16 April 2017

ဆပါးမြို့ ဝန်းကျင်နဲ့ တောင်တက်ခရီးစဉ် ၂




ဆပါးမြို့ပေါ်က Hmong ဆိုတဲ့ ဟိုတယ်လေးကို ရွှေ့ကြတယ်။ တောင်တွေကို မျက်နှာမူပြီး တောင်စောင်လေးမှာ တည်ထားတာမို့ ဆပါးမြို့နဲ့ တောင်တန်းတွေကို ကောင်းကောင်းမြင်ရစေတယ်။ ဟိုတယ်ရောက်ရောက်ချင်း ရိုးရာရေနွေးကြမ်းပူပူလေးနဲ့ နွေးနွေးထွေးထွေး ကြိုဆိုတယ်။ ဟိုတယ်မှာ အထုတ်ချပြီး အောက်ဖက်ကို ပြန်ဆင်းသွားကြတယ်။




မြို့အလယ်ကွင်းထဲမှာ ကလေးတွေ အကကျင့်နေတာကို ငေးကြတယ်။ ငယ်ရွယ်နုပျို လွတ်လပ်တဲ့ ဘဝတွေကို ငေးရင်း အတိတ်ကို ပြန်သတိရစေတယ်။





ပြီးတာနဲ့ ဈေးကို ဝင်မွှေ။






ကော်ဖီဆိုင်ထိုင်ရင်း အပေါ်ကနေ ဖြတ်သွားသမျှ မြင်ကွင်းတွေကို ဓါတ်ပုံရိုက်နေမိတယ်။

ခဏနေတော့ ဗီယက်နမ် အနှိပ်ခံကြမယ် ဆိုပြီး ချီတက်ကြတယ်။ ယိုးဒယား အနှိပ်ခန်းကိုမမှီပါဘူး။ အသားတွေ နာပြီး ကျန်နေရစ်တယ်။





နောက်တနေ့ မနက်မှာ Catcat ရွာလေးဆီကို တောင်တက် ခရီးတို တခုသွားတယ်။ အဲ့ဒီနေ့က မိုးမရွာပဲ နေသာတာကြောင့် ရှုခင်းကို မျက်စိတဆုံး ခံစားခွင့်ရတယ်။ အဆင်းတွေမှာတော့ ဗလကောင်းတဲ့ ကျနော်တို့ ဂိုက်ကလေးကိုတွဲပြီး ဆင်းရတယ်။ လမ်းတလျှောက် ဒေသခံတွေရဲ့ အလေ့အထတွေ အကြောင်း တစေ့တစောင်းပြောပြတယ်။  သူတို့ဆီက ရွာတွေမှာ ကောင်မလေးကို နှစ်သက်လို့ ရှိရင် ကောင်မလေးကို အိမ်ကိုခိုးခွင့်ရှိတယ်။ ကောင်မလေးက ပြန်မပြေးပဲ အိမ်မှာ သုံးရက်ကြာနေရင် မင်္ဂလာဆောင် မြန်းလို့ ရပြီတဲ့။  သုံးရက်မတိုင်ခင် သူ့အိမ်သူ ပြန်သွားရင် မင်္ဂလာဆောင် ကိစ္စ မြန်းလို့ မရတော့ဘူးလို့ ဆိုပါတယ်။



ရေတံခွန်ကိုရောက်တော့ ဓါတ်ပုံခဏရိုက်တယ်။ ရေတံခွန်ကတော့ ပုံမှန်ပါပဲ။ ရေတံခွန်ဘေးနားက အဆောက်အဦးမှာ ရိုးရာ အက ကပြတယ်။ စိတ်အထင် ဝင်ကြေးမပေးရပါဘူး။ သိပ်ခက်ခဲတဲ့ အကတွေ မဟုတ်ပါဘူး။ လက်မြှောက် ခြေမြှောက် ပါပဲ။ ပွဲသိမ်းခါနီး နိုင်ငံခြားသားတွေ ခေါ်ကတယ်။ နာရီဝက်လောက်ပဲ ကြာတဲ့ကပွဲပေါ့။




ကပွဲပြီးတဲ့အခါ တိုးဂိုက်က လာလမ်းအတိုင်း ပြန်မလား ဒါမှမဟုတ် တခြားလမ်းကနေ ကွေ့ပတ်ပြီး ပြန်မလားဆိုတော့ ကွေ့ပတ်ပြီး ပြန်တဲ့ လမ်းကို ရွေးလိုက်ကြတယ်။ ဒီရာသီဥတုက လမ်းလျှောက်လို့ သိပ်ကောင်းတယ် မဟုတ်လား။ ပြန်လာတဲ့ လမ်းမှာ နေ့လည်စာ စားတယ်။ တိုးဂိုက်ကို ပါ နေ့လည်စာ ကျွေးလိုက်ကြတယ်။ ဟိုတယ်မှာ ခဏနားပြီး ညနေမှ ဘူတာဆင်းဖို့ ကားလာခေါ်ပါမယ်။ ညရထားနဲ့ ဟနွိုင်းကို ပြန်ဆင်းကြမယ်.

ဘူတာရောက်တဲ့အခါ ညစာစားဖို့ အတော်ခက်ခဲတယ်။ စားသောက်ဆိုင်တဆိုင်တည်းရှိပြီး ခရီးသွား အားလုံး အဲ့ဒီမှာ စားတယ်။ တနာရီလောက် ကြာတဲ့အထိ မှာထားတာက ရောက်မလာဘူး။ အနည်းဆုံး နှစ်နာရီလောက် စောင့်ရမယ်ဆိုလို့ ရထား မလွတ်အောင် ညစာပဲ လွှတ်ခဲ့ပါတယ်။ ရေသောက်ဗိုက်မှောက် ခဲ့ရတဲ့ ရထားပေါ်က ညတညပေါ့။ 

ဟနွိုင်းကိုရောက်တဲ့အခါ  ဘူတာကို လာကြိုတယ်။ စောနေသေးတာမို့ သူတို့ရုံးမှာ ခဏနားရင်း ရုံးနားက ခေါက်ဆွဲဆိုင်မှာ မနက်စောစော သွားဆွဲကြတယ်။ သူငယ်ချင်းကတော့ အိမ်ပြန်ဖို့ လေဆိပ်ကို လိုက်ပို့ပေးမှာ ဖြစ်ပြီး ကျနော့ကိုတော့ ဟိုတယ်မှာ ချပေးခဲ့ပါတယ်။

ပထမ ခရီးစဉ်တခု ပြီးသွားပြီး နောက်တခုဆက်ဖို့ နောက်တဖွဲ့ကို စောင့်ရင်း ဟနွိုင်းမှာ ခဏနားပါမယ်.....

No comments: