09 April 2017

ဗီယက်နမ်သို့ ဒုအကြိမ်

ဗီဇာကင်းလွတ်သွားတာရယ် လေကြောင်းလိုင်းက ဈေးချတာရယ်ပေါင်းပြီး ဗီယက်နမ်ကို ဒုတိယအကြိမ် သွားဖို့ ဖြစ်လာတယ်။ ဟိုတခါ အလယ်ပိုင်းကိုပဲ သွားခဲ့တာမို့ ဒီတခေါက် မြောက်ပိုင်းကိုသွားဖို့ပါ။ သွားချင်တဲ့ နေရာက နှစ်ခု သွားမယ့် အဖွဲ့ကလည်း နှစ်ဖွဲ့။ အဲ့ဒီတော့ ကိုယ်လာပြီ ဟနွိုင်းရေ လို့.....

ဗီယက်နမ် လေကြောင်းလိုင်းနဲ့ ၂၂ မတ်လမှာ ဟနွိုင်းကို လာခဲ့တယ်။ လေယာဉ်လက်မှတ် စလုံး ၂၅၁ကျပ်ပေးရပါတယ်။ ရောက်ရောက်ချင်း ညနေမှာပဲ ရထားစီးပြီး ဆပါးဆိုတဲ့ တောင်ပေါ်မြို့လေးကို တိုက်ရိုက်သွားပါမယ်။ အသွားအပြန် ရထားခ တောင်တက် တရက်ခွဲခရီး တည်းခို ဟိုတယ် အားလုံးပေါင်း တယောက်ကို ယူအက်စ် ၃၇၅ကျပ်။ ဟိုတယ်က ကျနော့ စိတ်ကြိုက်ရွေးချယ်ထားတာဖြစ်ပြီး တယောက်တခန်း ယူထားတာမို့ ဈေးအတန်များသွားတာပါ။ တိုးအေးဂျန့်က စီစဉ်ပေးတဲ့ Home stay မှာတည်းရင် ဈေးအတော်သက်သာမှာ။ ဟုတ်ကဲ့ ကျနော်တို့ သွားတဲ့ တိုးအေးဂျန့်က Vega Travel ပါ။






လေဆိပ်ကို လာကြိုပေးပြီး သူတို့ရုံးကိုတခါတည်း ခေါ်သွားပြီး နေရာချထားပေးတယ်။ ရုံးခန်းအပေါ်ထပ်မှာ အခန်းလေးထားပေးပြီး ခြေဆေးလက်ဆေး ရေမိုးချိုး တရေးတမောအိပ် အနားယူအိပ်စက်လို့လည်း ရပါတယ်။ စပေါ်ငွေပေးထားပြီး လက်ကျန်ငွေကို အဲ့ဒီရောက်မှ ရှင်းပေးရတယ်။ ဘူတာရုံဆင်းဖို့ အချိန်လိုသေးတာမို့ လမ်းပေါ်က အစားအသောက်တွေကို နှစ်ယောက်သား ခြေဆန့်ကြတယ်။ ပြီးတော့ ကော်ဖီဆိုင်ထိုင်ပြီး ချိန်းထားတဲ့ အချိန်ကို မရောက်ခင်အထိ အေးအေးလူလူ စောင့်ကြတယ်။

ညအတော်လေး မှောင်လာတော့မှ ဘူတာရုံကို  လိုက်ပို့တယ်။ စီးရမယ့်တွဲနဲ့ အခန်းနားအထိ လိုက်ပြပေးပြီး ဟိုရောက်ရင် တိုးဂိုက်က လာကြိုနေမယ်ဆိုတဲ့ အကြောင်းရှင်းပြပေးသွားခဲ့ပါတယ်။ အိပ်စင်ရထားတွဲဖြစ်ပြီး လေးယောက်ခန်းဖြစ်တာမို့ ကျနော်တို့ သူငယ်ချင်းနှစ်ယောက်က တဖက် တခြား ခရီးသွားနှစ်ယောက်က တဖက်နေရာယူထားတယ်။ စာအုပ်ဖတ်မယ်လို့ စိတ်ကူးထားပေမယ့် သိပ်မကြာခင်မှာပဲ ရထားက ချော့သိပ်သွားခဲ့တာ။ တချို့နေရာတွေမှာ ရထားအောက်ပိုင်းစက်သံတွေ သိပ်ဆူတာမို့ တချက်တချက်လန့်နိုးလာတာကလွဲရင် အားလုံးအဆင်ပြေပါတယ်။

အလင်းရောင်မှုန်ပြပြမှာ ပြတင်းတံခါးပေါက်ကနေ ကြည့်မိတယ်။ မြူတွေ ပိတ်ဆိုင်းနေတာပါပဲ။ မျက်နှာသစ် သွားတိုက်ပြီး သိပ်မကြာခင်မှာ Loa Cai ဆိုတဲ့ မြို့မှာ ခရီးဆုံးပါတယ်။ ဘူတာထဲမှာ လူတွေဟာ သိပ်များလွန်းလို့ တိုးဂိုက်ကို ရှာမတွေ့ဘူး။ ရှာမတွေ့ရအောင် ကျနော်တို့ တိုးဂိုက်က လူကောင်သေးသေးလေးမို့ လူတွေကြားထဲမှာ မြုပ်နေခဲ့တာ။
တိုးဂိုက်အပြင် တခြားနောက်ထပ် ဧည့်သည်လေးယောက်နဲ့ ကားတစင်းပေါ်တင်ပြီး ဆပါးကိုတက်ခဲ့တယ်။ လမ်းမှာ ဆပါးကို လိုက်မယ့် ဒေသခံလူကြုံနှစ်ယောက်ကို ထပ်တင်တယ်။ လူကြုံတယောက်က တောင်တက်လမ်းမှာ ကားတောက်ပြီး အန်တာမို့ ကားမှန်တွေကို ဖွင့်ရင်း အပြင်ကို ငေးမောနေရတယ်။ နိမ့်လိုက်မြင့်လိုက် ချိုးလိုက်ကွေ့လိုက်နဲ့ လမ်းကျဉ်းကျဉ်းလေးတခုအဆုံးမှာ ဆပါးမြို့လေးထဲကို ဝင်လာတယ်။

လမ်းဘေးဝဲယာမှာ ရိုးရာဝတ်စုံနဲ့ အမျိုးသမီးအဖွဲ့တွေအများကြီးပဲ။ တချို့က ကားထဲကို လက်ညှိုးထိုးနေကြတယ်. တချို့က နှစ်နှစ်ကာကာ ရီပြတယ်။ တိုးဂိုက်ကိုမေးတော့ သူတို့တွေ အလုပ်လာလုပ်ကြတာလို့ ဖြေပါတယ်။

ဟိုတယ်တခု ရှေ့မှာ ကားကို ရပ်တယ် ရေမိုးချိုး ခြေလက်ဆေး မနက်စာစား အနားယူဖို့ပါ။ ရေချိုးဆိုတော့ အခန်းသီးသန့် စီစဉ်မပေးထားတာမို့ အားလုံးက ခြေလက်ဆေးပြီး မနက်စာစားကြတယ်။ ခဏနားပြီး နာရီဝက်လောက်အကြာမှာ တောင်တက်ခရီးကို စပါတယ်။ ဘေးနားမှာ ဒေသခံအမျိုးသမီးတွေ အဖွဲ့လိုက် လိုက်ပါလာကြတယ်။ မိုးရွာထားထားတာမို့ လမ်းဟာ ဗွက်တွေချည်းပါပဲ။ တောင်တက်ဖိနပ်မစီးပဲ ပလတ်စတစ် လည်ရှည်ဖိနပ် ငှားစီးဖို့ ကျနော်တို့ သူငယ်ချင်းနှစ်ယောက် ဆုံးဖြတ်လိုက်ကြတယ်။ ခရီးဆောင်အိတ်တွေကိုတော့ ကားသမားနဲ့ ထားခဲ့ရပြီး တည်းခိုမယ့် နေရာကို ညနေမှာ လာပို့ပေးမယ်လို့ ဆိုပါတယ်။










အေးစိမ့်နေတဲ့ တောထဲကို တဖြည်းဖြည်း တိုးဝင်သွားကြတယ်။ မြင်သမျှအရာတွေဟာ အသစ်အဆန်းတွေချည်းပဲလေ။ သစ်ကိုင်းတွေမှာ ခိုနေတဲ့ ရေစက်တွေ၊ ပင့်ကူအိမ်တွေမှာ စိုလက်နေတဲ့ ရေသီးတွေ၊ မြက်တွေကို ကြိုးလိုကျစ်နေကြတဲ့ ဓလေ့စရိုက်တွေ၊ သစ်သားခုံကို ကုန်းဆင်းကနေ တွန်းဆော့နေတဲ့ ကလေးတွေရဲ့ ပျော်ရွှင်မှုတွေ၊ ခဏနေကြည်လင်းသွားလိုက် ခဏနေ မှောင်မှိုင်းအုံ့ဆိုင်းသွားလိုက်နဲ့ ဆပါးဟာ မျက်လှည့်ခင်းတခုလိုပါပဲ။ မနက်ခင်းတခုလုံးထုံထိုင်းစိုစွတ်နေခဲ့ပြီး လှေခါးထစ်စပါးခင်းတွေကိုလည်း မျက်စိတဆုံး မြင်ရဖို့ သိပ်ခက်ခဲတယ်။

No comments: