မပြောကောင်းဆိုသော စကားကို သူ့ဘဝမှာ ခါးသက် မုန်းတီးနေမိသည်။ ကလေး အရာလားဆိုသော ကန့်ကွက်သံများကိုလည်း နားခါးလှသည်။ ကျနော် လူကြီးဖြစ်ပြီဟု သူပြောချင်လှသည်။ ကြုံတွေ့ရသမျှ အကြောင်းအရာမျိုးစုံမှာ မေးခွန်းတွေ တသီချည်း ရှိတတ်သော သူ့အတွက် အဆိုပါ ပိတ်ပင်ထားသော ပတ်ဝန်းကျင်ဖြင့် မဆီလျော်။ ၁၈နှစ်ပြည့်လျှင် ရုပ်ရှင်ထဲကလို စာချုပ်အတိုင်း သူ့အားပေးသိမည့် အကြောင်းအရာများ ရှိလာမည်ဟု သူမျှော်လင့်လျှက် ကြီးပြင်းခဲ့သည်။ တကယ်က သူထင်သလို မဟုတ်ခဲ့။
ထို့ထက်ဆိုးဝါးစွာ သူကိုယ်တိုင် ပင် ပုံပြင်တပုဒ်ကို မထင်မှတ်ပဲပိတ်ပင်ပစ်လိုက်မိသည်။ အဆိုပါ ပုံပြင်ကို သူကိုယ်တိုင်ပင် အစပြုဖန်ဆင်းသည်။ လွန်ခဲ့သော ခြောက်နှစ်ကျော် ခုနှစ်နှစ် နီးပါးက ဖြစ်ပင်မယ့် ပုံပြင်ရဲ့ အသေးစိတ်တိုင်းကို သူမှတ်မိသည်။ အလွန်သာယာသော နေ့တနေ့မှာ စိတ်လက်ပေါ့ပါး ကြည်လင်စွာ ထိုပုံပြင်ကို အစပြုရန် သူခြေလှမ်းခဲ့သည်။
သူသည် အစပြုသူသက်သက်သာ ဖြစ်သည်။ ထို့ထက်ပို၍ ဆက်ရန် သူ့မှာ ခွန်အားမရှိ။ သို့သော် သူထိုပုံပြင်ကို နောကျေအောင် အလွတ်ရသည်။ သူလိုချင်သော ဇာတ်ကောင် ဇာတ်ကွက်များဖြင့် သူဖန်ဆင်းထားသည် မဟုတ်လော။ ကြားဖူးကြမည် ထင်သည် ဇာတ်ကောင်ကို ဇာတ်လမ်းဆရာက မနိုင်တော့သော ဇာတ်လမ်းများအကြောင်းကို။ သူသည် ထိုသို့သော ဇာတ်လမ်းဆရာတယောက်ပင်။ ဇာတ်ကောင်များကို သနားလာလိုက်ရင်း ထိုပုံပြင်ကို ပိတ်ပင်လိုစိတ်သာ ကြီးစိုးလာတော့သည်။
အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်ဆိုသော စကားလုံးနှင့် သူသည် လိုက်ဖက်လွန်းလှသည်။ ဇာတ်ကောင်တကောင်၏ တုန့်ပြန်မှုတခုကို (တကယ်က သူမျှော်လင့်ထားပြီးဖြစ်သော်လည်း ဘယ်လို ရင်ဆိုင်မလဲဆိုတာ အဆင်သင့်မဖြစ်ခင်) သူရလိုက်သော နေ့တွင် သူအသက်ရှူရပ်မတတ် ခံစားသွားရသည်။ လုပ်နေလက်စ အလုပ်များ၊ ပြောလက်စ စကားများ အားလုံးကို မေ့လျော့သွားစေခဲ့သည်။ သူ့ဘဝတွင် ထိုအကြိမ်သည် ပထမဆုံးပင်။ ဇာတ်လမ်းဆရာပီပီ သူက ဟန်ဆောင်ကောင်းခဲ့ပြန်သည်။ သူ့တုန်လှုပ်မှုကို တဖက်လူမသိအောင် သူပြနိုင်ခဲ့သည်။ သူကောင်းကောင်းသိနေသည်မှာ တဖက်လူက အဲ့ဒီတုန်လှုပ်မှုကို အငိုက်ဖမ်းလိုခြင်းဆိုတာပင်။ မှန်းချက်နှင့် နှမ်းထွက်မကိုက်သောအခါ ဇာတ်ကောင်က မသိမသာ ငုပ်လျှိုးသွားခဲ့သည်။
သို့ရာတွင် ဇာတ်ကောင်သည် ခေတ္တ ငြိမ်နေခြင်းလည်း ဖြစ်နိုင်သည်။ ရှေ့တိုးမည့် ဆင် နောက်တလှမ်းဆုတ်နေခြင်းလည်း ဖြစ်နိုင်သည်။ သူကလည်း ငြိမ်နေလိုက်သည်။ ဇာတ်ကောင်သွားလိုသော အသွားနောက်ကို အေးငြိမ့်ညင်သာစွာ သူလိုက်နေခဲ့သည်။
ထင်သည့်အတိုင်းပင်။ ဇာတ်ကောင်မှာ မကြာမတင်မှာပင် တစခန်းပြန်ထလာခဲ့ပြီ။ ဇာတ်ကောင်၏ လိုအပ်ချက်ကို သူကောင်းကောင်းသိပါသည်။ သို့ရာတွင် ဇာတ်လမ်းက ခင်းကျင်းနှင့်ပြီးဖြစ်နေသည်။ ဇာတ်ကွက်ကို အဆိုပါဇာတ်ကောင်အတွက် ချိုးချလိုက်ဖို့ သူ့လိပ်ပြာ မလုံပါ။ တခြား ထိခိုက် နစ်နာမည့်သူ ကို သူစာနာရမည်။ သူ့စိတ်ချမ်းသာမှု အတွက် တခြားသူများ၏ စိတ်ဆင်းရဲမှုများကို သူမလဲလို။ လုံးလုံးပစ်ခွာလိုက်ရန် မဖြစ်နိုင်သော ဇာတ်ကောင်ကို ပူးတုံခွာတုံဖြင့်သာ သူကြည့်နေရသည်။
သူတတ်နိုင်သော နည်းလမ်းတခုကို သူ့ငယ်ဘဝ အတွေ့အကြုံဖြင့် ဖြေရှင်းပစ်လိုက်သည်။ ထိုနည်းမှာ ပိတ်ပင်ပစ်လိုက်ခြင်းကလွဲ၍ တခြားမရှိ။ ဇာတ်ကောင်များကို တဖြည်းဖြည်းနှင့် အနည်ထိုင်အေးခဲသွားစေခြင်းဖြင့် သူကိုယ်တိုင်ပဲ အေးစက်မေ့လျော့သွားစေခဲ့သည်။ မည်သူ့ကိုမှ ပြန်ပြောပြမည် မဟုတ်တော့သော ပုံပြင်တပုဒ်အဖြစ် အတိတ်မှာ ထားရစ်ခဲ့သည်။
ထိုအခါတွင် သူငယ်စဉ် လူကြီးများ ပိတ်ပင်ခဲ့သည်ကို သွားသတိရသည်။ ငယ်ဘဝတုန်းက ပိတ်ပင်စရာ မရှိပဲ ပွင့်လင်းနိုင်ခဲ့သလောက် ကြီးပြင်းလာသောအခါ စည်းများစွာဖြင့် ချည်နှောင်လျက် ပိတ်ပင်စရာများစွာတို့ကို သူတွေ့လာရသည်။ သူ့ကိုယ်သူကြည့်ရင်း ပိတ်ပင်မှုများကို မုန်းတီးသူဖြစ်လျက် သူကိုယ်တိုင်ကပင် ပိတ်ပင်သူတယောက်ဖြစ်မှန်းမသိ ဖြစ်လာနေသည်။ မှန်ထဲက အရိပ်ကို သူမဟုတ်သလို ပြန်ကြည့်နေမိသည်။ ကျနော် လူကြီးဖြစ်ပြီဟု ပြောချင်သည့် ကာလကို ပြန်တွေးကာ နောင်တတွေ အထွေးလိုက်ရနေပြန်သည်။ အဲ့ဒီကာလကို မရောက်ခဲ့ရင် ငါဟာ ပုံပြင်တွေကို လက်လွတ်စပယ် ပြောနိုင်ဆိုနိုင်ခွင့် ရှိနေဦးမှာပါလားလို့ တွေးစေခဲ့သည်။
ငယ်ငယ်က ကြားနားခဲ့ဖူးသော စဥ့်အိုးများအား သူ့လျှို့ဝှက်ချက်များ ဖွင့်အံလေ့ရှိသော ဘုရင်ကြီးကဲ့သို့ ဘယ်နေရာမှာမှ လုံခြုံမှု အပြည့်မရှိသောလောကကို အရှိအတိုင်းမြင်၍ ပိတ်ပင်ထားသော ပုံပြင်ကို မည်သူ့ကိုမျှ ဘယ်အကြောင်းကြောင့်ဖြင့် ပြောဖြစ်တော့မည် မဟုတ်တော့။
အဆိုပါ ပိတ်ပင်ထားခြင်း ခံရသော ပုံပြင်နှင့် သူသည် ရာသက်ပန် မိတ်ဆွေပြုကာ သူသွားရာ နောက်သို့ အပါခေါ်ဆောင်သွားတော့မည်ပင်ဖြစ်သည်။ ကြားနာခြင်း မရှိလိုက်ရသူတို့သည်လည်း ဝမ်းနည်းခြင်း မရှိကြလေကုန်။ သူ့ရင်ကိုခွဲသည့်တိုင် မည်သို့မျှ မြင်ရမည် မဟုတ်သော ပုံပြင်တပုဒ်ကို အနှေးနဲ့ အမြန် မေ့လိုက်ကြရုံသာ ရှိတော့သည် မဟုတ်ပါလား။