14 April 2013

နံရံၾကားက ျမျခဴသံ






မြို့နာမည်ကိုက နံရံတွေနဲ့မြို့ဖြစ်နေခဲ့သည်။  ပတ်ပတ်လည် အရပ်တိုင်းမှာ ကြီးမားမြင့်မားလှတဲ့ နံရံတွေကြောင့် ဖြစ်မည်။ ဟိုးရှေးယခင်က အတော်ပင် စည်ကားသည့်မြို့တော်။ ထူးခြားသည်က ရောက်သည့်နေ့မှစပြီး ကြားနေရသည့် မြခြူသံ။ စည်းချက်နဲ့ အညီ နားမှာ ကပ်ငြိနေသည် မြခြူသံများ…

ဆာရီလှလှ လေးနဲ့ မိန်းမပျိုတွေ့တိုင်း သတိထားကြည့်မိသည်က ခြေထောက်ကိုပင်။ ဘယ်သူ့ခြေထောက်မှာမှ ခြူတို့ အလျဉ်း တပ်ဆင်ခြင်းမရှိကြ။ လက်ကောက်တတောင်ဆစ် ဖုံးအောင်ဝတ်ထားသည်သာ ရှိမည်။ အဆိုပါ မြခြူသံသည် မည်သည့်အရပ်က ထွက်ပေါ်လာသနည်း။ ရောက်စ ညက အိပ်မရမယ့် အတူတူ မထူးဘူးဆိုပြီး ထိုင်စဉ်းစားနေမိသည်။



နာကျင်ဆွတ်ပျံ့ဖွယ်ကောင်းသော အတိတ်သည် အတိတ်ပဲ ဖြစ်သင့်သည် မဟုတ်ပါလား။ စိတ်နှလုံးမှာ တွယ်တာ မက်မောနေဖို့မကောင်း။ အမှန်က နားမှာ ကြားနေရသည်ထက် မသိသည့် အာရုံမှာ ခံစားနေရသည်က ပိုသည်။ ဒဏ္ဍာရီပုံပြင်တို့ကို မိန်းမူးတမ်းမက် ခဲ့သည့် ကျနော့အတွက် တကယ့်ကို မလွယ်။ ပုံပြင်ထဲက ဇာတ်ကောင်တွေကို အသက်သွင်း ချင်စိတ်က အခုထက်ထိ ရှိနေဆဲ။



အုတ်နံရံတွေကို မြင်တိုင်း နားထဲမှာ အစဉ်တစိုက် ကြားယောင်နေတာက မြခြူသံနဲ့ သူ့ရဲ့ သနားစဖွယ် အသံ။ သဘင်သည်ဖက်ခွက်စားနဲ့ အရှင့်သား၊ အနူလက်ရယ် ရွှေခွက်ကိုမှ အားမနာဆိုတဲ့ ရှေးခေတ်က သမရိုးကျ အချစ်ဇာတ်လမ်း။ ဒီဇာတ်လမ်းမှာတော့ ပုံမှန်ထက်ပိုနေခဲ့သည်။ ဇာတ်သိမ်းက အထိနာသည့်ဖြစ်ခြင်း။ ကြားလိုက်သည့် ညကစ၍ပင် သနားစိတ်တွေဝင်ပြီး အခုချိန်မှာ မြခြူသံတွေ ထွက်ပေါ်လာတဲ့အထိ စွဲလမ်းနေမိခဲ့တာ။

သူမနာမည်က အန်နကာလီ။ သလဲသီးမှည့်လေးလို ရွှန်းစိုနေတဲ့အလှ။ ဒီအလှကို မှ တပ်မက်သူက အိမ်ရှေ့စံမင်းသား။ ချစ်ခင်နှစ်သက်လွန်းလှလို့ ဧကရီအဖြစ်တောင် မြှောက်စားဦးမယ်ဆိုတဲ့အထိ။ အရပ်ရပ်နဲ့မှအပြည်ပြည် ကြားလို့မှမသင့်တော် ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားလွန်းတဲ့ ဒီတိုင်းပြည်မှာမှ ကျွန်ကို ဧကရီမြှောက်မယ်ဆိုတဲ့ အဖြစ်ဟာ ဘယ်လို့မှ မဖြစ်နိုင်။ ခမည်းတော် ဘုရင်မင်းမြတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့အပြင် အန်နကာလီကို ထောင်သွင်းအကျဉ်းချပြီး ဖြေရှင်းခဲ့တယ်။

ရလာဒ်ကတော့ ချစ်သူကိုကယ်ထုတ်ပြီး ခမည်းတော်ကို ပုန်ကန်ထောင်ထားခြားနားခြင်းပဲပေါ့။ ငယ်ရွယ်နုပျိုတဲ့သူတိုင်း အချစ်ဆိုတဲ့ အရာတခုနဲ့အတွေ့မှာ အမှားတွေက ထောင်လိုပုံ။ ဖားတုလို့ ခရုခုန်တဲ့အဖြစ်ပါပဲ။ အင်အားကြီးတဲ့ ဘုရင်က အင်အားနည်းတဲ့ အိမ်ရှေ့မင်းသားတပ်ကို အနိုင်ရလိုက်တာပါ။ သားတော်ကို ရွေးချယ်စရာ နှစ်ခုပေးခဲ့တယ်။ ချစ်သူကို အပ်မလား၊ အသက်ကို စွန့်မလားပေ့ါ။ သွေးပူနေတဲ့ လူငယ်အတွေးမှာ ဘာရေးမှ ထည့်မတွက်ခဲ့။ မိမိအသက်ကိုပဲ စွန့်မယ်ဆိုတဲ့ အိမ်ရှေ့စံ။

အချစ်ဆိုတာ ရယူခြင်းလား ပေးဆပ်ခြင်းလား ဘာလား ညာလား အငြင်းပွားစရာပါပဲ။ အန်နကာလီကတော့ ရဲရဲဝံ့ဝံ့ ရှေ့ကိုထွက်လာခဲ့တယ်။ မင်းသားနဲ့ တညတာ အချိန်ကုန်ဆုံးခွင့် နောက်ဆုံးအခွင့်အရေးအဖြစ်တောင်းဆိုပြီး မင်းသားအသက်ကို ကယ်တင်ခဲ့တယ်။

နောက်ဆုံးဆိုတဲ့ အသိက ချစ်သူနှစ်ယောက်ကို အတော်လေး တုန်လှုပ်စေခဲ့မှာပါ။ မျက်ရည်တွေဆိုတာ ခမ်းလောက်အောင် ငိုခဲ့ကြမှာပဲ။ မနက်ရောက်ရင် ထာဝရ ခွဲကြရမယ် ဆိုတာက တညလုံးကို ခြောက်လှန့်နေမှာပါ။

အန်နကာလီရဲ့ ဇာတ်သိမ်းက အတော်လေးကို ဆိုးပါတယ်။ သူ့ကို အုတ်နံရံတွေကြားမှာ……………………အရှင်လတ်လတ် မြုပ်ပစ်ခဲ့တာ။ ရင်နင့်စရာ အန်နကာလီပါပဲ။ အခွင့်များရှိရင် မချစ်ပါနဲ့လား အန်နကာလီရယ်လို့ စိတ်ထဲက တိုက်တွန်းချင်မိတယ်။

အုတ်နံရံတွေကြားမှာ တယောက်တည်း။ ငိုလို့လည်း ဘယ်သူမှ မကြားနိုင်တော့။ အဆိုအကတွေလည်း ပျောက်ကွယ်ကုန်တော့မယ်။

ရှင်ကွဲ ကွဲမယ်ဆိုတာထက် သေသွားတာက ကောင်းပါတယ်လို့လည်း တဖတ်သက် ဆုံးဖြတ်ပေးမိသေးတယ်။ တသက်လုံး ဝေဒနာကို ပိုက်ပြီး တနုံ့နုံ့ နာကျင်နေမှာထက် သေသွားတော့လည်း မေ့သွားတာပါပဲလို့ ဖြေပေးနေမိတယ်။


နံရံတွေကို ထိတိုင်း အန်နကာလီ ဒီနေရာမှာများလား လို့တွေးမိတယ်။ သူ့ဝိဉာဉ်ရှိနေသေးရင် ဆိုတဲ့အသိနဲ့ မြခြူသံတွေကို  စိတ်ထဲမှာ လွှင့်ပေးနေခဲ့မိတာ..အန်နကာလီတယောက် နံရံတွေကြားမှာ ဘယ်လောက်အထိ…..

No comments: