26 October 2008

နွမ်းကြွေမလွယ်တဲ့ ပန်းခရေငယ်ရဲ့ရာဇ၀င် (၁)


ခရေပန်းဆိုတာ မွှေးတယ်။ ဒါပေမယ့် အကြွေလွယ်သတဲ့။ တဖွဲဖွဲကျနေတတ်တဲ့ ဒီခရေတွေကြားထဲမှာ မဟုတ်ဘူးလို့ဘယ်လိုငြင်းမလဲ ဘယ်သူငြင်းမလဲ။ ဒါပေမယ့် အကြွေလွယ် အနွမ်းလွယ်တဲ့ အခြေအနေရောက်ခဲ့ပေမယ့် မကြွေခဲ့တဲ့ ပန်းခရေငယ်တစ်ပွင့်ရဲ့ ရာဇ၀င်ကို ဘယ်သူမှ မသိနိုင်ဘူးလေ………

ဟိုးဝေးလံခေါင်သီတဲ့ ယူနန်ဆိုတဲ့ အရပ်မှာ ဒီခရေပန်းငယ်လေးစတင်ဖူးငုံခဲ့တာပါ။ ရွာငယ်တစ်ခုက မြေပိုင်ရှင်တစ်ဦးရဲ့ သမီးငယ်အဖြစ်အေးငြိမ်းတဲ့ဘ၀ကနေ သစ်ငုတ်မြင့်တုံ မြက်မြင့်တုံ ဆိုတဲ့အတိုင်း ဘ၀အလှည့်အပြောင်းမှာ ကိုယ့်နိုင်ငံနဲ့ထိစပ်တဲ့ နယ်စပ်တောင်တန်းတစ်ခု ပေါ်မှာ ပင်ပန်းဆင်းရဲတဲ့ ဘ၀ကိုနေ့ခြင်းညခြင်း ရောက်သွားတာကတော့ တကယ့် အိပ်မက်ဆိုးတစ်ခုလိုပါပဲ။

အိမ်လေး ဆယ်အိမ်တောင်မပြည့်တဲ့ ဒီတောင်ပေါ်မှာ ဘာစိုက်ပျိုးရေးတွေလုပ်ဖြစ်တယ်ထင်လဲဟင်။ ဘိန်းတွေ သိပ်ကိုအောင်မြင်အောင် စိုက်တာပါ။ တစ်ခြားသီးပင်စားပင်တွေ စိုက်လို့မဖြစ်ပါ။ ဆန်တွေ ဆီတွေ စားစရာတွေ အသုံးအဆောင်တွေအားလုံးကို ဒီဘိန်းနဲ့ပဲလဲလှယ်နေရတာ။ တစ်ခြားသီးပင်စိုက်လို့ကတော့ ငုတ်တုတ်မေ့သွားမှာ။ ကြမ်းတမ်းတဲ့ ဒီအရပ်မှာ စာသင်ကျောင်းဆိုတာ ဝေလာဝေး။ စားနေရတဲ့ ပြောင်းဆန်လေး ဘယ်အချိန်ရပ်မလဲ တွေးပူနေရတာ။ လည်ချောင်းမှာနင်ပြီး တစ်နေတဲ့ ဒီပြောင်းဆန်ကလွဲရင် ရွေးချယ်စရာလည်း မရှိ။တစ်နေကုန်တစ်နေခန်း အလုပ်နဲ့လက်နဲ့ မပြတ်စေခဲ့။ ခြေဖ၀ါးတွေ ကြိမ်းစပ်အောင်လမ်းလျှောက်ရတိုင်း ဒီမြေပြင်က ဆိုးဝါးလိုက်တာဆိုတဲ့ အသိကိုမြဲစေခဲ့တာ။ ဒီမြေပြင်က ခွာချင်ခဲ့တာ ဒီစိတ်လည်းပါမယ်ထင်ပါတယ်။ တစ်ခြားမောင်နှမတွေနဲ့ မတူတဲ့ နူးညံ့တဲ့ ခြေဖ၀ါးတွေကို တစ်ခါတစ်ခါ စိတ်နာမိတယ်။ အစ်ကိုအကြီးဆုံး ပြီးရင် ညီအမသုံးယောက်ရှိတဲ့ အထဲ ဒိုးတူဘောင်ဘက်မလုပ်နိုင်ကောင်းလားဆိုပြီးပါ။

တစ်နေ့ အဲဒီနေ့က နေသာပါတယ်။ စစ်ဆင်ရေးတပ်ရင်းတစ်ခုနဲ့ အတူ ဗိုလ်မှူးဆိုတဲ့ လူတစ်ယောက်ပါ ရွာကိုရောက်လာခဲ့တယ်။ သားသုံးယောက်ပဲရှိလို့ သမီးမွေးစားချင်တယ်ဆိုတဲ့ ဗိုလ်မှူးပေါ့။ တစ်ရွာလုံးက မိန်းမငယ်တွေ ဆုံးဖြတ်ကြရမယ်လေ။ အပါးက သမီးတွေကိုတန်းစီမေးတော့တာပဲ။ ပထမ ဒုတိယ မေးပြီးတော့ အပါးဆီက စိတ်ဓါတ်ကျစကားထွက်လာတယ်။ အနေဆင်းရဲ အစားဆင်းရဲ ဒီဘ၀ထဲမှာ တစ်ယောက်စာလောက် ၀န်ပေါ့သွားရင် ဘယ်လောက်ကောင်းလိုက်မလဲတဲ့။ တတိယမေးမယ်ဆိုတော့ နောက်လူတစ်ယောက်ထည့်ရင် ငေါ (တရုတ်လို ကျနော်ကျမလို့ဆိုလိုပါတယ်) လိုက်မယ်ဆိုတဲ့စကားကို ပြောဖြစ်တဲ့ အထိတွန်းအားပေးစေခဲ့တယ်။ ခရေပန်းလေးငယ်ပေမယ့် သိတတ်လွန်းတယ်။ ကိုယ့်အမျိုးအဆွေမဟုတ်တဲ့ တစ်ခြားလူတစ်ယောက်ရဲ့ နောက်ကို လိုက်သွားဖို့အထိလေ။ သူနဲ့အတူလိုက်ဖို့ ရဲဝံ့စွာ ဆုံးဖြတ်ခဲ့တာက အစ်မတစ်ဝမ်းကွဲပါ။ ငယ်ငယ်ကတည်းက သွားအတူလာအတူမို့ အေးအတူပူအမျှ လက်ကိုဆွဲလို့ သူလိုက်လာခဲ့တယ်။

ဗိုလ်မှူးက စာချုပ်စာတန်းနဲ့ တရားဝင်သမီး အဖြစ်မွေးမယ်တဲ့။ ကျောင်းထားပေးမယ်တဲ့။ ဒါပေမယ့် တံလျှပ်ကို ရေထင် ရွှေသမင်အလိုက်မှားတယ်ဆိုတာ ခရေပန်းလေးနောက်မှသိခဲ့တာပါ။ မရောက်ဘူးတဲ့ အရပ် မမြင်ဘူးတဲ့ သူတစိမ်းတွေကြားမှာ မပြုံးရီနဲ့ မပြုံးကြည်ဆိုတဲ့ ပန်းလေးနှစ်ပွင့်လွင့်လာခဲ့တာပေါ့။

ရှေ့တန်းထွက်လေတဲ့ ဗိုလ်မှူးကတော့ ဒီအဖြစ်တွေကို သိခဲ့လေသလား မသိချင်ယောင်ပဲဆောင်ခဲ့လေသလား မသိနိုင်ခဲ့။ သူတို့ညီအစ်မနှစ်ယောက်ကတော့ သမီးမဖြစ်ခဲ့ပဲ ငွေဝယ်ကျွန်တွေလို။ မေမေလို့ခေါ်တဲ့ ဗိုလ်မှူးကတော်ရဲ့ အပြောအဆို အခိုင်းတွေကြားမှာ မိုးလင်းကနေမိုးချုပ်ခဲ့တာပါ။

မနက်ငါးနာရီမထရင် အပြောအဆိုတွေ မညှာတာခဲ့ပါဘူး။ အလုပ်အကိုင်မှားရင် တစ်သက်စာ မှတ်စရာတွေ ဖြစ်အောင်ပြောထွက်ရက်ခဲ့သူပေါ့။ ခရေပန်းလေးကတော့ တစ်ခါမှားပြီး နောက်ထပ်မမှားရအောင် နောက်တစ်ခေါက်ထပ်ပြောရတယ်ဆိုတာ မရှိအောင် ကျင့်ကြံနေထိုင်ခဲ့တာပါ။ ကျောင်းစာဖတ်ဖို့ဆိုတာ ဝေလာဝေး ဒါပေမယ့် ဘ၀အသိတွေ ပြည့်ညှပ်နေအောင် အောက်ခြေကနေ စခဲ့ရတာဆိုတော့ ကျေနပ်ပါတယ်လေ။ မြန်မာလိုမတတ်တဲ့ ညီအစ်မနှစ်ယောက် နောက်တော့ တရုတ်စကားကိုမေ့သွားပြီး မြန်မာလိုသာပြောတတ်ခဲ့ပြီဆိုမှတော့ သန်းခေါင်ထက်ညဥ့်မနက်တော့ပြီပေါ့။

တနေ့ထက်တနေ့ ဆိုးဝါးတဲ့ရက်တွေကို ခါးစည်းဖြတ်ကျော်ရင်း အစ်မငယ်ရဲ့ လွတ်မြောက်လမ်းကိုရှာကြရအောင်ဆိုတဲ့ စကားကို ကြားလာရတယ်။ ဒီလိုဘ၀မျိုးနဲ့ ငါတို့ဆက်နေဖို့မဖြစ်နိုင်ဘူးတဲ့။ အင်းဟုတ်တယ် ဒီလိုဘ၀မျိုးတော့ ဆက်နေလို့မဖြစ်ဘူး။ ဒါပေမယ့် အချိန်မကျသေးဘူးဆိုတဲ့ စိတ်ကလည်းလွန်ဆွဲနေသေးတယ်။ ထွက်ပေါက်တစ်ခုကို လွယ်လွယ်ကူကူရှာသွားလေတဲ့ အစ်မငယ်ကတော့ ဗိုလ်မှူးအိမ်က ဒရိုင်ဘာတစ်ယောက်ရဲ့နောက်ကို ကောက်ကောက်ပါအောင်လိုက်ရင်း ဘ၀အသစ်ကို စတင်သွားခဲ့တယ်။ အပြစ်မတင်ရက်ပါဘူးလေ….

ဆက်ပါဦးမယ်…

4 comments:

စူး said...

ဖတိလို့ကောင်းတယ်..

ဆက်ရန်အမြန်လေးလုပ်ပါနော်။

khin oo may said...

ပြောချင်တာကတော့ လူဆိုတာ အမျူိးမျိုး ရှိတယ်။ ကောင်းတဲ့ သူ ရှိသလို ဆိုးတဲ့ သူလည်း ရှိတာဘဲ။ ဗိုလ် မှူး နဲ့ ဗိုဃ်မှူး ကတော် ဆိုတော့ နဲနဲ အထင် လွဲ စရာ ဖြစ်နေတယ်။စစ် ဗိုလ်တွေ က မကောင်း သလို တောသူ တောင်သားတွေ ကို နှိပ်စက် သလို ဖြစ်နေတယ်။ ဒီနေရာ မှာ ဆရာဝန် လဲဖြစ်နိုင်တယ်။ ရှေ့နေလည်း ဖြစ်နိုင်တယ် အင်ဂျင်နီယာ လည်း ဖြစ် နိုင်တယ်။ အဓိက က လူ ပါ။

အဲဓီတော့ တကယ့် အဖြစ် အပျက် ဆိုရင်သော်လည်းကောင်း စိတ်ကူးတည် ဆောက် ထားသော ဇတ် အိမ် သော်လည်းကောင်း ကိုယ် က စာရေးသူ တယောက် အနေနဲ့ ဂရု စိုက် ရမယ်။ ကိုယ့်ဇတ် ကောင် ကို ဘယ် သူ အနေနဲ့ထားမှာလည်း။ ဆိုတာ။ တကယ်ဇတ်လမ်းလည်းဖြစ်နိုင် ပါတယ်။ ဒါပေမဲ့ ကိုယ်က စာရေးသူ တစ်ယောက်အနေနဲ့ တည်းဖြတ် သင့်တယ်။ စစ်ဗိုဘ်တွေ မကောင်းဘူး ဆိုတဲ့ အမြင် မျိုး ဖြစ် မသွားသင့်ဘူး။

Anonymous said...

ဖတ်လို့  ကောင်းတယ် အစ်ကိုရေ့ ဇတ်အိမ်ဖွဲ့ ထားတာလေးကို အရမ်းကြိုက်တယ် ဘာပဲဖြစ်ဖြစ် ဒါက မြန်မာပြည်က အခွင့်ထူးခံ လူတန်းစားတွေ လူပါးဝတယ်လို့ ပြောလို့ ရတာပဲ တမင် ခိုင်းစားချင်လို့  မွေးစားတယ်ဆိုပြီး လူကြားကောင်းအောင်ပြောတဲ့ ဗိုလ်မှူးမှာ နဂိုတည်းက အကြံရှိမှာပေါ့ ။ အသွင်တူလို့  အိမ်သူဖြစ်ဆိုသလို ကတော်နဲ့  ဗိုလ်မှူးကတော့ တစ်စိတ်ထဲပဲဖြစ်မှာပါ ချမ်းသာဆင်ရဲ လူတန်းစားတွေကြားမှာ ဒီလို အခြေနေတွေ ရှိပေမယ့် ငွေဆိုတဲ့ သတ္တ၀ါအပေါ် အာဏာဆိုတဲ့ ဘီးလူးက၀င်စီးသွားတော့ ကျနော်က စစ်ဗိုလ်မကောင်းတာ ရှင်းနေတာလို့ မြင်ပါတယ်.။

ဇတ်ကောင်က ဒီနေရာမှာ မောင်နှမ ၂ ယောက်ကလွဲပြီး တစ်ခြားသူလို့ တော့ မဖြစ်သင့်ဘူးနော့်း) စစ်ဗိုလ်တွေထဲက ၇၀ % လောက်က မကောင်းဘူးလို့  မြင်ပါတယ် စာရေးသူလည်း ထို့ နည်းတူစွာမြင်တယ်ဆိုရင်တော့ အကြွင်းမရှိ ထောက်ခံလျှက်...

တော်သင့်ပြီး.......လေကြောရှည်သွားတယ်း)

Unknown said...

ကောင်းခန်းမှာ ခဏရပ်သွားတဲ့ ဇာတ်လမ်းလေးပဲ
ဆက်ဖတ်လိုက်ဦးမယ် သေ၂ချာ၂သိမှ ဆက်မန့် မယ်