၂၀၁၅ တရုတ်နှစ်သစ်ကူးမှာ ဆိုလိုမြို့ကိုသွားဖို့ စီစဉ်ဖြစ်တယ်။ အခုလိုပိတ်ရက်မျိုးဆို လေယာဉ်လက်မှတ်တွေက မိုးကောင်ကင်အထက်မှာချည်း။ ဒီအချိန်မှာမှ အဲအေးရှားကနေ ဆိုလိုမြို့ကို စတင်ပြေးဆွဲတယ်။ လောလောလတ်လတ် ဆူရာဘာရာက လေယာဉ်ပျောက်သွားတဲ့ နာမည်ကျော် အဲအေးရှားဆိုပါတော့။ ခရီးစဉ်အသစ်မို့ အသွားအပြန်ကိုမှ စလုံး ၈၀ပဲကျပါတယ်။ အဲဒီတော့ လာလေရော့.... ဆိုလို။
ဆိုလိုမြို့ဟာ ခုလက်ရှိ သမ္မတ ဂျိုကိုဝီရဲ့ ဇာတိချက်ကြွေမွေးရပ်မြေပါ။ ဂျိုဂျကာတာနဲ့ ဆူရာကာတာဆိုပြီး မြို့ညီအမ အနေနဲ့ခေတ်ပြိုင်တည်ရှိတယ်။ ဂျိုဂျကာတာနဲ့ ကားလမ်း နှစ်နာရီအကွာအဝေးမှာရှိပါတယ်။ ဂျိုဂျကာတာကိုပဲလူသိများပြီး ဆူရာကာတာကိုတော့ သိသူ အင်မတန်နည်းတယ်။ ခရီးမသွားခင် သူငယ်ချင်းတွေက ဘယ်သွားမှာလဲမေးတော့ ဆိုလိုလို့ ပြန်ဖြေတိုင်း သိပါတယ် တယောက်တည်း သွားမှာ အခုက ဘယ်ကိုသွားမှာလဲမေးတာလို့ ပြန်ပြောခံရတဲ့အထိ သိသူနည်းတယ်။ ကျနော်သွားမယ့်ရက်ကို ဂျိုဂျကာတာပြောင်းပြီး အဲအေးရှားနဲ့ စစ်ကြည့်တဲ့အခါ ၄၀၀လောက်ကျတယ်။ ဗောရောဗုဒ္ဓေါကို သွားမယ့်သူတိုင်းဟာ ဂျိုဂျကာတာကိုပဲ သွားရမယ်လို့ ထင်တတ်ကြပါတယ်။ တကယ်က ဆူရာကာတာကနေလည်း သွားလို့ဖြစ်တယ်။
မသွားခင်ကတည်းက ကျနော်သွားမယ့်နေရာနဲ့ အစီအစဉ်ကို စဆွဲထားပြီးပြီ။ ရောက်ပြီး နောက်နေ့ မနက်အစောကြီးမှာ ဗောရောဗုဒ္ဓေါရဲ့ မနက်နေထွက်ချိန် ရှုခင်းကို ဒီတခါ တောင်ပေါ်ကနေ ရိုက်မယ်။ ပြီးရင် ဘုရားကို ဝင်ဖူးမယ်။ နောက်ထပ် တခြားနေရာတခု ဆက်သွားမယ်။ နောက်တရက်မှာ နားမယ်။ ပြီးမှ တခြားအနီးအနားကို ထပ်သွားမယ်စီစဉ်ထားတယ်။ ကားငှားထားတာ ၂ရက်စာခရီးကို အင်ဒိုနီးရှား ရူပြား ၁၁သန်းခွဲနဲ့ သဘောတူ စီစဉ်ထားပါတယ်။
တည်းမယ့်နေရာကိုတော့ ကြယ်လေးလုံးအဆင့် ဟိုတယ်တခုမှာ ဘွတ်ကင်တင်ထားတယ်။ Agoda ကိုပဲသုံးပြီး အရင်တည်းထားခဲ့တဲ့ ပွိုင့်တွေကို သုံးလို့ရတာကြောင့် လေးညကိုမှ စလုံးတရာပဲ ပေးရပါတယ်။ Delux အခန်းမို့ ဟိုတယ်ခန်းက အရမ်းကျယ်တယ်။ တခုပဲ ပြတင်းပေါက် လုံးဝမရှိပါ။ ခရီးသွား လုပ်ငန်း သိပ်မဖွံ့ဖြိုးလို့ ထင်ပါတယ် ဟိုတယ်ဝန်ထမ်းတွေ အင်္ဂလိပ်စကားပြောလို့ အဆင်မပြေပါ။ ဟိုတယ် အင်တာနက်က Lobby မှာပဲ ရပြီး အခန်းထဲဝင်လိုက်တာနဲ့ သုံးလို့မရတော့ပါဘူး။
ကားအဖွဲ့ကို မနက်ကြိုဖို့ ဆက်သွယ်တော့မှ ကျနော်တည်းတာ ဆိုလိုမြို့ဆိုတာ သတိထားမိသွားတယ်ဆိုပြီး မနက် ၂နာရီကတည်းက ကားလာကြိုမယ်လို့ ပြောပါတယ်။ အဲ့ဒီအချိန် စာကို ဖတ်ရတဲ့အချိန်မှာ ညကိုးနာရီထိုးနေပြီ။ ချက်ချင်း အခန်းပြန် ကင်မရာစစ် ဘက်ထရီစစ်နဲ့ အိပ်ရာဝင်ဖို့ လုပ်ရတယ်။ ဟိုတယ်ကို နှိုးခိုင်းပေမယ့် ဟိုတယ်က ညတာဝန်ကျတဲ့သူက နှိုးမပေးပါဘူး။ ဖုန်းက နှိုးစက်နဲ့ပဲ ထရတယ်။ ဟိုတယ်အပြင်ထွက်လိုက်တာနဲ့ ကားသမားက ကျနော့ကိုစောင့်နေပါတယ်။
ဆိုလိုကနေ ကျနော်သွားချင်တဲ့ တောင်ပေါ်ကို နောက်ထပ် နှစ်နာရီလောက် မောင်းရတယ်။ ဒီမနက် နေထွက်ရှုခင်းကြည့်တဲ့ နေရာကိုရောက်တော့ တလောကလုံးမှောင်ပိန်းနေတာပဲ။ ကားသမားက လက်မှတ်ဝယ်တဲ့ နေရာကိုပဲ လိုက်ပို့ပေးတယ်။ နောက်ထပ် တောင်ကုန်းလေးတွေကိုတက်ရဦးမယ်ဆိုပြီး ဓါတ်မီးပါပေးလိုက်တယ်။ တယောက်တည်း ဖြည်းဖြည်းချင်း ချမ်းချမ်းစီးစီးတက်လာလိုက်တာ တောင်ထိပ်ရောက်တော့ ကျနော် ပထမဆုံးရောက်နှင့်သူ ဖြစ်နေတယ်။
ထရိုင်ပေါ့ကိုချပြီး မှောင်မှောင်မည်းမည်းထဲမှာ တယောက်တည်း နေထွက်မယ့် အချိန်ကို စောင့်နေမိတယ်။ သိပ်မကြာခင် တယောက်စ နှစ်ယောက်စ ရောက်လာကြတယ်။ ကောင်းကင်ကလည်း တဖြည်းဖြည်း လင်းလာတယ်။ တောင်တွေနဲ့ တိမ်တွေကို သူစရေးတယ်။ ပြီးတော့ မြူတွေကြားကနေ ဘုရားကို ဖော်လိုက် ဖျောက်လိုက်နဲ့ သိပ်အေးချမ်းလှပတဲ့ မနက်ခင်းတခုပါပဲ။
နေခြည်တွေ ဖြာနေတုန်းမှာပဲ တောင်အောက်ကို ပြန်ဆင်းလာခဲ့တယ်။ ဗောရောဗုဒ္ဓေါကို ခဏဝင်တယ်။ ဟိုတခေါက်က သေချာ မရိုက်ခဲ့ရသမျှ ဒီတခေါက် စိတ်အဆာပြေ ဓါတ်ပုံတွေရိုက်ဖြစ်တယ်။
ဘုရားဖူးပြီးတာနဲ့ ဝါနိုဆိုဘိုကို တက်တယ်။ နိမ့်လိုက်မြင့်လိုက်နဲ့ လမ်းခရီးတလျှောက်လုံး ရိုလာကိုစတာ စီးရင်း တချက်တချက် အိပ်ပျော်သွားတယ်။ နိုးလာတဲ့အချိန် ဝါနိုဆိုဘိုရဲ့ အာလူးစိုက်ခင်းတွေက လှလှပပကြိုဆိုကြတယ်။ တနိုင်ငံလုံးကို ဖြန့်ချီတဲ့ အာလူးစိုက်ခင်းဆိုတော့ တောင်တန်းအနှံ့မြို့ပတ်ဝန်းကျင်မှာ အာလူးစိုက်ခင်းတွေ ဟိုတစ ဒီတစ။
ကျနော် အဓိကသွားချင်တဲ့နေရာက Dieng Pleatu ပါ။ ဆန်ဂျယာခေတ်မှာ တည်ဆောက်ထားပြီး လွန်ခဲ့တဲ့ ၈ရာစုကနေ ၁၃ရာစုအတွင်းက ဟိန္ဒူဘုရားကျောင်းတွေပဲ ဖြစ်ပါတယ်။ ပါရာဘန်နန်းနဲ့ လက်ရာချင်းတူပြီး ပါရာဘန်နန်းထက် သေးငယ်တဲ့ အဆောက်အဦးလေးပါပဲ။ နေ့ချင်းပြန်စီစဉ်ထားတာမို့ အနားက တောင်တက်ခရီးစဉ်နဲ့ နာမည်ကျော် နေထွက်ရှုခင်းကို မကြည့်ဖြစ်ခဲ့တာ နောင်တရမိတယ်။ တကယ်က တညအိပ်စီစဉ်ခဲ့ရမှာ...
ဘုရားကျောင်းကနေအပြန် ဆာလဖာအငွေ့တွေ တလူလူထနေတဲ့ မီးတောင်ဝကို သွားကြည့်ဖြစ်တယ်။
ပြီးတော့ သုံးရောင်ခြယ် ရေကန် Telaga Warma ကိုသွားတယ်။ မီးတောင်ဒေသဖြစ်တာကြောင့် ဆာလဖာ ပါဝင်မှုနှုန်းအလိုက် ရေကန်ရဲ့ အရောင်ဟာ ပြောင်းလဲနေပါတယ်။ ရေကန်အနားကို သွားမကြည့်တော့ပဲ အပေါ်စီးကနေ ကြည့်ရတဲ့ နေရာကို လိုက်ပို့ခိုင်းပါတယ်။ ဒီဒေသရဲ့ ထွက်ကုန်တခုဖြစ်တဲ့ သင်္ဘောသီးစိုက်ခင်းတွေကြားကနေ တောင်မြင့်တခုကို တက်သွားရတယ်။
Carica လို့ခေါ်တဲ့ သေးငယ်တဲ့ သင်္ဘောသီးလေးတွေဟာ အင်ဒိုနီးရှား မျိုးရင်းမဟုတ်ကြပါဘူး။ တောင်အမေရိကတိုက်ရဲ့ မူလဇစ်မြစ်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက ဒတ်ခ်ျလူမျိုးတွေ သယ်ဆောင် စိုက်ပျိုးထားခဲ့တာပဲဖြစ်တယ်။ အခုတော့ နာမည်ကျော် ဒေသထွက်ကုန်တခုဖြစ်လို့နေပါပြီ။
နေ့လည်စာ ထမင်းစားချိန်ကို ကျော်လာခဲ့ပြီ။ ဒါကြောင့် ဒေသအစားအစာပဲ စားချင်တယ်လို့ ကားသမားကို ပြောလိုက်တော့ ဝါနိုဆိုဘိုရဲ့ နာမည်ကျော် ခေါက်ဆွဲဆိုင်မှာ ရပ်ပေးတယ်။ စားကောင်းကောင်းနဲ့ နှစ်ပွဲမှာစားပြီး ကားသမားကိုပါ ကျွေးလိုက်ပါတယ်။
ပြန်လာတဲ့ခရီးတလျှောက် ဝါနိုဆိုဘိုက စိတ်ထဲ ကပ်ပါလာခဲ့တယ်။ ဟိုတယ်ဝန်းထဲကို ရောက်တော့မှ ပြန်ရောက်လာတာ သတိထားမိတော့တယ်။ တရက်စာ ကားခရှင်းပေးရင် နောက်တရက်ကိုလည်း သူပဲ လာခဲ့ပါလို့ သေချာမှာလိုက်တယ်။
ရေမိုးချိုးပြီးတာနဲ့ တအားအိပ်ငိုက်နေခဲ့ပြီ။ ပထမနေ့က မိတ်ဆွေဖွဲ့ထားခဲ့တဲ့ ဒေသခံက နောက်နေ့ကို မြို့လေ့လာရေး လိုက်ပြပေးမယ် ဆိုတာကြောင့် စောစောစီးစီး အိပ်ရာဝင်ခဲ့တယ်။
No comments:
Post a Comment