တကယ့်ကို စိတ်ဝင်စားမှုတွေနဲ့ အတိပြီးတဲ့ ရဲတိုက်တခုပါ။ ဒီရဲတိုက်ရဲ့ သမိုင်းကြောင်းတွေကိုက ပါးစပ်ရာဇဝင်တွေနဲ့အတူ အမှန်တရားဟာ ဘယ်ဟာဖြစ်မလဲလို့ ဆုံးဖြတ်ရခက်စေခဲ့တယ်။ နောက်တခုဖြစ်နိုင်တာတော့ ဒီရဲတိုက်ကို လူတွေစိတ်ဝင်စားလာအောင် တစုံတယောက်က ပြုလုပ်နေတာလည်း ဖြစ်နိုင်ပါသေးတယ်။
ဒီရဲတိုက်ကို သူ့ဇနီးအတွက် ဆောက်ခဲ့တာလို့လည်း ပြောကြတယ်။ အိန္ဒိယက တပ်ဂျ်မဟာလိုမျိုး သူ့ရဲ့အချစ်တွေ သက်သေပြဖို့လို့ဆိုတယ်။ အင်္ဂလန်က ဇနီးကို မလေးရှားကို စွဲဆောင်ခေါ်ယူဖို့ ဆောက်လုပ်တာလည်း ဖြစ်နိုင်တယ်။ ဘာလို့လည်းဆိုတော့ အဲ့ဒီရဲတိုက်ကကြီးကျယ်ခမ်းနားပြီး ပြီးပြည့်စုံလွန်းနေလို့ပါပဲ။
နောက်ထပ် ယူဆစရာတခုကတော့ သူ့သားအန်ထော်နီအတွက်တဲ့။ ကြွယ်ဝချမ်းသာသူလုပ်ငန်းရှင် တယောက်အဖို့ သူရဲ့အရိုက်အရာကို ခံယူမယ့် သားတယောက် ပြင်းပြစွာ လိုချင်နေခဲ့မှာပါပဲ။ သူတို့ရဲ့ သမီးဦး ဟယ်လင်ရှိပေမယ့် သားယောကျ်ားလေးကိုပဲ လိုချင်နေခဲ့တာ သူ့ရဲ့ရာဘာလုပ်ငန်းခွင်အတွက် အဓိကဖြစ်မှာ။ သားဆုပန်ဖို့ ဟိန္ဒူဘုရားကျောင်းတခုကိုပါ တည်ထားကိုးကွယ်ခဲ့တဲ့အထိ သူ့မှာ ပြင်းပြနေခဲ့လိုက်တာ။ သူ့အပေါ်မှာ လက်အောက်ခံ အိန္ဒိယလုပ်သားတွေရဲ့ ချစ်ကြည်လွှမ်းမိုးမှုကိုလည်း အဲ့ဒီရဲတိုက်ရဲ့ ဗိသုကာလက်ရာကိုကြည့်ရင် အထင်သားမြင်နိုင်တယ်။ သားလေးအတွက် ရည်ရွယ်ဆောက်လုပ်ခဲ့တာလို့လည်း ယနေ့ထိ ပြောလို့မဆုံးတဲ့ ရဲတိုက်။
ရဲတိုက်တည်နေရာက ကုန်းမြေမြင့်၊ စမ်းချောင်းလေးက ရစ်ခွေသိုင်းဖွဲ့လို့၊ လမ်းကလည်းသာပါရဲ့။ လက်ရာမှာတော့ အိန္ဒိယ အငွေ့အသက်တွေနဲ့ လွှမ်းခြုံလို့။ ပြတင်းပေါက်ဘောင်တွေ၊ နံရံပေါ်က ပန်းကပ်ပန်းနွယ်ကနုတ်ပန်းတွေကအစ။ အဆောင်ဆောင် အခန်းခန်းတွေနဲ့ဧည့်သည်တွေအတွက် အခန်းတွေ၊ ထမင်းစားခန်း၊ စာကြည့်ခန်း၊ အိပ်ရာအသုံးအဆောင်တွေ ထားသိုရာအခန်း၊ ဝိုင်အရက်အတွက် မြေအောက်ခန်းတွေကအစ စေ့စပ်သေချာတဲ့ ဆောက်လုပ်ခြင်းပါ။ ပိုပြီးဖြည့်စွက်ထားတာက အခန်းတိုင်းမှာ ရှိတဲ့ အရေးပေါ်လှေခါးတွေ၊ ထူးဆန်းလွန်းလှတဲ့ မြေအောက်ဥမင်လှိုဏ်ခေါင်းတွေနဲ့။ ဒီ့ထက်ပိုပြည့်စုံသွားတာက ဓါတ်လှေခါးတပ်ဆင်ထားမှုပါပဲ။ အဲ့ဒီ ခေတ်ကာလ ၁၉ရာစုမှာဓါတ်လှေခါးတပ်ဆင်ဖို့လောက်အထိ ခေတ်မှီလွန်းတဲ့ စိတ်ကူးကိုသူမို့ ရတတ်ပါပေတယ်။
ကောင်းလွန်းသွားလို့ပေလား၊ ကျိန်စာများ ရှိသလား မဆိုတတ်နိုင်ဘူး။ ဆောက်နေတုန်းတန်းလန်းမှာပဲ လုပ်ငန်းခွင်ထဲက အလုပ်သမားတွေ ဖျားနာကြတယ်။ စစ်ကြီးနဲ့အတူ ကပ်ဘေးဆိုက်တယ်လို့လည်း ဆိုနိုင်မလား။ ဝန်ထမ်းကောင်းများစွာကို သူလက်လွတ်ဆုံးရှုံးလိုက်ရတော့တာပါပဲ။ နောက်ဆုံးမှာ ဆောက်လက်စကနေရပ်တန့်ဆဲ ရဲတိုက်ကြီးကို အဆုံးသတ်မသွားနိုင်သူကလည်း သူကိုယ်တိုင်ပဲဖြစ်နေခဲ့ပြန်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အင်္ဂလန်ကို ခဏပြန်သွားတဲ့ ခရီးမှာ သူဟာ သူ့ရဲ့ ဆောက်လက်စ ရဲတိုက်ကို ဘယ်တော့ မှ ပြန်ရောက်မလာတော့လို့ပါပဲ။ ဟုတ်ပါတယ် နမိုးနီးယားရောဂါနဲ့အတူ သူသေဆုံးသွားခဲ့တယ်။
ဒါပေမယ့် သူဟာ ရဲတိုက်ကြီးရဲ့ ဒုတိယအထပ် ဝရန်တာမှာ ယနေ့ထက်ထိ အမြဲလမ်းလျှောက်နေလေ့ရှိတယ်လို့ တွေ့မြင်ကြသူမြို့ခံတချို့ကြားမှာ ရေပန်းစားလျှက်ရှိပါတယ်။ စိတ်အားထက်သန်စွာ သူဆောက်လုပ်နေတဲ့ ရဲတိုက်ကြီးမပြီးဆုံးခင် သေဆုံးသွားတဲ့အတွက် ဗုဒ္ဓဘာသာ အယူအဆအရဆိုရင် ကျွတ်လွတ်သေးဟန် မတူဘူးထင်ပါရဲ့။
နောက်ထပ်ထူးဆန်းတာ တခုက သမီးဟယ်လင်။ ဟယ်လင်ရဲ့ အကြောင်းကို ဘယ်နေရာမှာမှ ဖတ်ယူလေ့လာလို့ မရသေးပါဘူး။ ရဲတိုက်ကြီးတခုလုံးမှာ ဟင်လင်ရဲ့ အခန်းပဲ ပြီးလုနီးနီးရှိတာ။ အဖြူရောင် အခန်းလေးထဲက ဟယ်လင့်ကို သူဝတ်နေကျဂါဝန်လေးနဲ့ ပြတင်းပေါက်မှာ ရပ်နေတတ်တယ်လို့ လူအများက မြင်ဖူးကြတယ်။ ဟယ်လင် ဘာတွေဖြစ်ခဲ့သလဲ။ အသက်ခြောက်နှစ်အရွယ် မိန်းမငယ်လေးအဖြစ်နဲ့ပဲ ဟယ်လင် သေဆုံးခဲ့သလား ဆိုတာ အခုအချိန်ထိ ဒွိဟဖြစ်နေဆဲပါပဲ။
ရဲတိုက်ကြီးက မပြီးသေးပါဘူး။ ပြီးသလောက်နေရာကနေ ခမ်းနားမှုကို အတိုင်းသား မြင်နေရရင် အပြီးများသတ်ခဲ့ရင်ဆိုတဲ့ အတွေးနဲ့ အလည်ရောက်လာသူအားလုံးကို ဖမ်းစားနေတုန်းပါပဲ။ ပါးစပ်ရာဇဝင်တွေပဲ ဖြစ်ဖြစ်၊ တကယ့်ဖြစ်ရပ်မှန်တွေပဲ ဖြစ်ဖြစ်၊ လုပ်ကြံဇာတ်လမ်းတွေပဲ ဖြစ်ဖြစ်၊ ဗိသုကာအနုပညာများနဲ့ ဒီရဲတိုက်ကတော့ ယနေ့ထက်တိုင် မပြီးဆုံးသေးတဲ့ ပုံပြင်ထဲမှာ ကျကျန်ရစ်ခဲ့တယ်...
No comments:
Post a Comment