အစောက တောက်လျှောက်လိုက်ပါလာတဲ့ ဒေသခံအမျိုးသမီးတွေဟာ မရပ်မနားထပ်တူပါလာတယ်။ တချို့နေရာတွေမှာ ကျနော်တို့ကိုတွဲလက်ကူကြတယ်။ သူတို့နာမည် ကျနော်တို့ နာမည်ဘယ်လိုခေါ်သလဲ ဘယ်ကလာသလဲ သူငယ်ချင်း ဖြစ်ချင်တယ်လို့ မတတ်တတတ်လေး ကြိုးစားပြောကြတယ်။ ကျနော်တို့ အယောက်စီတိုင်းကို တယောက်စီတာဝန်ယူထားတာမို့ ဘောလုံးကွင်းထဲမှာ တိုက်စစ်မှူးတွေကို နောက်တန်းကလူတွေ ကပ်ထားသလို ခံစားမိစေတယ်။
တိုးဂိုက်ရဲ့ ရှင်းပြချက်အရဆို သူတို့တွေက အနီးအနားတောင်တွေဆီက လာကြတာတဲ့။ ၁၄၊ ၁၅နှစ်ဆို အိမ်ထောင်ကျ ကလေးနှစ်ယောက်သုံးယောက်လောက် ကိုယ်စီကိုယ်ငှ ရှိကြပြီတဲ့လေ။ ဆပါးကို မနက်သုံးလေးနာရီလောက်ကတည်းက ထလာပြီး အခုလိုစီးပွားရှာကြတာတဲ့။ စောစောစီးစီးနှင်းမြူတွေကြားမှာ လမ်းလျှောက်လာရတဲ့ ဒီမိန်းမငယ်လေးတွေကြည့်ရင်း အိပ်ရေးကြီး အပျင်းထူတဲ့ အနားပတ်ဝန်းကျင်က လူငယ်တွေကို တခုတ်တရ ပြချင်မိတယ်။
သုံးနာရီနီးပါး ရွှံ့ထဲရုန်းလိုက် တတောင်ဆင်း တတောင်တက်နဲ့ နေ့လည်စာ ထမင်းစားနားတဲ့ ဆီကို ရောက်တော့မှ နေရောင်ကိုမြင်ရတယ်။ တိုးဂိုက်က ကိုယ်တိုင်ဝင် ချက်ပြုတ်နေတာ တကြောင်း၊ အသီးအနှံတွေ လတ်ဆတ်မွှေးပျံ့တာတကြောင်း၊ လမ်းတွေ တအားလျှောက်ပစ်ခဲ့တာကြောင့် တကြောင်း ဗိုက်တွေ တကျုပ်ကျုပ်ဆာလောင်နေခဲ့ပြီ။ အင်္ဂလန်က နှစ်ယောက်၊ ဂျာမဏီကနှစ်ယောက် စလုံးကကျနော်တို့ နှစ်ယောက် စုစုပေါင်းခြောက်ယောက် မိတ်ဖြစ်ဆွေဖြစ် တက်ညီလက်ညီ ထမင်းစားကြတယ်။
ထမင်းစားပြီး ခရီးမဆက်ခင် ဒေသခံ မိတ်ဆွေ အမျိုးသမီးများအဖွဲ့ရဲ့ ဈေးရောင်းအလှူခံပွဲ။ မသိရင် ဓမြတိုက်နေသလိုပဲ ခံစားမိတယ်။ အသုံးမလိုတဲ့ အရာတွေမို့ မဝယ်ချင်ပေမယ့် မဝယ်မချင်း ဇွတ်အတင်းရောင်းကြတာ။ ဈေးကလည်း မတန်တဆတွေ။ နားအေးသွားအောင် အိတ်အသေးလေးတလုံး လက်ပတ်ကြိုးလေးတခု ဝယ်လိုက်မှပဲ ရပ်သွားတော့တယ်။
နေ့လည်ပိုင်း အလင်းရောင်နည်းနည်း ရလာတာကလွဲရင် ရာသီဥတုက ဒုံရင်းက ဒုံရင်းအတိုင်းပဲ။ ရင်သပ်ရှုမောအောင် မြင်ရမယ့် လှေခါးထစ် စပါးခင်းတွေဟာ မြူတွေ ဖုံးသွားလိုက် ပေါ်လာလိုက် သေချာမမြင်ရ။တချို့နေရာတွေမှာ ခြေသလုံး တဝက်လောက်မြုပ်တဲ့ ရွှံ့တွေထဲမှာ ဖြည်းဖြည်းချင်းနင်းပေမယ့် ဇွပ်ခနဲ ကျွံသွားတဲ့အခေါက်တွေလည်း ရှိရဲ့။
ဖြတ်လာခဲ့တဲ့ ရွာတွေတိုင်းမှာ ကလေးတွေချည်းပဲ။ တောင်ပေါ်ဒေသ မဖွံ့ဖြိုးတာကြောင့်လည်း ဖြစ်နိုင်တဲ့အပြင် မိဘတွေက လယ်ယာစိုက်သူ၊ မြို့တက်စီးပွားရှာသူတွေဆိုတော့ ကလေးကြီးက ကလေးငယ်ကို အဆင့်ဆင့် ပြုစုစောင့်ရှောက် ကြီးပြင်းလာကြပုံပဲ။
သုံးနာရီလောက် နောက်ထပ်လျှောက်ပြီးတဲ့အခါ ယက္ကန်းခတ်နေတဲ့ နေရာကိုလိုက်ပြတယ်။ ပြီးတော့ အရှိန်နဲ့ စီးလာတဲ့ ရေကိုဒလက်နဲ့ယူပြီး မောင်းထောင်းတာ ဆင်ထားတာတွေပြပါတယ်။ အင်္ဂလန်နဲ့ ဂျာမဏီအဖွဲ့ကတော့ အထူးအဆန်းပေါ့။
နောက်ထပ်နာရီဝက်လောက် လျှောက်ပြီးတဲ့အခါ ဒီနေ့ တောင်တက်ခရီးလမ်းဆုံးပြီပဲ ဖြစ်ပါတယ်။ ရွာထိပ်က အထူးအဆန်းကျောက်တုံးကို လိုက်ပြတယ်။ ကျောက်တုံးပေါ်မှာ ကွန်ဒိုမြေပုံ လမ်းကြောင်းတွေဟာ လှေခါးထစ်စိုက်ကွင်းတွေအတိုင်းပဲ။ ရှေးတုန်းကများ မြေပုံဆွဲ စိုက်ပျိုးထားခဲ့ကြသလား မပြောတတ်ဘူး။
တခြားအဖွဲ့တွေက Home Stay တွေဆီသွားကြပြီး ကျနော်တို့ကိုတော့ ရွေးချယ်ထားတဲ့ Topas Ecolodge ကိုလိုက်ပို့ပေးပါတယ်...
No comments:
Post a Comment