19 December 2008

စားပွဲနဲ့နံရံ

စားပွဲနဲ့နံရံ။ ကျနော့အလုပ်စားပွဲဘေးမှာ နံရံရှိတယ်။ နံရံနဲ့ စားပွဲနဲ့ကကပ်ရပ်။ သူတို့တစ်ဖက်တစ်ချပ် ရပ်တည်နေတာပဲ။ ဒါပေမယ့်……….


စားပွဲကို ပါတီးရှင်း အကန့်တွေနဲ့ နံရံဘေးမှာ ထားတာပါ။ သူတို့နှစ်ခုက အရမ်းကပ်တယ်လည်း မဟုတ်ဘူး။ ခွာတယ်လည်း မဟုတ်ပြန်ဘူးလေ။ ဆိုတော့ ကပ်သီးကပ်သပ်လေး ဖြစ်နေကြတာ။ သူတို့ကပ်သီးကပ်သပ်ဖြစ်တော့လည်း ဘာအရေးလဲ။ အနေသာကြီး။

မဟုတ်ဘူးလေ မဟုတ်ဘူး။ တကယ်တော့မဟုတ်ဘူး။ သူတို့နှစ်ခုကြောင့် ဒုက္ခလှလှ တွေ့ရတာ အနှေးနဲ့အမြန်။ အရေးကြီးပြီး ပြန်မရနိုင်တော့တဲ့ စာရွက်တစ်ရွက်ကျသွားလို့လေ။ သူတို့နှစ်ခုကြားထဲကို လှပစွာကျသွားတာ။ လှပစွာဆိုတာ တကယ်ကို ဘယ်ကနေဘယ်လို ကပ်သီးကပ်သပ်ထဲကို ရောက်သွားမှန်းမသိအောင်ကျသွားတာ။ သတိတရ ရှာတဲ့အချိန်မှာ သကောင့်သားက ခပ်တည်တည်နဲ့ လျှာထုတ်ပြသလို တဖျတ်ဖျတ် ခါပြနေလေရဲ့။

ဘယ်လိုလုပ်ရမလဲ။ ဘယ်လိုပြန်ယူရမလဲ။ အသေချထားတဲ့ ဒီစားပွဲကို ရွှေ့မလား။ နံရံကိုပဲ ဖြိုလိုက်ရမလား။ သူဌေးသိရင်တော့ တော်တယ်ကွာဆိုပြီး ဆုချဦးမှာ။ အတွေးကောင်း အစီအစဉ်ကောင်းလို့လေ။ လေယာဉ်လက်မှတ်ပါဝယ်ပေးပြီး ပြန်ပေတော့ မစဉ်းစားနဲ့ ပြန်ပေတော့ ဆိုတဲ့ဆုပါ။

လက်နှစ်ဖက်နဲ့နှိုက်မယ်ဆိုတော့ လည်း မဖြစ်ပြန်။ တစ်ခုနဲ့ ထိုးမယ်ဆိုတော့လည်း ဒီအကျဉ်းက ကျဉ်းရတဲ့အထဲ ရှည်ကလည်းရှည်နေသေး။ ဘယ်အရာနဲ့မှ ထိုးလို့မရ။ ညှပ်လို့လည်းမမိ။ ဘယ်လိုလုပ်ရပါ့။ လျှို့ဝှက်ချက်အနေနဲ့ နည်းလမ်းကို ဖွက်ထားလိုက်ပါဦးမယ်။ တကယ် အဲလိုကြုံရင်တော့ မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ အကြံဥာဏ်ပေးခကို အဲဒီတော့မှ စပြောမယ်လေနော်။

ဒီလို ကျဉ်းထဲကျပ်ထဲကို ရောက်ရောက်သွားတတ်တာ ခဏခဏပါ။ ဘာမှမဟုတ်လောက်ဘူးဆိုတဲ့ အရာတွေက ကိုယ့်အတွက်တော့ တစ်ချိန်မှာ ထောင်ချောက်တွေလိုပဲ။ ကျသွားပြီဆိုမှ ပြန်ဆွဲထုတ်မရတော့ဘူးလေ။ ဘယ်အရာမဆိုတော့ အဖြေရှိတယ်တဲ့။ အချိန်တစ်ခုခုနဲ့ အေးအေးဆေးဆေးစဉ်းစားပြီး ဖြေရှင်းနိုင်ကောင်းပါတယ်။ ဒါပေမယ့် အမှားတွေလည်း ဖြစ်နိုင်သလို အမှန်တွေလည်းဖြစ်နိုင်တယ်။ ခဲတံနောက်မှာ ခဲဖျက်ထည့်တာကိုက သဘာဝကျပြီးသား လူဆိုတာကိုက မှားတတ်တာလေ။ မှားမှာကြောက်ပြီး လမ်းမလျှောက်တော့ပဲနေမှာလား။ ဘယ်ဟုတ်မလဲ။ ရှေ့သို့ချီရင်း ပြုပြင်သင့်တာတွေ ပြုပြင်ရမှာပေါ့။

အခုလည်း စားပွဲနဲ့နံရံနဲ့ ကကပ်လျက်ပဲ။ စာရွက်တွေကကော……………….

13 comments:

khin oo may said...

မဖြေရှင်းတတ်ပါ။

ဗီလိန် said...

ဉာဏ်မမီ၍ မကောက်တတ်ကြောင်းပါဗျိုး။

RePublic said...

tool cart ကြီးတစ်ခု လက်ဆောင်လာပို့ပေးပါ့မယ် ၊၊ ဖြုတ်ရတတ်ရ လွယ်ကူအောင်ပါ၊၊ အဟီး စတာပါ ၊၊

Anonymous said...

ခဲတံနောက်မှာ ခဲဖျက်ထည့်တာကိုက သဘာဝကျပြီးသား လူဆိုတာကိုက မှားတတ်တာလေ။ မှားမှာကြောက်ပြီး လမ်းမလျှောက်တော့ပဲနေမှာလား။ ဘယ်ဟုတ်မလဲ။ ရှေ့သို့ချီရင်း ပြုပြင်သင့်တာတွေ ပြုပြင်ရမှာပေါ့။

ဘုန်းကြီးသရဲ တရားဟောနေပါသည် နည်းနည်းပဲ နားလည်တယ် ခေတ်နဲ့အမှီလိုက်မှပဲ သိပ်မမြင့်နဲ့ဝေ့ ခုန် ခုန်ဖတ်ရတာ ခြေတောက်နာတယ် ဆေးခန်းသွားဖို့ ပိုက်ဆံမရှိဘူးးးး ။

ကိုရုပ်ဆိုး said...

ပေတံထပ်ဖြစ်ဖြစ် ... ကြိုးစကိုဖြစ်ဖြစ် ကော်သုပ် ... ပြီးတော့ ကောက်လိုက်ပေါ့ကွာ။ စာရွက်ဆိုတာ ကော်နဲ့တွေ့ရင် ကပ်သွားမှာပဲကို .... :D
ခဲတံနောက်မှာ ခဲဖျက်ပါတဲ့ဟာနဲ့ ရေးတဲ့အရွယ်မဟုတ်တော့ .... မှားရင် ပြင်ရတာ နည်းနည်းခက်တယ်ကွ ရွာသားရ။ correction pen က ဘောလ်ပင်နောက်မှာ တွဲမပါတော့ ချက်ခြင်းဖျက်ဖို့ မလွယ်ဘူးမောင် ... :D

ဂရေစ့် said...

ko yoke soe ပြောတာမှန်တယ်ဗျို့ ။

ရွှန်းမီ said...

:-) ဖြစ်တတ်ပါတယ်လေ..
ကိုရုပ်ဆိုး ပြောတာကိုပါ ဖတ်ရင်း ရယ်သွားတယ်..
မှန်နေလို့ပါ..
cello tape လေး ပေတံမှာ ကပ်ပြီး ကောက်တာပေါ့ .. ဟုတ်လားမသိ..

Anonymous said...

ဖတ်သွားဘာဂျောင်းးးးးး။

ခေါင်ခေါင် said...

အဟဲ. ဘယ်လိုအဆင်ပြေသွားလဲ နည်းလမ်းလေး ပြောပြပါလား..

pandora said...

ကိုရုပ်ဆိုး ပြောသလိုများလား :)

ရွှန်းမီ said...

စာရွက်က တော်သေး.. စာအုပ်ပါးပါးလေး အဲ့ဒီချောင်ထဲ ရောက်သွားရင် ပြဿနာ.. ဘယ်လိုကောက်ရမလဲ. . . ??? ပေတံတွေ ကြိုးတွေက ၀ိတ်ကိုမနိုင်ဘူးးးး . . . .. နံရံပဲ ဖြိုခိုင်းလိုက်ရမလားးးး .. စားပွဲကို ၀ိုင်းမခိုင်းရ ကောင်းမလားးးး . . .

ဝေလေး said...

ဟက် ဟက် ... ဘယ်လိုကောက်လိုက်လဲ... အကြံထုတ်ရင်း ခေါင်းကုတ်ရင်း လေပူမှုတ်ထုတ်ရင်း ယောင်ချာချာဖြစ်နေမယ့်ပုံ မြင်ယောင်သွားတယ်... ဟီးး
နောက်တာပါ...
လက်နှစ်ဖက်နဲ့နှိုက်လို့မဖြစ်တော့ တစ်ဖက်တည်းနဲ့ဆိုရင်ရော ရဘူးလား...
ကိုကြီးရုပ်ဆိုးပြောသွားတာ သဘောကျတယ်.... အမှားတွေအားလုံးကို ဖျက်လို့ရရင် သိပ်ကောင်းမှာပဲ.
မဖြစ်နိုင်တာကို လေရှည်သွားပြန်ပြီ..... ဟဲ

Unknown said...

ဖတ်ရင်းနဲ့  သတိယသွားတယ် ငယ်၂ကဖတ်ဖူးတဲ့ ပုံပြင်လေးတပုဒ်ကို (သိမလားတော့ မသိဘူး)
ဆိတ်ခေါင်းက ရေအိုးထဲဝင်သွားတဲ့ပုံပြင်လေ
ပြုံးမိတယ် အဲလိုများဖြစ်နေမလားလို့ 
တို့ ရွာသားကတော့ အချိန်ယူပြီး သေ၂ချာ၂ဖြေရှင်းနိုင် မယ်ထင်တာပဲ (သိပ်တွေးတတ်တဲ့သူမလို့ လေ)
မှတ်သားစရာလေးတွေကို မှတ်သားသွားတယ် (မထင်မှတ်တဲ့အရာလေးတွေက တခါတလေ မှတ်၂ထင်ဖြစ်သွားတတ်တာလေးကိုပေါ့)