19 April 2017

ဟိုဟို ဒီဒီ ဟနွိုင်း




ဟနွိုင်းမှာ တည်းဖြစ်တဲ့ ဟိုတယ်လေး နာမည်က Maison d' Orient တဲ့။ အခန်း သိပ်မများဘူး၊ ဓါတ်လှေခါး မရှိဘူး။ ဗီယက်နမ် အိမ်ဆောက်ပုံ အနံကျဉ်းကျဉ်း ဒေါင်လိုက်ရှည်နေတဲ့ ပုံစံပဲ။ Old Town ဧရိယာထဲက လမ်းကျဉ်းလေးထဲက ဟိုတယ် သေးသေးလေး တခုပါပဲ။ ကျနော် အမြဲနေဖြစ်တဲ့ အခန်းက Cinnamon တယောက်ခန်း။ လုံလောက်တဲ့ မကျဉ်းမကျယ်မှာ အိပ်ရာက သန့်ရှင်းမွှေးပြန့်နေတယ်။ တညကို US$35 ပါ။ မနက်စာမှာလည်း main Course တခု မှာခွင့်ရှိပြီး ကိတ်မုန့် ပေါင်မုန့် အသီးအနှံ ကော်ဖီ အသီးဖျော်ရည်တွေကို စိတ်ကြိုက် စားခွင့်ရှိပါတယ်။ လက်လုပ် Ceramic ပန်းကန်လေးတွေနဲ့ တကယ့် အသီးတွေကို လတ်လတ်ဆတ်ဆတ်ဖျော်ထားတဲ့ ဖျော်ရည်တွေက မနက်ခင်း လှပအောင် ဖန်ဆင်းပစ်လိုက်သလိုပဲ။



ဟိုတယ်မှာ အိတ်တွေချ ရေချိုးပြီးတာနဲ့ ကျနော့ရဲ့ ဟိုဟို ဒီဒီ ခရီးစဉ်ကိုစပါတယ်။ ဟိုတယ်ကနေ အနီးဆုံး ရေကန်ကို လျှောက်တယ်။ ရုံးပိတ်ရက် မို့ထင်တယ် ရေကန် တဝိုက်မှာ ဒေသခံတွေ လာရောက် အပန်းဖြေနေကြတယ်။ 
ကတဲ့ သူ၊ အားကစားလုပ်တဲ့သူ





ကလေးတွေလည်း လေ့လာရေး ထွက်လာ။ ချစ်စရာလေးတွေမို့ မှတ်တမ်းတင်မိ












ရေကန်ကနေ ဈေးဖက်ကို လျှောက်မိတယ်။ ကုန်တင်ကုန်ချ ဟိုငေးဒီငေး ပန်းသည် မုန့်သည် စသည် စသည် ကင်မရာရှေ့ရောက်သမျှကို ဓါတ်ပုံ ရိုက်တယ်။ 


ခဏနေတော့ ဗိုက်ဆာလာပြီးလေ။ စားသောက်ဆိုင်လိုက်ရှာတော့ မတွေ့ပါ။ ဒါနဲ့ ဈေးထဲက ထမင်းဆိုင်လေးမှာ လက်ညှိုးထိုးပြီး ပုံစားတယ်။ ဈေးလည်း မသိပဲစားသောက်ပြီးမှ ပိုက်ဆံပေးဖို့ခြေဟန်လက်ဟန်နဲ့ စကားပြောရတယ်။ US$2.0 ကျပ်လောက်ပဲ ယူပါတယ်။ 







ဗိုက်ပြည့်လာတော့ အနားက ဘူတာတခုကို သွားတယ်။ ရထား လာတာကို ထိုင်စောင့်ရင်း မြင်ကွင်းထဲ ရောက်လာသမျှကို ခလုပ်ထပ်နှိပ်တယ်။ မြန်မာပြည်မှာလိုပါပဲ လူမြင်ကွင်း အပေါ့သွားကြ၊ သန်းရှာကြနဲ့ တူညီတဲ့ ဓလေ့စရိုက်တွေ ရှိကြတယ်။



ဘူတာကနေ တံတားတစင်းကို သွားကြည့်တယ်။ ကိုယ်စီကိုယ်ငှ အလုပ်တွေရှုပ်နေတဲ့ မြို့ပြပေါ့။




နည်းနည်းညောင်းလာတော့ မှ ဟိုတယ်ဖက် ပြန်လျှောက်ရင်း အနားက ဘုရားကျောင်းကို ဝင်တယ်။ စိန့်ဂျိုးဇက် ဘုရားကျောင်းကို ၁၈၈၆မှာ ပြင်သစ်ကိုလိုနီတွေ တည်ဆောက်ထားခဲ့ပြီး ပါရီက ကမ္ဘာကျော် Notre Dame de paris ရဲ့  ပုံစံတူပါ။

ခြေထောက်လည်း ညောင်းလာတော့ ဟိုတယ်မှာ ပြန်နားတယ်။ ခဏအိပ် ရေမိုးချိုးပြီး အနားက ခေါက်ဆွဲပူပူ သွားဆွဲတယ်။ ဒီညနေ နောက်ခရီးစဉ်အတွက် တဖွဲ့ ရောက်မယ်။ ဟိုတယ်ကနေ လေဆိပ်ကို ကြိုဖို့ စီစဉ်ပေးပြီးဖြစ်တာကြောင့် ဟိုတယ်ကနေပဲ ထိုင်စောင့်နေတယ်။

နောက်တနေ့ ဟနွိုင်းမြို့တွင်း တနေ့တာ ခရီးစဉ်ကို တိုးကနေ ဝယ်ထားပြီးဖြစ်ပါတယ်။ တယောက်ကို US$ 55 ကျပ်ကျပြီး နေ့လည်စာပါပါတယ်။ ခုတော့ အိပ်ပြီးတော့ စောင့်လိုက်ဦးမယ်.......

No comments: