ဇင်းမယ်ရဲ့ မနက်ခင်းဟာ အေးမြ လတ်ဆတ်နေတယ်။ အိပ်ရာနိုးတာနဲ့ ဟိုတယ်နားက မြို့ရိုးဆီကို လမ်းလျှောက်သွားကြတယ်။ The Phae Gate ဆိုတဲ့ တံခါးကြီးဟာ ပြန်လည်ပြုပြင်ထားတာမို့ ရှေးမူမပျက် ကျန်ရှိနေသေးတယ်။ မူရင်းမြို့ရိုးနှစ်ထပ် ရှိခဲ့သော်လည်း အပြင်မြို့ရိုး ပျက်စီးသွားပြီးနောက် ယခုကျန်ရှိ အတွင်းမြို့ရိုး တံခါးပဲဖြစ်တယ်။ မြို့ရိုးနားကနေ တောင်ပေါ်တက်ဖို့ လိုင်းကားပေါ်ကို အပြေးအလွှား သွားကြတယ်။
တောင်ပေါ်ရောက်လာလေ တိုက်တဲ့လေက ပိုအေးလာလေပါပဲ။ မြေပြန့်ဇင်းမယ်ဟာ ပူနွေးနေခဲ့သလောက် တော်ဝင်အိမ်ရာတွေ အရောက်မှာတော့ လူက ခိုက်ခိုက်တုန်နေခဲ့ပြီ။ မြူတွေဆိုင်းလာပြီဆိုရင် သေချာပြီ လေက အေးစိမ့်လာတော့မယ်။ အနားက အနွေးထည်ရောင်းတဲ့ ဆိုင်မှာ ရိုးရာချည်ထည် အချမ်းပြေအောင် ဝယ်ဝတ်ကြတယ်။ နွေးနွေးထွေးထွေး ရှိလာပြီိဆိုတော့ တော်ဝင်အိမ်ရာထဲက ပန်းခြံကို ချီတက်ကြတာပေါ့။
Bhubing အိမ်ရာကို ၁၉ ၆၁က ဆောက်လုပ်ထားတာဖြစ်ပြီး ဘုရင့်မိသားစု လာရောက်အပန်းဖြေ အနားယူဖို့ အတွက်ဖြစ်ပါတယ်။ ဘုရင့်မိသားစုရဲ့ ဧည့်သည်တွေလည်း တည်းခိုနိုင်ပြီး ဘုရင့်မိသားစု တည်းခိုချိန်ကလွဲရင် ကျန်တဲ့ အချိန်မှာ ပြည်သူတွေကို ဝင်ရောက်လည်ပတ်ခွင့်ပေးထားပါတယ်။ အိမ်ရာတွေထက် စနစ်တကျပြုစုထားတဲ့ ပန်းခြံကိုပဲ အာရုံစိုက်မိတယ်။ အေးမြတဲ့ ရာသီဥတုကြောင့်ဖြစ်မယ် ပန်းတွေဟာ မနက်ခင်းမှာ သူ့ထက်ငှာ ဖူးပွင့်နေကြတယ်...
အိမ်ရာကနေထွက်လာတော့ ဗိုက်အတော်ဟာနေပြီ။ အနွေးထည်ရွေးနေတုန်းက မှိုတွေနဲ့ ခင်းကျင်းနေတဲ့ ထမင်းဆိုင်ကို တွေ့မိတယ်။ ကိုယ်စားချင်တဲ့ အသီးအရွက်တွေ ရွေးပြီး သူတို့ကို ချက်ပြုတ်ခိုင်းလို့ရတယ်။ ဆိုင်မှာ လုပ်နေတဲ့ အမက မြန်မာဆိုတော့ ပြီးပြီပေါ့.
နေ့လည်စာစားပြီး နာမည်ကျော် Wat Phra That Doi Suthep ဘုရားကို သွားကြတယ်။ ဆူခိုထိုင်က ဘုန်းတော်ကြီးရဲ့ အိပ်မက်အရ ရှာဖွေရာမှာ ဂေါတမ ဘုရားရှင်ရဲ့ ပုခုံးတော် ဓါတ်တော်ကို ရခဲ့တယ်။ ဆူခိုထိုင်ဘုရင်ဆီကို ပြန်လည် ပင့်ဆောင်လာပေမယ့် ထူးခြားတဲ့ ဝိသေသ မပြတာကြောင့် ဘုရင်က ဘုန်းတော်ကြီးဆီမှာပဲ ထားခဲ့တယ်။ ဒီသတင်းကို ဇင်းမယ်ပြည့်ရှင်က ကြားတဲ့အခါ ဓါတ်တော်ကို ပင့်လှူပူဇော်တယ်။ ဇင်းမယ်ပြည်ရောက်တာနဲ့ ဓါတ်တော်ဟာ နှစ်ပိုင်းကျိုးသွားခဲ့တယ်။ ငယ်တဲ့အပိုင်းကို Wat Suan Dok မှာ ဌာပနာပြီး ကြီးတဲ့အပိုင်းကို ဆင်ဖြူတော်ရဲ့ ကျောပေါ်တင်ပြီး တောထဲကို စေလွှတ်ခဲ့တယ်။ အခုဘုရားတည်ထားတဲ့ ဒုံဆူသပ်တောင်ပေါ် အရောက်မှာ ဆင်ဖြူတော် သုံးကြိမ်ကျူးရင့်ပြီး တောင်အောက်ကို ခုန်ဆင်းသွားခဲ့တယ်။ ဒါကြောင့် ဒီအရပ်ကို အောင်မြေနိမိတ်သတ်မှတ်ပြီး ဘုရားတည်ထား ကိုးကွယ်ခဲ့တယ်။
ဘုရားအတက်လှေကားဟာ အစိမ်းရောင် နဂါးကြီး နှစ်ကောင်နဲ့မို့ အဲ့ဒီခရီးသွားကာလမှာ ခေါင်းလောင်းကြီးနဲ့ နဂါးကလည်း ခေတ်စားနေတာ အမှတ်ရမိစေတယ်။
ရွှေရောင်ဝင်းတဲ့ စေတီဟာ ကောင်းကင်ပြာနဲ့ သိပ်ပဏာတင့်ပါတယ်။
ညနေမစောင်းခင်မှာ တောင်ပေါ်ကနေ ဟိုတယ်ကို ပြန်ဆင်းခဲ့ကြတယ်။ ညစာစားအပြီး ဟိုဒီလျှောက်ရင်း ဇင်းမယ် ရိုးရာအနှိပ်ခံဖို့ တက်ညီလက်ညီသွားကြတယ်။ ဆေးထည့်ထားတဲ့ အိတ်ရဲ့ အခိုးအငွေ့တွေနဲ့ နှိပ်တာရောပါတယ်။ စိတ်ထဲတော့ သိပ်မတွေ့လှပါဘူး။
အနှိပ်ခံပြီး ဟိုတယ်ကို လမ်းလျှောက်ပြန်ကြတယ်။ နောက်တနေ့ ညနေမှာ ဇင်းမယ်ကနေပြန်မယ်။ ခုထက်ထိတော့ ဇင်းမယ်ဟာ သူစိမ်းဆန်နေတုန်းပဲ......
No comments:
Post a Comment