25 December 2008

ချိတ်ဆွဲထားတဲ့မီးအိမ်တစ်လုံးနဲ့စကားပြောခြင်း




မီးအိမ်လေးက ဒီအခန်းထဲမှာ ရှိနေတာကြာလှပေါ့။ တစ်ချို့က မြင်တယ် မီးအိမ်လေးတစ်လုံးပါလားတဲ့။ တစ်ချို့က တော့ သိတောင်သိမသွားပါဘူး။ လှည့်တောင်မကြည့်ကြပါဘူး။ အချို့ချို့ကတော့ အရပ်ရှည်လို့ထင်ပါရဲ့ မီးအိမ်လေးကို တိုက်သွားကြတယ်။ တောက်...ခေါက်တဲ့ အခါခေါက်.. နေရာတကျလေးပြန်လှည့်ပေးတဲ့အခါပေးပေါ့။ လူအမျိုးမျိုးကတော့ ဒီအခန်းလေးထဲမှာ ဖြတ်နေတာပါပဲ။ မီးအိမ်လေးကလည်း ရှိနေတာပါပဲ။ မှတ်မိသူမရှိ သိသူမရှိ အသိအမှတ် မပြုလည်း မီးအိမ်လေးကတော့ ရှိနေဆဲပဲ။


ဟေ့ မီးအိမ်လေး
ဗျို့

မင်းကိုမြင်တာကြာနေပြီနော်
ဟုတ်ဗျ ကျနော်က ချိတ်ဆွဲခြင်းခံထားရတဲ့မီးအိမ်တစ်လုံးပါဗျ

မင်းကဘာအတွက်ရပ်တည်နေတာလဲ
ဗျာ...ကျနော်လည်းသေချာမသိပါဘူး ကျနော်သတိထားမိတဲ့အချိန်မှာ ကျနော်က ဒီအခန်းထဲမှာရောက်နေခဲ့တာ။

မင်းမှာခံစားတတ်တဲ့နှလုံးသားရှိတယ်ဆိုတာဟုတ်လားဟင် တစ်ဆိတ်မသိလို့နော်
အင်းကျနော်လည်းစဉ်းစားနေတာပဲဗျ သေချာတာတော့ အဖြေမပေါ်သေးဘူးဗျ။ ခံစားတတ်တဲ့နှလုံးသားရှိခဲ့ဘူးတယ်ထင်တာပါပဲ။အင်း ရှိခဲ့ဖူးသလိုလိုပါပဲ။

ဟောဗျာ ရှိဖူးသလိုမရှိဖူးသလိုဆိုတာက ဘာပါလိမ့်
ရှင်းရင်းရှုပ်မယ်ခင်ဗျ။ တစ်ခါခါ ခံစားချက်တွေက သိပ်ပင်ပန်းတယ်ဗျာ။ အဲဒီအခါ ခံစားတတ်တဲ့နှလုံးသားကို မေ့ထားပြီး ကျနော်အိပ်ပျော်နေမိတယ်။ ဒါပေမယ့် သေချာတယ်ကျနော် ခံစားချက်တွေကို ကြိုက်တယ်ဗျ။ ပြောထားပါတယ်ဗျာ ရှင်းရင်းနဲ့ ရှုပ်မယ်လို့။

ထားပါတော့ဗျာ ခင်ဗျားလိုချင်တာကကော ဘာပါလိမ့်
ဒီမေးခွန်းက တော်တော်လေးကောင်းတယ်ဗျ။ ဖြေချင်သလိုဖြေကြည့်မယ်ဗျာ။ ကျနော်လိုချင်တာ နားလည်မှုဆိုတာပါ။ အကြင်နာတွေ မေတ္တာတွေက သိပ်ဝေးနေသေးတယ်လေ။ (မေးခွန်းမေးသူက ဒီနေရာမှာ သိပ်ကြီးကျယ်တဲ့ မီးအိမ်ပါလားဆိုပြီး မျက်ခုံးရှုံ့လိုက်ပါတယ်)စဉ်းစားကြည့်ပါဗျာ။ ကျနော့ကို မီးအိမ်လေးအဖြစ်နားလည်ပေးမယ့် သူတွေရှိခဲ့ဖူးတယ်။ ပြောပဲပြောသွားတာပဲဗျ။ သိပ်မကြာခင်မှာပဲ မီးအိမ်လေးကို စိတ်ပျက်သွားကြတာချည်းပဲ။ မယုံရင်စောင့်ကြည့်။ ကျနော်ပြောတာမယုံရင်လေ။

ဖြတ်...ဟောဗျာ မီးပျက်သွားပြီ။

မီးအိမ်လေးနဲ့စကားပြောနေတုန်း မီးအိမ်လေးပျောက်ဆုံးသွားပါတယ်...

5 comments:

ရွှန်းမီ said...

လူတွေက မီးအိမ်ဆိုရင် မီးထွန်းထားတာပဲ မြင်ချင်ပြီး မီးမှိတ်နေတာ မီးလောင်သွားတာ ဆိုရင် မခံစားနိုင်ကြဘူး။
သူ့ဘာသာ နေတဲ့ မီးအိမ်ကို ပိုးကောင်တွေ တိုးရင်တောင် ကြည့်မရ ဖြစ်ကြသေးတာပဲ။ လူတွေပဲလေ. . . ။

Anonymous said...

မီးအိမ်ကလေးက အလင်းရောင်တွေ ပေးခဲ့တာပဲ ။ စိတ်မပျက်ပဲ အလင်းပေးခဲ့တဲ့ အမှတ်တရတွေအတွက် အမှတ်ရနေရင်ကော အဲ့လိုလည်း ရှိမလားလို့ ထင်တာပဲ မသိဘူး ။ စလုံးမှာလည်း မီးပျက်တာပဲလားး =)

khin oo may said...

ခေါင်း…သိတ် စား…တယ်။။ စဉ်းစားရလို့။

ဝေလေး said...

မယုံရင်စောင့်ကြည့်တဲ့.... မီးပြန်လာတဲ့အချိန်စောင့်ခိုင်းတာလား.... မသိ :D
ခံစားတတ်တဲ့နှလုံးသားကိုမေ့ထားပြီး အိပ်ပျော်သွားတာနေမယ်... မေးခွန်းတွေမေးလွန်းလို့ စိတ်ပျက်ပြီးတော့လေ... အိပ်ပျော်ချင်ယောင်ဆောင်တာလည်း ဖြစ်နိုင်တာပဲ....

Unknown said...

အက်ဆေးရေးတဲ့သူက မီးအိမ်လေးလား
မီးအိမ်လေးနဲ့ စကားပြောနေသူလား ဆိုတာ စဉ်းစားသွားတယ်
တခါတရံ မျှော်လင့်နေတဲ့အရာတခုက ထင်တဲ့အတိုင်းဖြစ်မလာရင်လည်း မီးအိမ်လေးဖြေသလို ပဲ စိတ်ပျက်သွားကြတာတွေများကြတယ်