ပြန်ရမယ့် မနက်မှာ ဟိုတယ်နားတဝိုက်မှာပဲ မနက်စာစားတယ်။ ပြီးတော့ လမ်းမှာ တွေ့တဲ့ ဓါတ်ပုံပြပွဲကိုဝင်ကြည့်တယ်။ တန်ဆောင်းတလျှောက် ချိတ်ထားတဲ့ ဓါတ်ပုံတပုံချင်းဆီမှာ အာရုံဝင်စားတယ်။ ကောင်းလိုက်တဲ့ စိတ်ကူးလေး ခရီးတွေသွားရင်း ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေကနေ ရသတွေ မျှဝေပေးနေလိုက်တာ....
ဟိုတယ်ကနေ Check out လုပ်ပြီးပေမယ့် ကားကညနေမှဆိုတော့ အချိန်တွေ အများကြီးကျန်နေသေးတယ်။ ဟိုတယ် ဒုတိယထပ်မှာ နားနေစရာလေး လုပ်ပေးထားတာ ခရီးသည်တွေ အတွက် အရမ်းအဆင်ပြေတယ်။ ခရီးရှည်တာ တကြောင်း အသက်ထောက်လာတာ တကြောင်းကြောင့်ထင်တယ် ဘကြီးကတော့ ဟိုတယ် နားနေခန်းမှာပဲ အိပ်စက် အနားယူကျန်ရစ်တယ်။ ငြိမ်ငြိမ်မနေတတ်တဲ့ ကျနော်တယောက်ပဲ မြေပုံစာရွက်ကိုင်ပြီး အနီးအနား ပတ်ဝန်းကျင်ကို စနည်းနာခဲ့တယ်။
မြေပုံမှာ အနီးဆုံးဖြစ်တဲ့ Wat Chendi Luang ကို ဦးတည်မိတယ်။ မြဘုရားကို ဒီစေတီမှာ ကိုးကွယ်ခဲ့ဖူးတယ်တဲ့။ မြဘုရားကို လာအိုတိုင်းပြည် ပင့်ဆောင်သွားပြီးနောက် ငလျင်ဒဏ်သင့်ကာ ပြိုကျပျက်စီးခဲ့ပါတယ်။ အရင်ဇင်းမယ်ပြည်ကြီး ကောင်းစားစဉ်က ဆိုတဲ့ အတိတ်ကို အပျက်အစီးတွေကြားကနေ တစွန်းတစ မြင်ရစေပါတယ်။
ဒီဘုရား ပရဝဏ်အတွင်းမှာပဲ Wat Ho Thamကို ရွှေရောင်တဖိတ်ဖိတ်နဲ့ ဖူးတွေ့နိုင်တယ်။ ဧည့်သည်တွေ ပြည့်နှက်နေပြီး ဘုရားတွေဟာ သိပ်ကြည်ညိုဖို့ကောင်းပါတယ်။
အနားက သစ်သားတွေနဲ့ ထွင်းထုထားတဲ့ ကျောင်းတော်ငယ်ကိုလည်း ဝင်ကြည့်မိတယ်။ မြန်မာတွေနဲ့ အတူ ပန်းပုပန်းတမော့လက်ရာ ကူးလူးထားဟန်ရှိတယ်။ဇင်းမယ်ဆိုတာ မြန်မာနဲ့ စိမ်းမှ မစိမ်းပဲ။ အဲဒီတော့မှ ဇင်းမယ်ကို စစ်ချီကြတဲ့ ကဗျာကို တီးတိုး ရေရွတ်မိတယ်။ ကိုးတန်းဖတ်စာအုပ်နဲ့ အတူ ဆရာဦးတင်ထူးကို ဖြတ်ခနဲ ပြေးမြင်တယ်။
ထွက်လာတာ အတော်လေး ကြာပြီမို့ ဘကြီးနိုးလာရင် စိတ်ပူနေမယ်ဆိုပြီး ဟိုတယ်ကို ပြန်လှည့်ခဲ့တယ်။ ဟိုတယ်ကနေ အဝေးပြေးကားဂိတ်ကို ကားငှားပြီး ဆင်းကြတယ်။ အဝေးပြေးဂိတ်က အနယ်နယ်အရပ်ရပ်ကိုသွားဖို့ ဂိတ်ရုံအသီးသီးနဲ့ စည်ကား သိုက်မြိုက်နေတယ်။ ကားက အချိန်မှန် ထွက်တယ်။ ကားထိုင်ခုံနောက်မှာ ကြိမ်သီးလေးတွေနဲ့ အနှိပ်ခံလို့ ရတာ တလမ်းလုံး ဆော့ပြီး လိုက်လာတယ်။
ဘန်ကောက်ကို မနက်အစောကြီး ရောက်ပြီး ဘကြီးရဲ့ အိမ်မှာ ခဏလိုက်နားတယ်။ ပင်ပန်းရှာလွန်းတဲ့ ဘကြီးမှာ နောက်ထပ် အိပ်စက်ချိန် အများကြီးလိုပါတယ် :P။ ဘကြီးနိုးလာတဲ့အခါ မနက်စာစားရင်း ဘန်ကောက်က အနှိပ်ခန်းတခုကို လိုက်ပို့ပါတယ်။ နှစ်နာရီကိုမှ ဘတ်လေးရာပဲ ပေးရပြီး နှိပ်တဲ့ပညာရှင်က အတော်လေး တော်ပါတယ်။ ပုံမှန် အနှိပ်ခံပြီးရင် အသားမှာ အရာတွေထင် နာပြီးကျန်ခဲ့ပေမယ့် ဒီနှစ်နာရီ နှိပ်အပြီးမှာ လူက ပေါ့ပါး လန်းဆန်းနေတာမို့ ဇင်းမယ်ထက် အပုံကြီးသာတယ်လို့ ဆိုနိုင်တယ်။
ညနေ လေဆိပ်ကို ဘကြီးက ပြန်လိုက်ပို့ပေးတယ်။ ဘကြီးလိုချင်တဲ့ စာအုပ်ဝယ်ပေးအပြီး ကော်ဖီသောက်မယ်ဆိုတဲ့ စက်လှေခါးအဆင်းမှာ ဘကြီးကို မတွေ့ရတော့ပါဘူး။ ပြန်တက်လာတော့လည်းမတွေ့ ဘယ်မှာမှ ရှာမတွေ့တော့ပါ။ ဆက်သွယ်ရအောင်လည်း ဖုန်းကဒ်ကို ဘကြီးတောင်းလို့ ပေးထားပြီးပြီ။ အဓိကကတော့ ဘကြီးလက်ထဲမှာ ယူထားတဲ့ အနွေးထည်ပါပဲ။ ညဖက်လေယာဉ်ပေါ်မှာ အေးမှာမို့ ထုတ်ထားတဲ့ အနွေးထည်က ဘကြီးလက်ထဲမှာမို့ပါ.
ဘယ်လိုမှလည်း ရှာမရမယ့် အတူတူ ချမ်းစိမ့်နေတဲ့ လေယာဉ်ပေါ်မှာ ဘကြီးတယောက် ကျန်းမာသက်ရှည်ပါစေကြောင်း ဆုတောင်းရင်း ပြန်လာရတဲ့ လမ်းခရီးတခု အဖြစ် အမြဲ အမှတ်ရနေပါတော့တယ်.....
No comments:
Post a Comment