30 April 2017

ဟလောင်းဘေး တညအိပ်ခရီးစဉ်

ဟလောင်းဘေးကို သွားမယ်ဆိုတော့ တညအိပ်လောက်တော့ နေချင်တယ်လို့ ရုံးမှာ ညဉ်းမိတယ်။ ဗီယက်နမ် လုပ်ဖော်ကိုင်ဖက်က မအိပ်သင့်ဘူး ခဏခဏ သင်္ဘောတွေ မြုပ်တယ်လို့ တားတယ်။ မသွားခင် သူများတွေရဲ့ ဟလောင်းဘေး ဆောင်ရန်ရှောင်ရန်တွေ လိုက်ဖတ်ကြည့်တော့ ဟနွိုင်းကနေ သဘောင်္ဆိပ်ကို လေးနာရီလောက် ကားစီးရတယ်လို့ ဖတ်မိတယ်။ နေ့ချင်းပြန်ခရီးဆို အသွားအပြန် ရှစ်နာရီက လမ်းပေါ်မှာ ဘယ်မှာလဲ ဟလောင်းဘေးကို ငေးကြည့်ရမယ့် အချိန်...ရာသီဥတုကြည်လင်ရင်တော့ ဟုတ်ပါရဲ့ ဘာမှ မမြင်ရပဲ နေ့ချင်းပြန်သာ ပြန်လာရရင် မတန်ဘူးလေဗျာ။ ဒါကြောင့် တညအိပ်တော့ အိပ်မယ်ဆိုပြီး စီစဉ်ခဲ့တယ်။ တညအိပ်ခရီး တယောက်ကို US110 အပြီးအစီးပါ။ အသွားအပြန်ကားခ၊ သင်္ဘောပေါ် တညအိပ် အစားအစာနဲ့ ဝင်ကြေး အားလုံး စရိတ်ငြိမ်းပါ။
တခုပဲ ဒီလောက်ဈေးနဲ့ ဆိုတော့ အရမ်းတန်တယ် ထင်ရပါတယ်။ ကျနော်ထင်တယ် သူတို့အမြတ်က သင်္ဘောပေါ်မှာ အသောက်ဆိုတဲ့ ကိစ္စဖြစ်မယ်။ အစားအစာ စရိတ်ငြိမ်းမှာ အသောက်မပါ ပါဘူး။ အဲ့ဒီတော့ သင်္ဘောပေါ်မှာ စားတဲ့အချိန်တိုင်း ဘားကောင်တာ စားပွဲထိုးက ဘာသောက်မလဲဆိုတဲ့ မေးခွန်းကို မသောက်မချင်း လာမေးနေတတ်ပါတယ်။ ကျိုက်ထီးရိုးက ထမင်းဆိုင်တွေမှာ နားခွင့်အလကားပေးထားပေမယ့် ဆိုင်မှာ ထမင်းစားဖို့အတင်းတိုက်တွန်း နားပူဆာတာမျိုးပါပဲ။ အပြင်ကဈေးထက် အများကြီးတင်ထားတာ သိပေမယ့် သောက်ကြရတာပါပဲ။ ကိုယ့်ပုလင်းကို ယူလာရင်လည်း ပုလင်းဖေါက်ခ တောင်းတဲ့အပြင် မျက်နှာ သိပ်မကြည်ကြပါဘူး။ အဲ့ဒီတခုအတွက်တော့ စိတ်ကို ကြိုတင် ပြင်ဆင်သွားဖို့ သတိပေးချင်ပါတယ်။



ကံကောင်းစွာပဲ တညအိပ်စီစဉ်ထားလို့သာပါ။ ရောက်တဲ့နေ့က မြူတွေဆိုင်းပြီး ဘာမှကို မမြင်ရပါဘူး။ သင်္ဘောပေါ်ရောက်တော့ ကံကောင်းစွာ Delux ခန်းကို ကျနော်ရပါတယ်။ Delux ခန်းနှစ်ခန်းပဲ ပါပြီး သူ့မှာ တခြားအခန်းတွေထက် ပိုတာက ဝရန်တာလေး အခန်းပြင်မှာ ပါတာပါပဲ။ ဝရန်တာလေးမှာ စားပွဲထိုင်ခုံလေးနဲ့ အပြင်ထွက် ဇိမ်ခံစရာမို့ ကံကောင်းတယ်လို့ ပြောနိုင်တယ်။ ကိုယ့်ဟာကို ဒီအခန်းကို ယူရင်နောက်ထပ် ၂၀ အပိုဆောင်းပေးရမှာလေ။




ရောက်ရောက်ချင်း နေ့လည်စာက အသီးအရွက်လတ်လတ်ဆတ်ဆတ် တွေနဲ့မို့ စားလို့မြိန်ပါတယ်။ ပထမဆုံး ရပ်ပေးတဲ့ နေရာက Hang Sung Sot ဆိုတဲ့ ထူးဆန်းတဲ့ ဂူကိုပြပါတယ်။ ထုံးကျောက်တောင်အတွင်းက သဘာဝအတိုင်း ဖြစ်နေတဲ့ ပုံတွေကို ဆင်နဲ့တူတယ် မြင်းနဲ့တူတယ် စသည်ဖြင့် စိတ်ကူးစိတ်သန်းနဲ့ ပုံဖော်နေကြတာပါပဲ။ ဂူကအပြန် Kayak လုပ်မလားဆိုတော့ မလုပ်ချင်တာနဲ့ ကျနော်တို့အဖွဲ့ က ပင်လယ်ထဲမှာ ရေဆင်းကူးဖို့ ရွေးချယ်လိုက်ကြတာ။ ကျောက်စိမ်းရောင် ပင်လယ်ကြီးဟာ အေးစက်နေတာပါပဲ။ သိပ်ကြာကြာ မကူးနိုင်ကြပဲ ခဏလေးနဲ့ ပြန်တက်လာကြရတယ်။ ကော်ဖီပူပူလေးနဲ့ သွေးနွေးသွားအောင် သောက်ရင်း တောနဲ့တောင်စွယ် သီချင်းကို ဖွင့်ထားတာ မြိုင်လိုက်တာဆိုတာလေ....








ဟလောင်းဘေးမှာ လှေတွေနဲ့ ဈေးသည်တွေဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ရောင်းသူ ဝယ်သူဆိုတဲ့ အတွေးနဲ့ ရိုက်ခဲ့တဲ့ ပုံလေးအပြင် တခြား ဈေးသည်တွေ လှေပေါ်က မြင်ကွင်းတွေ အများကြီး ခလုပ်နှိပ်ဖြစ်ခဲ့တယ်။
ဧည့်သည်တွေ အားလုံး ပြန်ရောက်လာကြပြီဆိုတော့ ညနေစာစားဖို့ စီစဉ်တယ်။ မစားခင်မှာ ကော်ပြန့်စိမ်းလိပ်နည်းသင်ရင်း လုပ်စားကြတယ်။ ဂျာမန်ကလေးနှစ်ယောက်၊ ဘန်ကောက်မှာနေတဲ့ အမေရိကန်ဆရာမ နှစ်ယောက်၊ ပိုလန်က ခြောက်ယောက်နဲ့ မြန်မာ သုံးယောက်ရဲ့ ကော်ပြန့်လိပ်ခြင်း အနုပညာ ညချမ်းလေးဟာ ပျော်ဖို့ ကောင်းတယ်။
ညကိုတော့ ပင်လယ်ကွေ့လေးတခုမှာ ကျောက်ချပြီး အိပ်စက်အနားယူတယ်။ ပင်လယ်ဆိုပေမယ့် လှိုင်းတွေ လှုပ်ခတ်မနေပဲ ငြိမ်သက်နေလိုက်တာ အံ့သြစရာပါပဲ။ ကျနော်ရဲ့ အခန်းရ ကံကောင်းခြင်းဟာ ကံဆိုးခြင်းဆိုတဲ့ဖက်ကို ဒီညမှာပဲကူးပြောင်းသွားခဲ့တယ်။ ပိုလန်က ခြောက်ယောက်အဖွဲ့မှာ အမျိုးသမီးတယောက်ရဲ့ မွေးနေ့ အဲ့ဒီတော့ Dining Hall မှာ တညလုံးသောက်ကြ သီချင်းဖွင့်ပြီး ကကြတယ်။ နှစ်ခန်းတည်းသော Delux ဟာ Dining Hall နဲ့ ကပ်လျက်ဖြစ်ပြီး Sound box က ကျနော့အခန်းနံရံမှာ ချိတ်ထားတာ။ တညလုံးမအိပ်လိုက်ရပဲ မိုးလင်းခဲ့ရတဲ့ ဟလောင်းဘေးက ညပါ။


မနက်စောစော လင်းချင်းနေတဲ့ ဟလောင်းဘေးကို စမြင်ရပြီ။ ညကရပ်နားထားတဲ့ ပင်လယ်ကွေ့ကနေ ပင်လယ်ထဲကို ဘွားခနဲ တဖြည်းဖြည်းထိုးထွက်လာတဲ့အခါ တံခါးနှစ်ချပ်ကို ဆွဲဖွင့်လိုက်သလို သိပ်လှတဲ့ မနက်ခင်းတခုက ကြိုဆိုနှင့်တယ်။



လှေခါးထစ်ပေါင်း ၃၄၀ ရှိတဲ့ တစ်တော့ တောင်ပေါ်တက်ပြီး ရှုခင်းကြည့်ကြတယ်။ သိပ်ကိုလှတဲ့ ဟလောင်ဘေးပါ။ နတ်ဘုံနတ်နန်းလားတောင် ထင်မှတ်မှားရလောက် မြင်ကွင်းက အရမ်းကိုဖမ်းစားတယ်။ ဓါတ်ပုံတွေထဲမှာပဲ စွဲလမ်းခဲ့ရတဲ့ ဟလောင်းဘေးကို ကိုယ်မျက်လုံးနဲ့ တပ်အပ်သေချာ မြင်ရတဲ့အခါ ပါးစပ်ကို မစိနိုင်လောက်အောင် ပျော်မြူးစရာလေနော်.
သင်္ဘောပေါ်ပြန်ရောက်တော့ မနက်စာစားရင်း ဆိပ်ကမ်းကို ပြန်သွားကြတယ်။ လမ်းတလျှောက် ခွေးပုံ၊ ကြက်ဖပုံ အစရှိတဲ့ ကျောက်တောင်တွေကို ငေးမော လက်ညိုးထိုးရင်း ဟလောင်းဘေးကို ခံစားလာကြတယ်။
ဆိပ်ကမ်းရောက်တဲ့အခါ ဟနွိုင်းကို ပြန်။ အလာတုန်းက တည်းတဲ့ ဟိုတယ်မှာပဲ တညပြန်တည်းတယ်။ ဂျာမန်ကောင်လေး ညွန်းဆိုတဲ့ ထောပတ်သီး ကော်ဖီဆိုင်လေးကို သွားကြတယ်။ အင်္ကျီဆိုင်လေးရဲ့ နောက်ထဲမှာ သိုသိုသိပ်သိပ်လေး ရှိနေပြီး ရေကန်ကြီးနဲ့ ဟနွိုင်းမြို့ကို အပေါ်စီးကနေ လေတဖြူးဖြူးနဲ့ ထိုင်ရတဲ့ ဆိုင်လေးဟာ ကျနော့ စိတ်ကြိုက်ဆိုင်လေးဖြစ်သွားခဲ့တယ်။ 

နောက်နေ့ မနက် အစောကြီးမှာ လေဆိပ်ကို ဆင်းရတယ်။ နေရစ်တော့ ဟနွိုင်းရေ............

No comments: