skip to main |
skip to sidebar
ထွန်းညှိထားဆဲ ဖယောင်းတိုင်တစ်တိုင်။ အမှောင်ထဲမှာ အလင်းတွေ ပေးနေတယ်လို့ သူ့ကိုယ်သူယူဆထားတဲ့ ဖယောင်းတိုင် တစ်တိုင်။ ထက်ဝက််လောက်အထိတော့ ထွန်းညှိပြီးသားဖယောင်းတိုင်။ ကုန်သည်အထိ အလင်းပေးမယ်လို့ ခံယူထားတဲ့ ဖယောင်းတိုင်ပေါ့………..
ဒီဖယောင်းတိုင်ဘယ်လိုဖြစ်တည်လာတာပါလိမ့်။ ဆရာတော်ဘုရားက သီတင်းကျွတ်ခါနီးတိုင်း ဝါဆိုဖယောင်းတိုင်လုပ်ဖို့အသင့်ဖြစ်နေတတ်တယ်။ ကျောင်းဝန်းက ဘုရားဝန်းနဲ့နီးတာမို့ ဘုရားဆီမီးခုံက ဖယောင်းတွေကလည်း မျက်စ ပစ်နေကြပြီ။ ကျောင်းသားလေး ခမျာ သူနေ့တိုင်းထိုးနေရတဲ့ သံပြားလေးနဲ့ အုံခဲ စုပုံနေတတ်တဲ့ ဖယောင်းပြင်ကို လက်တင်တွန်းရင်း ပါလာတဲ့ အိတ်ကလေးထဲ ကျုံးကျံုးထည့်တာပေါ့။ ဒီဖယောင်းခဲတွေရဖို့ လက်ကလေးတွေတောင်နီလို့။ ညဘက် ဘုရားစာရွတ်ချိန်မတိုင်မချင်း ရသလောက် စုဆောင်းရင်း အိတ်ကလေးကို တမြတ်တနိုးပိုက်ပြီးပြန်နေကြလေ။ ဘုရားဆည်းလည်းတွေက နှုတ်ဆက်တေးတွေဆိုနေတယ်လို့ သူမှတ်ယူနေကြ။
တော်တော်လေးစုမိဆောင်းမိပြီဆိုတော့။ ဆရာတော်နေ့ဆွမ်းဘုန်းပေးပြီး သပိတ်တွေဆေးပြီးရင် မီးမွှေး ဖယောင်းကျိုဖို့ပေါ့။ ဖယောင်း အညစ်တွေကို ဆရာတော်သန့်စင်ခိုင်းတဲ့နည်းနဲ့ စနစ်တကျလုပ်။ သန့်ပြီဆိုတဲ့ ဖယောင်းတွေကိုတော့ မြေကြီးထဲမှာ စီပြီးစိုက်ထားတဲ့ ဝါဆိုဖယောင်းပုံသွပ်လုံးလေးတွေ ဆီကို ဦးတည်ရတာပေါ့။ မီးဇာကို ကပ္ပိယကြီး ကျစ်ပေးထားတဲ့ အတိုင်း သွပ်လုံးထိပ်နှစ်ဖက်မှာ သံချောင်းလေးတွေနဲ့ကလန့်။ ပြီးမှ ဖယောင်းတွေ အသာလောင်း။ ဟော….ဝါဆိုဖယောင်းတိုင်တွေ တစ်တိုင်ပြီးတစ်တိုင်။
ဖယောင်းတိုင်လေး ပြောတဲ့စကားကို နားထောင်မိကြလားဟင်။ မီးထွန်းဖို့သာအာရုံစိုက်နေကြတယ် ထင်ပါတယ်။ လေတိုက်နေလို့ မီးဇာကို မီးညှိုဖို့အရေးလောက်သာအလေးထားနေကြတာကိုး။ ဖယောင်းတိုင်လေး တိုးတိုးရွတ်တာကို ဘယ်ကြားကြမှာလဲ။
စဉ်းစားကြည့်ပါဗျာ။ အလင်းဆောင်ဖို့အရေး ကိုယ့်ခန္ဓာကို လောင်ကျွမ်းခွင့်ပေးထားတဲ့ ဖယောင်းတိုင်လေးအဖြစ်ကို။ မီးထွန်းရင်း မီးဟပ်သွားတဲ့အခါများ လက်ကလေးတစ်ခါခါနဲ့ လောင်ကျွမ်းနေပြီဖြစ်တဲ့ ဖယောင်းတိုင်ကလေးကိုမှှမစာနာ။ သူလည်းလေ ပူရှာပေမပေါ့။ ဒါပေမယ့် ဟန်မပျက် မာန်တက်စွာ တရှိန်ရှိန်လင်းပေးတတ်တဲ့ ဖယောင်းတိုင်လေးပါ။ သူ့ရင်ထဲက တိုးတိုးအော်ငိုတာကိုတော့ ဘယ်သူမှမကြားနိုင်ပြီလေ။
ဖယောင်းတိုင်လေးရဲ့ မျက်ရည်စက်တွေကလည်း ဖယောင်းစက်တွေပဲပေါ့။ တစ်လိမ့်လိမ့်ဆင်းလာတဲ့ ဖယောင်းစက်တွေက အပူကြီးရင် ကြီးသလို မြန်မြန်ဆန်ဆန် အရွယ်ကြီးကြီးနဲ့ ဖယောင်းတိုင်လေးရဲ့ ခြေရင်းမှာ ထွန်းအိုင်လို့။ ချော့ပေးဖို့နေနေသာသာ မျက်ရည်တွေ ကြွေချင်တိုင်းကြွေ ဝေချင်တိုင်းဝေ ပြုံးပြီးကြည့်နေတဲ့သူတွေက အပြည့်။
လေတွေတိုက်ရင်တော့ မီးဇာလေးက တလှုပ်လှုပ်နဲ့ ပုတ်ခတ်ပုတ်ခတ်လုပ်နေတော့တာ။ လေသိပ်ပြင်းရင်တော့ ငြိမ်းပြီပေါ့။ မငြိမ်းစေချင်ရင် ကာနိုင်သမျှနည်းနဲ့ကာပေရော့။ တစ်ချက်တစ်ချက် လေပြင်းတွေက ဖယောင်းတိုင်လေးကို စာနာစွာ မငြိမ်း ,ငြိမ်းအောင်တိုက််တတ်ကြတယ်။ စိတ်မရှည်တဲ့ မီးထွန်းသူဆိုရင်တော့ ဒီအတိုင်းထားခဲ့တတ်ပေမယ့် ဇွဲကြီးစွာ အောင်မြင်အောင်လုပ်တတ်သူတွေတော့ မရရအောင် ပြန်ထွန်းတော့တာပါပဲ။ တစ်တိုင်အားနဲ့ယူသော်မရရင် အပေါင်းအသင်းတွေပါစုပြီး ထွန်းညှိပွဲပေါ့။ အဲဒီတော့လည်း တစ်တိုင်အပူ တစ်တိုင်ကူရင်း မီးကလေးပူပူသီချင်းနဲ့ တကြော်ကြော် ဝိုင်းအော််ငိုရုံအပြင်ထက်မပိုခဲ့။
ဖယောင်းတိုင်ဖြစ်မှတော့ မီးပူမှာကြောက်နေလို့ဘယ်ဖြစ်မှာလဲနော်။ ပူလည်းပူပါစေပေါ့။ လင်းနေရရင်ကို ကျေနပ်နေသင့်ပါပြီ။ အခုလည်း တိုင်တစ်ဝက်လောက်အထိလင်းပြီးတဲ့နောက် ခြေရင်းမှာပုံနေတဲ့ ဖယောင်းစက်မျက်ရည်တွေကနေ နောက်တစ်ခေါက် ပြန်လည်မွေးဖွားရင်း အလင်းဆောင်ပေးမယ်ဆိုပြီး အံခဲရေရွတ်နေတတ်တဲ့ ဖယောင်းတိုင်လေးတစ်တိုင်ကတော့ ဆက်လက် လင်းလက်နေဆဲ………………………….
ဘုန်းကြီးကျောင်းသားဘဝတုန်းက ဖယောင်းတိုင်လေးတွေနဲ့ ဒီနေ့အတွက် အမှတ်တရပါခင်ဗျာ………………
8 comments:
အမှတ်တယလေးကို အမှတ်တရဖတ်သွားသည်။ ကိုယ်တိုင်ရိုက်ပုံလည်း ကောင်းသည်။
အားပါးပါး ဖတ်ပြီးရင် ထဲမကောင်းတောင်ဖြစ်သွားတယ် ညီရွှာသားရေ ၊၊ အဆွေး ဓာတ်ခံကြောင့်ထင်ပါတယ် ၊၊
အဆွေးဓာတ်ရှိရင်ငိုနိုင်တဲ့ပို့စ်လေးပဲး) ကျနော်တို့ မတွေးးးမိတဲ့ ရှူ့ထောင့်လေးက နေ ရေးဖွဲ့ထားတာ ကျေးဇူးပါ အစ်ကိုရေ့ ဖယောင်းတိုင်ဆိုကတည်းက လောင်ကျွမ်းဖို့ဖြစ်လာတာပဲလေ ။
ဖယောင်းတိုင်ဆိုတာ အလင်းပေးဖို့ ၊ မီးထွန်းခံဖို့ ဖြစ်တည်လာရတာပါ။ မီးထွန်းပေးမှသူ့ ရဲ့ ဖြစ်တည်မှုကအဓိပ်ပါယ်ရှိမှာပေါ့။ ကိုယ့်ရဲြ့ဖစ်တည်မှုကရောဘာအတွက်လဲ၊ ဘယ်လိုပုံဖော်မှအဓိပ်ပါယ်ရှိမှာလဲဆိုတာမျိုးတော့တွေးဖူးပါတယ်။
ဓာတ်ပုံလေးနဲ့ပို့စ်လေးက တကယ်ပဲလိုက်ဖက်အသက်ဝင် တယ်ဗျာ..။ ရင်ထဲမှာတော့ ပြောမပြနိုင်တဲ့ခံစားမှုတွေ ဖြစ်သွားပါတယ်..။
အမှတ်တရ ဆိုပေမယ့် ခံစားပြီးရေးထားတာကိုး
အဲလောက်ထိ မခံစားပါရစေနဲ့  ဖယောင်းတိုင်လေး လို ခံနိုင်ရည်မရှိလို့ ပါ
တချက်သတိလွတ်သွားလို့ ပါကွယ်
စိတ်နဲ့ လူနဲ့  နည်းနည်းမကပ်ဖြစ်သွားလို့ 
happy birthday!
Post a Comment