တဒုန်းဒုန်းမြည်သံနဲ့ အတူ လှီးပြီးသား ကြက်သွန်တွေဟာ ဖွာခနဲဖွာခနဲ တောင်းထဲကိုကျတယ်။ အပြိုင်အဆိုင် လှီးနေကြတဲ့ မိန်းမတွေကြားမှာ မနွဲ့တယောက် အခိုးရိုက်ပြီး မျက်ရည်ကျနေတာလား၊ သားကိုလွမ်းလို့ မျက်ရည်ကျနေတာလား ဘယ်သူမှ မသိနိုင်….
ဝန်ထမ်းအသစ်တယောက်
ရောက်လာတိုင်း မနွဲ့ဆီက အဲ့ဒီဇာတ်လမ်းကို လူတိုင်းက ပြန်ကြားရတယ်။ ဟုတ်တယ် မနွဲ့ ဒီပါဆီပါဂျန်းမှာ
အလုပ်လုပ်တာ သားတသက်ရှိပါရောလား။ ကြက်သွန်လှီးရင်း ပြောတာဆိုတော့ မျက်ရည်တွေကလည်း အ၀ိုင်းသားပေါ့။
အသံလေး တချက်တချက် တုန်ဝင်သွားမှ သြော် သူငိုနေတာပါလားရယ်လို့ နားထောင်သူတွေ အားလုံးက
သတိရကြတယ်။ ကိုယ်စီကိုယ်စီ မျက်ဝန်းတွေထဲလည်း စိုစွတ်နေကြတာပါပဲ။
မနွဲ့က
သူ့ကိုယ်သူ အနွဲ့လို့ပဲ ပြောတယ်။ အနွဲ့ ဒီစင်္ကာပူကို စထွက်လာတော့ သားက အခါလည်ကျော်ကျော်ပဲ
ရှိသေးတာလို့ သူ့ဇာတ်လမ်းကို အစချီတယ်။ ဘယ်ခွဲချင်ပါ့မလဲရှင်ရယ် ကနောက်ဆက်တွဲစကားဆက်ပေါ့။
သားရှေ့ရေးလို့ တွေးလိုက်တာနဲ့ အနွဲ့မှာ အားတွေ အလိုလိုရှိလာတယ်လို့ သူ့ကိုသူ ပြန်ဖြည်တယ်။
မိခင်တယောက်ရဲ့ ချစ်ခင်ရဲရင့်ခြင်းဆိုတဲ့ အရာတွေ သူ့မျက်ဝန်းမှာ စွန်းထင်းလာစမြဲ။ ကျန်တဲ့မိန်းကလေးတွေ
အားလုံးက အားကျနှစ်လိုစွာ ကြည့်ကြတိုင်း နဖူးပေါ်က ကျလာတဲ့ ချွေးစက်တွေ၊ ခါးနဲ့လက်က
နာကျင်မှုတွေ အရာခပ်သိမ်း လွင့်ပြယ်စေတယ်လေ။
အားလုံးကို
ကရုဏာသက်စေတဲ့ အခန်းကတော့ စင်္ကာပူ ရောက်ကာစ နို့သက်တိုင်း သားကိုလွမ်းလို့ ငိုရတဲ့ အနွဲ့ရဲ့
အဖွဲ့ပါပဲ။ သားလေး နို့ဆာနေရှာမှာပဲ ဆိုတဲ့ စိတ်နဲ့ အိမ်ကို ပြန်လိုက်ရအကောင်းသားလို့
သူ့ခမျာ ဖြစ်ရှာသတဲ့။ သူ့ကြီးဒေါ်တွေ ဦးလေးတွေနဲ့ ထားခဲ့တာမို့ စိတ်ချရပေမယ့် အမိမဲ့သား
ရေနည်းငါးလေး ဖြစ်နေရှာမယ်လို့ အမြဲတွက်နေရပြန်တယ်။
တနှစ်တခေါက်
မပြန်နိုင်တဲ့အလျောက် နှစ်နှစ်လောက်နေမှ တခေါက်ကို ဖြစ်ဖြစ်မြည်အောင် ပြန်ရှာတဲ့ မိခင်ကို
သားက မမှတ်မိတာ ဆန်းသလားလို့ သူ့သားကို သူဖြည့်တွေးပေးရှာတယ်။ မိခင်မဟုတ်လား။ သားသမီးလုပ်သမျှ
အကောင်းလို့ ထင်တတ်ကြတာ မိဘတိုင်းပဲလေ။ သားသမီးတွေ ကန်ကြောက်ခဲ့ဖူးတဲ့ ဒီရင်ဘတ်အစုံအကြောင်းက
ပြောစရာတွေ တပုံတခေါင်းရှိတယ်မဟုတ်လား။
သားကလေ
စာကြိုးစားတယ် ဆိုတဲ့ စကားလုံးတွေကို အားလုံးကြားအောင် အသံမြှင့်ပြီး ပြောလိုက်တယ်။
အသံဝင်သွားရုံမကလို့ ရင်ဘတ်ကြီးပဲ ကွဲကွဲ အမေကတော့ အဲ့လို အားရပါးရပြောလိုက်ရမှ အာပိုတွေ့သလိုလို။
လက်ထဲက ကြက်သွန်တွေ တတောင်းပြီးတတောင်းထွက်အောင် လှီးရင်း စကားတွေကလည်း အဆက်မပြတ်။
သားဆယ်တန်းအောင်တဲ့
အခန်းကတော့ သူ့အတွက် မင်းသားမင်းသမီးတွေ အကယ်ဒမီဆိုတာ ရသလိုမျိုးပေါ့။ မီးမောင်းကြီးတွေ
ဝိုင်းထိုးထားသလိုမျိုးတောင် ခံစားမှုက တလှိုက်လှိုက်တက်လာ။ မစားရပေမယ့် ဝလင်ပြည့်သိပ်စေတဲ့
ပီတိဆိုတာ အဲ့လိုမျိုးကိုး။ အနွဲ့စာမတတ်ပေမယ့် သားလေးတော့ စာတတ်ပြီး အတတ်ပညာရှင်ကြီးဖြစ်ပြီဆိုတော့
အနွဲ့လို ကြက်သွန်လှီးရတဲ့ ဘဝခါးခါးမျိုးကနေ သားလေး လွတ်မြောက်ပြီဆိုပြီး ပျော်လိုက်ရတာများ
ဆယ်ကမ္ဘာလောက်တောင် ကြာမယ်။
ဒါပေမယ့်
သားရင်ထဲမှာလည်း အနာလေးတခုရှိနေတာကို အနွဲ့အမှတ်မထင် တွေ့လိုက်ရတယ်။ သားက သူ့ကို ပစ်ပြီး
အဝေးမှာ သွားနေတဲ့ အမေ့ကို မသိစိတ်ထဲကနေ နာကျင်နေခဲ့တယ်။ သားရယ် အမေ ဘယ်လို ဖြေရမလဲ။
အမေလည်း သားနားမှာ ရင်အုပ်မကွာ နေချင်တာပေါ့ကွယ်။ သားရဲ့ စာစီစာကုံး စာအုပ်ထဲက အမေနဲ့အတူမနေရတဲ့အကြောင်း ရေးဖွဲ့ထားတာကို ဖတ်ရတဲ့အခါ ရင်ဘတ်တခုလုံး ဆုတ်ချေခံရသလို နာကျင်ကြေမွစေခဲ့တယ်။
မသိတတ်သေးတဲ့ လူမမယ်ကလေးမို့ အမေခွင့်လွှတ်ပါတယ်။ မချစ်လို့ ပစ်ခွာခဲ့တာမဟုတ်ဘူး ချစ်လွန်လွန်းလို့
ဆိုတဲ့ အကြောင်းကို တနေ့တော့ သားသိပါလိမ့်မယ် လို့ သားမမြင်ကွယ်ရာမှာ မျက်ရည်တွေ တိတ်တဆိတ်ကျစေပြီး
သားရှေ့မှာတော့ အမေ့ အပြုံးတွေကိုပဲ တပွင့်စီခြွေချ။
သားက
စင်္ကာပူကို လာလည်ချင်တယ်လို့ ပြောတဲ့အခါ အနွဲ့စိတ်ထဲမယ် ဝမ်းနည်းဝမ်းသာ ဖြစ်မိတယ်။ သူ့ဖာသာစီစဉ်ပြီးလာမယ်
အမေ လေဆိပ်ကနေ လာကြိုပါဆိုတော့ ဟယ် အတော့ကို လူတတ်ပကြီးဖြစ်နေတာလို့ မချိုမချဉ်ပြုံးစေတယ်။
တကယ်လည်း သူ့တယောက်တည်း လာခဲ့တယ်။ အနွဲ့နဲ့ နေတဲ့ နှစ်ပတ်အတွင်းမှာ သားက အနွဲ့လက်တွေ
အသားမာတက်နေတဲ့ အကြောင်းရင်းကို သူသိသွားတယ်။ အနွဲ့လိုပဲ ဓါးတချောင်းနဲ့ ကြက်သွန်လှီးမယ်လုပ်သေးတာ။
ဘယ်ရမလဲ ကျုပ်သားက ဆယ်တန်းကြီးတောင် အောင်နေမှ ကျုပ်လို လုပ်စရာလား၊ မလုပ်ရပါဘူးလို့
အတင်းဓါးကိုသိမ်းရတယ်။ ရင်ထဲမှာတော့ သိတတ်လိုက်တဲ့သားကြီး ဆိုပြီး စည်အလုံးပေါင်း တသောင်းလောက်
မြည်ဟီးလို့။
အနွဲ့တို့
သားအမိ တယောက်ကိုတယောက်နားလည်သွားတဲ့အခါ သားပြန်မယ့်နေ့ဟာ မုန်တိုင်းတခုလို ရောက်လာတယ်။
သားကတော့ အနွဲ့ရှေ့မှာ မငိုပါဘူး။ အနွဲ့ကလည်း မငိုပါဘူးရှင်၊ အခုလည်း ကြက်သွန်ခိုးရိုက်လို့
မျက်ရည်ကျတာပါ။ သားအရာရှိကြီးဖြစ်တဲ့အခါ အမေပြန်လာခဲ့တော့လို့ သေသေချာချာမှာသွားတာ…
ကဲ
ဒီနေ့အတွက် ပြီးအောင် လှီးရမယ့် ကြက်သွန်အိတ်တွေ အများကြီးကျန်သေးတယ်။ ရှင်တို့တွေလည်း
အခိုးရိုက်လို့ မျက်ရည်ဝိုင်းနေကြတာမဟုတ်လား။ ဆက်လှီးလိုက်ကြရအောင်…
မနွဲ့က
ပြောပြောဆိုဆို ဇိုးကနဲဇတ်ကနဲ ကြက်သွန်အိတ်တွေကို သံချွန်ချိတ်နဲ့ လှမ်းဆွဲတယ်။ ကျန်တဲ့
နားထောင်သူ ပရိတ်သတ်အားလုံးကတော့ ကြက်သွန်တွေ ဆက်လှီးရင်း မျက်ရည်တွေ ကိုယ်စီဝိုင်းလို့ပေါ့။
ကြက်သွန်ခိုး ကြောင့်လား မနွဲ့ရဲ့ ဇာတ်လမ်းကြောင့်လားဆိုတော့ ပရိတ်သတ်တွေပဲ အသိဆုံးမဟုတ်လား…..
No comments:
Post a Comment