သမိုင်းတွင်တဲ့မြို့။ ရာဇဝင်ထဲကမြို့။ မြန်မာမှန်ရင် မသိသူမရှိတဲ့ မြို့ပေါ့။ စီးပွားရေးသမားတွေ ခြေချင်းလိမ်တဲ့မြို့။ မြို့လေးကငယ်ငယ် တွင်းတွေကများများ တောင်တွေက ရစ်ဝိုင်းလို့ မြူတွေက သိုင်းဖွဲ့နှောင်ထားတယ်။
ဒီတခေါက်
အိမ်ကိုပြန်တဲ့အခါ ချင်းတောင်ဆိုတဲ့ ခရီးတခုက မထင်မှတ်ပဲ ဝင်လာတယ်။ လိုက်မယ်ဆို လေယာဉ်လက်မှတ်
အဆင်ပြေတာနဲ့ ဟိုဖက်မှာ စီစဉ်ပြီးသားတဲ့။ ဘဝဆိုတာက စီစဉ်ထားသလို၊ ဖြစ်ချင်သလို အံဝင်ခွင်ကျတာမှ
မဟုတ်ပဲ။ ချင်းပြည်ကို မသွားရတဲ့အခါ ကျနော့အကြောင်းကောင်းကောင်းသိတဲ့ အိမ်က ပုဂံလို့
တခါပြောပြန်တယ်။ ကျနော်မရောက်ဖူးတဲ့ ဒေသတွေ အများကြီးကျန်သေးတယ်လို့ အိမ်နားနီးတာနဲ့
ခဏခဏ သွားဖြစ်နေတဲ့ ပုဂံကို ဒီတခါ ချန်လှပ်မှ ဖြစ်တော့မယ်။ မန္တလေးက အစ်မနဲ့ညီက ဖုံးဆက်တယ်။
မောင်နှမတွေ မတွေ့တာကြာပြီ တွေ့ကြမယ် ဆင်းလာမလားတဲ့။ ဒါနဲ့ အစ်မကိုပဲ ကျနော် မိုးကုတ်ကိုသွားချင်တယ်
စီစဉ်ပေးမလား ဆိုတော့ အင်း ဘကြီးဝါတို့ကို မေးပေးမယ်လို့ ပြောလာတယ်။ အဲ့ဒါနဲ့ပဲ ကျနော်ဟာ
မိုးကုတ်ကို သွားဖို့ ဖြစ်လာပါရော။
သွားမယ်သာ
ပြောတာ ကျနော်ရတဲ့ ရက်က နည်းနည်းလေး။ မန္တလေးကို ညကားနဲ့ မကွေးကနေ ဆင်းလာခဲ့တယ်။ မန္တလေးကို
ရောက်တဲ့အခါ မနက်သုံးနာရီပဲရှိသေးတယ်။ ဘူတာကြီးမှာ ဆိုင်ကယ်နဲ့ ညီကလာကြိုတယ်။ မနက်စာကို
လမ်းထိပ်မှာ ထွက်စားပြီး ညီဝမ်းကွဲတယောက်ကို အင်းဝကို လိုက်အပို့ခိုင်းလိုက်တယ်။
မိုးကုတ်ကို
သွားရင် လိုင်းကားရှိသလို၊ တက္ကစီလေးတွေလည်း ရှိပါတယ်။ တယောက်ကို တသောင်းခွဲလို့ထင်တယ်။
မုံရွာက အဒေါ်ပါလိုက်မယ်ဆိုလာတော့ တကားစာ အပြည့်ဖြစ်သွားရော။ ကားကို ကိုယ်သွားချင်တဲ့အချိန်
လာကြိုခိုင်းလိုက်ရင် ရပါပြီ။ ကံကောင်းစွာပဲ ကားသမားကောင်းနဲ့ ကျပါတယ်။ မသွားခင်အထိ
ကျနော်က မိုးကုတ်လမ်းကို အကောင်းလို့ပဲ မှတ်ထင်ထားဆဲပေါ့။ မန္တလေးက ဖွားစိန်ဆုံးတော့
ဘကြီးဝါတို့သားအဖ ညတွင်းချင်း ဆိုင်ကယ်နဲ့ ဆင်းလာတယ်ဆိုတာ လမ်းကောင်းလို့ပဲလို့ ယူဆထားတာကိုး။
မန္တလေး
မတ္တရာလမ်းက အတော်လေးသာပါတယ်။ ရှုပ်တာတော့ ဆိုင်ကယ်တွေဆိုတာ ဝေါခနဲ ဝေါခနဲ။ ဗီယက်နမ်လောက်တော့
မဆိုးသေးဘူးနော့။ လမ်းမှာ ဖရဲသီးတွေ၊ သီးမွှေးတွေ တွေ့တဲ့အခါ ဝယ်မယ်ဆို လုပ်ကြပြန်တယ်။
နောက်က အမေ၊ အမနဲ့ အဒေါ်သုံးယောက်က တဖြောက်ဖြောက်နဲ့ နေကြာစေ့တွေ စားရင်း။
လက်ပံလှကိုရောက်တော့ ထမင်းစားနားပြီပေါ့။ ပေါင်းတင်းတွေက လှပညီညာစွာ။ ကြက်ကြော်တွေလည်း အပြိုင်အဆိုင်ရောင်းလို့။ ကားဆရာက ကျနော့ကို သူနဲ့ထမင်းအတူစားစေပါတယ်။ ဟင်းတွေကလည်းမြိုင်ဆိုင်လို့။ ကားသမားတွေအတွက် ထမင်းဆိုင်က ဧည့်ခံတာတဲ့။ တခြားကားသမားတွေ တခွက်တဖလား မော့ကြပေမယ့် ကျနော့ ကားဆရာကတော့ မမော့ရှာဘူး။ လက်ပံလှဟာ ရွာသာဆိုတယ် မြို့တမြို့နီးနီးလောက် ကြီးမားကျယ်ပြန့်တယ်။
လက်ပံလှကိုကျော်တော့
ရွှေထွက်တဲ့နေရာကိုလည်း ဖြတ်တယ်။ သူ့ခေတ်သူ့ခါတုန်းက စည်ကားခဲ့တဲ့ အရိပ်တွေဟာ လမ်းမပေါ်မှာပြန့်ကျဲလို့
ကျန်နေခဲ့တယ်။
မိုးကုတ်ကို
နိုင်ငံခြားသားတွေ လွတ်လပ်စွာ သွားခွင့်မရှိပါဘူး။ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက် ရယူပြီးမှ
သွားလို့ရတယ်လို့ အထက်ပါ ဆိုင်းဘုတ်မှာဖြင့် ရေးထားပါတယ်။ ဒီလမ်းခွဲကနေ ဗန်းမော်ကို
သွားလို့ရတယ်တဲ့။
တောင်တက်လမ်းတွေမှာ
ကားတွေကို ရှောင်ရင်း ကွေ့ရင်း တဖြည်းဖြည်းနဲ့ မြင့်တက်လာနေတယ်။ သိပ်လှတဲ့ နေရာတွေရောက်ရင်
ကားရပ်ပေးပါလို့ ကားဆရာကို ပြောထားနှင့်ပြီး။ ကားဆရာကလည်း ကင်မရာတလုံးနဲ့ တဖျတ်ဖျတ်လုပ်နေတဲ့
ကျနော့အထာကို နပ်လောက်ပါပြီ။
လမ်းတလျှောက်
မျှစ်တောင်းကြီးတွေပိုးလို့ တောင်တက်လမ်းတွေကို မမောတမ်း တက်နေတဲ့ ဒေသခံကိုတွေ့တယ်။
ပြီးတော့ မျှစ်ချဉ်တဲတွေနားကို မရောက်ခင်ကပင် နာမည်ကျော်တဲ့ မိုးကုတ်မျှစ်ချဉ်နံ့ဟာ
နာမည်နဲ့အတူ တထောင်းထောင်းထစေတယ်။ မျှစ်ချဉ်ကို သယ်ချင်ရင် လေလုံအောင် အဖုံးကိုပိတ်ပြီး
အနံ့စင်မှ ကားထဲကိုထည့်လို့ရတယ်ဆိုတယ်။ မဟုတ်ရင် တကားလုံး ဥသြတွေဆွဲစေတဲ့အထိ အနံ့အသက်ပြင်းတဲ့
မျှစ်ချဉ်ပါပေ။
နောက်ထပ်
ခရီးတထောက်နားမယ့်နေရာကို ကျနော်တို့ မရပ်တော့ဘူး။ ရောက်ချင်လှပြီ။ အကွေ့တွေလည်း များပြီမဟုတ်လား။
မိုးတွေကျတာမို့ လမ်းတွေလည်း နွံတွေလိုဖြစ်နေခဲ့တယ်။ မြန်မာပြည်ရဲ့ လမ်းပန်းဆက်သွယ်ရေးဟာ
အခုထိ မဖြောင့်ဖြူးသေးဘူး။
ကင်းရွာကိုရောက်တဲ့အခါ ရေနီချောင်းက ဆီးကြိုတယ်။ ပင်မှည့်သီးတွေကို ရွေးနေတာတွေ့တော့ အားရဝမ်းသာဖြစ်သွားတယ်။ ပင်မှည့်သီးဖျော်ရည် ကြိုက်တဲ့ ကျနော့အတွက် သဘာဝအရသာစစ်စစ် သောက်ရတော့မယ်ပေါ့။ ဒီအသီးတွေကို အာရှကိုသွင်းဖို့အတွက်လို့ ပြောပါတယ်။ ရှုခင်းလှတဲ့ ကင်းရွာအထွက်မှာ မိုးကရွာလာတာမို့ ဓါတ်ပုံရိုက်ဖို့ အခွင့်မသာခဲ့ပါဘူး။
မိုးကုတ်အနောက်ပိုင်းလို့ ခေါ်တဲ့ ကသည်းကိုရောက်တဲ့အခါ အေးမြတဲ့ လေထုနဲ့ ထိတွေ့ရတယ်။ မြို့အဝင်ကတည်းက ကျနော်ရိုက်လာတဲ့ ပုံတွေဟာ နေရာတိုင်းမှာ လှလို့ချည်းနေတယ်။ တိမ်တွေကလည်း ထိစပ်လို့ တောင်တွေကလည်း ဝန်းရံလို့။ အဲ့ဒီနေ့မှာ မိုးကုတ်နဲ့ စသိပါတယ်။
ဆက္ပါဦးမယ္….
No comments:
Post a Comment