ဒီနေ့တနေ့လုံး ကျနော် စာအုပ်တအုပ်ကို သည်းကြီးမည်းကြီးဖတ်နေခဲ့တယ်။ မိုးကလည်း အေးတာမို့ ကော်ဖီတခွက်ရယ် စာအုပ်တအုပ်ရယ်က ရာသီစာ။ ဖတ်တာ ဖတ်နေတာ စာအုပ်ထဲက စာတွေက ဝေးသွားလိုက် နီးသွားလိုက်။ အကြောင်းအရာတွေက ပျော်ရလိုက် ငိုရလိုက်။ ခက်တာက စာအုပ်မှာ အဆုံးသတ်မပါသေးတာ..
အစကတော့ ယဉ်သကို လိုပါ။ စာအုပ်တွေရဲ့ ကျင့်ဝတ်အောက်မှာ ပိပြားလို့။ တချို့စာမျက်နှာတွေက အထပ်ထပ် ပြန်ဖတ်ထားလို့ ညစ်ပတ်ပေတွန့်နေသလို။ တချို့နေရာတွေမှာကျ မျက်ရည်တွေဖိတ်စင်ထားခဲ့ဖူးသလိုလို ရေစိုတဲ့စာရွက် ပြန်ခြောက်ပေမယ့် ကော့နေတဲ့ပုံ။ တနေရာများဆို ဆုတ်ဖြဲထားချင်သလို ဖြစ်နေတဲ့ပုံနဲ့ ကြေမွလို့။ ဘာပဲဖြစ်ဖြစ် ဒီစာအုပ်ကို ကျနော်ဖတ်နေဖြစ်ခဲ့တယ်။
ဇာတ်လမ်းဇာတ်ကောင်တွေကို ကျနော်တွေးမိတဲ့အခါ ရုပ်ရှင်ပိတ်ကားတခုလို မြင်ယောင်တယ်။ အသံတွေကိုပါ နားထဲက ကြားယောင်ကြည့်တယ်။ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အခိုက်အတန့်ဆို ကျနော့လက်နှစ်ဖက်ကိုပါ အမှတ်တမဲ့ ဆုပ်ကိုင်နေလျှက်။ စာအုပ်တခုထဲမှာ ပျော်စရာ ငိုစရာတွေ တင်မဟုတ်ပဲ စိတ်လှုပ်ရှားစရာ ထိတ်လန့်စရာတွေလည်း ပါစမြဲပဲမဟုတ်လား။ အထူးသဖြင့် ကျနော် ဖတ်နေမိတဲ့ စာအုပ်ဆိုပါတော့.
စာတပုဒ်ရဲ့ ဂုဏ်နဲ့လိုက်အောင် အကောင်းအဆိုး အချိုအခါးတွေကိုပါ ထည့်သွင်းထားတယ်။ စာဖတ်တဲ့နေရာမှာ ကျော်ဖတ်လို့ ရပေမယ့် ကျနော် စာရွက်တွေကို ကျော်မဖတ်ခဲ့ဘူး။ ဝါကျတကြောင်းခြင်းရဲ့ နောက်ကို ကျနော် လိုက်နေမိတယ်။ စာမျက်နှာတချို့ဟာ မှားယွင်းခြင်းဆိုတဲ့ အရာကို ထောက်ပြနေတယ်။ ဒီစာအုပ်ကို ဟိုအရင်တချိန်ဖတ်ခဲ့တုန်းက မှားတယ်လို့ မသတ်မှတ်ပေမယ့် နောက်တခေါက်ဖတ်တဲ့အခါ ကျနော်မြင်တဲ့ ရှုဒေါင့်ကြောင့်သော်လည်းကောင်း၊ ကျနော်ကျော်ဖြတ်မိတဲ့ အတွေ့အကြုံတခုကြောင့်သော်လည်းကောင်း အမြင်ပြောင်းလဲစေခဲ့တယ်။ သတ်ပုံမှားတဲ့ စာပိုဒ်တွေ၊ သဒ္ဒါမမှန်တဲ့ စာပိုဒ်တွေကို မြင်တဲ့အခါ ရှေ့ဖတ်ရမယ့် စာတွေအတွက် ရင်လေးလာမိတယ်။ ဒီနေရာလေး အချိုးလေးပြောင်းရေးရင် အတော်လေးကောင်းမှာလို့ တွေးမိပေမယ့် ဒီစာကို ကျနော်ပြင်ခွင့် မရှိပါ။ ကျနော်သည် ဖတ်ရှုရမည့် သူသက်သက်သာ။ ကျနော့အတွက်ပေးထားတဲ့အခွင့်က Read only။
ကျနော့အကျင့်အတိုင်း စာအုပ်ထဲက ပျော်ရွှင်စရာတွေ ဖတ်ရတဲ့အခါ အပြင်ဘက်မှာပါ တချက်တချက် ရီမိတယ်။ အိမ်မှာစာအုပ်ဖတ်ရင် မေက နင်ရူးနေသလား တယောက်တည်း ရီလိုက်မောလိုက်လုပ်နေတယ်လို့ ပြောနေကြ။ ကိုထီးသီချင်းထဲကလို တခါငိုဖူးရင် တခါမက ပြုံးခဲ့ဖူးတာကို မင်းမမေ့လိုက်နဲ့ဦးဆိုတာ ကိုပြေးမြင်မိတယ်။ ဟုတ်တယ်လေ ကျနော်တို့ဆီမှာ ငိုခြင်းရီခြင်းတွေက တသမတ်တည်း ဖြစ်ပေါ်နေတတ်တာမျိုးမှ မဟုတ်တာ။ ရီတခါ ငိုတလှည့် မှောင်တခါ လင်းတလှည့်နဲ့ ကမ္ဘာကြီး ပတ်ချာလည်ခြင်းပဲပေါ့။ အဲ့ဒါ သံသရာတဲ့..
စာအုပ်ထက်ဝက် မကျိုးခင်မှာ ကျနော်ငိုင်ဆင်းသွားပြီ။ ဒီအပိုင်းမှာ အမှောင်ပိုင်းတွေ ပြည့်နှက်လာ။ လူ့စရိုက်တွေကို ပီပြင်အောင် ရေးဖွဲ့ထားတာမို့ အတ္တဆိုတဲ့ အရာတွေကို ပြက်ပြက်ထင်ထင် မြင်ရတဲ့အခါ စိတ်နှလုံးကို တလှပ်လှပ်နေအောင် ခြောက်လှန့်လို့။ တယောက်နဲ့တယောက်ဆိုတဲ့ အရာတွေရဲ့ အရှေ့မျက်နှာစာ ကခုန်မှုတွေနဲ့အတူ နောက်မှာ မမြင်သာတဲ့အရိပ်တွေက ယိမ်းထိုး။ ဟဲ့ ဟိုမှာ ဓါးနဲ့ထိုးတော့မယ် လို့ နှုတ်က မရွတ်မိ,ခင်လေး ဟော ဇာတ်ကောင်တကောင်တော့ ကိစ္စချောရှာပြီ။ ငါနဲ့ငါသာ နှိုင်းစရာဆိုတဲ့ စိတ်တွေကို လိုက်ဖတ်ကြည့်မိရင်း ဟိုးမိုးကောင်းကင်တခုလုံး မည်းမှောင်လေးလံပိန်းပိတ်လို့။
စာပိုဒ်တွေမှာလည်း ပုဒ်ထီးနဲ့ ပုဒ်မ မှားချထားသလား အောက်မေ့ရတယ်။ အမြန်အဆုံးသတ်ချင်လို့ ပုဒ်မ ကမန်းကတမ်း ချထားတာမျိုးဆို ဖတ်ရသူမှာလည်း တကယ့်ကို ကမူးရှူးထိုးနိုင်လှတယ်။ အရမ်းဆွဲဆန့်ချင်တဲ့ အပိုင်းမျိုးကျ ပုဒ်ထီးလေးတွေ မတန်တဆသုံးပြီး ပွတ်ကာသီကာနဲ့။ စာတကြောင်းတည်းကနေ စာပိုဒ်တခုလုံးဖွဲ့မလား ထင်ရအောင် စကားဆက်တွေနဲ့ သိုင်းဝိုင်း။
စာမျက်နှာ တချို့မှာ စာတွေက မှုန်ဝါးဝေသီလို့။ စာလုံးတွေကို ထင်ထင်ရိုက်ပါလို့ ဘေးနားမှာ တေးထားတယ်။ စိတ်ဝင်တစား ရှိနေတုန်းမှာ စာရွက်ကပ်နေတာ၊ ရွက်ကျော်သွားတာမျိုးဆို ဖတ်ရသူအတွက် အတော်လေး ကသိကအောင့်ဖြစ်ပါတယ်။ တော်ပါသေးတယ် ဒီစာအုပ်မှာ ဖတ်မိသလောက် ခုထိတော့ ရွက်ကျော် တခုမှ မပါသေးဘူး။
အတွေ့အကြုံ စွန့်စားခန်း ဆိုတဲ့ အစိတ်အပိုင်းကို ဖတ်ရတဲ့အခါများမတော့ ငါ့တုန်းက ဘယ်လို ဖြတ်ကျော်ခဲ့တာ၊ ငါသာဆို ဘယ်လိုလေး လုပ်လိုက်မှာပဲလို့ ယှဉ်တွေးလေး တွေးနေမိတယ်။ အားမလိုအားမရ မချင့်မရဲ ဖြစ်နေရတာလည်း ပါရဲ့။ ဘောလုံးပွဲကို ဘေးနားက ကြည့်သူတယောက် လက်သီးလက်မောင်းတန်းပြီး ဟိုလို လုပ်လိုက် ဒီလို ကန်လိုက် ဝေဖန်အကြံပေးတတ်ပေမယ့် ကွင်းထဲ ချကြည့် အမောင်တောင်မှန်းမြောက်မှန်း မသိဖြစ်မယ်ဆိုတာ ကျနော့လို လူမျိုးကိုပြောတာပါ။
ကော်ဖီတွေလည်း အေးစက်နေခဲ့ပြီ။ စာမျက်နှာ ကုန်လုနီးပါပေါ့။ ထုံးစံအတိုင်း အခန်းဆက်ဝတ္ထုရှည်ကို စောင့်ဖတ်ရတာမျိုးဆို ကျနော်က စိတ်လက်သိပ်မရှည်ချင်။ ဇာတ်သိမ်းခန်းက ကျနော် လိုချင်သလို ဖြစ်ပါ့မလားရယ်လည်း စိတ်စောနေမိပြန်။ အင်း စာမျက်နှာ တရွက်တော့ လှန်ရပြန်ပေမပေါ့….
No comments:
Post a Comment