မြန်မာပြည်ရဲ့ စီးပွားရေးတံခါးဖွင့်တဲ့ အကြောင်းတွေဟာဖြင့် မနှစ်ကနေစပြီး ဒီနေ့ထက်ထိ မီဒီယာတွေရဲ့ နေရာတိုင်းမှာ ပြည့်နှက်လို့နေတယ်။ ပြည်ပလုပ်ငန်းရှင်ကြီးများလို၊ စီးပွားရေးလုပ်ကိုင်လိုသူများဟာ အခွင့်အလမ်းဆိုတဲ့ ကြိုးတချောင်းကို ဖမ်းဆွဲချင်ကြသူတွေချည်း။ သူတို့တွေ အားလုံး တံခါးဖွင့်ချိန်ကို အံကိုက် ၀င်ကြဖို့ ပြေးလမ်းထက်မှာ စောင့်နေကြတာ။ အာရှနိုင်ငံအသီးသီးရဲ့ စီးပွားရေးတွေကို အသီးသီးအသက စုပ်ယူဝါးမြိုပြီးကြပြီ။ ယိုးဒယားနိုင်ငံဆိုရင် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကစခဲ့တာမို့ တိုးတက်တာလည်းရှိသလို ဆုတ်ယုတ်တာလည်း ရှိခဲ့ပြီ မဟုတ်လား။ ဆုတ်ယုတ်မှုတွေထဲမှာ တိုင်းပြည်ထဲနေလူထုအတွက် ထည့်တွက်ရမယ့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ညစ်ညမ်းမှုဆိုတဲ့ အချက်ပါ။ စက်မှုစီးပွားရေးတွေ အပြိုင်အဆိုင် တည်ဆောက်လာတဲ့အခါ စွန့်ပစ်ပစ္စည်းတွေနဲ့ ပတ်ဝန်းကျင်ကို ဘယ်လိုထိန်းသိမ်းကာကွယ်မလဲဆိုတဲ့ ခေါင်းလောင်း ဘယ်သူ့ဆီမှာ မြည်နေပြီလဲ….
တိုးတက်ဖို့၊ ကြီးပွားဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အရာအားလုံးဟာ တရှိန်ထိုးပြေးထွက်နေကြပေမယ့်. အဲ့ဒီအကြောင်းအရာတွေကော ကြိုတင်မှန်းဆထားသလား မသေချာပါ။ ကျနော်တို့ လူမျိုးတွေဟာ (ကျနော်ကိုယ်တိုင်အပါအဝင်) အစကတည်းက အဲ့ဒီဘက်မှာ အသိပညာပိုင်းဆိုင်ရာ၊ ထိန်းသိမ်းစောင့်ရှောက်မှုပိုင်းဆိုင်ရာ အားနည်းကြပါတယ်။ မြေကြီးကကျယ်တာမို့ ကျနော်တို့ စွန့်ပစ်တာနဲ့ယိုယွင်းလာမှုတွေဟာ အချိန်တိုအတွင်းမှာ မသိရှိနိုင်တာကြောင့် ကျနော်တို့တွေအတွက် ထိခိုက်နစ်နာမှုဟာ မြင်သာမှုမရှိခဲ့တာပါ။ ပြီးတော့ အခုအချိန်ထိ စနစ်ကျတဲ့ အမှိုက်သိမ်းစနစ် မရှိသေးဘူးမဟုတ်လား။ ကြွတ်ကြွတ်အိတ်တွေကြောင့် မြေဆီလွှာတွေ မြေသြဇာတွေ ပျက်ဆီးဆုံးရှုံးရတယ်ဆိုတာ စာထဲမှာပဲ ရှိသေးတာ။ တခြားနိုင်ငံကြီးတွေလို စက်မှုစက်ရုံတွေ အပြိုင်းပြိုင်းဖြစ်လာခဲ့ရင် ဘယ်လိုများ ထိန်းသိမ်းကြမလဲ။ အစကတည်းက စနစ်မကျရတဲ့အထဲ ယိုင်နေတဲ့ဘူးစင် ခဲဆွဲသလိုဖြစ်တော့မှာပဲ။
အင်ဒိုနီးရှားက သစ်ပင်တွေ ခုတ်ပြီး မီးရှို့ရင် စင်္ကာပူရဲ့ ကောင်းကင်အမြဲ ပျောက်ဆုံးသွားပါတယ်။ မီးခိုးမှိုင်းတွေနဲ့ အတူ လေထုသန့်စင်မှုပါ ကျဆင်းသွားတာမို့ မျက်စိနာခြင်း၊ အသက်ရှူကြပ်ခြင်း၊ ချောင်းဆိုးခြင်းဆိုတဲ့ အရာတွေကိုပါ လက်ဆောင်အဖြစ် ဖြန့်ဝေပါတော့တယ်။ ကျနော်တို့ဆီမှာလည်း သစ်ပင်တွေကို ခုတ်ပြီး ဈေးကောင်းရတဲ့ အရပ်တွေဆီကို ရောင်းကြတဲ့အခါ၊ သစ်ပင်တွေကနေ ထိန်းသိမ်းပေးတဲ့ သဘာဝဂေဟ စနစ်တွေ တနေ့တခြား ပျောက်ဆုံးလာတာပဲမဟုတ်လား။ ပူလွန်းတဲ့ ကမ္ဘာမြေကြီး အဖြစ်ကို နေထိုင်ကြတဲ့ လူတွေကပဲ ဖန်ဆင်းခဲ့ကြတာမို့ မိဿလင်နဲ့ ဂျင်း သူကြင်မှ ကိုယ်ကြင်ဆိုသလို ဖြစ်နေခဲ့ပါပြီ။
တလောက နိုင်ငံတခုကို ရောက်သွားတဲ့အခါ ကောင်းကင်ပြာကို လုံးဝမမြင်ရတဲ့ အခြေအနေကို မျက်ဝါးထင်ထင် မြင်ရပါတော့တယ်။ လေထုထဲမှာ အမှိုက်စတွေလို လွင့်မျောနေတာမို့ မြို့နေလူထုရဲ့ အသက်ရှင်နေထိုင်မှုဟာ တကယ့်ကို ကြိုးတန်းပေါ်မှာ လျှောက်နေရသလိုပါပဲ။ အဆုတ်ကင်ဆာနဲ့ အသက်ရှူလမ်းကြောင်းကင်ဆာတွေဟာ အချိန်မရွေးဖြစ်ပွားနိုင်သလို၊ ခဲဆိပ်သင့်ခြင်းကြောင့် မြို့နေထိုင်တဲ့ ကလေးတွေရဲ့ သွေးတွေထဲမှာ ခဲဆိပ်သင့်မှုဟာ များသည်ထက်များလာခြင်း၊ သောက်သုံးရေ သန့်စင်မှုနိမ့်ကျခြင်း စတဲ့ အချက်တွေ တသီချည်းကို ဖြစ်ပေါ်စေတယ်။ အဓိက ကတော့ မိုးကောင်းကင်ကိုပါ လုံးဝ မမြင်ရတော့တာပါပဲ။ နေရောင်ခြည် တိုက်ရိုက်မရတော့သလို၊ ညအခါမှာလည်း ကြယ်တွေကိုမြင်ခွင့်မရှိတော့ဘူး ဆိုပါတော့။
ကျနော်တို့နိုင်ငံဟာလည်း တိုးတက်လာပြီးရင် အခုလိုမျိုး သဘာဝ အခွင့်အရေးတွေ ဆုံးရှုံးသွားမလား မဆိုနိုင်ဘူး။ စီးပွားရေးဆိုတဲ့ လောဘသားကောင်တွေကတော့ ဘယ်သူတေတေ ငါတို့အမြတ်အစွန်းကျန်ရင် ပြီးရောဆိုတဲ့ ခံယူချက်နဲ့ လာနေပါပြီ။ ကျနော်တို့ဆီကကော ဘယ်လို လက်ခံကြိုဆိုမလဲ။ မင်းတို့လည်းအမြတ်အစွန်းကျန်၊ ငါတို့လည်း အမြတ်အစွန်းကျန်၊ ကျန်တာတွေ ခေါက်ထားလိုက်ဆိုပြီး လက်ခံလိုက်ကြမလား။
စင်္ကာပူလို ကျွန်းနိုင်ငံလေးက ကျဉ်းမြောင်းတာမို့ အလွယ်တကူ ထိန်းချုပ်နိုင်ပေမယ့် ကြီးမား ကျယ်ပြန့်တဲ့ မြန်မာနိုင်ငံအနေနဲ့ ဒီလို ထိန်းချုပ်နိုင်မယ် မဟုတ်လို့ လွယ်လင့်တကူ လက်လျှော့ဖို့ပြင်ဆင်ထားနှင့်ပြီလား။ ကျနော်တို့ မြင်နေကြ တိမ်တွေကို မြင်ကွင်းကနေ လက်လွတ်ဆုံးရှုံးရနိုင်တယ်။ ပြီးတော့ အနာဂါတ်ရဲ့ ကြယ်ပွင့်ကလေးတွေရဲ့ ကျန်းမာရေး ကိန်းဂဏန်းများ ဘယ်လို ကမောက်ကမတွေ ဖြစ်ကုန်ကြမလဲ။
မြစ်တွေခမ်းခြောက်သည်ထက် ခမ်းခြောက်လာတာ ကြာခဲ့ပါပြီ။ အင်းလေးကန်ရေကောတဲ့ ဓါတ်ပုံတွေကြောင့် ရင်ထုမနာဖြစ်နေတာကလွဲပြီး တခြား ကျနော်တို့ ဘာများလုပ်ကိုင်နိုင်ကြပါသေးသလဲ။ မျက်နှာစာအုပ်မှာ ကော့မန့်တွေ တလှေကြီးပေး၊ စတေးတပ်တွေတင်၊ ဓါတ်ပုံတွေရှယ်လိုက်တာနဲ့ တာဝန်တွေကျေကြပြီတဲ့လားဗျာ။ ဒီ့နောက်ပိုင်း စက်ရုံတွေဆောက်ဖြစ်လို့ ထုတ်လွှင့်မယ့် စွန့်ပစ်အမှိုက်များနှင့် ပေါင်းစပ်လိုက်ရင် ဘုရား ဘုရား ရင်လေးစရာပါကလား။
သိပ်မကြာခင်လပိုင်းအတွင်း ထိုးတက်သွားတဲ့ ရန်ကုန်မြို့ အိမ်ယာမြေဈေးကွက်တွေ။ ဒါတောင် ခေတ်မှီမြို့တော်မဟုတ်သေးဘူးနော်။ နောင်တချိန်အဆင့်မြင့်မြို့တော်များဖြစ်သွားခဲ့ရင် နေရာအကွက်အကွင်းကောင်းတွေဟာ စီးပွားရင်းနှီးမြုပ်နှံသူတွေရဲ့ လက်ထဲမှာသာ ကျန်ရစ်ပြီး၊ လက်လုပ်လက်စားတွေ အတွက်တော့ မြို့ပြင်ကအကွက်အသစ်တွေပဲပေါ့။ ဟောင်ကောင်လိုများ လူနေအိမ်တွေကနေ ငှက်လှောင်အိမ်လေးတွေ အဖြစ်ကို ကူးပြောင်းသွားသည်အထိ ဖြစ်ပျက်သွားစေမလား။
ပြတင်းတံခါးကို ဖွင့်လှစ်လိုက်တဲ့ အခါ လေပြေလေညှင်းတွေသာ မကပဲ ခြင်တွေယင်တွေကိုပါ သယ်ဆောင်လာနိုင်ပါတယ်။ ခြင်တွေယင်တွေကြောင့် ဂေဟစနစ်တွေ ပျက်ယွင်းမသွားဘူး၊ နေထိုင်သူတွေ အတွက်လည်း ထိခိုက်နစ်နာမှုတွေ မရှိဘူးဆိုရင် တံခါးဖွင့်ရကျိုးနပ်ပြီ။ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာဆိုသလို ကိုင်းကိုကျွန်းမှီရင်း ကျွန်းကိုလည်း ကိုင်းမှီကြရမှာ။
ခုလောလောဆယ်တော့ အဲ့ဒီပြတင်းတံခါးဆီကိုပဲ ငေးနေမိတာ....
No comments:
Post a Comment