31 December 2008

ဘူတာစဉ်


ပြန်လှည့်လို့မရတဲ့
ရထားတစ်စင်း
အဆက်မပြတ်
မရပ်မနား
ဖြတ်သန်းသွားခဲ့တယ်

အချို့အဆင်း
အချို့အတက်
ဒါပေမယ့်မရပ်ခဲ့

တစ်ချက်တစ်ချက်
ကျော်ဖြတ်သွားလေတဲ့
ဘူတာစဉ်

မမြင်သာပေမယ့်
ဒီဘူတာကျော်ရင်
နောက်တစ်ဘူတာ
ဝင်ရဦးမယ်

နောက်တစ်ဘူတာဝင်ရဦးမယ်....



30 December 2008

အတ္တ၀တ်စုံများနဲ့ ကျနော်တို့



ပြီးခဲ့တဲ့ တနင်္ဂနွေက အပြင်ထွက်ဖို့ပျင်းတာမို့ အိမ်မှာရှိနေတဲ့ ဇာတ်ကားအဟောင်းတွေကို မွှေနှောက်ရင်း စာအုပ်နဲ့ရုပ်ရှင် တွဲပြီးကြည့်နေမိတယ်။ ရုပ်ရှင်ကိုဖွင့်ရင်း စာအုပ်ဖတ်နေမိတာပါ။ ဒီကားကို သူငယ်ချင်းတွေနဲ့ တူတူကြည့်ဖို့ ကြိုးစားရင်းပျက်သွားခဲ့တာမို့ စိတ်နာစွာမကြည့်ဘဲပစ်ထားခဲ့တဲ့ ဇာတ်ကားလေးပါ။

ရှဥ့်ကလေးသုံးကောင်နဲ့ ကာတွန်းကားမဆန်စွာ ရိုက်ထားတဲ့ ဇာတ်ကားလေးကို စကြည့်ရင်းကမှ လက်ထဲကစာအုပ်ကို လွှတ်ချမိခဲ့တယ်။ အရာရာကို ရှုံးနိမ့်နေတဲ့ လူတစ်ယောက်ရယ် ပျော်ပျော်နေပြီး တော်တော်လေးကဲတဲ့ ရှဥ့်လေးသုံးကောင်ရယ်တွေ့တဲ့ပွဲပါ။ အမှတ်မထင်ရောက်လာတဲ့ ရှဥ့်လေးတွေကို Dav က လုံးဝလက်မခံနိုင်ခဲ့ဘူး။ သူတို့ရဲ့ သီချင်းကို မကြားခင်အထိပေါ့။ သာယာတဲ့ အပြင် ဆွဲဆောင်မှုအပြည့်နဲ့ သူတို့သုံးကောင်ရဲ့ ဖျော်ဖြေမှုကိုကြားရတော့ တောင့်မခံနိုင်ရှာတော့ပဲ အပေးအယူစတင်ခဲ့ပါတယ်။ သူ့သီချင်းတွေကို ဆိုပေးရင် ဒီအိမ်မှာနေခွင့်ပေးမယ်ဆိုတာကနေ စပြီး စည်းကမ်းချက်တွေနဲ့ပေါ့။ အစကတော့မညှာမတာ နှင်ထုတ်ခဲ့တယ် ပြီးတော့မှ အပေးအယူတွေနဲ့ ပြန်နေခွင့်ပေးတဲ့ Dav ရဲ့ အတ္တတွေက သိပ်တော့ တရားမလွန်ဘူးလို့ထင်နေမိတယ်။ ကျနော်လည်း အဲလိုအတ္တမျိုးတွေ မရှိဘူးလို့ မငြင်းနိုင်လို့ပါ။

ဒီလောကမှာ အကြင်နာ မေတ္တာအတုတွေကလည်း များပြားလိုက်တာဗျာ။ အနားကိုချဉ်းကပ်တဲ့လူတိုင်းရဲ့ နောက်ကွယ်က ရလိုမှုကို မြင်မှမမြင်နိုင်ပဲ။ ငါးစာကိုသာ မြင်ပြီး ငါးမျှားချိတ်ကို မမြင်လွယ်တဲ့အထဲမှာ ကျနော်က ထိပ်ဆုံးကလေ။ တံလျှပ်ကို ရေထင်ပြီး ရွှေသမင်အလိုက်မှားခဲ့တာလည်း များပါပြီ။

ပြီးတော့ လူတွေထဲမှာ ကိုယ်လိုချင်တာ ကို အပျော့ဆွဲနဲ့ ရအောင်ယူတတ်တဲ့လူတွေကလည်း အများသား။ လိုချင်တာရသွားတော့လည်း သူတစ်ပါးရဲ့ ခံစားချက်ကို ပြန်လည်ဖြည့်ဆည်းပေးရကောင်းတယ်ဆိုတာကို မေ့နိုင်စွမ်းလိုက်ကြတာ။ ကျနော်ကိုယ်တိုင်လည်း ဘယ်နှစ်ခါလောက်မေ့ခဲ့ပြီလဲ မသိနိုင်လောက်အောင်ကို လူသားဆန်မိတယ်ထင်ပါတယ်။

သိပ်ကို အပြင်းအထန်ဇွတ်တရွတ်လုပ်တတ်သူတွေ ကျတော့ အရမ်းကို အရုပ်ဆိုးအကျည်းတန်စေခဲ့တယ်။ ဒဿဂီရိလိုပေါ့။ ကိုယ်လိုချင်တာပဲ သိတယ် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ မတုံ့ပြန်ပြန် တုံ့ပြန်ပြန် လိုချင်တာ ရဖို့က အဓိက။ နာမည်ဆိုးနဲ့ ကျော်ကြားပင်မယ့် သူတို့တွေက ရိုးသားတယ်လို့ တစ်ခါတစ်လေ တွေးနေမိပြန်ရော။ သေချာတာတော့ ကျနော်သူတို့လောက် မရိုးသားဘူးဆိုတာပါ။

ရှဥ့်ကလေးသုံးကောင်ကို Dav ဆီကနေ အပျော့ဆွဲနဲ့ ခွဲထုတ်။ ပြီးမှ အမြတ်အစွန်းဆိုတဲ့ အရာအတွက် မနားမနေစေခိုင်းတာကို မြင်ရတော့ ဟိုတစ်လောက လင်းပိုင်ပြပွဲ ကြည့်ရင်းရလာတဲ့ အတွေးကို တွေးမိပြန်ရော။ လူသားတွေ အတွက် ဖျော်ဖြေဖို့ အရမ်းတော်တာပဲဆိုတဲ့ လက်ခုပ်သံတွေ ကြားရဖို့ သင်ကြားလေ့ကျင့်ပေးထားတဲ့ အတိုင်းလှုပ်ရှားနေရတဲ့ လင်းပိုင်တွေရဲ့ ဘ၀တွေကို စာနာမိတယ်။ လက်ခုပ်သံကြားရဖို့ ဘာတွေပေးဆပ်ခဲ့ရပြီလဲ။ အခုကျနော့လက်ရှိ ဘ၀နဲ့ချိန်ထိုးကြည့်ရင် ကိုယ့်ကိုကိုယ် လင်းပိုင်တွေလိုပါလားလို့ ကိုယ်ချင်းစာမိရင်း ရှေ့ဆက်ကြည့်ဖို့ အင်အားမဲ့ခဲ့ရတယ်။

နောက်တစ်ခုက မိသားစုဆိုတဲ့ စကားလုံးလေး။ Davက အစပိုင်းကလက်မခံခဲ့ဘူးလေ။ မိသားစုဆိုတဲ့ စကားလုံးတန်ဖိုးကို သူသိလိုက်ရတော့ တော်တော်လေးနောက်ကျနေခဲ့ပြီ။ ကိုယ့်ဘေးနားမှာ အဆင်သင့်ရှိနေတတ်တဲ့ မိသားစုကို ကျနော်တို့ အမြဲ ပစ်ပယ်ခဲ့ကြတယ်ထင်ပါတယ်။ ဟုတ်မယ်.. အခုလည်း မိသားစုကို ခွဲပြီး ဘာမဟုတ်တဲ့အရာတွေအတွက် အတ္တကြီးစွာ လှုပ်ရှားနေမိတယ်။ တကယ်တမ်းက ငွေရှာနိုင်တဲ့လူတစ်ယောက်ဆိုတဲ့ ဂုဏ်ပကာသနအတွက် ကျနော်ရပ်တည်နေမိတာ။ ပြန်မလားလို့ မမေးပါနဲ့နော်။ ပြန်ချင်ပေမယ့် ဒီဂုဏ်အတွက်ကျနော့ကို ဆက်လက်ခေါင်းမာခွင့်ပေးပါ။

ဒီဇာတ်ကားအပြီးမှာတော့ ကျနော့်ကိုယ်ပေါ်မှာ ၀တ်ထားတဲ့ အတ္တ၀တ်စုံတွေကို ပြန်မြင်မိတယ်။ ဒါပေမယ့် ၀တ်စုံတွေက တစ်သားတည်းကျနေပြီလေ။ ပြန်ချွတ်ရမှာကို နှမြောနေမိတော့တာ။ ဒီအဆင်လေး ငါနဲ့တယ်လိုက်ပါလားဆိုတဲ့ အတ္တနဲ့ပေါ့….

28 December 2008

အခန်းပြောင်းခြင်း




အခန်းတစ်ခုမှာ သင်ဘယ်လောက်ကြာကြာနေဖူးပါသလဲ။ အခန်းထဲမှာ နေရတဲ့ခံစားမှုကို နှစ်သက်ပါသလား။ အခန်းထဲက တံခါးမရှိ ဓါးမရှိ ၀င်ထွက်ခွင့်ရှိပါသလား။ အခန်းတစ်ခုမှာအနေကြာလာတဲ့ ကိုယ့်ကိုကိုယ် ထုတ်နေမိတဲ့မေးခွန်းတွေပါ။ ဘာပြုလို့လဲဆိုတော့ ကျနော်အခန်းပြောင်းရပါတော့မယ်။

အခန်းဒီအခန်းကို ကျနော်နှစ်သက်သလား မနှစ်သက်သလားသေချာမသိပါ။ အဆင်ပြေတယ်လို့တော့ ပြောလို့ဖြစ်ပါတယ်။ ဒီအခန်းက နေဖို့ သင့်တော်တယ်လေ။ အကောင်းဆုံးဖြစ်မယ်ဆိုတဲ့ ဒီအခန်းကို ကျနော်ပဲရွေးချယ်လိုက်တာပါ။ နေအုံးဗျ ကျနော်မှားသွားတယ် ကျနော်ရွေးချယ်တာက အခန်းထဲက အပြင်အဆင်ပါ။ တကယ်က အခန်းက ကျနော့ကို ရွေးချယ်လိုက်တာပါ။ ဘာပြုလို့လဲဆိုတော့ ဒီအခန်းကို ဘယ်သူမှရွေးချယ်ခွင့်မရှိလို့ပါ။

ဒီအခန်းထဲမှာ ကျနော့အတွက် သိပ်နှစ်သက်စရာတွေဖြစ်တည်ခဲ့သလို စိတ်ပျက်စရာ အားလျော့စရာ သိမ်ငယ်စရာ ရှက်ရွံ့စရာတွေလည်း တည်ရှိနေခဲ့တယ်။ လေသိပ်တိုက်တဲ့အခန်းလို့ တစ်ခါတစ်ခါ ရေရွတ်မိသလို သိပ်အိုက်တာပဲ တစ်ချက်လေးတောင်တိုက်ဖော်မရဘူးလို့လည်း ညည်းတွားဖူးတယ်။ ခံစားမှုတွေပေးစွမ်းတဲ့ အခန်းတစ်ခုအဖြစ်တော့ အမြဲအမှတ်ရနေတော့မှာ။ ဒီအခန်းမှာ ကျနော့ဘ၀အတွက် ပထမဆုံးဆိုတာတွေ အများကြီး လုပ်ခဲ့မိတယ်ထင်တယ်။ နောက်ဆုံးဆိုတာကို လုပ်ဖြစ်မဖြစ် သိပ်မရေရာသေးဘူး။ ဆုံးဖြတ်ပြီးမလုပ်ဖြစ်မှာစိုးလို့။ ကတိဆိုတဲ့ ကြိုးကို ချည်ပြီးရင်လွယ်လွယ်ဖြည်တတ်တဲ့ အကျင့်ကို မုန်းလို့ပါ။

ဒီအခန်းကနေပြောင်းဖို့ ၃ရက်ပဲလိုတော့တယ်ဆိုမှ အပြေးအလွှား စဉ်းစားမိတယ်။ ဒီအခန်းထဲမှာ လုပ်ဖြစ်ခဲ့သမျှကိုပေါ့။ အကောင်းအဆိုးရောထွေးနေသည်။ မှောင်တစ်လှည့် လင်းတစ်လှည့်နေသည်။ မီးလာသည့်အခါ လင်း၍ မီးမှိတ်သည့်အခါ မှောင်သည် ဖြစ်ဟန်တူသည်။ မီးခလုပ်ကို ဖွင့်ပိတ်သူသည် ကျနော်ကိုယ်တိုင်ပင်ဖြစ်ပါသည်။

အခန်းအသစ်ကို ရွှေ့ရန် တံခါးပေါက်အပြင်ဖက်ကို ကြည့်မိတယ်။ အလင်းရောင်ကိုတော့ ပြတ်ပြတ်သားသားမြင်ရတယ်။ ဒါပေမယ့် အလင်းရောင်ဘယ်အချိန်အထိ ရှိမလဲ ကျနော်မခန့်မှန်းနိုင်ပါ။ အခန်းအသစ်နှင့် အခန်းအဟောင်းသည် ကျနော်နဲ့ပတ်သတ်၍ လွှဲပြောင်းစရာရှိသည်များကို သူတို့ချင်းလက်ဆွဲနှုတ်ဆက်၍ လွှဲပြောင်းကြပါလိမ့်မည်။ အခန်းအဟောင်းမှ အခန်းအသစ်ကို ဆောင်ရန်ရှောင်ရန်များ တိုးတိုးတိတ်တိတ် မှာကြားထားမည်ထင်ပါသည်။

အခန်းအသစ် တွင် မည်သို့မည်ပုံနေရမည်ကို ကျနော်မသိသေးပါ။ အခန်းသစ်ကို ပြောင်းရန်မကြာတော့ပြီဖြစ်သည်မို့ သိမ်းဆည်းစရာရှိသည်များကို သိမ်းဆည်းနေရင်း အခန်းအဟောင်းကို အောက်မေ့မိပြန်သည်။ ဒီနေရာမှာ ဒီလိုလုပ်ခဲ့တာဆိုပြီး စဉ်းစားရင် တွေးတောနေမိပြန်သည်။

အခန်းအသစ်သည် ကမ်းလင့်နေသည်.....လှမ်းသင့်မလှမ်းသင့်

25 December 2008

ချိတ်ဆွဲထားတဲ့မီးအိမ်တစ်လုံးနဲ့စကားပြောခြင်း




မီးအိမ်လေးက ဒီအခန်းထဲမှာ ရှိနေတာကြာလှပေါ့။ တစ်ချို့က မြင်တယ် မီးအိမ်လေးတစ်လုံးပါလားတဲ့။ တစ်ချို့က တော့ သိတောင်သိမသွားပါဘူး။ လှည့်တောင်မကြည့်ကြပါဘူး။ အချို့ချို့ကတော့ အရပ်ရှည်လို့ထင်ပါရဲ့ မီးအိမ်လေးကို တိုက်သွားကြတယ်။ တောက်...ခေါက်တဲ့ အခါခေါက်.. နေရာတကျလေးပြန်လှည့်ပေးတဲ့အခါပေးပေါ့။ လူအမျိုးမျိုးကတော့ ဒီအခန်းလေးထဲမှာ ဖြတ်နေတာပါပဲ။ မီးအိမ်လေးကလည်း ရှိနေတာပါပဲ။ မှတ်မိသူမရှိ သိသူမရှိ အသိအမှတ် မပြုလည်း မီးအိမ်လေးကတော့ ရှိနေဆဲပဲ။


ဟေ့ မီးအိမ်လေး
ဗျို့

မင်းကိုမြင်တာကြာနေပြီနော်
ဟုတ်ဗျ ကျနော်က ချိတ်ဆွဲခြင်းခံထားရတဲ့မီးအိမ်တစ်လုံးပါဗျ

မင်းကဘာအတွက်ရပ်တည်နေတာလဲ
ဗျာ...ကျနော်လည်းသေချာမသိပါဘူး ကျနော်သတိထားမိတဲ့အချိန်မှာ ကျနော်က ဒီအခန်းထဲမှာရောက်နေခဲ့တာ။

မင်းမှာခံစားတတ်တဲ့နှလုံးသားရှိတယ်ဆိုတာဟုတ်လားဟင် တစ်ဆိတ်မသိလို့နော်
အင်းကျနော်လည်းစဉ်းစားနေတာပဲဗျ သေချာတာတော့ အဖြေမပေါ်သေးဘူးဗျ။ ခံစားတတ်တဲ့နှလုံးသားရှိခဲ့ဘူးတယ်ထင်တာပါပဲ။အင်း ရှိခဲ့ဖူးသလိုလိုပါပဲ။

ဟောဗျာ ရှိဖူးသလိုမရှိဖူးသလိုဆိုတာက ဘာပါလိမ့်
ရှင်းရင်းရှုပ်မယ်ခင်ဗျ။ တစ်ခါခါ ခံစားချက်တွေက သိပ်ပင်ပန်းတယ်ဗျာ။ အဲဒီအခါ ခံစားတတ်တဲ့နှလုံးသားကို မေ့ထားပြီး ကျနော်အိပ်ပျော်နေမိတယ်။ ဒါပေမယ့် သေချာတယ်ကျနော် ခံစားချက်တွေကို ကြိုက်တယ်ဗျ။ ပြောထားပါတယ်ဗျာ ရှင်းရင်းနဲ့ ရှုပ်မယ်လို့။

ထားပါတော့ဗျာ ခင်ဗျားလိုချင်တာကကော ဘာပါလိမ့်
ဒီမေးခွန်းက တော်တော်လေးကောင်းတယ်ဗျ။ ဖြေချင်သလိုဖြေကြည့်မယ်ဗျာ။ ကျနော်လိုချင်တာ နားလည်မှုဆိုတာပါ။ အကြင်နာတွေ မေတ္တာတွေက သိပ်ဝေးနေသေးတယ်လေ။ (မေးခွန်းမေးသူက ဒီနေရာမှာ သိပ်ကြီးကျယ်တဲ့ မီးအိမ်ပါလားဆိုပြီး မျက်ခုံးရှုံ့လိုက်ပါတယ်)စဉ်းစားကြည့်ပါဗျာ။ ကျနော့ကို မီးအိမ်လေးအဖြစ်နားလည်ပေးမယ့် သူတွေရှိခဲ့ဖူးတယ်။ ပြောပဲပြောသွားတာပဲဗျ။ သိပ်မကြာခင်မှာပဲ မီးအိမ်လေးကို စိတ်ပျက်သွားကြတာချည်းပဲ။ မယုံရင်စောင့်ကြည့်။ ကျနော်ပြောတာမယုံရင်လေ။

ဖြတ်...ဟောဗျာ မီးပျက်သွားပြီ။

မီးအိမ်လေးနဲ့စကားပြောနေတုန်း မီးအိမ်လေးပျောက်ဆုံးသွားပါတယ်...

24 December 2008

သင့်အတွက် ခရစ်စမတ်အကြို






ပျော်ရွှင်စရာ ခရစ်စမတ် သင့်အတွက် ဖြစ်ပါစေ...

23 December 2008

ချစ်ခြင်းမေ




ငါ့ရင်ထဲက
ချစ်ခြင်းတွေ
ဘယ်သူမှ
ဖန်ဆင်းပေးတာမဟုတ်ပါဘူး

ငါဖွဲ့ဆိုတဲ့
စကားလုံးတွေ
ဘယ်သူမှ
သီကုံးပေးတာမဟုတ်ပါဘူး

တဖွဖွပြောနေတဲ့
လွမ်းတယ်ဆိုတဲ့
အသုံး
လွယ်လွယ်သုံးတာ
မဟုတ်ပါဘူး

နင်မြင်တတ်လို့
ကြည့်တတ်ရင်
နင်သိနိုင်သားနဲ့
ညာမနေပါနဲ့


အရာအားလုံးအတွက်
ငါ့ချစ်ခြင်းတွေ
တစစဖြစ်ထွန်းနေတာ
ကြာခဲ့ပြီမေ.....


21 December 2008

ယုံရမှာလား ဥပဒေဘက်တော်သား



မနေ့ညက ၁၂:၁၀မိနစ်ပွဲကို သွားကြည့်ဖြစ်ပါတယ်။ ကြော်ငြာတွေကြည့်ရင်းက စိတ်ဝင်စားတာရယ် အက်ဒွပ်နော်တန်ဆိုတဲ့ မင်းသားကို သဘောကျတာရယ်ကြောင့်ပါ။

ဇာတ်ကားတစ်ပုဒ်လုံးကို လုံးစေ့ပတ်စေ့နားမလည်လိုက်ပါဘူး။ ညံ့ဖျင်းတဲ့ အင်္ဂလိပ်စာအရည်အချင်းပိုင်ဆိုင်သူအဖြစ် ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်မိတယ်။ ဒါပေမယ့်အခုအချိန်အထိ ကြိုးစားချင်စိတ်မရှိတော့လည်း ပေလယျာကံပစ်ထားလိုက်တာပါပဲ။

လောကကြီးမှာ စည်းဆိုတာရှိပါတယ်။ သူ့စည်းကိုယ့်စည်း လူ့စည်းဘီလူးစည်း သတ်သတ်မှတ်မှတ် ရှိခဲ့မယ် ဆိုရင် အားလုံးသာယာအဆင်ပြေမှာပါ။ ထမင်းရည်ပူစည်းဆိုပြီး ထုပ်ဆီးတိုးကစားခဲ့ကြတုန်းကလို စည်းဆိုတာ ရှိသင့်တယ်လေ။ ဘာမဟုတ်တဲ့ ကလေးဘ၀ကစားပွဲကိုတောင် စည်းကျော်မကျော် ငြင်းခုန်ကြသေးတာ။ အခုလို လောဘ ဒေါသ မောဟတွေပြည့်နေတဲ့ တကယ့်လောကကြီးမှာဆို ပိုဆိုးပြီပေါ့။ အဲဒီတော့ စည်းမျဉ်းစည်းကမ်းဆိုတာကို ဥပဒေသတွေပြဌာန်း ဥပဒေဘောင်တွင်း အေးချမ်းစွာနေထိုင်ရေးအတွက် စောင့်ရှောက်သူတွေက ဥပဒေဘက်တော်သားတွေ အဖြစ်နဲ့ပေါ့။

ဒါဆို ဥပဒေဘက်တော်သားတွေက လူထဲကလူတွေပဲနော်။ သူတို့လဲ လူသားအားလုံးပိုင်ဆိုင်တဲ့ အတ္တဆိုတာတွေ တန်းတူပိုင်ဆိုင်ကြမှာပါပဲ။ ဥပဒေဘက်တော်သားတွေလည်း စည်းဝိုင်းအပြင်ဘက်ကို ထွက်နိုင်တာပေါ့။ သူတို့ထွက်သွားရင်ကော ဘယ်လိုလုပ်ရပါ့။ တကယ်လဲ အပြင်မှာ ဥပဒေချိုးဖောက်နေတဲ့ ဥပဒေဘက်တော်သားတွေ ရှိပါတယ်။ နောက်လည်း ရှိဦးမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့အားလုံး လူသားဆန်ကြလို့ပါ။

သာမန်ပြည်သူပြည်သားတစ်ယောက် ဥပဒေချိုးဖောက်ခဲ့တယ်ဆိုရင် အရေးယူအပြစ်ပေးသင့် သလောက်အပြစ်ပေးခဲ့တယ်။ ဥပဒေဘက်တော်သားတွေ ချိုးဖောက်ခဲ့ရင်ကော။ ဒီထက်ပြင်းထန်တဲ့ အပြစ်ပေးမှုတွေပေးသင့်တယ်ဆိုရင် ကျနော်တို့ မတရားရာများကြနေမလား။ ဥပဒေကိုနားလည်တဲ့ သူတွေ လက်တစ်လုံးခြားနဲ့လုပ်နေကြတာကို ကျနော်တို့ ရပ်ကြည့်မနေသင့်ဘူးထင်တယ်နော်။ နားမလည်တဲ့ သာမာန်လူတစ်ယောက် အဖြစ်နဲ့ နားမလည်စွာ ရပ်တည်နေခဲ့တာက နေသားကျနေပြီ။

ပြီးတော့ ကျောသားရင်သားမခွဲခြားဘဲ ရှိသင့်တဲ့ ဥပဒေ။ တကယ်ကိုလိုအပ်ပါတယ်။ ငါ့သမီးမို့ ငါ့သားမို့ ငါ့မျိုးငါ့ဆွေမို့ ဆိုတဲ့ အရာတွေနဲ့ ဥပဒေကို ပြုပြင်ပြောင်းလဲရမယ်ဆိုရင် တစ်ယောက် တစ်ဥပဒေဖြစ်နေမှာပေါ့။ အက်ဒွပ်နော်တန်ရဲ့ ရပ်တည်မှုကို ချိန်ထိုးကြည့်သင့်တယ်။ ဒီလိုရပ်တည်မျိုးမှာ ကျနော်ရပ်တည်နိုင်မယ်ဆိုတာ သိပ်မသေချာဘူး။ စိတ်ဓါတ်ပျော့ညံ့စွာ မိသားစုဘက်က ရပ်တည်မိမှာစိုးတယ်။ ဒါကြောင့်လည်း ဒီလိုအလုပ်မျိုးကို မလုပ်ဖြစ်ခဲ့တာပါ။

နောက်ထပ်တစ်ခုက အရှေ့မှာတော့ အေးချမ်းရေးအတွက် ထိန်းသိမ်းနေသလိုလိုနဲ့ နောက်ကွယ်က ချိုးဖောက်မှုတွေုပါ။ ဂျင်မီရဲ့ ရက်စက်မှုအခန်းတွေ နဲ့ သူချစ်တဲ့ မိသားစုနဲ့နေတဲ့ အခန်းတွေကို ယှဉ်ကြည့်ရင် တကယ့်ကို တစ်ကွက်စီလေ။ သူလိုချင်တဲ့ အဖြေကို ရဖို့အတွက် ရင်ခွင်ပိုက်ကလေးလေးရဲ့ မျက်နှာကို မီးပူနဲ့ကပ်မယ့်အခန်းဆို ကျနော်မျက်စိမှိတ်ထားရလောက်အောင်ထိ ရက်စက်ကြမ်းတမ်းလွန်းတယ်။ သားသမီးဆိုတာကို ချစ်တတ်သူတစ်ယောက်ဖြစ်ပါလျက် ဒီလောက်မလုပ်ရက်သင့်ဘူး။ တကယ်တော့ စိတ်အမှောင်ဖုံ်းပြီဆိုရင် ဘာမဆိုလုပ်တတ်ကြတယ်ထင်တယ်။

နောက်ဆုံးမှာတော့ လောကကြီးရဲ့ ဒဏ်ခတ်မှုကို ပြသထားတယ်ထင်ပါတယ်။ ဂျင်မီတစ်ယောက် သူ့ရဲ့ အပြစ်တွေကို သူ့ဘာသာဆေးကြောသွားခဲ့တယ်။ တစ်ကယ်လည်း ပြစ်မှုကျူးလွန်သူတိုင်းဟာ သူတို့ရဲ့ မည်းညစ်တဲ့ လိပ်ပြာရဲ့ ခြောက်လှန့်မှုကို ခံနေရမှာပါ။ ကျနော်ဖတ်ပြီးသွားတဲ့ အဆိပ်ဝတ္ထုထဲက ဆရာဝန်လိုပါပဲ။ ကိုယ့်အပြစ်တွေအတွက် ကိုယ်တိုင်ဆေးကြောသွားခဲ့တာ။ perfume ဆိုတဲ့ ဇာတ်ကားလေးတုန်းကလည်း ကျနော်ထင်တာတော့ သူ့လုပ်ရပ်တွေအတွက် သူပြန်လည်ဆေးကြောသွားတယ်ထင်တာပါပဲ။


ကျနော်တို့ရဲ့ လောကကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဥပဒေနဲ့ ဥပဒေဘက်တော်သားဆိုတာ မရှိမဖြစ်လိုကို လိုအပ်ပါတယ်။ ဒါပေမယ့် အဲဒီဥပဒေဘက်တော်သားတွေ ကိုယ်တိုင်အပြစ်ကျူးလွန်မကျူးလွန်ကိုတော့ ကျနော်တို့ ဘယ်လိုသိနိုင်ပါ့မလဲ။ ဘယ်လောက်ထိယုံကြည်စိတ်ချရပါ့မလဲ။ ဘယ်သူတွေက မှန်ပြီး ဘယ်သူတွေက မှားနေပြီလဲ။ မယုံကြည်လို့လည်းမရ ယုံကြည်လို့လည်း မဖြစ်ပြန်ဆိုတော့ ယုံရမှာလား ဥပဒေဘက်တော်သားရယ်လို့ ရေရွတ်နေရုံမှတစ်ပါး……………………

19 December 2008

စားပွဲနဲ့နံရံ

စားပွဲနဲ့နံရံ။ ကျနော့အလုပ်စားပွဲဘေးမှာ နံရံရှိတယ်။ နံရံနဲ့ စားပွဲနဲ့ကကပ်ရပ်။ သူတို့တစ်ဖက်တစ်ချပ် ရပ်တည်နေတာပဲ။ ဒါပေမယ့်……….


စားပွဲကို ပါတီးရှင်း အကန့်တွေနဲ့ နံရံဘေးမှာ ထားတာပါ။ သူတို့နှစ်ခုက အရမ်းကပ်တယ်လည်း မဟုတ်ဘူး။ ခွာတယ်လည်း မဟုတ်ပြန်ဘူးလေ။ ဆိုတော့ ကပ်သီးကပ်သပ်လေး ဖြစ်နေကြတာ။ သူတို့ကပ်သီးကပ်သပ်ဖြစ်တော့လည်း ဘာအရေးလဲ။ အနေသာကြီး။

မဟုတ်ဘူးလေ မဟုတ်ဘူး။ တကယ်တော့မဟုတ်ဘူး။ သူတို့နှစ်ခုကြောင့် ဒုက္ခလှလှ တွေ့ရတာ အနှေးနဲ့အမြန်။ အရေးကြီးပြီး ပြန်မရနိုင်တော့တဲ့ စာရွက်တစ်ရွက်ကျသွားလို့လေ။ သူတို့နှစ်ခုကြားထဲကို လှပစွာကျသွားတာ။ လှပစွာဆိုတာ တကယ်ကို ဘယ်ကနေဘယ်လို ကပ်သီးကပ်သပ်ထဲကို ရောက်သွားမှန်းမသိအောင်ကျသွားတာ။ သတိတရ ရှာတဲ့အချိန်မှာ သကောင့်သားက ခပ်တည်တည်နဲ့ လျှာထုတ်ပြသလို တဖျတ်ဖျတ် ခါပြနေလေရဲ့။

ဘယ်လိုလုပ်ရမလဲ။ ဘယ်လိုပြန်ယူရမလဲ။ အသေချထားတဲ့ ဒီစားပွဲကို ရွှေ့မလား။ နံရံကိုပဲ ဖြိုလိုက်ရမလား။ သူဌေးသိရင်တော့ တော်တယ်ကွာဆိုပြီး ဆုချဦးမှာ။ အတွေးကောင်း အစီအစဉ်ကောင်းလို့လေ။ လေယာဉ်လက်မှတ်ပါဝယ်ပေးပြီး ပြန်ပေတော့ မစဉ်းစားနဲ့ ပြန်ပေတော့ ဆိုတဲ့ဆုပါ။

လက်နှစ်ဖက်နဲ့နှိုက်မယ်ဆိုတော့ လည်း မဖြစ်ပြန်။ တစ်ခုနဲ့ ထိုးမယ်ဆိုတော့လည်း ဒီအကျဉ်းက ကျဉ်းရတဲ့အထဲ ရှည်ကလည်းရှည်နေသေး။ ဘယ်အရာနဲ့မှ ထိုးလို့မရ။ ညှပ်လို့လည်းမမိ။ ဘယ်လိုလုပ်ရပါ့။ လျှို့ဝှက်ချက်အနေနဲ့ နည်းလမ်းကို ဖွက်ထားလိုက်ပါဦးမယ်။ တကယ် အဲလိုကြုံရင်တော့ မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ အကြံဥာဏ်ပေးခကို အဲဒီတော့မှ စပြောမယ်လေနော်။

ဒီလို ကျဉ်းထဲကျပ်ထဲကို ရောက်ရောက်သွားတတ်တာ ခဏခဏပါ။ ဘာမှမဟုတ်လောက်ဘူးဆိုတဲ့ အရာတွေက ကိုယ့်အတွက်တော့ တစ်ချိန်မှာ ထောင်ချောက်တွေလိုပဲ။ ကျသွားပြီဆိုမှ ပြန်ဆွဲထုတ်မရတော့ဘူးလေ။ ဘယ်အရာမဆိုတော့ အဖြေရှိတယ်တဲ့။ အချိန်တစ်ခုခုနဲ့ အေးအေးဆေးဆေးစဉ်းစားပြီး ဖြေရှင်းနိုင်ကောင်းပါတယ်။ ဒါပေမယ့် အမှားတွေလည်း ဖြစ်နိုင်သလို အမှန်တွေလည်းဖြစ်နိုင်တယ်။ ခဲတံနောက်မှာ ခဲဖျက်ထည့်တာကိုက သဘာဝကျပြီးသား လူဆိုတာကိုက မှားတတ်တာလေ။ မှားမှာကြောက်ပြီး လမ်းမလျှောက်တော့ပဲနေမှာလား။ ဘယ်ဟုတ်မလဲ။ ရှေ့သို့ချီရင်း ပြုပြင်သင့်တာတွေ ပြုပြင်ရမှာပေါ့။

အခုလည်း စားပွဲနဲ့နံရံနဲ့ ကကပ်လျက်ပဲ။ စာရွက်တွေကကော……………….

18 December 2008

ဒဏ်ရာ




ဒဏ်ရာဆိုတာ
အရာ,ရှိမှ
ဒဏ်ရာမဟုတ်ဘူးလေ
ချုပ်ရိုးတွေ
အမာရွတ်တွေ
မကျန်ရစ်ပေမယ့်
ငါ့ရင်ဘတ်ဟောင်းလောင်းထဲက
ဒဏ်ရာကတော့
တဆစ်ဆစ်နဲ့

17 December 2008

ဖယောင်းတိုင် တစ်တိုင်အကြောင်း





ထွန်းညှိထားဆဲ ဖယောင်းတိုင်တစ်တိုင်။ အမှောင်ထဲမှာ အလင်းတွေ ပေးနေတယ်လို့ သူ့ကိုယ်သူယူဆထားတဲ့ ဖယောင်းတိုင် တစ်တိုင်။ ထက်ဝက််လောက်အထိတော့ ထွန်းညှိပြီးသားဖယောင်းတိုင်။ ကုန်သည်အထိ အလင်းပေးမယ်လို့ ခံယူထားတဲ့ ဖယောင်းတိုင်ပေါ့………..

ဒီဖယောင်းတိုင်ဘယ်လိုဖြစ်တည်လာတာပါလိမ့်။ ဆရာတော်ဘုရားက သီတင်းကျွတ်ခါနီးတိုင်း ဝါဆိုဖယောင်းတိုင်လုပ်ဖို့အသင့်ဖြစ်နေတတ်တယ်။ ကျောင်းဝန်းက ဘုရားဝန်းနဲ့နီးတာမို့ ဘုရားဆီမီးခုံက ဖယောင်းတွေကလည်း မျက်စ ပစ်နေကြပြီ။ ကျောင်းသားလေး ခမျာ သူနေ့တိုင်းထိုးနေရတဲ့ သံပြားလေးနဲ့ အုံခဲ စုပုံနေတတ်တဲ့ ဖယောင်းပြင်ကို လက်တင်တွန်းရင်း ပါလာတဲ့ အိတ်ကလေးထဲ ကျုံးကျံုးထည့်တာပေါ့။ ဒီဖယောင်းခဲတွေရဖို့ လက်ကလေးတွေတောင်နီလို့။ ညဘက် ဘုရားစာရွတ်ချိန်မတိုင်မချင်း ရသလောက် စုဆောင်းရင်း အိတ်ကလေးကို တမြတ်တနိုးပိုက်ပြီးပြန်နေကြလေ။ ဘုရားဆည်းလည်းတွေက နှုတ်ဆက်တေးတွေဆိုနေတယ်လို့ သူမှတ်ယူနေကြ။

တော်တော်လေးစုမိဆောင်းမိပြီဆိုတော့။ ဆရာတော်နေ့ဆွမ်းဘုန်းပေးပြီး သပိတ်တွေဆေးပြီးရင် မီးမွှေး ဖယောင်းကျိုဖို့ပေါ့။ ဖယောင်း အညစ်တွေကို ဆရာတော်သန့်စင်ခိုင်းတဲ့နည်းနဲ့ စနစ်တကျလုပ်။ သန့်ပြီဆိုတဲ့ ဖယောင်းတွေကိုတော့ မြေကြီးထဲမှာ စီပြီးစိုက်ထားတဲ့ ဝါဆိုဖယောင်းပုံသွပ်လုံးလေးတွေ ဆီကို ဦးတည်ရတာပေါ့။ မီးဇာကို ကပ္ပိယကြီး ကျစ်ပေးထားတဲ့ အတိုင်း သွပ်လုံးထိပ်နှစ်ဖက်မှာ သံချောင်းလေးတွေနဲ့ကလန့်။ ပြီးမှ ဖယောင်းတွေ အသာလောင်း။ ဟော….ဝါဆိုဖယောင်းတိုင်တွေ တစ်တိုင်ပြီးတစ်တိုင်။

ဖယောင်းတိုင်လေး ပြောတဲ့စကားကို နားထောင်မိကြလားဟင်။ မီးထွန်းဖို့သာအာရုံစိုက်နေကြတယ် ထင်ပါတယ်။ လေတိုက်နေလို့ မီးဇာကို မီးညှိုဖို့အရေးလောက်သာအလေးထားနေကြတာကိုး။ ဖယောင်းတိုင်လေး တိုးတိုးရွတ်တာကို ဘယ်ကြားကြမှာလဲ။

စဉ်းစားကြည့်ပါဗျာ။ အလင်းဆောင်ဖို့အရေး ကိုယ့်ခန္ဓာကို လောင်ကျွမ်းခွင့်ပေးထားတဲ့ ဖယောင်းတိုင်လေးအဖြစ်ကို။ မီးထွန်းရင်း မီးဟပ်သွားတဲ့အခါများ လက်ကလေးတစ်ခါခါနဲ့ လောင်ကျွမ်းနေပြီဖြစ်တဲ့ ဖယောင်းတိုင်ကလေးကိုမှှမစာနာ။ သူလည်းလေ ပူရှာပေမပေါ့။ ဒါပေမယ့် ဟန်မပျက် မာန်တက်စွာ တရှိန်ရှိန်လင်းပေးတတ်တဲ့ ဖယောင်းတိုင်လေးပါ။ သူ့ရင်ထဲက တိုးတိုးအော်ငိုတာကိုတော့ ဘယ်သူမှမကြားနိုင်ပြီလေ။

ဖယောင်းတိုင်လေးရဲ့ မျက်ရည်စက်တွေကလည်း ဖယောင်းစက်တွေပဲပေါ့။ တစ်လိမ့်လိမ့်ဆင်းလာတဲ့ ဖယောင်းစက်တွေက အပူကြီးရင် ကြီးသလို မြန်မြန်ဆန်ဆန် အရွယ်ကြီးကြီးနဲ့ ဖယောင်းတိုင်လေးရဲ့ ခြေရင်းမှာ ထွန်းအိုင်လို့။ ချော့ပေးဖို့နေနေသာသာ မျက်ရည်တွေ ကြွေချင်တိုင်းကြွေ ဝေချင်တိုင်းဝေ ပြုံးပြီးကြည့်နေတဲ့သူတွေက အပြည့်။

လေတွေတိုက်ရင်တော့ မီးဇာလေးက တလှုပ်လှုပ်နဲ့ ပုတ်ခတ်ပုတ်ခတ်လုပ်နေတော့တာ။ လေသိပ်ပြင်းရင်တော့ ငြိမ်းပြီပေါ့။ မငြိမ်းစေချင်ရင် ကာနိုင်သမျှနည်းနဲ့ကာပေရော့။ တစ်ချက်တစ်ချက် လေပြင်းတွေက ဖယောင်းတိုင်လေးကို စာနာစွာ မငြိမ်း ,ငြိမ်းအောင်တိုက််တတ်ကြတယ်။ စိတ်မရှည်တဲ့ မီးထွန်းသူဆိုရင်တော့ ဒီအတိုင်းထားခဲ့တတ်ပေမယ့် ဇွဲကြီးစွာ အောင်မြင်အောင်လုပ်တတ်သူတွေတော့ မရရအောင် ပြန်ထွန်းတော့တာပါပဲ။ တစ်တိုင်အားနဲ့ယူသော်မရရင် အပေါင်းအသင်းတွေပါစုပြီး ထွန်းညှိပွဲပေါ့။ အဲဒီတော့လည်း တစ်တိုင်အပူ တစ်တိုင်ကူရင်း မီးကလေးပူပူသီချင်းနဲ့ တကြော်ကြော် ဝိုင်းအော််ငိုရုံအပြင်ထက်မပိုခဲ့။

ဖယောင်းတိုင်ဖြစ်မှတော့ မီးပူမှာကြောက်နေလို့ဘယ်ဖြစ်မှာလဲနော်။ ပူလည်းပူပါစေပေါ့။ လင်းနေရရင်ကို ကျေနပ်နေသင့်ပါပြီ။ အခုလည်း တိုင်တစ်ဝက်လောက်အထိလင်းပြီးတဲ့နောက် ခြေရင်းမှာပုံနေတဲ့ ဖယောင်းစက်မျက်ရည်တွေကနေ နောက်တစ်ခေါက် ပြန်လည်မွေးဖွားရင်း အလင်းဆောင်ပေးမယ်ဆိုပြီး အံခဲရေရွတ်နေတတ်တဲ့ ဖယောင်းတိုင်လေးတစ်တိုင်ကတော့ ဆက်လက် လင်းလက်နေဆဲ………………………….


ဘုန်းကြီးကျောင်းသားဘဝတုန်းက ဖယောင်းတိုင်လေးတွေနဲ့ ဒီနေ့အတွက် အမှတ်တရပါခင်ဗျာ………………

14 December 2008

၁၂ ၁၃ ဒီဇင်ဘာနဲ့ ရောက်တတ်ရာရာ



စာရေးချင်လာပြန်တော့လည်း ရေးဖို့ ကြိုးစားမိပြန်ရော။ တကယ့်ကို ကြိုးကိုင်လို့မရတဲ့ စိတ်တစ်ခုနဲ့ ….ခက်ပါသေးတယ်နော်။


၁၂ ဒီဇင်ဘာ နတ်တော်လပြည့်နေ့ကို အမှတ်တရ ကြည့်လိုက်မိတယ်။ သိပ်လှတဲ့ ကောင်းကင်ပြာထဲက တိမ်ဖုံးနေတဲ့ လကို အခန်းကိုပြန်တဲ့ ကော်ရီဒါတစ်လျှောက်မှာ ငေးရင်း ဓါတ်ပုံရိုက်မယ်လို့ ဆုံးဖြတ်မိခဲ့တယ်။ အိမ်က သူငယ်ချင်းတစ်ယောက်ကိုလည်း ပြောရင်း ပြတင်းပေါက်ကနေ လကို အမိအရရိုက်ဖို့ကြိုးစားခဲ့တာ။ လက်တုန်တာရယ် မကျွမ်းကျင်တာရယ်ကြောင့် လကမ၀ိုင်းချင်တော့။ သတိရလို့ ထောက်တိုင်နဲ့ ရိုက်မယ်ဆိုတော့ ရတော့ရလိုက်ပါတယ် ဒါပေမယ့် ကောင်းကင်အရောင်ကပြောင်းသွားပြီလေ။

နောက်မှပြန်သိရတာက အဲဒီနေ့က သာတဲ့လက သာသမျှလတွေထဲမှာ အရွယ်အစားအကြီးဆုံးမြင်ရတာတဲ့။ သူများတွေက တခုတ်တရစောင့်ကြည့်ခဲ့တယ်ဆိုပါတယ်။ အဲလိုပြန်မြင်ရဖို့ အချိန်တွေအများကြီး ပြန်စောင့်ရဦးမယ်တဲ့။ တစ်ချို့အရာတွေက အမှုမဲ့အမှတ်မဲ့ပဲ ဖြတ်ကျော်သွားတာနော်။ ပြန်မရလိုက်တာတွေ အများကြီးရှိပါကလား။ အင်းကျနော်ဘာတွေ ဆုံးရှုံးခဲ့ပါလိမ့် ဘာတွေဆုံးရှုံးရဦးမှာပါလိမ့်။

၁၃ဒီဇင်ဘာ သိပ်မွန်းကြပ်တဲ့ မြို့ပြကို ခွာမိတယ်။ တစ်ဆိတ်ကားသံတွေဆူညံလွန်းတယ်ကွယ်။ တောစရိုက်တွေရှိတဲ့ ဟေ၀န်နန်းကို ခြေလှမ်းတွေလှမ်းရင်း ခဏတော့ မေ့ထားပါရစေ။

ကမ်းကခွာကထဲက စိတ်တွေကို အဝေးဆုံးကို လွှင့်ပစ်လိုက်တာ။ ကျနော့စိတ်တွေကို တောအုပ်ထဲကို နှစ်လိုက်မိတယ်။



မြင်မြင်သမျှတွေကို ဓါတ်ပုံရိုက်ဖို့ကြိုးစားရင်း ပင်ပင်ပန်းပန်းစက်ဘီးတွေ နင်းပစ်ခဲ့တာ။ ချွေးတွေလည်း ထွက် လူလည်း အလဲလဲအပြိုပြို။ သတိထားမိတာ စက်ဘီးမစီးဖြစ်တာ ဘယ်နှစ်နှစ်တောင်ရှိခဲ့ပြီလဲမသိ။ ဒါပေမယ့် မေ့မသွားပါလား။ ဟင့်အင်း မေ့ထားသင့်တဲ့အကြောင်းအရာ မေ့သွားပါစေ။ မခံနိုင်လွန်းလို့ပါ။ ဒီနေ့တော့ အဝေးမှာနေပေးပါ။



တောပန်းလေးတွေ…သစ်ခွတို့ သဇင်တို့ မဟုတ်တော့ လှည့်တောင်မကြည့်ကြပါလား။ လိပ်ပြာတွေကလွဲရင် သူတို့ကို ဘယ်သူကမှလှတယ်လို့မထင်။ သူတို့လည်းပန်းပဲလေနော်။ ထုံးစံအတိုင်း ပန်းလေးတွေကို ဓါတ်ပုံရိုက်ရင်း အားပေးမိတယ်။ အားမငယ်ပါနဲ့ ငါရှိပါသေးတယ်လို့။



တံတားနှစ်ခုသုံးခုကိုလည်းကျော်ရသေးတယ်။ တံတားပေါ်ကမှာရပ်ရင်း မြစ်တစ်ခုမှာရေနှစ်ခါချိုးလို့မရတဲ့ အကြောင်းရယ် တံတားအောက်က ဖြတ်သွားဖူးတဲ့ရေလိုပဲ နောက်ထပ်တစ်ခါ ထပ်စီးခွင့်မရှိတော့ဘူးဆိုတဲ့ အကြောင်းတွေကို စဉ်းစားမိပြန်ရော။ ရေတွေဘယ်လောက်စီး ပါစေ တံတားကြီးရှိနေရင်ပြီးရောနော်။

ဖိနပ်ကြပ်ကြပ်ပုံပြင် အဲဒီနေ့ကမှကြားဖူးတယ်။ ပထမတော့ ရီမိတယ်။ ကြားဖူးပြီးသားဖြစ်ရင်လည်း ဖြစ်မှာပါ။ လူတစ်ယောက်က ဖိနပ်ကြပ်ကြပ်ကိုပဲ အမြဲစီးတယ်တဲ့။ သူ့ကိုဘာလို့စီးတာလဲလို့မေးတော့ သူ့မိန်းမကအိမ်ထောင်ရေးဖောက်ပြန်နေတယ်။ သူ့သားကလည်း ဘိန်းစွဲလို့ထောင်ကျသွားပြီ။ စီးပွားရေးကလည်း မကောင်းဘူးတဲ့။ သူ့ဘ၀မှာ ဒီဖိနပ်ချွတ်တဲ့ အချိန်လေးပဲ စိတ်ချမ်းသာရတယ်တဲ့။ ဒါကြောင့်ပါတဲ့။ ကျနော်တစ်ချက်ငုံ့ကြည့်မိလိုက်တယ်။ အိုး…………. ဖိနပ်က သိပ်ချောင်လွန်းနေပါလား။

ဟိုဘက်ကမ်းက မီးတွေလင်းလာတဲ့ အချိန်ကျမှ အိမ်ကိုပြန်ခဲ့တယ်။ လေးလံနေပြီဖြစ်တဲ့ ခြေထောက်တွေနဲ့ပါ။ အိမ်မပြန်ချင်ဘူး ခုမှကလေးတစ်ယောက်လိုဆိုတဲ့ သီချင်းကို မဆိုဖြစ်အောင် စိတ်ထိန်းရင်းနဲ့ပေါ့။

အပြန်ခရီးမှာ လမ်းမီးတိုင်လေးနားက တီးဝိုင်းလေးတစ်ခုကိုလည်း ၀င်ငေးဖြစ်ပါသေးတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရုံးပိတ်ရက် အပန်းပြေအောင် ဒီအစီအစဉ်ကို လုပ်တာပါ သင်တို့လည်း အပန်းပြေကြပါစေဆိုတော့ ၀င်တောင်ဆိုလိုက်ချင်ပါသေးတယ်။ ဒါပေမယ့် သီချင်းတွေကမရပြန်ဘူး။

ရောက်တတ်ရာရာဆိုတော့ တကယ့်ကိုရောက်တတ်ရာရာပါ။ ဘယ်ကိုခေါ်သွားပြီး ဘာတွေပြောချင်နေမှန်းမသိတဲ့ ရောက်တတ်ရာရာပေါ့…….

12 December 2008

တွေဝေသူ




ဒီတံခါးနှစ်ချပ်နောက်မှာ
အမှန်တရားဆိုတာ
ရှိပါတယ်။

ဘယ်တစ်ဖက်
ညာတစ်ဖက်
အလွယ်လှမ်းလို့
ဖွင့်ရင်ဖြစ်ပေမယ့်
ခြင်္သေ့ပါးစပ်ထဲ
လက်နှိုက်ပြီး
ဖွင့်ဖို့
ငါမရဲဘူး

အမှန်တရားဆိုတာကို
အ, အ အိပ်မက်
မက်သလို
ပြန်ပြောဖို့
မလွယ်တဲ့နောက်
ငါဟာ
တွေဝေသူတစ်ယောက်
ဖြစ်နေစမြဲ.....

11 December 2008

ဖျားနာခြင်း ချစ်ရက်ရှည်




ဒီနေ့ သိပ်အထီးကျန်ဆန်တယ်။ ဘာကြောင့်လဲလို့မမေးပါနဲ့။ ကျနော်ဖြေမှာမဟုတ်လို့ပါ။ ဒီညကိုကျော်ဖြတ်ဖို့တော်တော်ကြိုးစားရမယ် ဆိုတဲ့အသိနဲ့ ဘယ်လိုကုန်ဆုံးအောင် ဖြုန်းတီးရမလဲ စဉ်းစားမိတယ်။ ဟိုလူခေါ် ဒီလူခေါ်နဲ့ နောက်ဆုံး အဆင်ပြေတဲ့ လူနဲ့ ထုံးစံအတိုင်း အပျင်းပြေ အချိန်ကုန်အောင် ရုပ်ရှင်ကြည့်မိပြန်ရော…

ဇာတ်ကားအစလေးက အသံလေးနဲ့စထားတာ။ စာတစ်စောင်ကိုဖတ်ပြနေတဲ့အသံ။ နားမလည်နိုင်တဲ့ ဂျပန်စကား။ အသံကနားထောင်လို့သိပ်ကောင်းတယ်။ ခက်တာက စာတန်းတွေသိပ်မြန်နေတယ်။ နောက်တော့ ဆိုင်ကယ်စီးဖို့ အားယူရင်း ပြုတ်ကျသွားတဲ့ ဂစ်တာကို ဒေါသတစ်ကြီးရိုက်ချိုးလိုက်တဲ့ Aga။ ဟုတ်တယ် တစ်ခါတစ်လေ ထွက်ပေါက်တစ်ခုကို ဖွင့်ပေးလိုက်မှ။ ဇာတ်ကားကို တိုင်ပေဆိုတဲ့ ကျွန်းလေးမှာ စတည်ခဲ့တာ။

အစပိုင်းနဲ့ အလယ်ပိုင်းကို ဟာသတွေနဲ့ပဲ ခေါ်သွားခဲ့တာ။ ဟာသတွေဆိုတာ တကယ်ရီရတဲ့ ပျော်ရွှင်ဖွယ်ဟာသတွေပါ။ လူငယ်တွေရဲ့ ဘ၀တွေ မိသားစုအရေးတွေ ဘ၀တွေကို တစစီဆွဲထုတ်သွားခဲ့တာ။ စည်းကမ်းလိုက်နာမှုဆိုတဲ့ စကားကို ပြသွားတဲ့ အမြင်လေးလည်းသိပ်လှပါတယ်။ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းတာကို ဖမ်းတော့ ကျန်နေတဲ့လူတွေကို မဖမ်းပဲ ဘာလို့ငါ့ကျမှဖမ်းတာလဲလို့အမေးကို မင်းကံဆိုးနေလို့ဆိုတဲ့ အဖြေနဲ့ ပြထားခဲ့တာ။

ရှုံးနိမ့်မှုတွေနဲ့ ပြန်လာတဲ့ လူငယ်တစ်ယောက်ကို စာဝေခြင်းဆိုတဲ့ အလုပ်နဲ့ နှစ်သိမ့်နိုင်ပါ့မလား။ စိတ်ပျက်အားလျော့ခြင်းဆိုတာကို ဖြေဖျောက်နိုင်မယ့် နည်းက ဘယ်မှာပါလိမ့်။ စိတ်မပါတဲ့ အလုပ်ကို လုပ်နေမှတော့ ဘယ်လိုလုပ် အဆင်ပြေပါတော့မလဲ။

မဝေဖြစ်တဲ့ စာတွေကြားထဲက သိပ်လှတဲ့ စာထုပ်လေးတစ်ထုပ်ကို ဖောက်လိုက်မိတယ်။ ကြိုးလေးတွေကို ထိရှရင်းဖွင့်ချင်စိတ်ပေါက်သွားပါလိမ့်မယ်။ အထဲမှာ ဓါတ်ပုံတစ်ပုံနဲ့ စာခုနှစ်စောင်။ အဲဒီစာတွေကို ဇာတ်ကားတစ်ခုလုံး နောက်ခံအဖြစ် ရွတ်ပြသွားခဲ့တာ။ စာထဲက စကားတွေသိပ်လှပြီး သိပ်ချစ်ဖို့ကောင်းတာလေ။ ဒါပေမယ့် အားလုံးကို မဖတ်မိလိုက်တာတော့ ကျနော်ညံ့လို့ပါ။

နောက်တော့ ဒေသစွဲ။ ဒီပင်လယ်ကြီး ဒီလောက်လှနေတာကို ဘာဖြစ်လို့လူငယ်တွေ နိုင်ငံရပ်ခြားမှာ သွားအလုပ်လုပ်ချင်ရတာလဲ ဆိုတဲ့ မေးခွန်း။ ကျနော့ကိုမေးရင်လည်း ဖြေရခက်မယ်ထင်တယ်။ ကိုယ့်ဒေသကို ချစ်မြတ်နိုးစိတ်နဲ့ ဒီမြေမှာလုပ်တဲ့ပွဲကို ဒီကလူတွေနဲ့ပဲ လုပ်ချင်ခဲ့သတဲ့။ အပြင်က ကျွမ်းကျင်သူတွေ မငှားပဲ တစ်ယောက်တစ်လက် ၀ိုင်းစုစည်းပြီး တီးဝိုင်းထောင်ဖို့ကြိုးစားခဲ့ကြတာ။ ဒေသခံ လူကြီးနဲ့ လူငယ်ကြားက ညှိလို့မရတဲ့ ကြိုးတွေလည်း ၀ိုင်းညှိခဲ့ကြတာ။

လူမျိုးမတူတဲ့ စီစဉ်သူ (သူကိုယ်တိုင်ကလည်း အလုပ်အတွက် စိတ်ပျက်)၊ မလုပ်ချင်ပါပဲ အရင်တီးဝိုင်းက အဆိုတော်တစ်ယောက်မို့ သံယောဇဉ်မကုန်တဲ့သူ (သူလည်း စိတ်မပါလက်မပါ)။ အဲဒီလူနှစ်ယောက်နဲ့ ဗြုတ်စပျင်းတောင်း လူတစ်သိုက်ရဲ့ တီးဝိုင်း။ ဘယ်လိုမှ အောင်မြင်နိုင်စရာလမ်းမမြင်။

နောက်ဆုံးမှာတော့ ရန်ဖြစ်ရင်း ရန်ဖြစ်ရင်းကနေ သူတို့ နှစ်ယောက်ချစ်ကြိုးသွယ်ခဲ့ကြတယ်။ ချစ်ကြိုးရဲ့ နောက်မှာ အဲဒီစာလေးကလည်း ပါနေပြန်တယ်။ စာကို ဆုံးသွားပြီဖြစ်တဲ့ ဂျပန်လူမျိုးတစ်ယောက်ရဲ့ သမီးက တိုင်ပေက အမျိုးသမီးတစ်ယောက်ကို ပို့ပေးလိုက်တာပါ။ လိပ်စာက လွန်ခဲ့တဲ့ အနှစ်ခြောက်ဆယ်ကမို့ ရှာဖို့လုံးဝမလွယ်။ ဒီစာက အဲဒီအမျိုးသမီးအတွက် သိပ်အရေးကြီးပါတယ်။ သူ့ခံစားနေရမယ့် အနှစ်ခြောက်ဆယ်ကြာ အလွမ်းတွေအတွက် ဖြေသိမ့်ပေးတဲ့စာပါ။ သူတို့သုံးသွားတဲ့ စကားလုံးက lovesickness ပါ။ ကျနော်ကတော့ ဖျားနာခြင်းအချစ်ရက်ရှည်လို့ သုံးလိုက်ပါတယ်။

အနှစ်ခြောက်ဆယ်ကြာအောင်ဘာလို့ခံစားရတာလဲ။ ဂျပန်လူမျိုး ကျောင်းဆရာတစ်ယောက် သူ့နိုင်ငံကို ပြန်ရတော့မယ် ဆိုတော့ ချစ်ရတဲ့တိုင်ပေသူလေးကို တစ်ခါတည်းခေါ်မယ် ပြောပြီးမှ ထားခဲ့မိတဲ့ သူရဲ့ သတ္တိနည်းမှုတွေအတွက်ပါ။ သူ့အတွက်တော့ ပင်လယ်ကျိန်စာ ကောင်းကင်ကျိန်စာတွေနဲ့ အဲဒီအနှစ်ခြောက်ဆယ်လုံးနေထိုင်သွားရတဲ့ အထိတဲ့။ အဲ့လောက်ချစ်တတ်ရက်နဲ့ ထားခဲ့ရက်တယ်ဗျာ။

အကြောင်းကြောင်းကြောင့် စာကလေးကို ပိုင်ရှင်ဆီရောက်အောင်ပို့ပေးနိုင်ခဲ့တယ်။ ပိုင်ရှင်ဆီကအပြန်မှာတော့ Aga တစ်ယောက် ဂျပန်ပြည်ကို ပြန်ရတော့မယ့်ချစ်ရတဲ့ Tomoko ကို ပြောဖြစ်တဲ့ စကားတွေက မင်း…ချန်နေရစ်ခဲ့ပါ ဒါမှမဟုတ် မင်းသွားရင် င့ါကိုတခါတည်း ခေါ်သွားပါဆိုတဲ့ စကားလေးပါ။ စာကလေးတွေက တွန်းအားပေးလိုက်တယ်ထင်ပါတယ်။

ခံစားမှုတွေ အပြည့်နဲ့ဆိုတော့ အဲဒီ ဂီတညချမ်းလေး အောင်မြင်ခဲ့ပါတယ်။ ချစ်တဲ့သူတွေလည်း ကြည်နူးရပါတယ်။ ဂျပန်ကျောင်းဆရာလေးကိုလည်း တိုင်ပေသူလေးက ချစ်ခြင်းမေတ္တာအားဖြင့် ခွင့်လွှတ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

ဒီဇာတ်ကားလေး အပြီးမှာတော့ ဖျားနာခြင်း အချစ်ရက်ရှည်ကို ဘယ်လောက်ထိအောင် ခံစားရမှာလဲဆိုတဲ့ အသိနဲ့ ရင်ထဲမှာ တမြည့်မြည့် ဖြစ်ကျန်ခဲ့တော့တာပါပဲ……

07 December 2008

ကဗျာတစ်ပုဒ်တဲ့လား



ကဗျာဆိုတဲ့စကားလုံးကို ကဗျာလွတ်ကတယ်ဆိုတာကနေ စပြီးကြားဖူးတာ။ မေက ကဗျာလွတ်အကတွေ သူ့ကျောင်းသူတွေကိုသင်တယ်။ ငယ်တုန်းကတည်းက ကြားဖူးတာလေ။ ကဗျာဆိုတာ ဘာပါလိမ့်။ အနက်ကိုဘယ်လိုဖွင့်ဆိုရမလဲ။ ကဗျာတဲ့…….တကယ်ဆိုတော့ လူ့ဘ၀ကြီးက ကဗျာတစ်ပုဒ်ပဲထင်မိတယ်။ ကိုယ်တိုင်ပါဝင်နေရတဲ့ ကဗျာတစ်ပုဒ်ဆိုတော့ နှလုံးသားနဲ့ ပိုနီးစပ်သလိုပဲ။ အပိုဒ်စုံ ရတုစုံ ကာရန်စုံတယ်လေနော်။ တစ်ခါတစ်ခါတော့လည်း မော်ဒန်ဆန်နေသလားပဲ…..

ညအခါလသာသာ ကစားမလား နားမလား၊ စာတွေဆိုပေမယ့် က…ကလေးငယ်ချစ်စဖွယ်ဆိုပြီး ဆိုလို့ကောင်းတဲ့ စာလေးတွေ ကဗျာလေးတွေလိုပါပဲ။ အ.. အမေတို့တိုင်းပြည် ငါတို့ချစ်တဲ့မြေဆိုရင် ကြက်သီးထအောင် အားရပါးရဆိုလိုက်မိတတ်တယ်။ အခုတော့ ကစာမလားနားမလား အစား တစ်ခြားကဗျာ တွေဖြစ်နေပြီပေါ့။

ဖိုးသာထူး ဖိုးသာထူး အလွန်ဝတဲ့ဖိုးသာထူး ဖိုးသာထူးဝမ်းပူပူဆို အတန်းထဲက ဗိုက်ပူသူငယ်ချင်းလေးတွေကို စပြီးဆိုပြနေကြ။ ပြီးတော့မှ ဖိုးတောင်သူ့တဲ ဘာမှန်းမသိသေးဘဲ ချိုးနှစ်ကောင်ကူတာနဲ့လွမ်းစရာဖြစ်နေရော။ ပင်ဝါးရုံဆိုတဲ့ ကဗျာလေးကိုလည်း ချစ်တာပဲ။ တစ်တောင်ပေါ်တစ်တောင်ဆင့် တောင်အမြင့် ပတ်ကာရံ အင်း လူ့ဘ၀ကလည်း အဲလိုဆိုတာ သိချိန်ရောက်မှ ဒီကဗျာကို ကောင်းကောင်းခံစားတတ်တာလေ။

နောက်တော့ မ၀ယ်ဖူးမယ်ခူးတဲ့ဖက်စို မီးမကူ နေပူမှာမကင်အားလို့ ထားရတယ် အိပ်ရာအောက်မှာ မင်းသောက်ဖို့ကို ဆိုတဲ့ ခံစားမှု ကဗျာလေးတွေ။ အစ်ကိုက ကဗျာစာအုပ်တွေ ၀ယ်နေပြီဆိုတော့ ဟိုစမ်းဒီစမ်း မြေစမ်းခရမ်းပျိုးပြီ။ အိမ်က တစ်ယောက်တည်း ဖိခိုင်းတယ်ဆိုပြီး ကဗျာတစ်ပုဒ်နဲ့ ပြန်ပြောမိသေးတယ်။ ငကျားမပါ ငထွားသာလျင် ခံရ၏ဆိုပြီးစပ်မိတဲ့ ကဗျာ အခုတော့ ပျောက်နေပြီ။

ချုပ်ညရီတွင်ရုပ်ချည်းမြင်သည် ရှင်သာရခိုင်တန်ဆောင်လောတဲ့ နူးညံ့တဲ့အဖွဲ့တွေ။ စကားပွင့်နှင့် နှိုင်းတင့်နှိုးသည် မောင်ကြီးညီမ ညက်လှပြာစင်တဲ့ ဘယ်လောက် ညက်ညောလိုက်သလဲ။ မြင်းစိုင်းဟူသည် ရွှေပြည်ပြည်ဆိုပြန်တော့လည်း ဒိုင်းတွေကာပြီး ကနေမယ့် မြင်းစိုင်းသားတွေကို မြင်ယောင်မိပြန်ရော။

နောက်တော့ နောက်တော့ကော…….

ပန်းပွင့်တယ်ဆိုတာ သဘာဝပါခင် အလှကြည့်ခံချင်လို့ ပန်ဆင်ပါလေ ဒီလိုရွယ်စူးပြီး ဖူးပွင့်ခဲ့အစဉ်တဲ့ အိုး ကဗျာတွေကို သီချင်းဆိုလို့ရတာပဲကော။ ဒီကဗျာစာအုပ်တစ်အုပ်လုံးက တကယ်ကို ကြိုက်နှစ်သက်စရာ ကဗျာတွေချည်းလေ။ ငယ်ရွယ်တဲ့နှလုံးသားတွေ အတွက်တကယ့်ကို ချစ်စရာကဗျာလေးတွေပေါ့။

ကျောင်းတက်ပြန်တော့ စာခြောက်ရုပ်ကဗျာများဆိုတဲ့ ကဗျာစာအုပ်လေးနဲ့မိတ်ဆက်။ ပြီးတော့ စာကြည့်တိုက်လေးတည်ထောင်ပေးပြီး နံရံကပ်စာစောင်လေးတွေ တင်ပေးကြတယ်။ ကိုမင်းတစေတို့ ကိုမင်းခက်ရဲတို့ပေါ့။ ကျောင်းကြီးက ကာတွန်းပုံးလေးလို စာတွေဖတ်ချင်လိုက်တာ။ မဖြစ်မှမဖြစ်နိုင်ပဲ။ စာတွေလုံးချာလည်ရင်း ကဗျာတွေ စာတွေကြက်ပျောက်ငှက်ပျောက်။

ကျောင်းပြီးလို့ ဘ၀ဆိုတဲ့လမ်းကိုလျှောက်ရပြန်တော့ ဘ၀ကဗျာတွေကို အနီးကပ်မိပြန်ရော။ တစ်ချို့ကဗျာတွေက သိမ်မွေ့နူးညံ့ကြတယ်။ တစ်ချို့ကဗျာတွေကတော့ ကြမ်းတမ်းအေးစက်တတ်တယ်။ တစ်ချို့ကဗျာတွေက သိပ်ကြောက်မက်ဖို့ကောင်းတယ်။ တစ်ချို့ကဗျာတွေက နက်နဲ့လျှို့ဝှက်တယ်လေ။

တကယ်တမ်းကဗျာဆိုတာကို နှစ်သက်တယ်ဆိုပေမယ့် ကဗျာဆိုတာကို အခုချိန်ထိ လုံးစေ့ပတ်စေ့နားမလည်သေး။ ကိုယ်တိုင်လည်း စာတွေရေးမိတယ် ခံစားချက်ဆိုပြီးစာတိုလေးတွေ ရေရွတ်မိတတ်တယ်။ ကဗျာလို့ခေါင်းစဉ်တစ်ခါမှ မတတ်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကဗျာဆိုတာကို နားမလည်တဲ့နောက်မှာ ကဗျာရေးလို့ဘယ်ဖြစ်နိုင်မှာလဲနော်။

ကဗျာ…ကဗျာ ဘ၀ဆိုတဲ့ကဗျာကိုကော ဘယ်လိုသုံးသပ်ရမလဲ။ ကြိုက်နှစ်သက်လားလို့မေးရင် ဘာဖြေရမလဲ။ ဒီကဗျာကို စပ်တဲ့သူကကောဘယ်သူလဲ။ တစ်ခါတစ်ခါလည်း ကိုယ်ကိုတိုင်ပဲ။ တစ်ခါတစ်ခါတော့ ကိုယ်မဟုတ်တဲ့ တစ်ခြားအရာတွေ။ ဘေးလူတွေကလည်း ၀င်စပ်သေးတယ်ထင်တယ်။

ကိုလင်းဒီပရေ ခင်ဗျားရဲ့ ကဗျာဆိုတဲ့အရာက ကျနော့ကို ဖြေရခက်စေတယ်ဗျာ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်ကိုယ်တိုင်က ကဗျာတစ်ပုဒ် ဖြစ်နေလို့ပါ…..






အဝေးရောက်လ



ဒီကိုရောက်ပြီးမှ လကိုမော့ကြည့်မိတာ ဘယ်နှစ်ခါရှိပါလိမ့်။ ဟင့်အင်းတစ်ခါမှ မကြည့်မိခဲ့ဘူး။ ဘာဖြစ်လို့ဆိုတော့ ခေါင်းငုံ့လျှောက်နေကျမို့ရယ် လဆိုတဲ့အကြောင်းအရာက ကိုယ့်ကမ္ဘာက ပျောက်ဆုံးနေလို့ရယ်ပါ….

ငယ်တုန်းက လသာတဲ့အခါများဆို ဆော့ကစားလို့သိပ်ကောင်းတာ။ ထုပ်ဆီးတိုး ဘုတ်ဒီထိုး ရုပ်ရှင်နာမည်ဖွက်နဲ့ သိပ်ကို အဆော့မက်တယ်လေ။ လသာတုန်းဗိုင်းငင်ဆိုတဲ့ စကားကို သိချင်စိတ်နဲ့ ကျောင်းစောင့်ကြီးရဲ့ အမျိုးသမီးကို ဗိုင်းငင်ပြပါလို့ ဂျီကျဖူးတယ်လေ။

လပြည့်လကွယ်ဆိုတာ ချစ်တဲ့မြေမှာတော့ သိလွယ်မြင်လွယ်တယ်။ အလှူအတန်း ဥပုသ်ရက်တွေနဲ့ တခုမဟုတ်တခု သိသာထင်ရှားစေတယ်။ ဇာတိမြို့လေးမှာဆို ဆရာလေးတွေ ဆွမ်းဆန်စိမ်းအလှူခံတာနဲ့ကို သိနေပြီ။ ဒီမှာတော့ လပြည့်လကွယ်ဆိုတာ ဘာမှမသိလိုက်မသိဖာသာ။ သီတင်းကျွတ်လပြည့်နေ့ တန်ဆောင်မုန်းလပြည့်နေ့ဆိုတာတောင် တစ်ဦးတစ်ယောက်က စတင်ပို့လိုက်တဲ့ ဆုတောင်း SMS လေးတွေကြောင့်သာ သိတတ်တာ။ မဟုတ်ရင် လဆိုတာ ဘာမှန်းတောင်မသိတော့။ တကယ်ကို ကျနော်အမှုမဲ့ အမှတ်မဲ့နေဖြစ်ခဲ့တာ။

လကိုအေးမြခြင်းလို့ဖွဲ့ဆိုကြလေ့ရှိတယ်။ လသာတဲ့ညများဆို တူရိယာတစ်ခုခုတီးပြီး တစ်ညလုံးနေတတ်တဲ့လူတွေရှိတယ်လို့ကြားဖူးတယ်။ မတီးတတ်တဲ့ ကျနော်လိုလူကတော့ လကိုငေးပြီးခံစားနေလိုက်တာပါပဲ။ လဆီက ဘာခံစားမှုတွေပေးစွမ်းနေပါလိမ့်။

သေချာတာတစ်ခုတော့ လက သိပ်ဆွဲဆောင်လွန်းတယ်။ အေးမြတဲ့အလင်းရောင်နဲ့ ဆွဲဆောင်နေတယ်။ ပြီးတော့ သူက ညို့ဓါတ်ပြင်းပြင်းကို လွှတ်ပေးတတ်တယ်။ ငေးကြည့်ပြီးရင် အတွေးယာဉ်ကြောမှာမြောမိပြန်ရော။

လကတော့ ဒီအတိုင်းပဲ သာမြဲသာနေတာပဲ။ ဒါပေမယ့် မြင်ရတဲ့ နေရာတွေမတူရင် လကို အမြင်မျိုးမျိုးနဲ့ မြင်ရတတ်တာ သဘာဝပဲကိုး။ တစ်ဖက်မှာမှောင်နေရင် နောက်တစ်ဖက်မှာလင်းနေတယ် တစ်ချို့တစ်ချို့ဖက်မှာတော့ တစ်ဝက်တစ်ပျက်လင်းတစ်ချက် မှောင်တစ်ချက်။ လောကကြီးက လရောင်ပေါ်မှာတောင် အနိမ့်အမြင့်နဲ့။

မနေ့ညက အသိတစ်ယောက် ဖုံးဆက်ပြီးပြောပါတယ်။ လကိုထွက်ကြည့်လိုက်စမ်းပါတဲ့။ သိပ်ခံစားရတယ်တဲ့။ သေချာတယ် သူ လရောင်ရဲ့ ညှို့ဓါတ်ရယ် သူ့စိတ်ရဲ့ ခံစားချက်ရယ် ရင်တွင်းသံဇဉ်တစ်ပုဒ် ဖြစ်တည်သွားတယ်ထင်ပါရဲ့။

ဘာဖြစ်လို့လဲဆိုတော့ လကိုကျနော်ကြည့်မိတော့ ကျနော်ဘာမှမခံစားလိုက်ရဘူး။ ပုံထဲမှာကြည့်ပါဗျာ။ လက မီးရောင်ကို ဖောက်မထွက်နိုင်ခဲ့ဘူးလေ။ လရောင်ဆိုတာကို အမေ့မေ့ အလျော့လျော့ကို ဖြစ်နေမိတာပါကလား။ မီးရောင်တွေအောက်မှာ ပျော်ဝင်နေတာကြပြီကိုး။ ရန်ကုန်မှာသာတဲ့လ ကိုမဆိုမိသလောက်တောင်ပဲလေ။ စက်ရုပ်ဆန်တဲ့လူသားအဖြစ်ကို မုန်းတီးစရာတစ်ခုလို ပြန်တွေးနေမိတယ်။

လကတော့ သာမြဲသာဆဲ။ အလင်းတွေကလည်း ပေးနေဆဲ။ အင်းလူတွေကသာ……………..

06 December 2008

တိမ်ပျိုးသူတစ်ယောက်ရဲ့ ဆန္ဒ



ကျနော်က တိမ်တွေကို သိပ်ချစ်တာ။ အဲဒီတော့ သူများတွေအလုပ်များသလို ကျနော်လုပ်မိတဲ့အလုပ်ကလည်း တိမ်ပျိုးတဲ့အလုပ်ပေါ့။ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူးနော်။ ပြီးတော့ လွယ်လွယ်နဲ့လည်း မရတတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တိမ်တွေက တိမ်တွေဖြစ်နေလို့ပေါ့……..

တိမ်တွေဆိုတာ အစုလိုက် တအုပ်တမရခဲဘိခြင်း။ ပြေးလွှားနေတတ်ကြတာလေ။ မထင်ရင်မထင်သလို လေလွင့်တတ်တဲ့အမျိုး။ စုထားဆောင်းထားသမျှ မြောက်လေလာရင် မြော တောင်လေပါရင်လွင့်နဲ့ ဒုက္ခရောက်နေကျ။ ဟိုဘက်ကိုပြေးကောက်ရင်း ဒီဘက်ကလွတ်ကျ။ ကိုယ့်အပြစ်နဲ့ကိုယ်မို့ ဘာကိုမှ အပြစ်မဆိုသာ။

တစ်ချို့တိမ်တွေကျတော့ ကျနော့လက်ငါးချောင်းထဲမှာ ကိုမနေချင်ကြဘူးဗျ။ ရသမျှ လက်ချောင်းတွေကြားကနေ ထိုးထွက်သွားတတ်ကြတယ်။ ကိုယ်နဲ့မထိုက်လို့ထင်ပါရဲ့။ သူတို့က ကျနော့ကို ဆော့ကစားဖို့လောက်သာ သတိရကြတတ်တာလေ။ မာနကြီးတဲ့တိမ်တိုက်တွေပေါ့ဗျာ။

အစုမတော်တဲ့အခိုက်များကြတော့ လေမတိုက်ပင်မယ့် တိမ်မည်းတွေ ဖြစ်ဖြစ်သွားကြတယ်။ ပြီးတော့ သူုတို့တွေပျောက်ပြယ်သွားတတ်ကြလေရဲ့။ သူတို့တွေအတွက် ကျနော့ရင်ဘတ်တွေကြေကွဲလို့ မျက်ရည်တွေဖြိုင်ဖြိုင်ကျ အာခေါင်ခြစ်အော်နေကြလေ။ မကြောက်ကြပါနဲ့ ကျနော့ ၀မ်းနည်းမှုတွေအတွက် ခံစားနားလည်ပေးကြပါဗျာ။

တိမ်တိုက်တစ်ချို့ကိုတော့ ကျနော်လွှတ်ချရတတ်ပါတယ်။ မလွှတ်ချရင် ဖြစ်လာမယ့်အကျိုးဆက်တွေအတွက် ဆုံးရှုံးမှုဆိုတာကိုမေ့ထားပြီး ပျိုးထောင်ခြင်းကို ဦးစားပေးမိတယ်။ စိုက်ခင်းထဲမှာ မြက်ပင်တွေ ပေါင်းသင်သလိုပေါ့ဗျာ။

လက်ဗလာဖြစ်ဖြစ်သွားတဲ့ အချိန်တွေတိုင်း မျောလွင့်သွားတဲ့ တိမ်တွေကို နှမြောမနေအားပါဘူး။ ရသခိုက်လေး ပြန်စုဖို့ကြိုးစားရတတ်တာ။ ဘာဖြစ်လို့လည်းဆိုတော့ တိမ်ပျိုးသူတစ်ယောက်အနေနဲ့ တိမ်တွေကို အရမ်းချစ်တတ်လို့ပါ။

ဒီတစ်ခါ ကျနော်ပျိုးမိတဲ့ တိမ်တစ်အုပ်က ချစ်စရာကြည်ပြာရောင်လေးပါ။ သူတို့ကို မနက်နေမထွက်ခင်တိုင်းမှာ ခဏဖြန့်ခင်းထားတတ်တယ်။ ကြည့်ရင်းကြည်နူးနေမိတတ်တယ်။ နေမလာခင် ကမန်းကတန်းပြန်သိမ်း ဂရုစိုက်ခြင်းတွေ ယုယခြင်းတွေ အပြည့်နဲ့ပေါ့။ အခုလို သိပ်လှတဲ့ တိမ်တိုက်တွေကို အမြဲမြင်နေရရင် ကျနော်ကြည်နူးမိပါတယ်။ တိမ်ပျိုးသူတစ်ယောက် အဖြစ်ကို ကျေနပ်နှစ်သက်နေမိတော့တာ။ တိမ်တွေကသာ ပျိုးသူတစ်ယောက်ရဲ့ ရင်ထဲကို ၀င်ခဲ့မယ်ဆိုရင်တော့ အတိုင်းအထက်အလွန်ပေါ့ဗျာ………


ဒါပေမယ့် တိမ်တွေက တိမ်တွေပဲလေ




03 December 2008

သားလေးမှ မေ့အကြောင်းတစ်ပိုင်းတစ်စ


မတန်ခူးရဲ့ သားလေးအကြောင်းကိုဖတ်ရင်း ထားခဲ့ရတဲ့ ငယ်ဘဝကို သတိရလာမိတယ်။ အခုမတန်ခူးခံစားသလို တွေးသလို မေလည်းတွေးခဲ့မှာပဲနော်။ သြော်မေ……….

ဖေက ကျနော့ကိုမွေးပြီး ၈လလောက်မှာ အလုပ်ဝင်ပါတယ်။ သန်လျင်ရေနံချက်စက်ရုံမှာပါ။ ကျန်းမာလာတဲ့ မေကလည်း သူ့ရဲ့ဆရာမအလုပ်ကို ပြန်လုပ်ပါတယ်။ မေကျတဲ့နယ်က လူဆိုးလူမိုက်တွေ သိပ်ပေါတဲ့နယ်။ ဒီပဲယင်းဆို သိပ်မစိမ်းကြလောက်ပါဘူးနော်။ ရေဦးတံဇယ်လမ်းပေါ်ကပေါ့။ ဆရာမ အပျိုချောချောလေးတွေဆို အတင်းဖက်နမ်းတတ်တာ ဒီနယ်ပေါ့။ ကလေးငယ်လေးနဲ့ အိပ်နေတုန်း ထရံကြားက လက်တစ်ဖက်နဲ့အတင်းစမ်းတာကို ငှက်ကြီးတောင်လက်ကဆွဲပြီး တဆတ်ဆတ်တုန်နေတဲ့ မေ့ရဲ့စွန့်စားခန်းတွေရှိတဲ့ နေရာ။

နယ်တစ်ဝိုက်မှာတော့ ကျားခင်စိန်ဆို မေပါပဲ။ စာမေးလို့မရရင် စိတ်တိုပြီး ဒတ်စ်တာနဲ့ ပေါက်တတ်လို့ ခေါင်းပေါက်တဲ့ကျောင်းသားမိဘနဲ့ ပြဿနာတတ်တဲ့ဆရာမပေါ့။ ဒါတောင်ကျောင်းသားတိုင်းရဲ့ လွယ်အိတ်ထဲမှာ ဒါးမြှောင်ကိုယ်စီနဲ့နော်။ နယ်အနေအထားအရ ကာကွယ်ရေးအတွက်လိုအပ်တယ်ထင်ပါရဲ့။ ပထဝီမြေပုံတွေကို လက်တမ်းဆွဲသင်တတ်တဲ့ ပထဝီဆရာမလေးပါ။ ကျနော်တော့ ပထဝီဆို လတ္တီကျု လောင်ဂျီကျုနဲ့တင် ပတ်ချာလည်နေတာလေ။

ဖေနဲ့မေ တစ်နယ်စီဆိုတော့ ကျနော့ကိုထိန်းဖို့ ကလေးထိန်းငှားရတာပေါ့။ ကလေးထိန်းက ဘယ်လောက်တော်တယ် ထင်သလဲ လက်တိုဂျင်နို့မှုန့်တွေကို ကလေးကို မတိုက်ပဲ အပြင်မှာရောင်းစားပြီး ကလေးကို ထမင်းရည်ပဲတိုက်ခဲ့တဲ့အထိတော်တာ။ ထမင်းရည်ဆို အခုထိ မကြည့်ချင်တော့လောက်အောင် မုန်းနေမိတာ။ နောက်ဆုံး အိမ်မှာရှိသမျှ ပစ္စည်းတွေ ခိုးပြီးဆင်းသွားတဲ့အထိကို တော်ရှာတာ။

ကလေးထိန်းမရှိတဲ့နောက်တော့ အိမ်ရှေ့က ဘကျော်နဲ့ မေကြည်ကတစ်လှည့်ကြည့်။ သူတို့မအားရင် ကလေးတစ်ဖက်နဲ့ ကျောင်းကိုတက်။ နေ့ကျောင်းရော ညကျောင်းရော မပြတ်သင်ရတဲ့ မေနဲ့အတူ ကျောင်းထုပ်တန်းမှာ ပုခန်းတန်းလန်းနဲ့ ကလေးကပါစမြဲ။ အတန်းမဝင်ရတဲ့ ဆရာ ဆရာမ မှသည် ကျောင်းအုပ်ကြီးအထိ ပုခက်လွဲတာဝန်။

စာသင်ချိန်ရှိသမျှအပြည့်သင်ပေးရတဲ့ အပြင် မလာတဲ့ဆရာတွေအစားပါ ဝင်ခိုင်းတတ်တယ်တဲ့။ ယောကျ်ားသားမရှိဘဲ တစ်ယောက်တည်း ဘယ်လောက် အတိဒုက္ခရောက်လိုက်မလဲနော်။

ဒီကြားထဲသိပ်ဆိုးဝါးတဲ့ ကလေးလေ။ မေကျောင်းက ပြန်လာတိုင်း ကျောင်းရှေ့မုန့်ဆိုင်က ဝက်အူချောင်းကြော်နဲ့ ငှက်ပျောသီးကြော်မပါရင် စိတ်ဆိုးပြီးစကားမပြောတော့ဘူး။ ငယ်နာမည်တွင်တာကိုက ဂျစ်ကန်ကန် ဂျပန်လေးတဲ့။ အဲဒီနယ်က ဝက်အူချောင်းက သိပ်ကောင်းတယ်လေ။ တစ်ခါသား မေ့တပည့်တစ်ယောက် အိမ်ကို အလည်သွားရင်း ချကျွေးတဲ့ ဝက်အူချောင်းကြော်ကို တစ်ပန်းကန်လုံးကုန်အောင် စားလိုက်လို့ အပြန်မှာဆူခံရသေးတယ်။

နောက်ထပ်ဆိုးတဲ့ အချက်က မင်္ဂလာဆောင်က ကျွေးတဲ့ ကြက်သားဟင်းစပ်လို့ အော်ငိုပြီး ရေနဲ့ဆေးစားမယ်ဂျီကျဖူးတယ်လေ။ စပ်လို့ဆိုပြီး ငိုတဲ့ ဆရာမသားဆို အဲဒီနယ်မှာမေးလို့ရတယ်။

အဆိုးဆုံးတစ်ခုကတော့ ရပ်ကျော်ရွာကျော်အဖြစ်ဆုံး နှစ်နှစ်သားပဲရှိသေးရဲ့ အိမ်ရှေ့ရေမြောင်းထဲမှာ ရေငုပ်ပြီး တူတူပုန်းတဲ့ ဆော့တဲ့ အဖြစ်ပါ။ ကံကောင်းလို့ ဆွမ်းခံကြွတဲ့ ကိုရင်တွေ ကယ်ပေလို့ ရေမှမကူးတတ်တာလေ။ နို့မို့ဆို ရွာသားလေးဆိုတာ ရှိလာမှာမဟုတ်တော့။

ဆယ်တန်းတွေကို စေတနာအပြည့်နဲ့ အချိန်ပြည့်သင်တဲ့ဆရာမ စာမကျက်ပေမယ့် စာမေးပွဲမစသေးခင် ဆရာမက အသံမထွက်တော့။ ရောဂါအခံကလည်းရှိတော့ ဒီပုံနဲ့ ကြာကြာမခံ ဗုန်းဗုန်းလဲတော့တာပါပဲ။ နေမကောင်းတဲ့မေ့ကို လာပြုစုရင်း ဖေတစ်ယောက်လည်း မောင်ကြီးမပြန်နိုင်နဲ့ အလုပ်ပြုတ်ပါတော့တယ်။ နောက်တစ်လုပ်ဝင်တော့ မန်းသံပုရာကန်မှာပေါ့။ ဒီတစ်ခါတော့ ဖေကလည်း တစ်အားပြော၊ ဖိုးနဲ့ဖွားကလည်း တိုက်တွန်းဆိုတော့ မေတစ်ယောက်သူချစ်တဲ့အလုပ်ကို ကျန်းမာရေးဆိုတဲ့ အဓိက အချက်နဲ့ ကျောခိုင်းလိုက်ရပါတော့တယ်။ မဟုတ်လည်း သူ့လစာတွေအားလုံး ကျောင်းသားတွေ ကျောင်းလခ ဒိုင်ခံသွင်းပေးနေတော့တာ။

မိဘတွေလည်း မိဘတွေအလျောက် ဘဝတွေကို ရုန်းကန်ကြရတာပေါ့။ သားသမီးတွေလည်း သားသမီးတွေအလျောက်မိဘတွေရဲ့ မေတ္တာရင်ငွေ့ကို အချိန်ပြည့်လိုချင်တာ။ ပြန်လာရင် မိဘနားက မခွာချင်တော့။ ပင်ပန်းတယ်ဆိုတာလည်း ငယ်စိတ်နဲ့ နားမလည်ခဲ့။ ရင်ခွင်ထဲ ဝင်မယ်တကဲကဲလေ။ အဲဒါတွေ မေ့အတွက် ပိုပင်ပန်းစေခဲ့တယ် ဆိုတာကို သိတဲ့ အချိန်မှာတော့ အဝေးဆုံးကိုရောက်နေပြီလေ……

အခုချိန်မှာ ကိုငှက်ရဲ့ အမေ့အိမ်သီချင်းကိုဆိုရင်း ထို့ထက်ပို၍ အဝေးရောက်သားဆိုးများသို့ဆိုတဲ့စကားကိုသာ တွင်တွင်ရွတ်နေမိတာ။

02 December 2008

ရပ္တည္မွု




တစ်နေ့တစ်နေ့
တမတ်တပ်တပ်နဲ့
ငါရပ်နေရတယ်

ငါဟာခိုင်ခန့်တယ်
ခန့်ညားတယ်
လှပတယ်တဲ့

ခွန်အားရှိသမျှ
ခံနိုင်စွမ်းနဲ့
မာန်မာနကြီးစွာ
ဖိအားမှန်သမျှကို
တွန်းတင်ပေးခဲ့တယ်

အနားနားတစ်ချက်လာကြည့်ပါ
တစ်ချက်မှအော်မညည်းပါ
လေတိုးရင်လည်း
ယိုင်လဲမလွယ်

တကယ်တမ်းတော့
ငါညောင်းတယ်ကွာ......

01 December 2008

ဒီခရစ်စမတ်



ဒီနှစ်ခရစ်စမတ်သိပ်ရက်စက်လွန်းတယ်
နင်ရယ်ငါရယ်
ကျောခိုင်းနှုတ်ဆက်နေလိုက်ရတာ


သိပ်ရဲရင့်နေတဲ့
ပွင့်တူရွက်တူတွေကလည်း
လှောင်ကြတယ်



သစ်ပင်ထက်က
ဖဲပွင့်တွေလည်း
အကြွားတ၀က်နဲ့
မကြားတချက် ကြားတချက်ပြောကြတယ်


တစ်လုံးချင်းလင်းနေတဲ့
မီးလုံးတွေလည်း
အပြိုင်လင်းရင်း
အမြင့်ကနေ ကျီစယ်တယ်


ဝက်ဝံရုပ်တွေ
ပုံထားတဲ့ ဒီခရစ်စမတ်
ထရီးကို ငါမမြင်ဘူးလို့
မူးမြစ်ထင်မိတယ်


အလှဂုဏ်မောက်တဲ့
နတ်သမီးတွေလည်း
လက်ညှိုးတစ်ထိုးထိုးနဲ့
အပြစ်အမျိုးမျိုးကို
ဖွဲ့ဆိုကြတယ်


မနှစ်ကလိုမဟုတ်တဲ့
ဒီခရစ်စမတ်ဟာ
အနီရင့်ရင့်တွေနဲ့အတူ
ငါရင်နင့်စရာတွေ
သယ်ဆောင်မလာဖို့
တစ်ဆိတ်လောက်
ပြောပေးကြပါ......




ဒီလမ်း




အလျားအနံရှိသလို
အသွားအပြန်ရှိသတဲ့
ဒါပေမယ့်
တစ်ချို့လမ်းတွေ
တစ်လမ်းမောင်းဖြစ်နေတတ်လို့
အမြဲတမ်း
လမ်းတစ်ဝက်ရယ်က
လှည့်ထွက်ရတတ်စမြဲ

ဒီလမ်းကိုလည်း
ဒွိဟနဲ့လျှောက်နေမိတုန်း
တစ်ခြားတစ်ဖက်က
လမ်းလျှောက်သူတစ်ယောက်နဲ့
ဆုံဖြစ်ရင်တော့
လမ်းလယ်မှာ နှုတ်ဆက်ဖြစ်အောင်
နှုတ်ဆက်လိုက်ဦးမယ်

မင်္ဂလာပါလို့....