02 May 2013

ဘဝအိပ်မက်


စိတ်ထဲမှာ ရှိနေတာ အဲ့ဒီသစ်ပင်လေး တပင်တည်း။ စိမ်းမှောင်လို့။ ပြီးတော့ သစ်ပင်ကို ကျနော် စိုက်ကြည့်နေတုန်းက နောက်ကနေ လူတယောက် ပြောတဲ့စကားသံ။
“ကြည့်ပါဦး သစ်ပင်သာဆိုတယ် ရှုပ်ထွေးပွေလီလို့ လူ့ဘဝကြီးနဲ့ကို တူရော”  တဲ့လေ။

အဲ့ဒါက စိတ်ထဲရှိနေတာ သက်သက်ပဲ။ တကယ်တမ်း ရောက်ဖြစ်နေတာ တံခါးတစ်ချပ်ရဲ့ နောက်ကိုပါ။ အဲ့ဒီတံခါးလေး ခြားတာနဲ့ကို ကျနော့ကို ကျနော် မမှတ်မိတော့ဘူး။ တံခါးရဲ့ အနောက်ဘက်ထဲမှာ ကျနော့ရဲ့ တပ်မက်ခြင်းတွေရှိတယ်၊ ကျနော့ရဲ့ အတ္တတွေရှိတယ်၊ ကျနော့ရဲ့ အာရုံတွေအားလုံးရှိနေခဲ့တယ်။

တံခါးကိုဖွင့်ပေးတဲ့ သူကိုယ်တိုင်က လိုလိုချင်ချင်ရှိပါတယ်။ သူနဲ့ကျနော့အကြားမှာ အပေးအယူဆိုတဲ့ စကားလုံးထက် ဘယ်အရာမှ မပိုခဲ့ဘူး။ သူများတကာတွေ ပြောနေသလို ခက်ခဲလေးနက်မှုတွေလည်း ရှိမနေခဲ့။ ပစ္စည်းဥစ္စာဆိုတဲ့ အရာတွေလည်း တကြောင်းမျှမပါခဲ့ဘူး။

အခန်းထဲမှာ အရောင်တွေ သိပ်အသုံးမတည့်လှ။ မီးဆိုင်းပုံ အရာလေးတခုကိုသာ မပီပြင်ဝိုးတဝါး။ သိပ်မကြာခင်မှာပဲ မီးဆိုင်းကိုတောင် မြင်ရတော့မှာ မဟုတ်။ အမှောင်တွေဖုံးသွားခဲ့ရင် ကျနော်အသစ်ဖြစ်သွားပြီ။ တံခါးအပြင်ဖက်က အရာအားလုံးနဲ့ လုံးဝမသက်ဆိုင်တဲ့ အသစ်တယောက်ဖြစ်သွားပြီ။

အခန်းရှင်ရဲ့ နွေးထွေးမှုကို လက်နှစ်ဖက်ကတင် သိနိုင်တယ်။ ချိုမြခြင်းကိုတော့ နှုတ်ခမ်းတစုံကနေ အဖြေပေးမယ်။ အနံ့အသက်တွေကို နည်းနည်း အာရုံပါးရှလွယ်တဲ့ ကျနော့အတွက် သူအမြဲထွန်းပေးထားတဲ့ Lavender အနံ့က ကျနော့ကို အလွယ်တကူး ညွှတ်နူးစေလိမ့်မယ်။ စိတ်ထဲမှာ နောင်တဆိုတဲ့ အရာတွေ မလာခင် ကျနော့ကို အမှောင်က ဖုံးသွားပြီ။

စကားဖွဖွ ပြောဖို့ အင်း သိပ်မသေချာဘူး။ ကျနော်က မေးခွန်းတွေဖြေရမှာ မကြိုက်သလို သူကလည်း အဖြေတွေကို မလိုလှဘူး။ ကောင်းကင်ပေါ်ကို ခဏရောက်သွားတယ်။ တိမ်တိုက်တွေကို စီးရတာ ပျော်စရာကောင်းလိုက်တာ။ လက်နှစ်ဖက်နဲ့ တိမ်တွေကို ခူးရင်း တိမ်တွေပေါ်က မဆင်းချင်တော့။ ဘယ်အရာမှ မတည်မြဲဘူးတဲ့။ အမှောင်ထဲမှာ ကြာကြာနေရင် ရူးလိမ့်မယ်။ သူက ကျနော့ကို ပြန်ဆွဲခေါ်တယ်။ တရွတ်တိုက်ပါအောင် လိုက်လာရင်း ရိုလာကိုစတာ စီးရတယ်လို့ အိပ်မက်မက်နေပြန်တယ်။ ကမ္ဘာကြီးက အရောင်အဆင်းမဲ့စွာ လှပနေလိုက်တာ။

ကျနော့ရဲ့ အထိန်းအကွပ်က သူပဲ။ သူ့ဆီက အသံသဲ့သဲ့ကြားရင် ကျနော် တရေးနိုးနေပြီ။ မက်ခဲ့တဲ့ အိပ်မက်ကို နှမြောတယ်။ အိပ်မက်ရဲ့အဆုံးမှာ ကြောက်ရွံ့ခြင်းတွေရှိတယ်။ ကြောက်စရာတွေဟာ တကယ့်ကို စိုးထိတ်ဖွယ်။ အသံမပါပေမယ့် အနက်ကိုနားလည်လို့ကို ကြောက်မိတာ။

သွေးအေးသွားတဲ့အခါ ဒဏ်ရာက နာလာသလိုမျိုး။ ဆစ်ကနဲ ဖြစ်သွားရင်း အသက်မရှင်ချင်တော့။ ရှိုက်ငိုနေမိတဲ့အခါမျိုးဆို သူက ဖွဖွနှစ်သိမ့်တယ်။ နဖူးပြင်မှာဝဲကျနေတဲ့ ဆံစကို လက်နဲ့ ဖြည်းဖြည်းသပ်တင်ပေးရင်း သီချင်းလေးညည်းသလို တီးတိုးဆိုတယ်။ မငိုနဲ့ဆိုတဲ့ စကားလုံး တခုမှ ပါမသွားဘူး။ ဒါပေမယ့် ကျနော် အငိုရပ်ခဲ့တယ်။

တံခါးကို ပြန်ဖွင့်တဲ့ လက်တစ်စုံကို မုန်းလိုက်တာလေ။ တကယ်က ကျနော့လက်တဖက်ပါ ပါတယ်။ အပြင်ဖက်ကို ရောက်တဲ့အခါ မျက်လုံးတွေကို ခဏပိတ်ထားရတယ်။ အလင်းတွေစူးလွန်းလို့။ ချွတ်ထားတဲ့ ဖိနပ်ကို ပြန်စည်းနှောင်ရင်း ဖိနပ်ကြိုးတွေကို ချည်ရတာလည်း စိတ်မရှည်စွာ ချည်ပြန်တော့ နောင်တကြိမ်ပြန်ကျွတ်ပြီး လမ်းမမှာ အိနြေ္ဒပျက်မှာကိုလည်း စိုးလာတယ်။ ဘေးနှစ်ဖက်ကို ရှည်ကျနေတဲ့ ကြိုးတွေကို ဖိနပ်ထဲသေသေချာချာ ပြန်ထည့်ရင်း လျှောက်ရမယ့် လမ်းမကြီးက မျက်စိတဆုံးထက်တောင် ရှည်သေး။

ခါးကို မတ်လိုက်တဲ့အခါ အရပ်များတောင် ပိုရှည်လာသလားပဲ။ မဟုတ်သေးပါဘူး။ နောက်ကို လှည့်ကြည့်ရင်း ပြုံးပြလိုက်မယ်ဆိုတော့ ချက်ကနဲ ပိတ်သွားတဲ့ အသံပဲရှိတော့တယ်။ အိပ်မက်ဆိုတာ ကောင်းရင်တောင် အကြာကြီး မက်ခွင့်မရှိသလို၊ အိပ်မက်နဲ့ ရင်းနှီးခွင့်လေးတောင် မပိုင်ဆိုင်ဘူးနော်။

နောက်တခေါက် တံခါးကို ခေါက်တဲ့အခါ တံခါးက ပြန်ဖွင့်မှာပါနော်လို့  ကိုယ့်ကိုကိုယ် နှစ်သိမ့်တယ်။ ဗိုက်က ဆာလာသလိုလိုရှိတာမို့ အနားက မုန့်ဆိုင်တခုခုကို ဝေ့ဝိုက်ရှာဖွေ နေမိပြန်တယ်။ အခန်းထဲမှာ သောက်ခဲ့တဲ့ ရေတခွက်က ပူပူနွေးနွေးလေး ဆိုပြီး ပြန်တမ်းတမိသေးတယ်။


ဟုတ်တယ် ဘဝဆိုတာ အခုမြင်ရတဲ့ သစ်ပင်လေးလိုပဲ အခက်တွေ အများကြီးနဲ့ ရှုပ်လိုက်တာလေ။ အပေါ်ကနေကြည့်တဲ့အခါ အောက်ခြေကို မမြင်ရ၊ အောက်ခြေက မော့ကြည့်ပြန်တော့ အပေါ်က အုံ့မှိုင်းလို့။ အချင်းချင်းတွန်းတိုက်နေတဲ့ အခက်အလက်တွေ ကြားမှာ အသက်ရှူတွေကကြပ်။ အကိုင်းကို ဖယ်ပြန်တော့ အရွက်တွေက ဖုံး၊ အရွက်ကို ဖယ်ပြန်တော့ နွယ်တွေက ကွယ်၊ နွယ်တွေကို ဖြတ်ပြန်တော့….

No comments: