03 December 2008

သားလေးမှ မေ့အကြောင်းတစ်ပိုင်းတစ်စ


မတန်ခူးရဲ့ သားလေးအကြောင်းကိုဖတ်ရင်း ထားခဲ့ရတဲ့ ငယ်ဘဝကို သတိရလာမိတယ်။ အခုမတန်ခူးခံစားသလို တွေးသလို မေလည်းတွေးခဲ့မှာပဲနော်။ သြော်မေ……….

ဖေက ကျနော့ကိုမွေးပြီး ၈လလောက်မှာ အလုပ်ဝင်ပါတယ်။ သန်လျင်ရေနံချက်စက်ရုံမှာပါ။ ကျန်းမာလာတဲ့ မေကလည်း သူ့ရဲ့ဆရာမအလုပ်ကို ပြန်လုပ်ပါတယ်။ မေကျတဲ့နယ်က လူဆိုးလူမိုက်တွေ သိပ်ပေါတဲ့နယ်။ ဒီပဲယင်းဆို သိပ်မစိမ်းကြလောက်ပါဘူးနော်။ ရေဦးတံဇယ်လမ်းပေါ်ကပေါ့။ ဆရာမ အပျိုချောချောလေးတွေဆို အတင်းဖက်နမ်းတတ်တာ ဒီနယ်ပေါ့။ ကလေးငယ်လေးနဲ့ အိပ်နေတုန်း ထရံကြားက လက်တစ်ဖက်နဲ့အတင်းစမ်းတာကို ငှက်ကြီးတောင်လက်ကဆွဲပြီး တဆတ်ဆတ်တုန်နေတဲ့ မေ့ရဲ့စွန့်စားခန်းတွေရှိတဲ့ နေရာ။

နယ်တစ်ဝိုက်မှာတော့ ကျားခင်စိန်ဆို မေပါပဲ။ စာမေးလို့မရရင် စိတ်တိုပြီး ဒတ်စ်တာနဲ့ ပေါက်တတ်လို့ ခေါင်းပေါက်တဲ့ကျောင်းသားမိဘနဲ့ ပြဿနာတတ်တဲ့ဆရာမပေါ့။ ဒါတောင်ကျောင်းသားတိုင်းရဲ့ လွယ်အိတ်ထဲမှာ ဒါးမြှောင်ကိုယ်စီနဲ့နော်။ နယ်အနေအထားအရ ကာကွယ်ရေးအတွက်လိုအပ်တယ်ထင်ပါရဲ့။ ပထဝီမြေပုံတွေကို လက်တမ်းဆွဲသင်တတ်တဲ့ ပထဝီဆရာမလေးပါ။ ကျနော်တော့ ပထဝီဆို လတ္တီကျု လောင်ဂျီကျုနဲ့တင် ပတ်ချာလည်နေတာလေ။

ဖေနဲ့မေ တစ်နယ်စီဆိုတော့ ကျနော့ကိုထိန်းဖို့ ကလေးထိန်းငှားရတာပေါ့။ ကလေးထိန်းက ဘယ်လောက်တော်တယ် ထင်သလဲ လက်တိုဂျင်နို့မှုန့်တွေကို ကလေးကို မတိုက်ပဲ အပြင်မှာရောင်းစားပြီး ကလေးကို ထမင်းရည်ပဲတိုက်ခဲ့တဲ့အထိတော်တာ။ ထမင်းရည်ဆို အခုထိ မကြည့်ချင်တော့လောက်အောင် မုန်းနေမိတာ။ နောက်ဆုံး အိမ်မှာရှိသမျှ ပစ္စည်းတွေ ခိုးပြီးဆင်းသွားတဲ့အထိကို တော်ရှာတာ။

ကလေးထိန်းမရှိတဲ့နောက်တော့ အိမ်ရှေ့က ဘကျော်နဲ့ မေကြည်ကတစ်လှည့်ကြည့်။ သူတို့မအားရင် ကလေးတစ်ဖက်နဲ့ ကျောင်းကိုတက်။ နေ့ကျောင်းရော ညကျောင်းရော မပြတ်သင်ရတဲ့ မေနဲ့အတူ ကျောင်းထုပ်တန်းမှာ ပုခန်းတန်းလန်းနဲ့ ကလေးကပါစမြဲ။ အတန်းမဝင်ရတဲ့ ဆရာ ဆရာမ မှသည် ကျောင်းအုပ်ကြီးအထိ ပုခက်လွဲတာဝန်။

စာသင်ချိန်ရှိသမျှအပြည့်သင်ပေးရတဲ့ အပြင် မလာတဲ့ဆရာတွေအစားပါ ဝင်ခိုင်းတတ်တယ်တဲ့။ ယောကျ်ားသားမရှိဘဲ တစ်ယောက်တည်း ဘယ်လောက် အတိဒုက္ခရောက်လိုက်မလဲနော်။

ဒီကြားထဲသိပ်ဆိုးဝါးတဲ့ ကလေးလေ။ မေကျောင်းက ပြန်လာတိုင်း ကျောင်းရှေ့မုန့်ဆိုင်က ဝက်အူချောင်းကြော်နဲ့ ငှက်ပျောသီးကြော်မပါရင် စိတ်ဆိုးပြီးစကားမပြောတော့ဘူး။ ငယ်နာမည်တွင်တာကိုက ဂျစ်ကန်ကန် ဂျပန်လေးတဲ့။ အဲဒီနယ်က ဝက်အူချောင်းက သိပ်ကောင်းတယ်လေ။ တစ်ခါသား မေ့တပည့်တစ်ယောက် အိမ်ကို အလည်သွားရင်း ချကျွေးတဲ့ ဝက်အူချောင်းကြော်ကို တစ်ပန်းကန်လုံးကုန်အောင် စားလိုက်လို့ အပြန်မှာဆူခံရသေးတယ်။

နောက်ထပ်ဆိုးတဲ့ အချက်က မင်္ဂလာဆောင်က ကျွေးတဲ့ ကြက်သားဟင်းစပ်လို့ အော်ငိုပြီး ရေနဲ့ဆေးစားမယ်ဂျီကျဖူးတယ်လေ။ စပ်လို့ဆိုပြီး ငိုတဲ့ ဆရာမသားဆို အဲဒီနယ်မှာမေးလို့ရတယ်။

အဆိုးဆုံးတစ်ခုကတော့ ရပ်ကျော်ရွာကျော်အဖြစ်ဆုံး နှစ်နှစ်သားပဲရှိသေးရဲ့ အိမ်ရှေ့ရေမြောင်းထဲမှာ ရေငုပ်ပြီး တူတူပုန်းတဲ့ ဆော့တဲ့ အဖြစ်ပါ။ ကံကောင်းလို့ ဆွမ်းခံကြွတဲ့ ကိုရင်တွေ ကယ်ပေလို့ ရေမှမကူးတတ်တာလေ။ နို့မို့ဆို ရွာသားလေးဆိုတာ ရှိလာမှာမဟုတ်တော့။

ဆယ်တန်းတွေကို စေတနာအပြည့်နဲ့ အချိန်ပြည့်သင်တဲ့ဆရာမ စာမကျက်ပေမယ့် စာမေးပွဲမစသေးခင် ဆရာမက အသံမထွက်တော့။ ရောဂါအခံကလည်းရှိတော့ ဒီပုံနဲ့ ကြာကြာမခံ ဗုန်းဗုန်းလဲတော့တာပါပဲ။ နေမကောင်းတဲ့မေ့ကို လာပြုစုရင်း ဖေတစ်ယောက်လည်း မောင်ကြီးမပြန်နိုင်နဲ့ အလုပ်ပြုတ်ပါတော့တယ်။ နောက်တစ်လုပ်ဝင်တော့ မန်းသံပုရာကန်မှာပေါ့။ ဒီတစ်ခါတော့ ဖေကလည်း တစ်အားပြော၊ ဖိုးနဲ့ဖွားကလည်း တိုက်တွန်းဆိုတော့ မေတစ်ယောက်သူချစ်တဲ့အလုပ်ကို ကျန်းမာရေးဆိုတဲ့ အဓိက အချက်နဲ့ ကျောခိုင်းလိုက်ရပါတော့တယ်။ မဟုတ်လည်း သူ့လစာတွေအားလုံး ကျောင်းသားတွေ ကျောင်းလခ ဒိုင်ခံသွင်းပေးနေတော့တာ။

မိဘတွေလည်း မိဘတွေအလျောက် ဘဝတွေကို ရုန်းကန်ကြရတာပေါ့။ သားသမီးတွေလည်း သားသမီးတွေအလျောက်မိဘတွေရဲ့ မေတ္တာရင်ငွေ့ကို အချိန်ပြည့်လိုချင်တာ။ ပြန်လာရင် မိဘနားက မခွာချင်တော့။ ပင်ပန်းတယ်ဆိုတာလည်း ငယ်စိတ်နဲ့ နားမလည်ခဲ့။ ရင်ခွင်ထဲ ဝင်မယ်တကဲကဲလေ။ အဲဒါတွေ မေ့အတွက် ပိုပင်ပန်းစေခဲ့တယ် ဆိုတာကို သိတဲ့ အချိန်မှာတော့ အဝေးဆုံးကိုရောက်နေပြီလေ……

အခုချိန်မှာ ကိုငှက်ရဲ့ အမေ့အိမ်သီချင်းကိုဆိုရင်း ထို့ထက်ပို၍ အဝေးရောက်သားဆိုးများသို့ဆိုတဲ့စကားကိုသာ တွင်တွင်ရွတ်နေမိတာ။

13 comments:

မေငြိမ်း said...

တကယ်တော့ ၀န်ထမ်းမိဘတွေရော.. ၀န်ထမ်းသားသမီးတွေပါ သနားစရာကောင်းတဲ့ နိုင်ငံလေ.. အမတို့ နိုင်ငံက..။

ရွှေပြည်သူ (ShwePyiThu) said...

စပ်လို့ဆိုပြီးငိုတဲ့ ဆရာမသားရေ... (သိသွားပြီ နောက်ကို မုန့်ဆို စပ်တာတွေပဲ ရွေးကျွေးတော့မယ်း)) “ကျောင်းရှေ့မုန့်ဆိုင်က ၀က်အူချောင်းကြော်နဲ့ ငှက်ပျောသီးကြော်မပါရင် စိတ်ဆိုးပြီး စကားမပြောတော့ဘူး” တဲ့... ရာဇ၀င်နဲ့ချီပြီး အစားပုတ်တာ ခုမှပဲပေါ်တော့တယ်း)) စတာပါ ကိုရွာသားလေးရေ... မေးထောက်ပြီး ရေးထားတဲ့နောက်ကို လိုက်ပါစီးမြောရင် ဖတ်သွားပါတယ်။ ရေးထားတာအရမ်းကောင်းသလို ကိုရွာသားလေးရဲ့အမေကို ဘယ်လောက် လွမ်းနေမယ်ဆိုတာကိုပါ ကိုယ်ချင်းစာကြည့်လို့ ရပါတယ်။ ကိုရွာသားလေးရဲ့ အမေကလည်း အဝေးတနေရာက လိမ္မာတဲ့ အမေ့ကိုချစ်တဲ့ သားအတွက် နေ့တိုင်း ဂုဏ်ယူနေမှာပါ...

khin oo may said...

ဘာဘဲဖြစ်ဖြစ် အမေရှိသေးတာတော်သေးရဲ့ ဘယ်လောက်ဘဲဝေးဝေး။ ငါ့မှာ အမေရှိတယ် ။ အဖေရှီတယ်လို့အားရဝမ်းသာတွေးလိုက်စမ်းပါ..

ဟန်လင်းထွန်း said...

တွေးမယ်ဆို အများကြီးပဲဗျာ။ ကြိုက်တယ်

တန်ခူး said...

ရွာသားလေးက အမစာဖတ်ပြီး မျက်ရည်ကျ
အမက ရွာသားလေးစာဖတ်ပြီး မျက်ရည်ကျ
အင်း… တို့ မောင်နှမ၂ယောက်ကတော့ ဟုတ်နေပြီ
အဲဒီနယ်က အဲလောက်တောင်ပဲလား… ရွာသားလေးမေမေကို ကိုယ်ချင်းစာမိပါတယ်… စိတ်ဓါတ်အတော် ကြံ့ခိုင်တာပဲနော်…
အခက်အခဲတွေ အန္တရာယ်တွေ ကြားထဲက ရုန်းကန်ကာကွယ်ပြုစုပျိုးထောင်ပေးခဲ့တဲ့ အမေ့ရဲ့ ကြီးမြတ်တဲ့ မေတ္တာကို ထင်းကနဲတွေ့ ရတဲ့ ပို့ စ်လေးပါ…
ဒီပို့ စ်လေးကို အမေ့ကိုပေးဖတ်ရင် အမေပီတိဖြစ်သွားမှာပါ…
တိုက်ဆိုင်တာက တို့ အမေလဲ ဆရာမ… ပထ၀ီဆရာမပဲ… သူကလဲ မြေပုံလေးတွေဆို ကော့ပြန်နေအောင် အလွတ်ဆွဲတတ်တာ… တို့ ကတော့ ညံ့လိုက်တဲ့ ပထ၀ီ… ဒါကြောင့်လဲ အင်ဂျင်နီယာ ဖြစ်တာထင်တယ်…
ရွာသားလေးဖေဖေက မန်းသံပုရာကန်မှာ လုပ်ဖူးတယ်လား… တို့ ဦးလေးလဲ အဲဒီမှာ လုပ်ဖူးတယ်… အဲဒီအချိန်လောက်တုန်းက ဖြစ်နိုင်တယ်… သိနေမလားတောင် မသိဘူးနော်…

:P said...

အမေနဲ့ သား ကြည်နူးစရာ အဖြစ်လေးတွေ..

Anonymous said...

အင်း မထင်ရဘူး ဒီခလေးဆိုးမယ်လို့း) ခုနဲ့တော့ အားလုံးပြောင်းပြန် ဂျီမကျတက်တော့ဘူးနော့် ။ အစ်ကို့အမေကတော်လိုက်တာ သားကိုလည်းချစ် ရဲရင့်တဲ့အမျိုးသမီးတစ်ယောက်ပဲ လွမ်းမယ်ဆို လွမ်းလောက်ပါရဲ့ သားလိမ္မာလေး ချစ်တဲ့ အမေ့နား နေနိုင်တဲ့ရက်တွေ နီးလာပါစေလို့ ဆုတောင်းပါတယ်.

ဗီလိန် said...

မြင်တတ်မယ်ဆိုရင်တော့ မိဘမေတ္တာ၊ ဆရာမမေတ္တာတွေ အပြည့်နဲ့ ကြည်နူးအားကျစရာပါ။ မမေငြိမ်းရေ သနားစရာ ကောင်းလောက်အောင်တော့ ကျုပ်တို့တိုင်းပြည်က မဆိုးရွားသေးပါဘူးဗျာ။ ဒါလေးတွေက ချစ်စရာဓလေ့လေးတွေပါ။

ကိုရုပ်ဆိုး said...

အင်း .... ရွာသားရေ ..။ လေးစားတယ် သူငယ်ချင်းရယ်။ တို့များမတော့ နီးနေလို့လားမသိ အိမ်တောင် သိပ်မရောက်ဖြစ်။
အမေ့ကိုချစ်တဲ့သား၊ အမေကချစ်တဲ့သား၊ ပြန်လာတဲ့ရက်မှ အမေ့ရင်ခွင်ထဲ အတိုးချပြီး ခေါင်းတိုးဝှေ့လိုက်ပေါ့ ရွာသားရယ်။

သက်ဝေ said...

ကိုယ့် မေမေလဲ ဆရာမ...
ပြီးတော့ ပထဝီပဲ သင်တာ...
ပြီးတော့ လောလောဆယ် အဝေးမှာ...

Unknown said...

ဖတ်ရင်း သတိယသွားပြီး တို့ မေမေကို
တို့ မေမေလည်း ဆရာမပဲ သနားမိတယ် ကလေးတွေ တဖက် ကျောင်းတဖက် မွေးမြူရေးအလုပ်ကတဖက် (လစာမှမလောက်တာနော့) ဖေဖေအလုပ်က တနေရာစီ အင်း စဉ်းစားရင်း ပိုသတိယပြီး လွမ်းသွားတယ် (ငိုချင်တယ် ပြီး ပြန်ချင်တယ်) ရွာသားလေးမေမေက သိပ်သတ္တိကောင်းတာပဲ (ရေးတတ်လိုက်တာ မေမေ့တမ်းချင်းလေးကို)
မြင်မိအောင်ရေးတတ်တယ် လူဆိုးလေးပုံကို
ဝက်အူတောင့်တွေစားတာများလို့  ၀က်ပုံလေးပေါက်နေ ဦးမယ် (၀က်သားအများကြီးမစားနဲ့  ကျန်းမာရေးအတွက်)

Unknown said...

စကားမစပ် အခုသားဆိုးလေး မဟုတ်တော့ဘူးမလား
(တို့ ဆို အမေသီချင်းတွေ နားမထောင်ဘူး နားထောင်တိုင်း ငိုမိလို့ )

ကြည်ဖြူပိုင် said...

:)