10 April 2013

ကော်ဖီရနံ့သင်းသော ညနေခင်းတခုဆီသို့

ကော်ဖီကို ငယ်ငယ်တုန်းက ရှိုက်မက်စွဲလမ်းခဲ့ရကောင်းမှန်းမသိခဲ့။ ဘမျိုးဘိုးတူလာခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အဖွားက တနေ့ကိုကော်ဖီ ဆယ်ခွက်အထက်ကို သောက်တတ်သည်။ နို့မှုန့်ပုလင်းနဲ့ ကော်ဖီမှုန့်သည် အိမ်မှာပြတ်လပ်သည် မရှိခဲ့။ ရှိလို့လည်း မဖြစ်။ အဲ့ဒီအချိန်တုန်းကတော့ ကော်ဖီကို မက်မက်စက်စက်မရှိပဲ နို့မှုန့််ထဲ သကြားထည့် လျက်နေဖို့လောက်သာ စိတ်သန်နေခဲ့သည်။ ကော်ဖီတပ်မက်မှုသည် ဘယ်အချိန်က ဝင်လာမှန်းမသိလိုက်နိုင်တဲ့ ကုလားအုတ်တကောင်…..



ခေါင်းကလေး ၀င်ပါရစေဦးဆိုပြီး ဝင်လာခဲ့သူမှာလည်း ကော်ဖီမဟုတ်ပြန်။ ကော်ဖီနဲ့ ဆွေမျိုးနီးစပ်တော်သော လက်ဖက်ရည်သာဖြစ်သည်။ နေထိုင်ရာဝန်းကျင်တွင် လက်ဖက်ရည်ဆိုင် နှစ်ဆိုင်ကြီးတိတိတောင် ရှိခဲ့သည်။ အဲ့ဒီအထဲကမှ လွင်ကဖီး။ မှတ်မှတ်ရရ အတန်းထဲက သူငယ်ချင်း ဇော်သက်တို့ အဖေဆိုင်။ သူငယ်ချင်းဆိုင်မို့ သောက်ရတာ ပိုအားရှိလာသလားမသိ။ စသောက်ဖူးတော့ ချိုဆိမ့်။ လျှာဖျားမှာ စွဲကျန်ရစ်တဲ့ အဲ့ဒီလက်ဖက်ရည်ကို တပ်မက်မိသည်။ နောက်တခေါက် သောက်ချင်တယ် ပြောမိတော့ အိမ်မှာ ဆုံးမပွဲတခု ဖြစ်လိုက်သေးတာ မှတ်မိ၏။ လက်ဖက်ရည်သောက်ခြင်းဆိုတာကို အိမ်မှာ မြင်တဲ့အမြင်က အနုတ်လက္ခဏာအသွင်။ အချိန်ကုန်စေသည် ငွေကုန်စေသည် ကျန်းမာရေးထိခိုက်သည်ပေါ့။

မေ့လောက်ရှိတော့မှ ဦးဘထုံးလက်ဖက်ရည်၊ ပင်လုံလက်ဖက်ရည်တွေနဲ့ တစခန်းပြန်ထသည်။ လူငယ်ဘဝ လက်ဖက်ရည်ဆိုင်နဲ့ ခွေးခြေပုများ၊ ဆိုင်ကဖွင့်တဲ့ ရော့ခ်သီချင်းတွေ။ ပြီးတော့ လမ်းပေါ်မှာ ရာလေးစပေါ့တွေ၊ ပန်းဘိန်းတွေနဲ့ ခြေချင်းလိမ်နေတဲ့ အပျိုမတွေ။ တဆိုင်ပြီး တဆိုင်ထိုင်ရင်း လက်ဖက်ရည်ဆိုင်ထိုင်တဲ့အရသာကို တွယ်ငြိလာခဲ့မိ။ တခါတခါ ဘဝရှေ့ရေးလမ်းကြောင်းတွေ၊ တခါတခါ ဖြစ်ပျက်နေတဲ့ လက်ရှိပစ္စက္ခ။ လက်ဖက်ရည်ကိုတပ်မက်ခြင်းလား ဝိုင်းဖွဲ့ဆွေးနွေးခြင်းကို တပ်မက်ခြင်းလား ဝေခွဲလို့မရတဲ့နေ့ရက်တွေ။

ကျောင်းသားဘ၀တခုလုံးမှာ လက်ဖက်ရည်ကို အချိန်ယူသောက်တာ ရှားပါးစွာ။ သေချာတာတော့ ကော်ဖီမစ်တွေ စလာပြီ။ တနေ့မှာ ငါးထုတ်မကတဲ့ ကော်ဖီမစ်တွေကို ကျနော် ငြိတွယ်နေပြီပေါ့။ ပေါင်ကြော်နဲ့ စူပါက အဲ့ဒီကာလတလျှောက်လုံး ထည်လဲသုံးဖြစ်တဲ့ စကားတွေ။ MCC အောက်က ဆိုင်မှာ မထိုင်ဖြစ်လိုက်နဲ့ ထိုင်တာနဲ့ စူပါမှ စူပါ ပါပဲ။ မှော်ဘီက ၀ါးရုံရိပ်မှာ ထိုင်ဖြစ်တော့လည်း ထမင်းကြော်နဲ့ ကော်ဖီမစ်။ လှိုင်သာယာရောက်တဲ့ အထိ ကော်ဖီမစ်က ပါနေတုန်း။

ကျောင်းပြီးလို့ လုပ်ငန်းခွင်ထဲ ၀င်တဲ့အခါ မနက်စာနဲ့ ညလယ်စာတိုင်းမှာ ဒီကော်ဖီမစ်တထုပ်ဟာ မပါမဖြစ်ပါမြဲ။ အလုပ်ထဲက ညီမငယ်တယောက်ကတော့ ကျနော်သွားမစားဖြစ်တဲ့ ကူပွန်တွေကို သူက ကော်ဖီမစ်တွေ ထုတ်ပြီး ရောင်းစားသတဲ့။

ပြင်သစ်စာ သင်တန်းတက်တဲ့အခါ ကျနော်တို့ အတန်းက လူတွေ အတန်းပြီးရင် အိမ်ကို ပြန်လေ့မရှိပါ။ မဟာမြိုင်ကနေ မြေနီကုန်းကို လျှောက်ပြီး ရွှေမှာ ခွေနေတတ်ပါတယ်။ ပြီးရင် တယောက်က အစတခုဆွဲထုတ်ပြီး ၀ိုင်းကြဆွေးနွေးကြ ဝေဖန်ကြနဲ့ တကယ့်ကို ကိုယ်မလုပ်ဖူး၊ မကြုံဖူးပေမယ့် ကြားအသိနဲ့တင် အသိပညာတွေကို အတော်လေးရလိုက်ပါတယ်။ အတွေ့အကြုံဆိုတာမျိုးက ရေနွေးကြမ်းဆယ်အိုးလောက်ကုန်သည်အထိ မပြီးဘူး မဟုတ်လား။

ကော်ဖီဆိုတဲ့ အရာ ပီပီပြင်ပြင် မရောက်ခင်ပျိုးနေတာက အတော်လေးကြာ။ ဒီရောက်တော့ ကျနော့မှာ ကော်ဖီဆိုင်ထိုင်တဲ့ ယဉ်ကျေးမှု အတော်လေး ကူးစက်နေပါပြီ။ ကျနော်နဲ့ ရင်းနှီးတဲ့သူများက ကျနော်နဲ့ ကော်ဖီဆိုင် မထိုင်ဖူးဘူးဆိုတာ မရှိသလောက်ရှားတယ်။ ကော်ဖီဆိုင်တွေဟာ ဟော်ကာစင်တာတွေလို မဆူညံနေတာကိုက ကျနော့ကို ပိုထိုင်ဖြစ်စေတာပါပဲ။ နောက်ပိုင်း ကျန်းမာရေးအရ လက်ဖက်ရည်ထက် ကော်ဖီဖက်ကို ကျနော် ရောက်သွားတာလည်း တပိုင်း။ ဒီက လက်ဖက်ရည်တွေက ပေါ့ရွှတ်ရွှတ်နဲ့မို့ သောက်လို့ အဆင်မပြေတာလည်း အဓိကပေါ့။

အခုကနေစရင်တော့ ရက်များအတော်ကြာကြာကပေါ့။ ကျနော်တို့ သူငယ်ချင်းလေးယောက် ကော်ဖီဆိုင်တခုမှာ ထိုင်ဖြစ်တယ်။ တယောက်က အမြီးတန်းလန်းနဲ့။ တယောက်ကတော့ အမြီးရှိမရှိ မသေချာ။ တယောက်ကတော့ အမြီးပြတ်။ နောက်တယောက်ကတော့ သူအမြီးနဲ့ကို တွဲလာပါတယ်။ အဲ့ဒီကော်ဖီဝိုင်းလေးမှာ အိမ်ထောင်ပြုခြင်းဆိုတဲ့ အမှုကိစ္စကို ဆွေးနွေးကြတယ်။ တယောက်ကထိုးတော့ တယောက်က ပြန်ကာတယ်။ နောက်တခါ ကန့်ကွက်ကြပြန်တော့ နောက်တမျိုး အဆိုပြုတယ်။ တကယ်တမ်း အိမ်ထောင်ပြုဖို့ အသေချာဆုံးက အမြီးနဲ့လာတဲ့ သူငယ်ချင်း။ မင်္ဂလာဆောင်ဆိုတဲ့ ကုန်ကျစရိတ်တွေကို တွက်ရင်း အဲ့ဒီသူငယ်ချင်းကတော့ ပျော်ကောင်းပျော်နေပေမယ့် ကျန်တဲ့ သုံးယောက်က သက်ပြင်းတချချ ရင်တမမ။

အကျဉ်းရုံး မင်္ဂလာဆောင်ကနေ၊ အကျယ်ကြီးဖြစ်တဲ့ ဆီဒိုးနား၊ ထရိတ်ဒါးတွေအထိ စကားတွေချဲ့ခဲ့ကြသည်။ ဓါတ်ပုံ ဗီဒီယိုတွေက အစ ဘယ်သူရိုက်ထားတာဖြင့် ဘယ်နားလေးလိုတယ်အဆုံး။ မိတ်ကပ်တွေ အဖွေးသားနဲ့ လူမမာရုပ်ဆိုတာမျိုးအထိ ကဲ့ရဲ့တာလည်းပါသည်။ သာစေနာစေရယ်လည်း မဟုတ်ပဲ စိတ်လိုလက်ရရှိတုန်း၊ တွန်းပြောနေကြတာအမှန်။ မိန်းကလေးတွေအတွက် တဘ၀စာအတွင်း ခဏတာ ကြီးကျယ်ခမ်းနားလိုတဲ့  မင်္ဂလာပွဲတွေ အကြောင်းလည်း ပါသည်။

ဒီနိုင်ငံရောက်ပြီးမှ ကျနော်တို့ သူငယ်ချင်းတွေ အားလုံး ဆုံဖြစ်တယ်ဆိုတာ အတော်လေး ပါးရှားလာသည်။ တယောက်နဲ့တယောက် ရထားအ၀င်အထွက်မှာ တိုက်မိဖို့တောင် မလွယ်။ အရှေ့မှာ နေတဲ့သူ၊ အနောက်မှာနေတဲ့သူနဲ့ အလုပ်အားတဲ့အချိန်တွေမှာလည်း ဆိုင်ရာဆိုင်ရာ ကိုယ်စီကိုယ်ငှ အကြောင်းတွေနဲ့ မတွေ့ဖြစ်ကြ။ အခုလို ညနေခင်းဆိုတာမျိုးဟာ ရှားပါး ပါဘိခြင်း။

ကျနော့ ရင်ထဲမတော့ အဲ့ဒီညနေခင်းက ကော်ဖီရနံ့လေးဟာ အခုထိ သင်းနေတုန်းပဲဆိုတာ သူငယ်ချင်းတွေကို သိစေလိုသည်။ အမှတ်ရစေလိုသည်။ ဒီ့အတွက် အဆိုပါညနေခင်းတခုဆီကို ရည်ကာ နောက်ထပ် ကော်ဖီညနေခင်းများ ဆီသို့.....

No comments: