27 April 2017

ဟနွိုင်းမြို့တနေ့တာ ခရီး



မနက်စာ စားပြီးတာနဲ့ ဟိုတယ်မှာ တိုးဂိုက်က လာကြိုပါတယ်။ ပထမဆုံး လူတွေ သိပ်မများသေးခင် အန်ကယ်ဟိုကို သွားအလေးပြုကြပါတယ်။ အန်ကယ်ဟိုရဲ့ ရုပ်အလောင်းထားတဲ့ အဆောက်အဦးကိုရောက်ဖို့ တော်တော်လေး တန်းစီရတယ်။ အမိုးအကာ တန်ဆောင်းလေး လုပ်ပေးထားတာမို့ ခရီးသွား ဧည့်သည်တွေအတွက် အတော်လေး အဆင်ပြေစေတယ်။

အဆောက်အဦးနား ရောက်လေလေ အစောင့်အကြပ်တွေ များလေလေ။ စည်းကမ်းချက်တွေလည်း များပါတယ်။ ဘောင်းဘီတို လက်ပြတ် ဝတ်လို့မရပါ။ အထဲကိုဝင်ခါနီးမှာ တခါတည်း ပြောပါတယ် စကားပြောခွင့်မရှိ၊ ဓါတ်ပုံရိုက်ခွင့်မရှိ၊ ဆေးလိပ်သောက်ခွင့်မရှိ၊ လက်ကို ဘောင်းဘီအိတ်ထဲ ထည့်ခွင့်မရှိ လက်နှစ်ဖက်ကို ကြက်ခြေခတ်လုပ်ခွင့်မရှိ စသည်ဖြင့်.... အစောင့်က အရပ်ရှစ်မျက်နှာကနေ စောင့်ကြည့်နေပြီး တယောက်ကို တမိနစ်လောက်စာ ပဲ အချိန်ပေးပါတယ်။






အန်ကယ်ဟိုကို အလေးပြုပြီးတဲ့အခါ သူတို့ အလုပ်လုပ်တဲ့ ရုံးခန်း ပြီးတော့ သူ နေတဲ့အိမ်ကလေးကို သွားကြည့်တယ်။ သစ်သားတွေနဲ့ပဲ ဆောက်ထားပြီး ရိုးရှင်းနေပါတယ်။ အောက်ထပ်ကို ခြေတံရှည်လုပ် အလည်မှာ အစည်းအဝေးလုပ်ဖို့ စားပွဲဝိုင်းလေးနဲ့။ အပေါ်ထပ်မှာ အိပ်ခန်းနဲ့ စာကြည့်ခန်းလေးပဲရှိပါတယ်။ အတော်ကိုဝန်ကျဉ်းတဲ့ အိမ်ပါ။ အရင်က ရုံးခန်းမှာပဲ အိပ်စားနေတာမို့ ဒီအိမ်ကို အတင်းဆောက်ပေးပြီး နေခိုင်းခဲ့ရတာလို့ ဂိုက်က ရှင်းပြပါတယ်။ တိုင်းပြည် ဆင်းရဲတဲ့ အချိန်မှာ ဟိတ်ဟန်လုပ် နန်းတော်လောက် ဆောက်ပြီး ဇာချဲ့ပြီး မနေချင်တဲ့ ပဒေသရာဇ် အုပ်ချုပ်သူတယောက် မဟုတ်တာ လေးစားစရာပါပဲ။


အဲ့ဒီကနေမှ တိုင်တလုံး ဘုရားကို သွားဖူးကြတယ်။ ကြာပန်းပေါ်ကနေ သားဆုပေးတယ်လို့ဘုရင်က အိပ်မက် မက်တာမို့ တကယ် သားရလာတဲ့အခါ အိပ်မက်ထဲအတိုင်း ဒီဘုရားကိုပုံစံတူ ဆောက်လုပ် ပူဇော်ခဲ့တာပဲဖြစ်ပါတယ်။ ပြင်သစ်နယ်ချဲ့တို့ ဆုတ်ခွာမသွားခင် ဖျက်ဆီးခံခဲ့ရပြီး ပြန်လည်ပြုပြင်ထားတဲ့ တိုင်တလုံးဘုရားကို ယနေ့လက်ရှိ ဖူးမြော်ရတာပါ။ ဧည့်သည်တွေများပြီး တိုးကြိတ်နေတာကြောင့် သေချာ အေးဆေး မဖူးခဲ့ရပါဘူး။








နောက်တနေရာအဖြစ် ဗီယက်နမ်ရဲ့ ပထမဆုံးတက္ကသိုလ်ကိုသွားပါတယ်။ တရုတ်နဲ့သာ မတည့်တာပါ အဝင်ပေါက် မြင်းချည်တိုင်က တရုတ်စာ။ ကျနော်တို့ ငယ်ငယ်တုန်းက ကြားဖူးတဲ့ တက္ကသီလာ ဆိုတဲ့နေရာမျိုးဖြစ်မယ်။ အဆောက်အဦးထဲကို ရောက်ဖို့ တံခါးအဆင့်ဆင့်ကို ကျော်ဖြတ်ရပါတယ်။ ဘွဲ့ဝတ်စုံတွေနဲ့ ခေတ်လူငယ်တွေလည်း အမှတ်တရ ဓါတ်ပုံလာရိုက်ကြတယ်။ အကြိုက်ဆုံးကတော့ ခေါင်မိုးတွေရဲ့ ဖွဲ့စည်းပုံပါပဲ။

အဲ့ဒီကအပြန် KOTO ဆိုတဲ့ ဆိုင်မှာ နေ့လည်စာကျွေးပါတယ်။ ဒီဆိုင်အကြောင်းကို ပန်းတိုင်းပွင့် ပွင့်တိုင်းတင့်ကြစေလို ဆိုတဲ့ ပို့စ်လေးထဲမှာ ရေးထားပြီးသားပါ။












နေ့လည်ပိုင်းမှာတော့ ဗီယက်နမ် တိုင်းရင်းသား ကျေးရွာကို လိုက်ပြတယ်။ လူမျိုးစု ၅၄ စုရဲ့ အိမ်ရာပုံစံ နေထိုင်မှု တွေကို စနစ်တကျ စုစည်းထားတဲ့နေရာမို့ လေ့လာကြည့်သင့်တယ်လို့ထင်တယ်။ ပြန့်ကျဲနေတဲ့ မျိုးနွယ်စု တစုဆီတိုင်းကို သွားမကြည့်နိုင်တာမို့ ခုလို တစုတစည်းတည်း လေ့လာခွင့်ရတာ ပိုအဆင်ပြေပါတယ်။



ပြတိုက်ကနေ မြို့ဟောင်းကိုပြန် ပြီးတော့ မြို့ဟောင်းရပ်ကွက်တွေထဲကို ဆိုက္ကားစီးကြတယ်။ ဟနွိုင်းမြို့တည်ဆောက်ပုံကြောင့်  မန္တလေးမြို့ကို သွား သတိရစေပါတယ်။ လုပ်ကိုင်တဲ့ လုပ်ငန်းတွေ အလိုက်ရပ်ကွက်လေးတွေ တည်ဆောက်ထားတာမို့ ဒါတော့ဖြင့် ကျောက်ဆစ်တန်း၊ မျက်ပါးရပ်၊ ရွှေခြည်ထိုး စသည့်ပုံစံမျိုးပါပဲ။ လမ်းဘေးကော်ဖီဆိုင် ယဉ်ကျေးမှု အတော်ထွန်းကားတဲ့ နိုင်ငံပါ။



ဆိုက္ကားပေါ်ကနေဆင်းတော့ ရေပေါ်ရုပ်သေးပြတဲ့ ရုံအရှေ့မှာ ရပ်ပါတယ်။ ရေပေါ် ရုပ်သေးအကြောင်းကိုလည်း အရုပ်များဖြင့် တရေးနိုးသော အတိတ်ဆိုပြီး ပို့စ်တပုဒ်ရေးခဲ့ပြီးပါပြီ။

ရုပ်သေးပွဲအပြီးမှာ ဟိုတယ်ကို ပြန်ပို့ပါတယ်။ နောက်နေ့ မနက်မှာ ဟလောင်းဘေးကို သွားဖို့ အစောကြီးလာကြိုမှာဆိုတော့ ဒီနေ့ တနေကုန် ပင်ပန်ထားသမျှ အိပ်စက်အနားယူကြဖို့ပဲ ကျန်ပါတော့တယ်.....

No comments: