အရင်တုန်းက ပိတောက်နွေဆိုတဲ့ စာပေရပ်ဝန်းတစ်ခုကို မိတ်ဆက်ပေးခဲ့ဖူးတယ်။ အဲ့ဒီစာပေရပ်ဝန်းလေးက မထင်မှတ်ပဲ ရပ်တန့်ပျောက်ကွယ်သွားပါတယ်။ အဲဒီစာပေရပ်ဝန်းမှာ ၀တ္ထုတိုတစ်ပုဒ်နဲ့ ဆောင်းပါးသုံးပုဒ် ကျနော်ရေးခဲ့ဖူးပါတယ်။ စာတွေပျောက်သွားမှာစိုးလို့ ဒီဘလော့မှာ ပြန်တင်ခြင်းဖြစ်ပါတယ်ခင်ဗျာ။
နံရံဆိုတာ အရာရာကိုပိုင်းခြားပစ်ဖို့တဲ့လား။ တစ်ဖက်တစ်ချက်မှာကိုယ်စီရှိနေတဲ့ လူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်မမြင်နိုင်ကြသလို ခံစားချက်တွေကိုလည်း မမြင်နိုင်စွမ်းတော့။
တစ်ကယ်တမ်းတော့ နံရံရဲ့ တစ်ဖက်တစ်ချက်မှာရပ်နေခွင့်တွေကို သူတို့ကိုယ်တိုင်ကပဲရွေးချယ်ခဲ့တာပါ။ နံရံရဲ့တစ်ခြားဘက်က ဘာတွေရှိနေခဲ့ပြီး ဘာတွေဖြစ်ပျက်ခဲ့ပြီလဲ ဘယ်သူမှမသိ………
ကျောင်းနောက်ဆုံးနှစ် လေ့လာရေးခရီးစဉ်က ဟိုးနယ်အဝေးက စက်ရုံတစ်ခုတဲ့။ နှင်းစက်ညိုနာမည်စာရင်းစာရွက်ကို လက်နဲ့ဖွဖွတို့ ကြည့်မိတယ်။ အင်းဒီခရီးစဉ်ကို လိုက်မှဖြစ်မယ်။ စာတွေ့တွေထက် လက်တွေ့တွေကို သူအမြဲစိတ်ဝင်စားနေကြလေ။ နယ်အဝေးကို အိမ်ကလွှတ်ပါ့မလား။ အင်းရအောင်လိုက်ဖို့ဆုံးဖြတ်ပြီးနေပြီပဲ နောင်ခါလာနောင်ခါဈေးပေါ့။
ပြည့်စုံအောင်……ပါလာတဲ့အထုပ်တွေကို စစ်နေတယ်။ အားလုံးစုံပြီလား။ ခရီးအတူသွားရမယ့် လူစာရင်းကို တစ်ချက်စစ်တယ်။ အားလုံးဆုံပြီပဲ။ ကားသမားကလည်း ညနေ ၅နာရီခွဲပြီမို့ သူ့ခရီးစဉ်ကို စထွက်လိုက်တယ်။ အဲဒီနယ်မြေက အားလုံးအတွက်အစိမ်းသက်သက်။ ဒါပေမယ့် စိတ်လှုပ်ရှားမှုတွေအပြည့်နဲ့။
ခရီးစဉ်တစ်လျှောက်လုံး သွားရင်းလာရင်း စားရင်းသောက်ရင်း အားလုံးရင်းနှီးသွားစေတယ်။ အင်း ဒါပေမယ့် နှင်းစက်ညိုဆိုတဲ့ကောင်မလေးက တစ်မျိုးပဲ။ အားလုံးနဲ့ကွဲထွက်နေလေရဲ့။
ကားလမ်းခရီးပြီးပြန်တော့ ရေလမ်းခရီးစဉ်။ သောင်ပြင်ကိုဖြတ်ရတော့ မိန်းကလေးတွေရဲ့ အထုတ်တွေကို ယောင်္ကျားလေးတွေက ကူညီသယ်ပေးကြတယ်။ သူ……….နှင်းစက်ညို ဘယ်သူ့ကိုမှမကြည့် ကိုယ့်အထုတ်ကို ရအောင်ဆွဲနေလေရဲ့။ ကျနော်ကူဆွဲပေးရမလားဆိုတော့ ပါးလျတဲ့နှုတ်ခမ်းတစ်စုံကို တင်းတင်းစေ့ရင်း ရပါတယ်တဲ့။
စက်ရုံကလာကြိုတဲ့ကားနဲ့ စက်ရုံမြေကိုခြေချလိုက်ရတယ်။ ခြောက်သွေ့ဒေသဖြစ်တာမို့ ပူလောင်မှုကိုစတင်ခံစားနေရပြီ။ ထနောင်းပင်ကြီးတွေကိုလည်း မမြင်ဖူးလို့ အထူးအဆန်းကြည့်နေကြတယ်။ ထနောင်းရွက်သုတ်ဆိုတာ ဒီကမှဟုတ်ပါလေစ။ အားပါးပါး ကြီးကျယ်ခမ်းနားတဲ့စက်ရုံကြီးပါလား။ ၈၀၁နဲ့ ၈၀၂ မှာ ယောင်္ကျားလေး အဆောင် မိန်းကလေးအဆောင်အဖြစ်ခွဲထားပေးတယ်။ အထုတ်တွေကို နေသားတကျ ချအပြီးမှာ စက်ရုံမှူးနဲ့တွေ့ရတယ်။ ခင်ဗျားတို့တွေ လိုအပ်တာကို အားမနာပဲ အကူအညီတောင်းပါဆိုပြီး လာတွေ့သွားတယ်။ မနက်ဖြန်မှ စက်ရုံထဲကို စ၀င်ကြရမယ်လေ။
ရောက်ရောက်ချင်းညမှာပဲ နှင်းစက်ညိုအတွက် အထူးအဆန်းတွေစတင်ခဲ့တယ်။ အဲဒီညက သူအိပ်မက်မက်ခဲ့တယ်။ ဒီအိပ်မက်က ခဏခဏမက်တဲ့အိပ်မက်။ သူ့အနားမှာ မြွေတွေဆော့ကစားနေတယ်ဆိုတဲ့အိပ်မက်။ အိပ်မက်ထဲမှာတော့ သူပျော်ရွှင်စွာ ကစားနေတယ်တဲ့။ အပြင်မှာတော့ သူ့မှာကြောက်လန့်နေခဲ့တာ။ ပြန်အိပ်လို့မရတော့ အဆောင်ရှေ့ဝရန်တာကို ထွက်မိတယ်။ ၈၀၁က ကောင်လေးတွေလည်း မအိပ်ကြသေးဘူးဆိုတဲ့အသိနဲ့ သူမ အထဲပြန်ဝင်လိုက်တယ်။
ပြည့်စုံသတိထားမိလိုက်တယ်။ ချပ်ခနဲ တံခါးကြားက ထွက်လာတဲ့အလင်းရောင်ကြောင့် အမှောင်ကနေ သတိထားမိလိုက်တာပါ။ အရိပ်အရဆိုရင်တော့ သေချာတယ် ဒါ…နှင်းစက်ညို။ တခုခုများလားဆိုတဲ့ အတွေးတွေမဆုံးခင်မှာ အလင်းရောင်ကပျောက်သွားပြန်တယ်။ ဒီကောင်မလေးဟာ ပုစ္ဆာဆန်လွန်းလှတယ်။ ဒါပေမယ့် များများသိပ်မတွေးနိုင်ပဲ ပင်ပန်းမှုအရှိန်နဲ့ အိပ်ပျော်သွားခဲ့ရတယ်။
နောက်နေ့ လာကြိုတဲ့ဖယ်ရီကားနဲ့ အားလုံးလူစုံတက်စုံ စက်ရုံကိုချီတက်ကြတယ်။ ညကအိပ်ရေးပျက်ခဲ့ပေမယ့် တက်ကြွတဲ့စိတ်နဲ့မို့ သိပ်မသိသာခဲ့။ ပထမဆုံး ဂိတ်၁ကနေ၀င်လာပြီးပြီးချင်း ဘယ်ဘက်က စက်ရုံဆေးခန်း ၊ ညာဘက်က Admin ဌာန။ ပထမတစ်ရက်ကတော့ Admin မှာပေါ့။ Admin ရဲ့ အောက်ထပ်မှာ စက်ရုံတစ်ခုလုံးရဲ့ ဆက်သွယ်ရေး တယ်လီဖုံးခုံထိုင်ထားတာတွေ့ရတယ်။ ယောင်္ကျားလေးတွေရဲ့ မျက်လုံးတွေက အဲဒီအခန်းကို စိတ်ဝင်စားနေကြလေရဲ့။ ထမင်းစားဖို့ကို ရုံးကသက်သာထမင်းဆိုင်မှာ စားကြရတယ်။ ကျောင်းသားလေးတွေဆိုပြီး ထမင်းဆိုင်က အဒေါ်ကြီးက ဟင်းဖတ်များများခပ်ထည့်ပေးနေတယ်။ ၀န်ထမ်းတွေကလည်း ထမင်းချိုင့်လေးတွေနဲ့။ ၀န်ထမ်းမိသားစုရဲ့နွေးထွေးတဲ့ဆက်ဆံရေးကို မြင်လိုက်ရတယ်။ ထမင်းဟင်းဝယ်မစားပေမယ့် စားပွဲ တိုင်းအတွက် ဟင်းချိုလေးတွေ ထည့်ပေးနေလေရဲ့။
ညနေအိမ်ပြန်ချိန်မှာတော့ ကိုယ်ရလာတဲ့လေ့လာမှုတွေကို တစ်ယောက်တစ်ပေါက် ပြောရင်း ပြန်တင်ဖို့စာတမ်းတွေကို ပြင်ဆင်နေခဲ့တယ်။ အားလုံးမင်သက်စေတဲ့ ခေါင်းစဉ်တွေကို နှင်းစက်ညိုက တစ်ချက်ချင်း ၀ှက်ဖဲတွေဆွဲထုတ်သလို ထုတ်လာခဲ့တယ်။ အဲဒီညကလည်း သူအိပ်မက်မက်ပြန်တယ်။ သူဘာလုပ်ရမလဲ။ ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းတစ်ခုကို နောင်တနဲ့ ညည်းညူတတ်တဲ့ အထဲမှာ သူကိုယ်တိုင်မပါဝင်တာတော့ အခက်သားလား။
ဒုတိယ တတိယနေ့တွေမှာ စက်ရုံရဲ့ cooker နဲ့ boiler ဌာနများမှာ အပိုင်းလိုက်တာဝန်ယူလိုက်ကြတယ်။ ခင်မင်စရာကောင်းတဲ့ ၀န်ထမ်းတွေနဲ့ သူတို့ဘ၀လေးတွေဟာနေသားတကျ။ စက်ရုံရှပ်ဒေါင်းဖြစ်တာနဲ့ ဟိုလူဒီလူ ဌာနတစ်ခုနဲ့တစ်ခု ၀ိုင်းဝန်းဖြေရှင်းလိုက်ကြတာ အားကျပျော်ရွှင်စရာကောင်းလှပါတယ်။ ချွေးတွေကျအောင် ပြေးလွှားနေကြပေမယ့် မောတယ်လို့မညည်းညူတတ်ကြ။
လေးရက်မြောက်ကိုတော့ Lab ဌာနက အပျိုကြီးတွေရှိတဲ့နေရာကိုပေါ့။ တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင်နေကြတဲ့ အပျိုကြီးတွေက တကယ်ကိုခင်မင်စရာကောင်းလှပါတယ်။ ဒါပေမယ့် နှင်းစက်ညိုက ဘယ်စကားဝိုင်းကိုမှဝင်မလာသလို ဘေးကနေရယ်မောဖို့ကို Lab အခန်းထဲက စမ်းသပ်မှုတွေလောက်တောင် စိတ်မ၀င်စားခဲ့သလို။ ပြည့်စုံအောင်တို့ကတော့ အပျိုကြီးတွေရဲ့ လက်ဖက်သုပ်ကိုတောင် ၀ိုင်းဝန်းစားသောက်နေကြပြီ။
ငါးရက်မြောက်ကတော့ ရေသန့်ဌာနပေါ့။ သူတို့က စက်ရုံပင်မနဲ့ ဝေးတဲ့တခြားတစ်နေရာမှာပါ။ ဧရာဝတီမြစ်နဲ့ကပ်ပြီးဆောက်ထားခဲ့တာလေ။ မြစ်ကြောင်းထဲက သင်္ဘောတွေကို ကြည့်နေရတာ အသစ်အဆန်းတွေလိုပါပဲ။ အားလုံးငေးနေတုန်းမှာ နှင်းစက်ညိုတစ်ယောက် အိပ်မက်ယောင်သလို မြစ်ကမ်းဘက်ကို လျှောက်သွားတာ တွေ့လိုက်ကြတယ်။ မိန်းကလေးအဖော်တွေက လိုက်ခေါ်မှပြန်ပါလာတော့တယ်။ သူ့ဘာသာလည်းဝေခွဲမရဖြစ်တဲ့ ပုံစံမျိုးနဲ့။ ဒါပေမယ့် သူ့ဆီက ဘာဆိုဘာမှ ပြောမလာခဲ့။ မေးခွန်းတို့မေးမယ်ဆိုတော့လည်း သူ့ကိုမေးဖို့ဘယ်သူမှမမေးဝံ့ကြ။
နောက်နေ့ရုံးပိတ်ရက် အားလုံးကို အနီးအနားဒေသန္တရ ဗဟုသုတရအောင် ရုံးက အန်တီငယ်က လိုက်ပို့ပေးမယ်တဲ့။ သူတို့တွေ သွားဖြစ်တာက စက်ရုံမိသားစုဈေးလေးဆီကို။ ဈေးထဲမှာ မနက်စာစားခဲ့ကြတယ်။ အညာမုန့်ဟင်းခါးကလည်း ကောင်းတာပါပဲ။ နောက်တစ်ခုက စက်ရုံဘေး ရွာထိပ်က ကိုးတောင်ပြည့်ဘုရားလေးတစ်ဆူဆီကိုပေါ့။ ဘုရားလေးနားမှာ ရေကန်ငယ်လေးတစ်ခု။ အန်တီငယ်ပြောတာတော့ ဒီဘုရားလေးက အလောင်းစည်သူတည်ခဲ့တာတဲ့။ ကန်လေးကတော့ ဖောင်တော်ဆိုက်တဲ့နေရာတဲ့။ ဘုရားလေးက လရောင်ကို ဌာပနာပြီးတည်ခဲ့တာဆိုပဲ။
ဘုရားထိပ်က ညောင်ပင်အထိ လမ်းလျှောက်လာခဲ့တယ်။ လမ်းနားက သစ်ပင်ကြီးတွေက လေအလာမှာ တရွှီးရွှီးနဲ့မြည်နေကြလေရဲ့။ နှင်းစက်ညို စိတ်မှာတစ်ခုခုခံစားလာရသလိုပဲ။ ဘုရားအရှေ့မုဒ်ဝက ညောင်ပင်ကြီးကိုရောက်တော့ အန်တီငယ်က ဒီညောင်ပင်ကြီးကို ဟိုးဗုဒ္ဓဂါယာ ဘုရားပွင့်တဲ့နေရာကနေယူလာတာတဲ့။
သိပ်ကိုကြီးမားနေပြီဆိုတော့ အချိန်တော်တော်ကြာ ခဲ့ပြီပေါ့။ ဟေ့အားလုံး ဒီမှာကြည့်စမ်း အုတ်ချပ်ကြီးတွေတဲ့….ဘုရားတည်တဲ့ခေတ်က ရှေးဟောင်းအုတ်ချပ်ကြီးတွေလေ။ အိုးသိပ်ကိုကြီးမားကျယ်ပြန့်တဲ့အုပ်ချပ်ကြီးတွေဆိုပြီး အပြေးအလွှားသွား ကိုင်ကြည့်ကြတယ်။ အဲဒီအချိန်မှာ အားလုံးကို ဦးစားပေး ကိုင်ခွင့်ပေးထားပြီးနောက် ပြိုင်တူကိုင်လိုက်မိကြတာက နှင်းစက်ညိုနဲ့ ပြည့်စုံအောင်။ မိုက်ခနဲတစ်ချက်ဖြစ်ပြီး နှင်းစက်ညိုတစ်ယောက် ဘာကိုမှမသိနိုင်ခဲ့တော့။ အုတ်တစ်ချပ်ရယ် နှင်းစက်ညိုရယ် ပြည့်စုံအောင်ရယ်။
နှင်းစက်ညိုသတိရလာတဲ့အချိန်ကျတော့ သူရောက်ရှိနေတာက စက်ရုံမိသားစု ဆေးရုံမှာပေါ့။ ဘေးနားမှာ သူငယ်ချင်းတွေနဲ့။ နှင်းဘာမှမဖြစ်ပါဘူးနော်လို့ မေးလိုက်တဲ့ ပြည့်စုံအောင်ကို စတွေ့လိုက်ရပါတယ်။ အင်းလို့တစ်ချက်ဖြေရင်း အဖြစ်အပျက်ကို ပြန်စဉ်းစားနေမိတယ်။ ဘယ်လိုဖြစ်တာပါလိမ့်။ သဘာဝလွန်အဖြစ်အပျက်တွေပဲလား။ လက်တွေ့ဆန်တဲ့ နှင်းစက်ညို တစ်ယောက် ယုံကြည်ဖို့ ဆိုတာမလွယ်။ ညအိပ်ရေးပျက်တာတွေများနေလို့ဖြစ်မှာပါလို့ ကိုယ့်ဘာသာကောက်ချက်ချလိုက်တယ်။
ကျန်တဲ့လူတွေသိချင်စိတ်ပြင်းပြနေတဲ့ အဲဒီအဖြစ်အပျက်တွေကို နှင်းစက်ညိုတစ်ယောက် တူးဖော်ဖို့မကြိုးစားချင်။ အားလုံးပြီးဆုံးတဲ့နေ့အထိ မသိချင်ယောင်ဆောင် သွားခဲ့တယ်လေ။
ပြည့်စုံအောင်တစ်ယောက်ကတော့ ဘုရားသမိုင်းကိုရှာဖွေဖို့ကြိုးစားနေလေရဲ့။ သေးငယ်တဲ့ဘုရားတစ်ဆူ မထင်မရှားဆိုတော့ လွယ်တော့မလွယ်။
နံရံရဲ့ တစ်ဖက်တစ်ချက်မှာ ကိုယ်စီရပ်နေကြတဲ့ သူတို့တွေအတွက် ကျနော်တို့တွေကတော့ ပရိသတ်အဖြစ်ကြည့်နေရတော့မှာပါ။ နံရံရဲ့တစ်ဖက်မှာဘာတွေရှိမှာပါလိမ့်……………..
စာဖတ်သူတွေကို လျှို့ဝှက်ခဲ့တာမဟုတ်ပါဘူး။ ဒီလိုကိစ္စရပ်တွေမှာ အမြင်တွေ အယူအဆတွေကွဲလွဲတတ်ကြပါတယ်။ ရှိကောင်းရှိနိုင်သလို ကြုံကောင်းလည်း ကြုံနိုင်ကြမှာပါ။ မေကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်လေးကို ၀တ္ထုလေးအဖြစ် ဖြည့်စွက်ထားခဲ့တာပါ။ မေကြုံတုန်းကတော့ ရှေးဟောင်းမြို့ငယ်လေးပါ။ မြင်ကွန်းဆိုရင် သိမယ်ထင်ပါတယ်။ အခုလည်း ယုံကြည်သူတွေက မိမိယုံကြည်သလို ဇာတ်လမ်းကို သိမ်းပေးနိုင်သလို။ မယုံကြည့်သူတွေကလည်း မယုံကြည်သလို ဇာတ်လမ်းကို ခံစားနိုင်ပါတယ်။ ဇာတ်လမ်းကို ကျနော်လိုချင်တဲ့ပုံစံမသိမ်းပဲ ဖွင့်ပေးထားခဲ့တာပါ။ စာဖတ်တဲ့သူတွေ စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆိုရင် အနူးအညွှတ်တောင်းပန်ပါတယ်ဗျာ။