပ်စားကာမသုံးမျိုးသာသိတဲ့ တိရိစ္ဆာန်ထက်သာတဲ့ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဥာဏ်ဆိုတာ ရှိရမယ်လေ။ အတ္တတရားတွေများ သိပ်များလွန်းသွားလို့လား။ အမုန်းတရားတွေကပဲ တွန်းပို့လေသလား ဝေေ၀၀ါးဝါးပါပဲ။

လူမျိုးစုအလိုက်သတ်ဖြတ်မှုကို ဟိုတယ်ရ၀မ်ဒါ နောက်မှာ ကြည့်ဖြစ်တဲ့ ဒုတိယဇာတ်ကားပါ။ ကြိုက်လို့သိမ်းထားပါတယ် ဒါပေမယ့် နောက်ဘယ်တော့မှ မကြည့်တော့ဘူး………..

21 comments:

PAUK said...

ရုပ်ရှင်ကြည့်ခဲတယ်..
ဒီလိုကားမျိုးလေးတွေတော့ ကြိုက်တယ်..
အွန်လိုင်းမှာတော့ မကြည့်ဖြစ်ဖူး..
အခွေသွားငှားလာကြည့်အုန်းမှပဲ..

ဖိုးသင်္ကြန် said...

အိပ်ရေးပျက်ရကျိုးနပ်တယ်ပေါ့။
ကူးပြီး ကြည့်လိုက်မယ်ဗျို့။

PAUK said...

အစ္စရေး ..ဂါဇာကမ်းမြှောင်...
စစ်ပွဲတွေ မုန်းဖို့ကောင်းတယ်..

ATN said...

သည်ကားက အော်စကာရတဲ့ ကားကိုး...
ပီယန်းနစ်စ် လိုပဲ စန္ဒယား နဲ့ ပတ်သက်တဲ့ နောက် အော်စကာရတဲ့ ကားတကား ရှိသေးတယ်... ကြည့်ဖူးသလားတော့ မသိဘူး
http://www.imdb.com/title/tt0107822/
ကောင်း မကောင်းကတော့
ကိုယ်တိုင် ကြည့်ပြီးမှပဲ ဆုံးဖြတ်ကြည့်ပေါ့...
ဇာတ်အကျဉ်းကသည်မှာ -
http://www.fys.uio.no/~magnushj/Piano/summary.html

ခမ်းကီး said...

အာဏာရှင်ကို မုန်းတယ်..
အတ္တကြီးသူကို မုန်းတယ်..
စစ်ကို မုန်းတယ်..

ကျေးဇူးပါဗျာ။

Rita said...

good review!

သက်ပိုင်သူတို့ ရွာသားတို့ post တွေ ဖတ်ပြီးရင် ရုပ်ရှင်တွေ ကြည့်ဦးမှလို့ စိတ်ဖြစ်မိတယ်။

Anonymous said...

စန္ဒရားဆရာရဲ့ အနုပညာကိုတော့ ခံစားကြည့်ချင်တယ်၊ တခြားဟာတွေကိုတော့ မကြည့်ရဲဘူး၊ မကြည့်ချင်ဘူး။

Yu Ya said...

Adrien Brody ရဲ့ သရုပ်ဆောင်မှုကလည်း Good တယ်မဟုတ်လား ကိုရွာသား...

မီယာ said...

review ဖတ်ပြီးကြည့်ချင်တယ်။ သတ်တဲ့ ဖြတ်တဲ့ ကားတွေဆိုလည်း ဘယ်လို ကြောက်မှန်းမသိဘူး။

ညီလင်းသစ် said...

အဲဒီကားကို သုံးလေးကြိမ်လောက် ကြည့်ဖူးတယ်၊ တခါကြည့်တိုင်း တမျိုးစီခံစားရတယ်၊ အော်စကာနဲ့ တန်လောက်အောင်လည်း Adrien Brody က သရုပ်ဆောင်ကောင်းလွန်းလှတယ်၊

ကြိုက်တာလေးတစ်ခုက အဲဒီကုတ်အင်္ကျီကြောင့်မှားပြီး အပစ်ခံရတော့မလို ဖြစ်ပြီးမှ " Why are you wearing that f**king coat? " လို့မေးတာကို တုန်တုန်ချိချိ ကြောက်ကြောက်လန့်လန့်နဲ့ " I am cold " လို့ပြန်ဖြေတဲ့ အခန်းပဲ၊ လူသားရဲ့ အခြေခံ လိုအပ်ချက်က စစ်ပွဲရဲ့အရောင်အသွေး၊ ဘက်မတူမှု၊ စတာတွေကို ရိုက်ချိုးချလိုက်တဲ့ အဖြေကျစ်ကျစ်လစ်လစ်လေးပါပဲ၊

မခ said...

ဒီကားလေးကို ကြည့်ဖူးတယ်။ စိတ်ထဲနင့်အောင်ခံစားရလွန်းလို့ အဲလိုကားမျိုးတွေ ထပ်မကြည့်ချင်တော့တာ

ရွှေပြည်သူ (ShwePyiThu) said...

ဇာတ်ကားကောင်းတစ်ခုမို့လို့ ကြည့်ဖို့ ကြိုးစားဖူးပါတယ်။ အနိဌာရုံတွေ ဆက်မကြည့်ရက်တော့လို့ တဝက်နဲ့ ကြည့်တာ ရပ်ခဲ့တဲ့ ဇာတ်ကားပါ... ရင်အနင့်ဆုံးအခန်းက တံတိုင်းတဘက်ကို ကလေးလေးတွေ ထွက်ပြေးဖို့ ကြိုးစားတဲ့အခန်း...။ နောက် လုံးဝ ထပ်မကြည့်ဖြစ်တော့ပါဘူး...

Rita said...

ကြည့်မယ် ဆိုတဲ့ စိတ်ဖြစ်မိတာတော့ အမှန်ပါပဲ။ ဖတ်နေချိန်မှာ။ ဒါပေမယ့် ကိုယ်က ရုပ်ရှင် ကြည့်ခဲတယ်။

khin oo may said...

စာသားတွေ ကို ချီးမွမ်းသွားတယ်။

khin oo may said...

စာသားတွေ ကို ချီးမွမ်းသွားတယ်။

khin oo may said...

သုံးထားတဲ့စကားလုံးကလေးတွေ သိတ်ကောင်းတယ။် တစ်လုံးချင်းစီဟာ ကျစ်လစ်နေတယ။် နလုံးသားကို ထိခိုက်နာကျင်စေတယ။်

Anonymous said...

ဇာတ်ကားကြည့်ရတာထက်ကို အရေးအသားနဲ့တင် တော်တော်လေး ပြည့်စုံနေပါပြီ ... ဇာတ်ကားက ပေးမယ့် ရသကို ပို့စ်တစ်ပုဒ်တည်းက အနှစ်ချုပ်ခံစားလိုက်ရတယ် .. ဒါပေမယ့် ဒီကားလေးကိုတော့ ကြည့်ဖြစ်အောင် ကြည့်ဦးမယ် ... ကျွန်တော်လည်း နောက်ဘယ်တော့မှ မကြည့်ဖြစ်အောင် သိမ်းထားရမယ့် ကားတစ်ကားလိုချင်လို့ ....
နေဒေးသစ်။

NangNyi said...

ညီညီလည်း ဒီကားကြိုက်တယ်.. ၃ ၄ ခါတော့ ကြည့်ပြီးပြီထင်တယ်.. ရဝမ်ဒါကိုတော့ ၁ ခါပဲကြည့်တယ်.. (ဇောက်ထိုးကြီး)

မိုးခါး said...

ဖတ်ရတာနဲ့တင် စိတ်ထဲမကောင်းစရား(
မကြည့်တော့ဘူး
စိတ်ဆင်းရဲလို့း(

Unknown said...

ရေးတာလေးက သိပ်ကောင်းလွန်းတော့
ဖတ်ရင်းနဲ့  ကြက်သီးထမိတယ်

အဲ့လိုရက်စက်တာမျိုးကိုတော့ အပြင်မှာကြည့်ရဲဖူး
ဖတ်ရင်းနဲ့ တောင် လန့် နေမိတယ် စစ်ဆိုတာကို
စစ် အမုန်း အာဏာ ဘာတခုမှ မကောင်းဘူး

ရုပ်ရှင်များ၂ကြည့်ပြီး အခုလို ရသမြောက်အောင် ရေးပေးတာ ကျေးဇူးတင်တယ်

Anonymous said...

ခု ကြည့်နေတယ်။
ပြောစရာ စကားမရှိရလောက်အောင်ပါပဲ .....................................................