11 December 2008

ဖျားနာခြင်း ချစ်ရက်ရှည်




ဒီနေ့ သိပ်အထီးကျန်ဆန်တယ်။ ဘာကြောင့်လဲလို့မမေးပါနဲ့။ ကျနော်ဖြေမှာမဟုတ်လို့ပါ။ ဒီညကိုကျော်ဖြတ်ဖို့တော်တော်ကြိုးစားရမယ် ဆိုတဲ့အသိနဲ့ ဘယ်လိုကုန်ဆုံးအောင် ဖြုန်းတီးရမလဲ စဉ်းစားမိတယ်။ ဟိုလူခေါ် ဒီလူခေါ်နဲ့ နောက်ဆုံး အဆင်ပြေတဲ့ လူနဲ့ ထုံးစံအတိုင်း အပျင်းပြေ အချိန်ကုန်အောင် ရုပ်ရှင်ကြည့်မိပြန်ရော…

ဇာတ်ကားအစလေးက အသံလေးနဲ့စထားတာ။ စာတစ်စောင်ကိုဖတ်ပြနေတဲ့အသံ။ နားမလည်နိုင်တဲ့ ဂျပန်စကား။ အသံကနားထောင်လို့သိပ်ကောင်းတယ်။ ခက်တာက စာတန်းတွေသိပ်မြန်နေတယ်။ နောက်တော့ ဆိုင်ကယ်စီးဖို့ အားယူရင်း ပြုတ်ကျသွားတဲ့ ဂစ်တာကို ဒေါသတစ်ကြီးရိုက်ချိုးလိုက်တဲ့ Aga။ ဟုတ်တယ် တစ်ခါတစ်လေ ထွက်ပေါက်တစ်ခုကို ဖွင့်ပေးလိုက်မှ။ ဇာတ်ကားကို တိုင်ပေဆိုတဲ့ ကျွန်းလေးမှာ စတည်ခဲ့တာ။

အစပိုင်းနဲ့ အလယ်ပိုင်းကို ဟာသတွေနဲ့ပဲ ခေါ်သွားခဲ့တာ။ ဟာသတွေဆိုတာ တကယ်ရီရတဲ့ ပျော်ရွှင်ဖွယ်ဟာသတွေပါ။ လူငယ်တွေရဲ့ ဘ၀တွေ မိသားစုအရေးတွေ ဘ၀တွေကို တစစီဆွဲထုတ်သွားခဲ့တာ။ စည်းကမ်းလိုက်နာမှုဆိုတဲ့ စကားကို ပြသွားတဲ့ အမြင်လေးလည်းသိပ်လှပါတယ်။ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းတာကို ဖမ်းတော့ ကျန်နေတဲ့လူတွေကို မဖမ်းပဲ ဘာလို့ငါ့ကျမှဖမ်းတာလဲလို့အမေးကို မင်းကံဆိုးနေလို့ဆိုတဲ့ အဖြေနဲ့ ပြထားခဲ့တာ။

ရှုံးနိမ့်မှုတွေနဲ့ ပြန်လာတဲ့ လူငယ်တစ်ယောက်ကို စာဝေခြင်းဆိုတဲ့ အလုပ်နဲ့ နှစ်သိမ့်နိုင်ပါ့မလား။ စိတ်ပျက်အားလျော့ခြင်းဆိုတာကို ဖြေဖျောက်နိုင်မယ့် နည်းက ဘယ်မှာပါလိမ့်။ စိတ်မပါတဲ့ အလုပ်ကို လုပ်နေမှတော့ ဘယ်လိုလုပ် အဆင်ပြေပါတော့မလဲ။

မဝေဖြစ်တဲ့ စာတွေကြားထဲက သိပ်လှတဲ့ စာထုပ်လေးတစ်ထုပ်ကို ဖောက်လိုက်မိတယ်။ ကြိုးလေးတွေကို ထိရှရင်းဖွင့်ချင်စိတ်ပေါက်သွားပါလိမ့်မယ်။ အထဲမှာ ဓါတ်ပုံတစ်ပုံနဲ့ စာခုနှစ်စောင်။ အဲဒီစာတွေကို ဇာတ်ကားတစ်ခုလုံး နောက်ခံအဖြစ် ရွတ်ပြသွားခဲ့တာ။ စာထဲက စကားတွေသိပ်လှပြီး သိပ်ချစ်ဖို့ကောင်းတာလေ။ ဒါပေမယ့် အားလုံးကို မဖတ်မိလိုက်တာတော့ ကျနော်ညံ့လို့ပါ။

နောက်တော့ ဒေသစွဲ။ ဒီပင်လယ်ကြီး ဒီလောက်လှနေတာကို ဘာဖြစ်လို့လူငယ်တွေ နိုင်ငံရပ်ခြားမှာ သွားအလုပ်လုပ်ချင်ရတာလဲ ဆိုတဲ့ မေးခွန်း။ ကျနော့ကိုမေးရင်လည်း ဖြေရခက်မယ်ထင်တယ်။ ကိုယ့်ဒေသကို ချစ်မြတ်နိုးစိတ်နဲ့ ဒီမြေမှာလုပ်တဲ့ပွဲကို ဒီကလူတွေနဲ့ပဲ လုပ်ချင်ခဲ့သတဲ့။ အပြင်က ကျွမ်းကျင်သူတွေ မငှားပဲ တစ်ယောက်တစ်လက် ၀ိုင်းစုစည်းပြီး တီးဝိုင်းထောင်ဖို့ကြိုးစားခဲ့ကြတာ။ ဒေသခံ လူကြီးနဲ့ လူငယ်ကြားက ညှိလို့မရတဲ့ ကြိုးတွေလည်း ၀ိုင်းညှိခဲ့ကြတာ။

လူမျိုးမတူတဲ့ စီစဉ်သူ (သူကိုယ်တိုင်ကလည်း အလုပ်အတွက် စိတ်ပျက်)၊ မလုပ်ချင်ပါပဲ အရင်တီးဝိုင်းက အဆိုတော်တစ်ယောက်မို့ သံယောဇဉ်မကုန်တဲ့သူ (သူလည်း စိတ်မပါလက်မပါ)။ အဲဒီလူနှစ်ယောက်နဲ့ ဗြုတ်စပျင်းတောင်း လူတစ်သိုက်ရဲ့ တီးဝိုင်း။ ဘယ်လိုမှ အောင်မြင်နိုင်စရာလမ်းမမြင်။

နောက်ဆုံးမှာတော့ ရန်ဖြစ်ရင်း ရန်ဖြစ်ရင်းကနေ သူတို့ နှစ်ယောက်ချစ်ကြိုးသွယ်ခဲ့ကြတယ်။ ချစ်ကြိုးရဲ့ နောက်မှာ အဲဒီစာလေးကလည်း ပါနေပြန်တယ်။ စာကို ဆုံးသွားပြီဖြစ်တဲ့ ဂျပန်လူမျိုးတစ်ယောက်ရဲ့ သမီးက တိုင်ပေက အမျိုးသမီးတစ်ယောက်ကို ပို့ပေးလိုက်တာပါ။ လိပ်စာက လွန်ခဲ့တဲ့ အနှစ်ခြောက်ဆယ်ကမို့ ရှာဖို့လုံးဝမလွယ်။ ဒီစာက အဲဒီအမျိုးသမီးအတွက် သိပ်အရေးကြီးပါတယ်။ သူ့ခံစားနေရမယ့် အနှစ်ခြောက်ဆယ်ကြာ အလွမ်းတွေအတွက် ဖြေသိမ့်ပေးတဲ့စာပါ။ သူတို့သုံးသွားတဲ့ စကားလုံးက lovesickness ပါ။ ကျနော်ကတော့ ဖျားနာခြင်းအချစ်ရက်ရှည်လို့ သုံးလိုက်ပါတယ်။

အနှစ်ခြောက်ဆယ်ကြာအောင်ဘာလို့ခံစားရတာလဲ။ ဂျပန်လူမျိုး ကျောင်းဆရာတစ်ယောက် သူ့နိုင်ငံကို ပြန်ရတော့မယ် ဆိုတော့ ချစ်ရတဲ့တိုင်ပေသူလေးကို တစ်ခါတည်းခေါ်မယ် ပြောပြီးမှ ထားခဲ့မိတဲ့ သူရဲ့ သတ္တိနည်းမှုတွေအတွက်ပါ။ သူ့အတွက်တော့ ပင်လယ်ကျိန်စာ ကောင်းကင်ကျိန်စာတွေနဲ့ အဲဒီအနှစ်ခြောက်ဆယ်လုံးနေထိုင်သွားရတဲ့ အထိတဲ့။ အဲ့လောက်ချစ်တတ်ရက်နဲ့ ထားခဲ့ရက်တယ်ဗျာ။

အကြောင်းကြောင်းကြောင့် စာကလေးကို ပိုင်ရှင်ဆီရောက်အောင်ပို့ပေးနိုင်ခဲ့တယ်။ ပိုင်ရှင်ဆီကအပြန်မှာတော့ Aga တစ်ယောက် ဂျပန်ပြည်ကို ပြန်ရတော့မယ့်ချစ်ရတဲ့ Tomoko ကို ပြောဖြစ်တဲ့ စကားတွေက မင်း…ချန်နေရစ်ခဲ့ပါ ဒါမှမဟုတ် မင်းသွားရင် င့ါကိုတခါတည်း ခေါ်သွားပါဆိုတဲ့ စကားလေးပါ။ စာကလေးတွေက တွန်းအားပေးလိုက်တယ်ထင်ပါတယ်။

ခံစားမှုတွေ အပြည့်နဲ့ဆိုတော့ အဲဒီ ဂီတညချမ်းလေး အောင်မြင်ခဲ့ပါတယ်။ ချစ်တဲ့သူတွေလည်း ကြည်နူးရပါတယ်။ ဂျပန်ကျောင်းဆရာလေးကိုလည်း တိုင်ပေသူလေးက ချစ်ခြင်းမေတ္တာအားဖြင့် ခွင့်လွှတ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

ဒီဇာတ်ကားလေး အပြီးမှာတော့ ဖျားနာခြင်း အချစ်ရက်ရှည်ကို ဘယ်လောက်ထိအောင် ခံစားရမှာလဲဆိုတဲ့ အသိနဲ့ ရင်ထဲမှာ တမြည့်မြည့် ဖြစ်ကျန်ခဲ့တော့တာပါပဲ……

11 comments:

khin oo may said...

စိတ်မကောင်းလိုက်တာ

ThuHninSee said...

အဲ..အလွမ်းကားတွေ မကြည့်ချင်ဘူး။
အလိုလိုမှ ငိုချင်ရတဲ့အထဲ။
အာပြဲကြီးနဲ့အော်ငိုလိုက်ပြီး နှပ်တွေကို
ညှစ်လိုက်တာ အပေါ်မှာရေးထားတဲ့
မခင်ဦးမေကို စင်သွားတယ်။

WWKM said...

အဲဒီဇာတ်လမ်းလေး အစ်မမကြည့်ဘူးသေးဘူး.
ဇာတ်လမ်းနာမည်က lovesickness လား.

RePublic said...

ဇိမ်ကျနေတယ်ပေါ့ ညီရွာသားရေ ၊၊ ရုပ်ရှင်ကားတွေ တစ်ကားပြီးတစ်ကား ကြည့်နေတာ ၊၊ အချစ်ရက်ရည် ဖျားနာရင်တော့ မကောင်းဘူးဗျာ ၊၊

ကိုရုပ်ဆိုး said...

အင်း ... အရင်တုန်းက ဒီနေ့မှာ တစ်ယောက်တည်း မဟုတ်ခဲ့ဘူးနဲ့တူတယ်။ ဖျားနာခြင်းချစ်ရက်ရှည်ကို ကုလို့ရမယ့် နည်းတွေအများကြီးပဲ ရွာသားလေးရေ ... ကိုယ်နဲ့ ကိုက်မယ့်ဟာ ရွေးဖို့သာ ခက်တာ :)

Anonymous said...

ဒီပို့စ်ဖတ်ရတာ ဇတ်ကားကို ဖော်ကျူးမှုထက် မြှုပ်ကွက်တွေ များတဲ့ ကိုရွာသားလေးရဲ့ အရေးကို သဘောကျတယ် ။

ဘာကြောင့်လဲလို့မမေးပါနဲ့။ ကျနော်ဖြေမှာမဟုတ်လို့ပါ။ အဆင်ပြေတဲ့ လူနဲ့ ထုံးစံအတိုင်း အပျင်းပြေ အချိန်ကုန်အောင် ရုပ်ရှင်ကြည့်မိပြန်ရော…

မဖြေချင်ပါဘူးဆိုမှ စပ်စုချင်တဲ့စိတ်က ဖုံးမရ ဖိမရ အထာတွေနည်းနည်းတော့လျှော့ပါး)

Moe Cho Thinn said...

ရွာသားတို့များ အထီးကျန်ပါတယ်ဆိုမှ အလွမ်းကား အချစ်ကား သွားကြည့်မိရက်သားဖြစ်နေတာကိုး။ ဖြစ်မှ ဖြစ်ရလေ..၊ စိတ်ထိန်းမှပေါ့ မောင်လေးရေ..။

ဇင်ယော် said...

ကိုရွာသားက ရုပ်ရှင်တွေကြည့်ပြီး အထီးကျန်နေတာကို ဖြေဖျောက်နေတယ်ပေါ့လေ။ ဇာတ်လမ်းလေးက မိုက်တယ်ဗျာ။ ဒါပေမယ့် အနော်တို့ က အသဲနုတော့ ဟင့်အင်း ကြည့်ဘူး။ ခံစားရမှာစိုးလို့  အဟေး။ ဖျားနာတာက ရက်ရှည်ဆိုရင် မကောင်းဘူးနော် ကိုရွာသားရဲ့။

တန်ခူး said...

တို့ လဲ ခုတလော အထီးကျန်ဝေဒနာ ခံစားနေရတယ်…
အိမ်ကလူ အလုပ်ကိစ္စနဲ့ ခရီးထွက်သွားလို့ လေ… (8-))
သားလေးနဲ့ ဆော့နေရတာ အလွမ်းပြေသလိုတော့ ရှိပေမယ့်… အင်း… လွမ်းတာကတော့ လွမ်းတာပဲပေါ့…
အထီးကျန်နေတဲ့အချိန်ဆို ပျော်စရာကားတွေ ရွေးကြည့်ဖြစ်တယ်…
အဲဒီလို အချစ်ကားနုနုလေးတွေဆို ခံစားရလွန်းလို့ … ရွာသားလေး ခုထိဖျားနေသလိုပေါ့…
တို့ လဲ ခုတလော အထီးကျန်ဝေဒနာ ခံစားနေရတယ်…
အိမ်ကလူ အလုပ်ကိစ္စနဲ့ ခရီးထွက်သွားလို့ လေ… (8-))
သားလေးနဲ့ ဆော့နေရတာ အလွမ်းပြေသလိုတော့ ရှိပေမယ့်… အင်း… လွမ်းတာကတော့ လွမ်းတာပဲပေါ့…
အထီးကျန်နေတဲ့အချိန်ဆို ပျော်စရာကားတွေ ရွေးကြည့်ဖြစ်တယ်…
အဲဒီလို အချစ်ကားနုနုလေးတွေဆို ခံစားရလွန်းလို့ … ရွာသားလေး ခုထိဖျားနေသလိုပေါ့…

Unknown said...

.......

Unknown said...

ဖျားနာခြင်း အချစ်ရက်ရှည်တဲ့လား
ဒီဖျားနာခြင်းကတော့ ဆရာဝန်ဆီကို သွားပြလို့ မရဘူး ကွယ် သိပ်ဆိုးလွန်းတဲ့ စိတ်ဝေဒနာတခုပဲ
ဒီတော့ မဖျားအောင် ကြိုတင်ကာကွယ်နိုင်ပါစေ ကုသမှုထက် ကာကွယ်ခြင်းက ပိုကောင်းမလားလို့ 

(အင်း ရွာသားလေးကို ပြောရင် ကိုယ့်ဘာကိုယ်ပါ ကာကွယ်ဖို့  သတိပေးရမယ်)