လူ့ဘ၀အတွင်း သက်ရှင်နေထိုင်ရခြင်းဆိုတာ ရက်စက်မှုတခုနဲ့ ရင်ဆိုင်နေခြင်းပင်။ သူ့အတ္တ ကိုယ့်အတ္တတွေနဲ့အတူ မတူညီတဲ့ ယုံကြည်ချက်တွေနဲ့ ကိုယ်ထင်ရာအမှန်အဟုတ်လုပ်ပြီး သူတပါးကို ရန်လုပ်ပုတ်ခတ်နေကြတဲ့ ယနေ့ လက်ရှိလောကကြီးမှာ အသက်ရှင်ရခြင်းက မိမိကိုယ်ကိုမိမိ ရက်စက်စွာ ဒဏ်ခတ်ခြင်းပင်ဖြစ်မည်။ အားလပ်ရက်တခုမှာ ကြည့်ဖြစ်သော ရုပ်ရှင်တခုက အဆိုပါအချက်ကို ပိုပြီး အတည်ပြုနေခဲ့သည်မှာ အမှန်ပင်။
အိမ်ထောင်နဲ့ကွဲနေလို့ သားကို ရပိုင်ခွင့်တရားရင်ဆိုင်နေတဲ့ လူးကပ်စ်ရဲ့ ထီးတည်းကျန်မှုကနေ စပြီးဇာတ်လမ်းကို သရုပ်ဖော်ခဲ့တယ်။ မူကြိုကျောင်းမှာ အလုပ်လုပ်နေတဲ့ လူးကပ်စ်နဲ့ ခလေးသူငယ်များရဲ့ ဆက်ဆံရေးကို သူတို့ရဲ့ နောက်ပြောင်ရီမောနေခြင်းတွေနဲ့ ဖွဲ့သီတယ်။ အဲ့ဒီအချိန်ထိ လူးကပ်စ်ခေါင်းပေါ်က တိမ်တွေက မည်းမှောင်မလာသေး။
ခလေးတွေအားလုံးထဲမှာမှ လူးကပ်စ်ကို ပိုမိုတွယ်တာနေတာက ကလာရာ။ မိဘနှစ်ပါးရဲ့ လျစ်လျူရှုခြင်းကို ဒီခလေးမဟာ အသက်အရွယ်နဲ့မမျှ အတော်လေးခံရတယ်။ ကလာရာရဲ့ ဖခင်သီယိုကိုယ်တိုင်ကလည်း လူးကပ်စ်ရဲ့ အချစ်ဆုံးသူငယ်ချင်းတယောက် ဖြစ်နေတာမို့ မေတ္တာငတ်မွတ်နေသူ ကလာရာနဲ့လူးကပ်စ် ဒီနှစ်ယောက်ရဲ့ ကြားမှာ သံယောဇဉ်ဆိုတဲ့ ကြိုးက ပိုပိုပြီး ထင်လာတယ်။
ငယ်ရွယ်နုနယ်တဲ့ ဘ၀မှာ ပတ်ဝန်းကျင်ဆိုတဲ့ အရိပ်က စိုးမိုးပါတယ်။ ပတ်ဝန်းကျင်မှာ ကြားရ မြင်ရတဲ့ အရာတွေဟာ ဒီခလေးငယ်တွေ အားလုံးကို အတုမြင် အတတ်သင်ဖို့ပဲ။ ကလာရာရဲ့ ပတ်ဝန်းကျင်က အရွယ်ရောက်စ အကိုနှစ်ယောက်ဆိုတော့ ကလာရာ ကြားရမြင်ရသမျှဟာ သူ့အသက်အရွယ်နဲ့ မမျှတဲ့ စကားလုံးတွေပါ။
အရိပ်ဆိုတာနဲ့တင် ရပ်တန့်နေရင် ကောင်းပေမယ့် အရိပ်ကနေ သွေးထိုးလှုံ့ဆော်ပြီး စိတ်တွေ ပြောင်းသွားတဲ့အခါ ကောင်းတဲ့အရိပ်ဆိုရင် မထောင်းသာ၊ ဆိုးတဲ့အရိပ်များကြတော့ မီးလောင်ရာလေပင့်သလို အရပ်မျက်နှာအားလုံးကို ဆတူပူစေတော့တာပါပဲ။ အခုလည်း ကလာရာရဲ့ စကားတခုကနေ မူကြိုကျောင်းတခုလုံး မိုးမီးလောင်နေခဲ့ပြီ။ လူးကပ်စ်က ကလာရာ့ကို သူရဲ့ လိင်အင်္ဂါအစိတ်အပိုင်းတွေ ပြခဲ့တယ်ဆိုတဲ့ စကားတခုကနေ မီးခိုးကြွက်လျှောက်ဖြစ်တော့တယ်။ ကလေးဆိုတာမျိုးက တယောက်က ဒါဆို နောက်တယောက်ကလည်း ထပ်တူ လိုက်လုပ်ချင်တာမဟုတ်လား။ ကလေးများအားလုံးက သူတို့ကိုလည်း ပြတယ်လို့ ဆိုကုန်တယ်။
ကလာရာ့အမေကို မူကြိုကျောင်းဆရာမကနေ ခေါ်ပြီးဆွေးနွေးတယ်။ ပြီးတော့ ကျန်တဲ့ ခလေးမိဘတွေတိုင်းကိုရောပေါ့။ သားသမီးဆိုတာနဲ့တင် မိဘတွေက ခေါင်းနားပန်းကြီးသွားပြီ။ ငါ့သားသမီးဆိုတဲ့ အတ္တနဲ့ အရာအားလုံးကို ရင်ဆိုင်မယ်ပေါ့။ တမြို့လုံးက ကလေးမိဘတွေရော ကျောင်းက ၀န်ထမ်းတွေအားလုံးရဲ့ စိတ်ထဲမှာ လူးကပ်စ်ဟာ ရွံ့ရှာစက်ဆုပ်စရာအဖြစ်ကို တမုဟုတ်ချင်း ပြောင်းလဲပစ်လိုက်ကြတယ်။
လူးကပ်စ်က ဘယ်သူ့ကိုမှ လိုက်လံဖြေရှင်းမနေခဲ့ဘူး။ သူ့ရဲ့ အမှန်တရားကို သူရဲရဲကိုင်ထားတယ်။ သူ့လိပ်ပြာသူလုံခဲ့တယ်။ ဒါပေမယ့် သူပထမဆုံး သူ့သူငယ်ချင်း သီယိုရဲ့ ယုံကြည်မှုကို သွားရှာတယ်။ မျှော်လင့်ထားတာနဲ့ တခြားစီပါပဲ။ ပြန်ရလိုက်တဲ့ အရာတွေက နာကျင်ခြင်းသက်သက်တွေ။ ဒါပေမယ့် သူလက်မလျော့ဘူး။
ကမ်းတခုပြိုပြီဆိုရင် အနီးနားက ကမ်းတွေပါ တဖြည်းဖြည်းပြိုလာကြတာမြင်ဖူးတယ်။ အခုလည်း လူတယောက် မကောင်းဘူးလို့ဆိုလိုက်ရင် အဲ့ဒီလူကို ပတ်ဝန်းကျင်တခုလုံးကပါ ၀ိုင်းကျဉ်ကြတယ်။ မကောင်းဘူးဆိုတဲ့ အကြောင်းအရာက မှန်သလား မှားသလားဆိုတာကို ဘယ်သူကမှ မဆန်းစစ်ကြတော့ဘူး။ အဲ့ဒီလူက သူတို့အပေါ်ကောင်းခဲ့သလားဆိုတာတောင်မှ ပြန်လည်သုံးသပ်ဖို့ ဆင်ခြင်တုံတရား မရှိခဲ့ကြ။ ဒီထက်ဆိုးဝါးစွာ အမှားကျူးလွန်သူဖြစ်ခဲ့သည်တိုင် လူလူချင်း စာနာထောက်ထားဖေးမကူညီရမည့်အစား အလုပ်ကရပ်စဲခြင်း၊ ကိုယ်ထိလက်ရောက် စော်ကားခြင်းများဖြင့် အသီးသီးအသက ကျူးလွန်ကြပြန်တယ်။
လူးကပ်စ်ရဲ့ ယုံကြည်ချက်က အတော်လေးကို ခေါင်းမာတဲ့ ရပ်တည်မှုလို့ ပြောလို့ရတယ်။ ချစ်တဲ့သူကတောင် ထင်ယောင်ထင်မှား ဖြစ်လာတဲ့အထိ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုက အတော်လေးပြင်းထန်နေတာ။ ဒါပေမယ့် လူးကပ်စ်က ကလာရာ့အပေါ်မှာ ထားတဲ့ မေတ္တာကို မလျှော့ခဲ့ဘူး။ သူ့နေရာမှာ ကျနော်သာဆို အတော် ဂြိုလ်မွှေတဲ့ ကလေးဆိုပြီး ဆဲဆိုလွှတ်မိမှာ။
သူဆုံဆည်းဖို့ မျှော်လင့်နေတဲ့ သားပြန်အလာ။ သားကတော့ လူငယ်ဆိုတော့ သည်းခံနိုင်စွမ်း သူ့လောက် မကြီးမား။ ပတ်ဝန်းကျင်ရဲ့ ရိုက်ပုတ်မှုဆိုတဲ့ လောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်းမဲ့စွာ။ ကလာရာကို သွားပြီး ချဲလင့်လုပ်သည်အထိ သူ့ရဲ့ မကျေနပ်မှုကို မမြိုသိပ်နိုင်ခဲ့။ သူ့ရဲ့မွေးစားအဖေ ဖြစ်သူကတော့ လူးကပ်စ်ရဲ့ ကိုယ်ကျင့်သိက္ခာကို ယုံကြည်မှု အပြည့်အ၀ရှိခဲ့တယ်။ တော်ပါသေးရဲ့ အဲ့ဒီလိုလူ ရှိနေသေးလို့ မဟုတ်ရင် အခုလိုရှင်သန်နေရတဲ့ဘ၀ဟာ သေတာထက် ဘာထူးဦးတော့မှာလဲ။
ကျနော့စိတ်နှလုံးမှာ အနာကျင်ဆုံး အခန်းနှစ်ခန်းရှိတယ်။ တခန်းကတော့ supermarket မှာဈေးဝယ်တဲ့အခန်းပါ။ လူးကပ်စ်လို လူယုတ်မာကို မရောင်းချင်ဘူးဆိုပြီး ၀ိုင်းပြီး ဆွမ်းကြီးလောင်းကြတာများ၊ ကျနော်သာ ဇာတ်လမ်းထဲဝင်လို့ရရင် အဲ့ဒီလူတွေကို ၀င်ပြီး တခုခုလုပ်ချင်စိတ်တောင်ပေါက်လာတဲ့အထိ။ နောက်တခန်းကတော့ မဆီမဆိုင် လက်ပံသား ဓါးနဲ့ချိုင်တဲ့ လူးကပ်စ်ရဲ့ အဖော် ခွေးကလေးကို သတ်ပစ်ကြတဲ့အခန်းပါ။ တကယ့်ကို ဆိုးဝါးရက်စက်လွန်းတဲ့ ပတ်ဝန်းကျင်ပါပဲ။
အကျေနပ်ရဆုံး အခန်းကတော့ ဘုရားကျောင်းမှာ သီယို့ကို စိုက်ကြည့်နေတဲ့ အခန်း။ အပြစ်မဲ့တဲ့သူတွေဟာ ဘယ်သူနဲ့မဆို မျက်ဝန်းချင်း ရင်ဆိုင်ဖို့ မကြောက်ဝံ့ကြပါဘူး။ လူးကပ်စ်ရဲ့ မျက်ဝန်းကို ရင်ဆိုင်ဖို့ လွဲလို့ သူ့ခေါင်းကို ထုနှက်တာတောင်မှ ပြန်မလုပ်ဝံ့တဲ့ သီယို့ရဲ့လိပ်ပြာမသန့်မှုကို မြင်ရတဲ့အခါ တကယ့်ကို နှစ်ထောင်းအားရဖြစ်မိစေတယ်။
လူ့လောကဆိုတာ အခုလိုမျိုး ရှုပ်ထွေးပွေလီနေတတ်ပါတယ်။ အသက်တရာမနေရပေမယ့် အမှုတရာပွေရတတ်တယ်။ တရားခြင်း မတရားခြင်းဆိုတာ မိမိလက်ထဲမှာထက် တခြားလူတွေရဲ့ လက်ထဲမှာ ရှိနေတတ်တာမျိုး။ ကိုယ်ချင်းစာတယ်ဆိုတာ နှုတ်ဖျားက မိတ်ဖြစ်ဆွေဖြစ်စကားမဖြစ်သင့်ဘူး၊ သူ့ရဲ့ဖိနပ်ကို ၀င်စီး၊ သူ့ရဲ့ ရင်ဘတ်ကို ခဏ၀င်ပြီး အပူအအေးဟူသမျှကို ထပ်တူဝေမျှခံစားကြဖို့ပါ။ လူးကပ်စ်ရဲ့ အမှုကို စာဖတ်သူတွေကရော ဘယ်လို ဆုံးဖြတ်ပေးကြမလဲ။ ကျနော်ရေးတဲ့အပေါ်ပဲမူတည်ပြီး လူးကပ်စ်ဖက်က လိုက်မလား။
ဇာတ်ကားအဆုံးမှာ ကျနော့စိတ်ထဲကျန်ရစ်ခဲ့တာတော့ ကျနော်တို့ အသက်ရှင်နေထိုင်နေတာ ရက်စက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ လောကတခုဆိုတာပါပဲ…
အိုနာသခေရီးအစသို့ ကိုးရကျတာ..
-
ကျမ တရားစခန်းဝင်တယ်ဆိုတော့ အကြောင်းသိတချို့က အံ့ဩကြတာလည်း ရှိ..
သာဓုခေါ်ကြတာလည်း ရှိပါတယ်။
ဟုတ်တာပေါ့... ကျမက တရားထိုင်တယ်ဆိုတဲ့ ဘာဝနာကိစ္စနဲ့ အတော်အလ...
2 months ago
No comments:
Post a Comment