13 April 2017

Topas Ecolodge နဲ့ပတ်ဝန်းကျင်

Topas Ecolodge ကို ရွေးချယ်တဲ့အတွက် တယောက်ကို US$ ၈၀လောက် ပိုပေးရပါတယ်။ ကျနော်ကိုယ်တိုင်လည်း Ecolodge ဆိုတာ ပထမဆုံးတည်းခိုဖူးခြင်းပါ။ အဲ့ဒီတော့မှ Ecolodge ဆိုတာ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်ရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့ ရပ်တည်ထားတယ်ဆိုတာ သိရတယ်။



ပြီးတော့ ဒေသခံတွေကိုလည်း အလုပ်ပေးထားတာ ဆိုတာမျိုးဟာ တကယ့် မွန်မြတ်တဲ့ အကျိုးပါ။ လေအေးပေးစက်၊ ရုပ်မြင်သံကြား၊ တယ်လီဖုန်း၊ အင်တာနက် လုံးဝ မရှိပါဘူး။ ဆပ်ပြာရည် ခေါင်းလျှော်ရည်က အစ တကိုယ်စာ လုံလောက်တဲ့ ပမာဏပဲ ထားပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ပေးထားတယ်။

ဘန်ဂလိုပုံစံ လုံးချင်းလေးတွေကို တောင်ထိပ် လေးတခုမှာ ပတ်ချာလည်ပြီး ဆောက်ထားတာမို့  ရှုခင်းကို အသားပေးထားပါတယ်။ ရောက်တဲ့ညနေကတော့ မိုးရွာနေတုန်းမို့ မြူတွေကြားမှာ တခြားပတ်ဝန်းကျင်ကို သိပ်မမြင်ရဘူး။ ဟိုတယ် မန်နေဂျာကိုယ်တိုင်က သေချာ ရှင်းပြတယ်။ ဧည့်ကြိုတွေက အထုတ်တွေ လာဆွဲတုန်းအထိ reception ကနေ အခန်းကို ဝေးဝေးလျှောက်ရမယ်ဆိုတာ မသိသေးဘူး။ နောက်တော့မှ reception ကိုကျော်သွားတဲ့အခါ ဟိုးနောက်ဖက် တောင်ကုန်းတခုကို ထပ်သွားရဦးမယ်ဆိုတာ သိတော့တယ်။

ဒီနေရာမှာ နောက်တခု ဖြစ်တာကတော့ အသက်ကြီးလာပြီဖြစ်တဲ့ ကျနော်။ အသက်အရွယ်ရယ်၊ အလေ့အကျင့်ရယ်၊ သက်လုံရယ်။ တနေ့လုံး အတက်အဆင်းလုပ် ကင်မရာ နှစ်လုံးနဲ့ ကွေးချည်ဆန့်ချည် လုပ်လာတာကြောင့် ဒူးတဖက်က အဆင်းမှာ သေလောက်အောင်နာတယ်။ လှေခါး အတက်ဆို ဘာမှ မဖြစ်ပေမယ့် အဆင်းဆို အိုနာ ဆိုတဲ့ နာက ပြပြီ။ အသက်သိပ်မကြီးခင် ခရီးတွေ သွားထားမှဆိုတဲ့ အသိကို ရမိစေတယ်။



ပြီးတော့ ညစာ။ တောင်ထိပ်မှာ သီးသန့် ဆောက်ထားတဲ့ နေရာမို့ တခြား သွားစားစရာ မရှိပါ။ ရွေးချယ်စရာ မရှိတဲ့နောက်မှာ စားဖိုမှူးရဲ့ မီနူးပဲ သုံးဆောင်ရမှာပါ။ ဈေးနည်းနည်းများပေမယ့် စားလို့ ကောင်းပါတယ်။ အကြိုက်ဆုံးကတော့ ရိုးရာငှက်ပျောဖူးသုတ်ပါ။ 

ပေးရတဲ့ ပိုက်ဆံ တန်တယ်ဆိုတာ မနက်အိပ်ရာက နိုးလာတဲ့အချိန်ပါ။ မနေ့ကလို မြူတွေဆိုင်း မနေတော့ပဲ သိပ်လှတဲ့ တောင်တန်းကြီးကို မြင်ရတယ်။ တောင်တွေကြားက လမ်းကွေ့ကောက်အထိ သေချာမြင်နေရတယ်။ တောင်တွေရဲ့ နောက်မှာ နောက်ထပ် တောင်တွေ သိပ်ကိုလှတယ်။ ဝရန်တာကိုထွက်ပြီး ဓါတ်ပုံရိုက်တယ်။ မကြာခင်သူငယ်ချင်းလည်း နိုးလာတာမို့ နှစ်ယောက်ပေါင်းပြီး ဓါတ်ပုံရိုက်ကြတယ်။








ခဏနေမနက်စာ စားပြီး တိမ်ပင်လယ်ကိုငေးရင်း တောင်ကုန်းလေး ထိပ်ကို သွားပြီး ဓါတ်ပုံရိုက်ကြတယ်။ မြူတွေရှင်းသွားခိုက် မြင်ရတဲ့ လှေခါးထစ် စိုက်ခင်းတွေဟာလည်း သိပ်လှပတယ်။ ဟန်းနီးမွန်းလာတဲ့ သူတွေအတွက် သီးသန့် အစီအစဉ်တွေ လုပ်ချင်သူတွေအတွက် ပြင်ဆင်ထားတဲ့ နေရာလေးကချစ်စရာလေးပါ.

ဆယ်နာရီလောက်မှာတော့ ကျနော်တို့ကို လာကြိုမယ့် တိုးကားကိုထွက်စောင့်ကြတယ်။ ဆပါးမြို့ပေါ်က နောက်ထပ်ရွေးချယ်ထားတဲ့ ဟိုတယ်တခုကို ရွှေ့ကြဖို့ပါ....

No comments: