ရောက်ပြီး
ခြေလက်ဆေးပြီးတဲ့အခါ ကျနော့ဘကြီးကို ဂျီကျတဲ့ အစီအစဉ်စပြီဖြစ်ပါတယ်။ ကျောက်လုပ်ငန်းတွေကို
သွားကြည့်ချင်တယ်ဆိုတော့ ဘကြီးက ဆိုင်ကယ်အသင့် ဆွဲထုတ်လာပါရော။ ဟိုးတောင်တွေဆီကို ဆိုင်ကယ်နဲ့
တက်သွားတဲ့အခါ တိမ်တွေနဲ့ ပိုနီးနီးသွားသလိုလို။
ကံဆိုးတယ်လို့ ပြောရမယ်။ လုပ်ငန်းခွင်မရှိတဲ့ ရက်ဖြစ်နေတော့ စက်တွေပဲ ရိုက်လာရတယ်။ စိတ်ထဲက မြင်ယောင်ကြည့်မိပါတယ် အသံတွေဆူညံပြီး လည်ပတ်နေတဲ့ စက်တွေ၊ သယ်သူကသယ် ကျင်သူကကျင်နဲ့ စည်ကားနေမယ့် လုပ်ငန်းခွင်တခုကိုပေါ့။
ဘကြီးက စိတ်မလျှော့သေးဘူး။ ဟိုးနောက်ထပ်တောင် တခုကို ထပ်သွားတယ်။ သူကသာ အတင်းသွားနေတာ အနောက်က သူ့တူက ကြောက်နေတာ သူမသိဘူး။ ရင်ထဲမှာ ရိုလာကိုစတာ စီးနေရသလိုပါပဲ။ အမြင့်ဆုံးနေရာတခုမှာ ဓါတ်ပုံရိုက်ချင် ရိုက်ဆိုပြီး ဆိုင်ကယ်ကို ရပ်ပေးတယ်။ ဘုန်းကြီးကျောင်းနဲ့ ဘုရားကို တဖြည်းဖြည်းချင်းတက်။ လမ်းမှာပွင့်တဲ့ပန်းတွေကို ကင်မရာနဲ့ လက်သရမ်းခဲ့တယ်။
တောင်ပေါ်ကနေ ပတ်ဝန်းကျင်ကို လည်း ဘယ်ညာလှည့်ပြီး ဓါတ်ပုံရိုက်တယ်။ ဟိုးမြင်ရတဲ့ ကျောက်တောင် အမည်းကိုတွေ့လားတဲ့ အဲ့ဒီကျောက်တောင်ကို အောက်ခြေကနေ လှိုက်တူးလာလိုက်တာ အခုဆို ကုန်သလောက်ရှိပြီတဲ့။ အင်းလေ တနေ့ပြီးတနေ့ လှိုက်စားလာတဲ့ နောက် ဘယ်ကျောက်တောင်က ကြာကြာခံမှာတဲ့လဲ။
ကျောက်လုပ်ငန်းကို
မကြည့်ရတဲ့ ကျနော့ကို ဘကြီးက ရှုခင်းသာကို ပို့မယ်ဆိုပြီး ခေါ်လာပြန်တယ်။ ရှုခင်းသာက
အလှူခံနားမှာ ရပ်ရင်း စိုက်ခင်းတွေကို ငေးတယ်။ လိပ်ပြာကြီးတကောင် မားမားမတ်မတ်ပေါ်နေတဲ့
နေရာကို ရွှေလိပ်ပြာဟိုတယ်လို့ ရှင်းပြရင်း သူ့ရဲ့ သမိုင်းတွေဆီကိုပါ ရောက်သွားတယ်။
စီးပွားရေး လုပ်ငန်းရှင် တယောက်နဲ့ သူရဲ့ နယ်မြေချဲ့ထွင်မှုတွေ။
မထူးပါဘူး
မိုးကုတ်အရှေ့ပိုင်းကိုပါ လိုက်ပို့မယ်ဆိုပြီး ဘကြီးက စက်မနိုးပဲ ဒီအတိုင်းလှိမ့်ဆင်းသွားတယ်။
လမ်းတလျှောက်လုံး ဆိုင်ကယ်ဆိုတာ ပေါလိုက်တာ။ မိုးကုတ်မြို့ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့တော့မှပဲ
စက်အရှိန်ကုန်တယ်။ ကုန်းဆင်း ဘယ်လောက်နက်သလဲဆိုတာ။
နောက်နေ့မှာ
မြို့ကိုလည်မှာမို့ မြို့ထဲကို ဖြတ်ပဲဖြတ်တယ်။ ဒီရပ်ကွက်က ဗမာရပ်ကွက်၊ ဒီရပ်ကွက်က တရုတ်ရပ်ကွက်၊
ဒီရပ်ကွက်က ပလောင်တွေ စသည်ဖြင့် ရှင်းရင်း မောင်းပါတယ်။ မြို့လယ်ခေါင်မှာ ဘဏ်တွေ အပြိုင်းအရိုင်း
ဖွင့်နေခဲ့ပြီ။ မြေနီနီတွေကို မြင်နေရပြီ။ မြို့အဝင်က ချောင်းဟာ နီစွေးလို့။
ဟိုးအနောက်ဖက်က
ကျေးနီတောင်ပေါ်ကိုပါ ထပ်တက်တယ်။ အဲ့ဒီမှာ နောက်ထပ်ရှုခင်းသာ တခုရှိပြီး မိုးကုတ်ကို
မြင်ရတာ အတော်လေး လှတယ်လို့လည်း ပြောတယ်။ ဆက်သွားရင် မိုးမိတ်ကို ရောက်တယ်ဆိုတယ်။ လမ်းကမတ်သထက်မတ်လာသလို
ကျဉ်းလည်းကျဉ်းလာတယ်။ ကုန်တွေအပြည့်တင်ပြီး အိပဲ့အိပဲ့နဲ့ မောင်းနေတဲ့ ကားတွေလည်းရှိတယ်။
တနယ်ကနေ တနယ် စားကုန် လူသုံးကုန်တွေဟာ ဒီလို ကုန်တင်ကားကြီးတွေနဲ့ အဆင့်ဆင့်ကူးရတယ်။
ရှုခင်းသာကိုရောက်တဲ့အခါ
တကယ့်ကို မိုးဗြဲဒယ်ကြီးထဲက အမြောင်းလိုက် အမြောင်းလိုက်တန်းနေတဲ့ အိမ်တွေကို တွေ့ရတယ်။
လတ်ဆတ်တဲ့လေကို ရှူရင်း တဖြည်းဖြည်း အေးလာတာကို သတိထားမိတယ်။ အေးလာတာထက် မိုးသားရိပ်တွေကိုပါ
မြင်လာတယ်။ တူဝရီးနှစ်ယောက်လုံး မိုးကာရော ထီးရော မပါဘူး။
အဲ့ဒီမှာပဲ
လီဆူတွေ ရိုးရာအက ဗီဒီယိုရိုက်နေတာ တွေ့တယ်။ တယောက်မှ မြန်မာလို မပြောကြဘူး။ တရုတ်လိုပဲ
တွင်တွင်ပြောကြတာကိုး။
မိုးနည်းနည်းကျလာတဲ့အခါ
တူဝရီးနှစ်ယောက် တောင်အောက်ကို အမြန်ပြန်ဆင်းကြတယ်။ မိုးကသည်းလာတာမို့ အိမ်ကို မပြန်နိုင်သေး။
ဘကြီးနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပေါ့။ မိုးအေးတာထက် တိုက်တဲ့လေက စိမ့်အေးနေတာမို့ ရေနွေးကိုတွင်တွင်သောက်တယ်။
ဘကြီးက ငွေတသိန်းလောက်နဲ့ မိုးကုတ်မှာ အေးအေးနေလို့ရတယ်လို့ဆိုတယ်။ မုန့်တပွဲလောက်ကို
နှစ်ရာလောက်နဲ့ ရတုန်းပဲတဲ့။ ဆိုင်ကယ်တစင်းဆိုလည်း ဘယ်လောက်မှ မရှိဘူး။ လိုင်စင်တရားဝင်မဟုတ်ပေမယ့်
တသိန်းနှစ်သိန်းလောက်နဲ့ ဆိုင်ကယ်စီးနိုင်တဲ့ အရပ်။ တကယ်လည်း ဖမ်းမယ်ဆီးမယ်ဆိုတဲ့ မော်တော်ပီကယ်တွေလည်း
မတွေ့ဘူးလေ။
အခုနောက်ပိုင်း
မိုးကုတ်ကလူတွေတောင် ကျောက်ကိုသိပ်မမြင်ကြရတော့ဘူး။ ဦးပိုင်နဲ့ စီးပွားစပ်လုပ်ပြီးတဲ့အခါ
တွင်းက ထွက်တဲ့ အဖိုးတန်တွေကို ဒီမှာ အရောင်းအဝယ်မလုပ်ကြတော့ပဲ ရန်ကုန်၊ နေပြည်တော်
စတဲ့ စျေးကောင်းရတဲ့ နေရာတွေမှာ တခါတည်း သွားရောင်းချတာမို့ ဒီကထာပွဲဟာ နည်းနည်း ခြောက်ကပ်ကပ်နိုင်နေပြီ။
မိုးနည်းနည်းစဲတော့
အိမ်ကို ပြန်ခဲ့ကြတယ်။ အိမ်မှာ ထမင်းဝိုင်းက စောင့်နေပြီ။ မုန်ညင်းစော ထားမယ်လို့ အန်တီဝါက
မှာလိုက်တယ်။ ပြီးတော့ ဒေါ်နန်းကြည်တောင်မှာ နေဝင်ချိန် ဓါတ်ပုံရိုက်မယ်လည်း ပြောထားသေးတယ်။
ခပ်သုတ်သုတ်လေးပြန်မှ အချိန်ကနှောင်းနေပေါ့…..
No comments:
Post a Comment