Photo taken from the link:
http://en.wikipedia.org/wiki/File:Lampyris_noctiluca.jpg
တွေ့စတုန်းက မှောင်ရီဖြိုးဖြ ညနေချိန်လေးပေါ့။ စိမ်းဝါလင်းလက်နေတဲ့ အဲ့ဒီအကောင်လေးဆီမှာမှ အာရုံတွေ ရှိမနေခဲ့ရင် ဒီလမ်းမထက်က ကျနော် မျက်မမြင်တယောက်ပဲ ဖြစ်နေလိမ့်မယ်။ အမှတ်မထင်ဆိုတဲ့ စကားလုံးလေးက သုံးနှုန်းခိုင်းနှိုင်းလို့ ကောင်းပေမယ့် တခါတရံမှာ ထိခိုက်နာကျင်စေတတ်တယ်။ ဟုတ်တယ် ကျနော်တို့ အမှတ်မထင်ပဲ တွေ့ရှိခဲ့ကြတာ။
ပိန်းပိတ်အောင် မမှောင်ခင်မှာတောင် သူ့က ကျနော့ကို ဖမ်းစားနေခဲ့ပြီ။ တခါမှ မမြင်တွေ့ဖူးတာမို့ ကျနော့အတွက်တော့ အစိမ်းသက်သက်ရယ်ပါ။ သူက ဘာလို့ အလင်းရောင်တွေ ထွက်နေခဲ့တာလဲ။ ကျနော့ကို လမ်းပြဖို့ ဒါမှမဟုတ် ကျနော့ရဲ့ စွဲလမ်းတပ်မက်မှုကို ရလိုလို့မဟုတ်တာတော့ သေချာတယ်။ ညနေခင်း ခြေခင်းလက်ခင်းသာလို့ လမ်းသလားနေတဲ့ ပိုးစုန်းကြူးတကောင်နဲ့ ကျနော် အမှတ်မထင် တွေ့ဖြစ်သွားခဲ့တယ်။
ကျနော်လျှောက်နေတဲ့လမ်းက မှောင်ပါတယ်။ မြွှေပါးကင်းပါး ကြောက်ပေမယ့် ခရီးဆိုတာ အဆုံးထိလျှောက်ရမယ်လို့ ကိုယ့်ကိုကိုယ် သတ်မှတ်ထားမိတော့ လျှောက်ပေါ့။ ဘေးပတ်ဝန်းကျင်က သစ်ပင်တွေ လေတိုးလို့ ရိုးတိုးရိပ်တိတ်ဖြစ်လာရင် စိတ်ထဲမှာ သရိုးသရီနဲ့ ပြေးရမလို ရပ်ပစ်ရမလိုလဲ ဖြစ်တတ်သေးတယ်။ မျက်စိမှိတ်ပြီး ပြေးရအောင်လည်း ကလေးကလား ဆန်တယ်ဖြစ်နေပြန်။ ဟန်တလုံးနဲ့ လျှောက်ပြန်တော့လည်း ကိုယ့်လိပ်ပြာက မလုံ။ ကျောကချမ်းသေး။ အဲ့ဒီအချိန်မှာ အရှေ့က မှိတ်တုတ်မှိတ်တုတ်လေးနောက် ကျနော်က တွယ်ငြိသွားတော့တယ်။
သူက ခပ်ဝေးဝေးကိုလည်း ပျံမပြေး။ အနားကပ်မယ်ဆိုတော့ ခွာပြန်ရော။ စကားအဖြစ်ပြောတာပါ။ ကျနော်က အနားကပ်ဖို့ စိတ်ကူးမရှိ။ ဒါပေမယ့် မှောင်နေတဲ့ လမ်းမအလယ်မှာ မှိတ်တုတ်လေးက ကျနော့ကို အဖော်ပြုတာတော့ လိုချင်သား။
ကြည့်ရတာ သူလည်း တကောင်တည်းဆိုတော့ ကျနော့ကို မခွာနိုင်ဘူးထင်ရဲ့။ ကျနော့နဲ့ သိပ်မဝေးတဲ့ အတိုင်းအတာ တခုမှာ ခပ်ခွာခွာလေး နေ,နေတယ်။
လူ့စိတ်ဆိုတာက အခက်သားနော်။ သူ့ကို လမ်းလျှောက်ချိန်တိုင်း တွေ့ချင်တယ်ဆိုတဲ့ အစွဲက ၀င်လာတယ်။ လက်ရှိဆိုတာထက် အနာဂါတ်ဆိုတဲ့ ကာလတွေကိုပါ ပိုင်ဆိုင်ကြီးစိုးချင်တဲ့ လောဘတကြီးဖြစ်လာ။ ဒါပေမယ့် ကျနော့ဖက်ကလည်း သူ့ကို စွဲလမ်းတပ်မက်နေတယ်ဆိုတာမျိုး မပြချင်ပြန်ဘူး။ အဲ့ဒီစိတ်ရောဂါကို သူငယ်ချင်းတယောက်ကတော့ လူသားဆန်ခြင်းလို့ အမည်တပ်တယ်။
သူ့ကို ပုလင်းအလှလေး တလုံးမှာ ထည့်ထားလိုက်ရင်ကော။ သူပျော်မှာပါနော့။ သူပျော်အောင် ပုလင်းလေးထဲမှာ သူ့အသုံးအဆောင်လေးတွေ ထည့်ပေးမယ်။ သူကြိုက်နှစ်သက်တဲ့ အစားအစာလေး တွေစသည်ပေါ့။ ဒါဆို ကျနော်လမ်းလျှောက်တိုင်း သူနဲ့အတူ ရှိနိုင်မယ်။ ဟုတ်ပြီ ဟန်ကျပြီ။
နေဦး အဲ့ဒါဆို သူကပုလင်းထဲမှာ ဆိုတော့ အခုလို လွတ်လွတ်လပ်လပ် ဘယ်ပျံသန်းနိုင်မလဲ။ ဟုတ်တယ် ကျနော် အဲ့ဒါကို ထည့်တွက်ရမယ်။ ကျနောသာဆိုရင် အဲ့လို ဘောင်ခပ်ထားတဲ့ နေရာဝန်းကျင်တခုမှာ မနေချင်။ လုံးဝကိုမနေချင်။ အဲ့ဒီတော့ ပယ်။
ဒါမှမဟုတ် သူ့ကို ကြိုးလေးတချောင်းနဲ့ ချည်နှောင်ထားဖို့။ သိပ်တော့လည်း မကွာခြားပြန်။ ဦးနှောက်က တကယ့် မဟုတ်က ဟုတ်က အတွေးဆို အမြဲအလေးပေးတယ်။ ပုလင်းထဲထည့်တာနဲ့ ကြိုးနဲ့ချည်တာ ဘာများ ခြားနားမှာမို့လဲ။ လွတ်လပ်မှုဆိုတဲ့ အရသာဟာ ဘယ်သူနဲ့ ဘာနဲ့မှ ချိတ်စပ်ထားမှု အလျဉ်းမရှိတာ။ ပြီးတော့ ရှေ့ကိုလည်း ကြည့်စရာမလို နောက်ကိုလည်း လှည့်စရာမလိုတဲ့ အနှောင်အဖွဲ့ကင်းတာ။
ထားပါလေ အခုလောလောဆယ် စိတ်ဝင်စားနေမိတာက သူ့ရဲ့ အလင်းရောင်။ ခန္ဓာကိုယ်ကနေ အလင်းတွေ လွှတ်ထုတ်ပေးနေတာ မထူးဆန်းဘူးလား။ တကယ်တမ်း အဲ့ဒီ အလင်းထုတ်ရခြင်း အကြောင်းကို သိရှိခဲ့ချိန်မှာ ကျနော့မျက်နှာတွေ ထူပူသွားခဲ့သည်။ ကျနော်တို့ကတော့ လမ်းချင်းတူလို့ တွေ့ကြတဲ့ ခရီးသွားတွေ သက်သက်ပါ။
ပတ်ဝန်းကျင်က တဖြည်းဖြည်း လင်းလာခဲ့သလို သူရဲ့ အလင်းရောင်လည်း တဖြည်းဖြည်း မှိန်စပြုလာပြီ။ လင်းလင်းချင်းချင်း ဖြစ်လာခဲ့ရင်….သူ့ကို ပျောက်သွားမှာ ကျနော်စိုးလာမိတယ်။ သူ့ကို ဖမ်းဆီးထားဖို့လည်း ကျနော့စိတ်က ခွင့်မပြု။ မကြာခင်မှာ သူဟာ မြင်ကွင်းကနေ ပျောက်ရှသွားတော့မယ်။ ကျနော် ဘာလုပ်ရမလဲ။
ဆုံးရှုံးပြီးမှ ရတတ်တဲ့ ခံစားမှုမျိုးကို နောင်တလို့ ခေါ်ရင် ကျနော် နောင်တရဖို့ကိုပဲ ကျေကျေနပ်နပ် ရွေးချယ်လိုက်တယ်။ သူနဲ့ကျနော် တွေ့ဖြစ်ချင် တွေ့ဖြစ်ဦးမှာပါ။ သူမဟုတ်တောင် တခြား ပိုးစုန်းကြူးတကောင်ကောင်….
No comments:
Post a Comment