07 December 2008

အဝေးရောက်လ



ဒီကိုရောက်ပြီးမှ လကိုမော့ကြည့်မိတာ ဘယ်နှစ်ခါရှိပါလိမ့်။ ဟင့်အင်းတစ်ခါမှ မကြည့်မိခဲ့ဘူး။ ဘာဖြစ်လို့ဆိုတော့ ခေါင်းငုံ့လျှောက်နေကျမို့ရယ် လဆိုတဲ့အကြောင်းအရာက ကိုယ့်ကမ္ဘာက ပျောက်ဆုံးနေလို့ရယ်ပါ….

ငယ်တုန်းက လသာတဲ့အခါများဆို ဆော့ကစားလို့သိပ်ကောင်းတာ။ ထုပ်ဆီးတိုး ဘုတ်ဒီထိုး ရုပ်ရှင်နာမည်ဖွက်နဲ့ သိပ်ကို အဆော့မက်တယ်လေ။ လသာတုန်းဗိုင်းငင်ဆိုတဲ့ စကားကို သိချင်စိတ်နဲ့ ကျောင်းစောင့်ကြီးရဲ့ အမျိုးသမီးကို ဗိုင်းငင်ပြပါလို့ ဂျီကျဖူးတယ်လေ။

လပြည့်လကွယ်ဆိုတာ ချစ်တဲ့မြေမှာတော့ သိလွယ်မြင်လွယ်တယ်။ အလှူအတန်း ဥပုသ်ရက်တွေနဲ့ တခုမဟုတ်တခု သိသာထင်ရှားစေတယ်။ ဇာတိမြို့လေးမှာဆို ဆရာလေးတွေ ဆွမ်းဆန်စိမ်းအလှူခံတာနဲ့ကို သိနေပြီ။ ဒီမှာတော့ လပြည့်လကွယ်ဆိုတာ ဘာမှမသိလိုက်မသိဖာသာ။ သီတင်းကျွတ်လပြည့်နေ့ တန်ဆောင်မုန်းလပြည့်နေ့ဆိုတာတောင် တစ်ဦးတစ်ယောက်က စတင်ပို့လိုက်တဲ့ ဆုတောင်း SMS လေးတွေကြောင့်သာ သိတတ်တာ။ မဟုတ်ရင် လဆိုတာ ဘာမှန်းတောင်မသိတော့။ တကယ်ကို ကျနော်အမှုမဲ့ အမှတ်မဲ့နေဖြစ်ခဲ့တာ။

လကိုအေးမြခြင်းလို့ဖွဲ့ဆိုကြလေ့ရှိတယ်။ လသာတဲ့ညများဆို တူရိယာတစ်ခုခုတီးပြီး တစ်ညလုံးနေတတ်တဲ့လူတွေရှိတယ်လို့ကြားဖူးတယ်။ မတီးတတ်တဲ့ ကျနော်လိုလူကတော့ လကိုငေးပြီးခံစားနေလိုက်တာပါပဲ။ လဆီက ဘာခံစားမှုတွေပေးစွမ်းနေပါလိမ့်။

သေချာတာတစ်ခုတော့ လက သိပ်ဆွဲဆောင်လွန်းတယ်။ အေးမြတဲ့အလင်းရောင်နဲ့ ဆွဲဆောင်နေတယ်။ ပြီးတော့ သူက ညို့ဓါတ်ပြင်းပြင်းကို လွှတ်ပေးတတ်တယ်။ ငေးကြည့်ပြီးရင် အတွေးယာဉ်ကြောမှာမြောမိပြန်ရော။

လကတော့ ဒီအတိုင်းပဲ သာမြဲသာနေတာပဲ။ ဒါပေမယ့် မြင်ရတဲ့ နေရာတွေမတူရင် လကို အမြင်မျိုးမျိုးနဲ့ မြင်ရတတ်တာ သဘာဝပဲကိုး။ တစ်ဖက်မှာမှောင်နေရင် နောက်တစ်ဖက်မှာလင်းနေတယ် တစ်ချို့တစ်ချို့ဖက်မှာတော့ တစ်ဝက်တစ်ပျက်လင်းတစ်ချက် မှောင်တစ်ချက်။ လောကကြီးက လရောင်ပေါ်မှာတောင် အနိမ့်အမြင့်နဲ့။

မနေ့ညက အသိတစ်ယောက် ဖုံးဆက်ပြီးပြောပါတယ်။ လကိုထွက်ကြည့်လိုက်စမ်းပါတဲ့။ သိပ်ခံစားရတယ်တဲ့။ သေချာတယ် သူ လရောင်ရဲ့ ညှို့ဓါတ်ရယ် သူ့စိတ်ရဲ့ ခံစားချက်ရယ် ရင်တွင်းသံဇဉ်တစ်ပုဒ် ဖြစ်တည်သွားတယ်ထင်ပါရဲ့။

ဘာဖြစ်လို့လဲဆိုတော့ လကိုကျနော်ကြည့်မိတော့ ကျနော်ဘာမှမခံစားလိုက်ရဘူး။ ပုံထဲမှာကြည့်ပါဗျာ။ လက မီးရောင်ကို ဖောက်မထွက်နိုင်ခဲ့ဘူးလေ။ လရောင်ဆိုတာကို အမေ့မေ့ အလျော့လျော့ကို ဖြစ်နေမိတာပါကလား။ မီးရောင်တွေအောက်မှာ ပျော်ဝင်နေတာကြပြီကိုး။ ရန်ကုန်မှာသာတဲ့လ ကိုမဆိုမိသလောက်တောင်ပဲလေ။ စက်ရုပ်ဆန်တဲ့လူသားအဖြစ်ကို မုန်းတီးစရာတစ်ခုလို ပြန်တွေးနေမိတယ်။

လကတော့ သာမြဲသာဆဲ။ အလင်းတွေကလည်း ပေးနေဆဲ။ အင်းလူတွေကသာ……………..

6 comments:

RePublic said...

ကျနော် ကိုလည်း ပြောပါအုံး ညီရွာသားရာ ၊၊ လ မပြောနဲ့ ကောင်းကင်တောင် သေချာမကြည့်မိလို့ ၊၊ လောကရဲ့ ထောင်ထဲက လွတ်မြောက်ဖို့ ကြိုးစားလေ ပိုငြိမိလေပါပဲဗျာ ၊၊

Anonymous said...

ညဘက်ရောက်ရင် လကိုကြည့်ဖို့နေနေသာသာ စားရ သောက်ရတာနဲ့  အိပ်ယာခင်း ဘလော့လည် ပြီးတော့ ဂျီတော့မှာ ပွား ထိုထိုအရာတွေကြောင့် ဤလကို မေ့တာဖြင့်ကြာလှပြီး သိပ်မနုပါနဲ့တူလေးရာ ဘကြီးရင်ထဲမှာ အချိဘူးး အာဟိ အာဟိ :P

လင်းဒီပ said...

ထယ်ဝါတဲ့ လျှပ်စစ်မီးတွေရဲ့ အလယ်မှာ မော်ပါကြွားပါ မေ့ပါတော့အမြဲ...

အဲဒီသီချင်းလေးသတိရသွားတယ်...

လရောင်အောက်မှာပဲ ဒါပေမယ့် လရောင်ကို မေ့နေကြတယ်..

mirror said...

လရောင်ကိုမှ မဟုတ်ပါဘူး အစ်ကိုရ
လူတွေက လေကိုတောင် ဘယ်အရပ်ကနေ ဘယ်အရပ်ကို
ုတိုက်ခတ်နေမှန်းတောင် သတိမထားမိတော့ပါဘူး
ဒီအထဲမှာ ညီမလဲပါတယ်....။

JulyDream said...

လမ်းမီးတိုင်က မီးရောင်ကို ဖောက်ထွက်ချင်ရင် တိုက်ခေါင်မိုးပေါ်ကနေ လကို ရအောင် ရိုက်လေဗျာ။ အဟီး...

Unknown said...

တိမ်ပျိုးသူလုပ်လိုက် လရိပ်ခိုသူလုပ်လိုက်နဲ့ 
တို့ မောင်ငယ်များ အတွေးတွေ ခံစားချက်တွေ နူးညံ့နေလိုက်တာကွယ် လက ဆွဲဆောင်မှုရှိတယ်ဆို တာတော့ လက်ခံမိတယ်ကွယ်
(အင်း စိုင်းထီးဆိုင်ရဲ့  မောင့်လပြည့်ဝန်းသီချင်းလေးကို တောင် သတိယသွားပြီး)