04 May 2013

ကိုကို၊ နွယ်နဲ့ ဘတ်စ်ကားတစင်း




နွယ်


“အားလုံးက နွယ့်ကို ကလေးမလို့ ခေါ်ကြတယ်။ တကယ်က နွယ်မှ ကလေးမဟုတ်တော့ပဲ…”

အမေကတော့ မိနွယ် နင် သတိထားနေလို့ ပြောနေကြ။ စိတ်တွေလေ စိတ်တွေကိုမှ မိနွယ်က ဖမ်းထားလို့မရတာ။ လွင့်ပါစေ..လွင့်တိုင်းလည်း ကိုကို့ဆီပဲ သွားနေတာခက်တယ်။

ကိုကိုကလေ မနက်တိုင်းပြုံးပြတယ် သိလား။ ကိုကို့အပြုံးကို မြင်လိုက်ရမှ နွယ့် မနက်ခင်းတိုင်းဟာ ပြည့်စုံသွားတယ်။ လက်ရှည်အစိမ်းရောင် ယူနီဖောင်းနဲ့ ကိုကိုဟာ မိနွယ်မျက်ဝန်းထဲမတော့ အမြဲသေသပ်နေတယ်။ နှုတ်ခမ်းဒေါင့်နှစ်ဖက်က စပြုံးလိုက်တိုင်း သတိထားမိမြဲ။ ကိုကို့ကို မြင်ရတဲ့ထိုင်ခုံမှာ နေရာရဖို့ အမြဲကြိုးစားရတာလည်း မလွယ်။ ဒါမှ မဟုတ် မှန်ထဲကနေ ချောင်းကြည့်မိတဲ့အခါတိုင်း ကိုကို ပြန်ကြည့်စေချင်လိုက်တာလို့ စိတ်ထဲက အမြဲဖြစ်တယ်။ ဆုတွေတောင်းတိုင်းလည်း ကိုကိုက မိနွယ်ကို သတိထားမိပါစေလို့ အမြဲပါတယ်။ ကိုကိုဒီ့ထက်သိသာအောင် ကျောင်းဝတ်စုံလေးနဲ့ မိနွယ်က ဘာမှ မတတ်နိုင်။ ဒါနဲ့ ကိုကိုက မနက်ပိုင်းပဲ ကားမောင်းတာနော်။

ဒီအချိန်လာမယ့် ကားကိုပဲ စောင့်စီးတယ်။ ကားနံပါတ်ထက် ကားမောင်းတဲ့သူကို အမောတကော ကြည့်ရတာ မနက်တိုင်းအကျင့်ပါနေပါပြီ။ စာအုပ်တွေရဲ့ နောက်ကျောမှာလည်း ကိုကို လို့ ရေးထားတာ ပြည့်နေပြီ။ ကိုကို့နာမည်ကို မိနွယ် မဖတ်တတ်တာ ခက်တယ်။ စာလုံးအတွန့်အတက်တွေနဲ့ မိနွယ် ကျောင်းမှာ သင်ရတဲ့ စာလုံးတွေထက် ပိုခက်သလိုလို။ လွယ်ပါတယ် ကိုကိုရာ စိတ်ထဲကအတိုင်း ကိုကိုလို့ပဲ ခေါ်မယ်။

ကိုကိုနှစ်ရက် မလာဘူးနော်။ မိနွယ် စိတ်ပူလိုက်တာ ကိုကိုရယ်။ မတော်တဆများဖြစ်သလား၊ နေများမကောင်းသလားပေါ့။ ကိုကို့ကို ပြန်မြင်ရတော့ သက်ပြင်းကို အသာချရတယ်။ ရင်မောတယ်ကိုကိုရယ်။ တခါတခါ ကိုယ့်ကိုကိုယ် အားမရသလိုပဲ။ တခုခုလုပ်သင့်တယ်လို့ ကားပေါ်တက်ကာစမှာ တွေးမိလည်း ဘာလုပ်ရမှန်းမသိဘူး။ လက်ထဲက စာအုပ်တွေကိုပဲ လွှတ်ချရမလား။ တခါတော့ စကားပြောဖူးတယ်နော်ကိုကို။ ကဒ်မပါသလိုလိုနဲ့ ကျောင်းအထိ ဘယ်လောက်ပေးရမလဲလို့လေ။ ကိုကို့လေသံတွေက ပုံမှန်ပေမယ့် ဒီဖက်က အသံထွက်အောင် မနည်းကြိုးစားရတာ။ ရင်ခုန်သံက စကားသံထက်ပိုကျယ်နေလို့ စာအုပ်တွေနဲ့ အတင်းဖိထားရတယ်။

ဟိုတနေ့က အိမ်ကကိုထွေး ပါလာလို့ မရိပ်မိအောင် ငြိမ်နေရတယ်။ စိတ်ထဲမှာ ကိုကို့ကို ကြည့်ချင်လိုက်တာလေ။ ဟိုတပတ်ကျောင်းပိတ်ရက်တုန်းကလည်း အပြင်မှာ ကိုကိုနဲ့တူတဲ့လူတွေ့လို့ လိုက်ငေးမိသေးတယ်။ အပြင်မှာတခါလောက် ဆုံဖူးချင်လိုက်တာ။ အပြင်ဝတ်စုံတွေနဲ့ဆို ဘယ်လိုများနေမလဲနော်။

မားသားကြီး သိသွားပြီ ကိုကို။ စာအုပ်တွေကို စစ်ရင်းတွေ့သွားတာ။ ကိုကိုဆိုတာ ဘယ်သူလဲလို့ မေးနေတယ်။ မိနွယ် မဖြေရဲဘူး။ ကိုကိုက မိနွယ်ရှေ့ကနေ ရပ်ပြီး ကျနော် ကိုကိုပါလို့ ဖြေပေးစေချင်မိတယ်။ အခုတော့ မိနွယ် အရိုက်ခံရသလို၊ အပြင်ကို အရင်လို တယောက်တည်း ထွက်ခွင့်မရတော့ဘူး…

ကိုကို

“ခရီးသည်တိုင်းကို ပြုံးပြနှုတ်ဆက်ဖို့က ကားသမားတယောက်ရဲ့ တာဝန်ထဲမှာပါတယ်”

ကျနော် အလုပ်ဝင်ကတည်းက ဒီတာဝန်ကို ထုံးစံမပျက်ခဲ့ဘူး။ မပျော်သည့်တိုင်အောင် ခရီးသည်ကို ပြုံးပြီး နှုတ်ဆက်ဖို့ ၀န်မလေးခဲ့ပါ။ ကျနော်က မနက်ပိုင်း တာဝန်ကို အမြဲယူထားတယ်။ ညနေပိုင်းမှာ ကျနော် ကျောင်းတခုတက်ရင်း ကျနော့ပညာရေးကို ဆက်နေတယ်။ ဘွဲ့တခုတော့ ကျနော် ရထားသင့်တယ်လို့ အသိမိတ်ဆွေတွေက ပြောကြတယ်။ မနက်ပိုင်း ကားမောင်းတယ်၊ ညနေပိုင်း ကျောင်းတက် ဒါဟာ ကျနော့ဘ၀ပဲ။

တနေ့က ကားမှတ်တိုင်မှာ အဒေါ်ကြီးတယောက်နဲ့ ကောင်လေးနှစ်ယောက်က ကျောင်းသူလေး တယောက်ကို ၀ိုင်းပြီး ဆူနေကြတာ တွေ့လိုက်တယ်။ ကောင်လေးနှစ်ယောက်က အစ်ကိုတွေထင်ပါရဲ့။ ကျောင်းသူလေးကို အိမ်ကို ပြန်ဆွဲခေါ်သွားကြတယ်။ ကောင်မလေးက ငယ်ငယ်လေး။ ငိုယိုပြီး ရုန်းကန်နေတာ တွေ့တယ်။ ကားမှတ်တိုင်က လူတွေအကုန်ဝိုင်းကြည့်နေတာမို့ ကားကို အတော်လေးကြာမှ ပြန်မောင်းထွက်ခဲ့ရတယ်။

အဲ့ဒီနေ့က ကားဂိတ်ကို အ၀င်နောက်ကျသွားတာမို့ ကျနော့ကို ဂိတ်က ပထမအကြိမ် သတိပေးခံရရော။ တခါမှ အဲ့လိုမဖြစ်ဖူးတာမို့ စိတ်ထဲမှာ ကသိကအောက်တော့ ဖြစ်စေတယ်။

ဘတ်စ်ကား

“မောင်းသူရှိမယ်၊ စီးသူရှိမယ် ဒါဆို လိုရာခရီးကို သတ်မှတ်ချိန်အတွင်း ရောက်အောင် ပို့ဆောင်မယ်”

ဘတ်စ်ကားမောင်းသူတယောက်နဲ့ အတက်အဆင်းတွေ အမြဲရှိတတ်တဲ့ ခရီးသည်တွေ မပြတ်။ ဘတ်စ်ကားမောင်းသူ ပြောင်းလည်း သူကတော့ ဒီအတိုင်းပဲ။ ခရီးသည်တွေ ပြောင်းလည်း ဒီအတိုင်းပဲ။ သူ့တာဝန်က လိုရာခရီးကို ပို့ဆောင်ဖို့ပဲ။ ကျန်တာ ဘာဆိုဘာမှ မသိ။ သိစရာလည်း မလိုဘူးလေ။ မောင်းသူက ထိန်းကျောင်းတဲ့ အတိုင်း သူကတော့ ယနေ့ထက်ထိ မောင်းနှင်လျက်ပဲ...




No comments: